Pages

Monday, May 7, 2012

လွှတ်တော် အစည်းအဝေးများ နှစ်လကြာရပ်နား၊ လွှတ်တော် အစည်းအဝေးများ ပြန်လည်စတင်ချိန်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေပြဌာန်းနိုင်ရေး ဆက်လက်ဆွေးနွေးမည်ဟု သိရ


Sunday, 06 May 2012 12:10
7311a
ပထမအကြိမ် လွှတ်တော် တတိယ ပုံမှန်အစည်းအဝေးများကို မေလ ၂ ရက်နေ့တွင် ပြီးဆုံးပြီဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌများမှ ပြောကြားခဲ့သည်။
လွှတ်တော်အသီးသီး၏ တတိယ ပုံမှန်အစည်းအဝေးများကို ၂၆-၁- ၂၀၁၂မှ ၂-၅-၂၀၁၂ရက်နေ့ အထိ ကျင်းပကာ ပြီးဆုံးခဲ့ခြင်းဖြစ်ပြီး စတုတ္ထအကြိမ် လွှတ်တော်ကို ဇူလိုင် လဆန်းပိုင်းတွင် ပြန်လည်ခေါ်ယူမည်ဖြစ်ကြောင်း သိရှိရသည်။
ပြည်သူ့လွှတ်တော် ဥက္ကဌသူရ ဦးရွှေမန်းက ပြည်သူ့လွှတ်တော် တတိယပုံမှန် အစည်းအဝေးနောက် ဆုံးနေ့တွင် “မိမိတို့အစိုးရသစ် တာဝန်ထမ်းဆောင်တဲ့ အချိန်မှာ မြန်မာနိုင်ငံတွင် တည်ဆဲဥပဒေပေါင်း ၄၀၁ခု ရှိပြီး အစိုးရသစ်လက်ထက်တွင် လွှတ်တော်မှတင်ပြပြီး ပယ်ဖျက်ခဲ့တဲ့ ဥပဒေ ၅ခုရှိသဖြင့် ဥပဒေပေါင်း ၃၉၆ခုသည် တည်ဆဲဥပဒေအဖြစ် ကျန်ရှိခဲ့ပါတယ်။ ပြင်ဆင်ရန်၊ ပယ်ဖျက်ရန်၊ အသစ်ပြဌာန်းရန် ဥပဒေ ၅၇ ရှိကြောင်း တွေ့ရှိရပြီး အချိန်ယူ ဆောင်ရွက်ရမည် ဖြစ်ပါတယ်”ဟု ပြောကြားခဲ့သည်။


အရင်ကရှိခဲ့တဲ့ နိုင်ငံခြားရင်းနှီးမြှပ်နှံမှုနဲ့ ပတ်သက်တဲ့ အကန့်အသတ် တွေကို ပယ်ဖျက်လိုက်တာတွေ ရှိလာမယ်။ ဒီဥပဒေကြမ်း အတည်ပြုပြီးရင် နိုင်ငံခြားရင်းနှီးမြှပ်နှံမှုတွေကို လက်ခံမယ့် မြန်မာနိုင်ငံ အတွက်လည်း သဘာဝ သယံဇာတတွေ ပတ်ဝန်းကျင်ပျက်စီးမှုတွေ မရှိအောင် အာမခံချက် ရှိမယ့် ဧရိယာဖြစ်လာမယ်  .   .   .
ထို့ပြင် ဆက်လက်ဆွေးနွေးရန် ကျန်ရှိနေသေးသည့် နိုင်ငံခြားရင်းနှီးမြှပ်နှံမှု ဥပဒေကိုလည်း ဆက်လက်ဆွေးနွေးကာ ပြဌာန်းနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူး ဦးစံထွန်းက “ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံခြားရင်းနှီးမြှပ်နှံမှု ဥပဒေကြမ်းကို အမျိုးသားလွှတ်တော်မှာ ၆.၃.၂၀၁၂ မှာ စတင်ပြီး ဆွေးနွေးခဲ့ပါတယ်။ အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်နဲ့ အတည်ပြုပြီး ပြည်သူ့လွှတ်တော်ကို ၈.၃.၂၀၁၂ရက်နေ့မှာ ပေးပို့ခဲ့ပါတယ်။ ဒီဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်မှာ ဆက်လက် ဆွေးနွေးပြီး ၁၇.၃.၂၀၁၂ရက်နေ့မှာ ပြင်ဆင်ချက်နဲ့ အမျိုးသားလွှတ်တော် ကို ပြန်လည်ပေးပို့လာပါတယ်။ နောက်ဆက်လုပ်မယ့် စတုတ္ထအကြိမ် လွှတ်တော်မှာ ဒီဥပဒေကြမ်းကို အမျိုးသားလွှတ်တော်က ပြန်ပြီး ဆွေးနွေးပါမယ်။ အမျိုးသားလွှတ်တော်က သဘောတူအတည်ပြုရင် ဒီဥပဒေအတည် ဖြစ်ပါမယ်။ သဘောမတူရင် ပြည်ထောင်စုလွှတ်တော်တက်ပြီး ဆုံးဖြတ်ချက်ရယူရပါမယ်။ စတုတ္ထအကြိမ်လွှတ်တော်မှာ အပြီးသတ်နိုင်ဖို့ ဆောင်ရွက်ကြမှာပါ” ဟု ပြောကြားခဲ့သည်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စီးပွားရေးနှင့်ကုန်သွယ် လုပ်ငန်းဖွံဖြိုး တိုးတက်ရေးကော်မတီ အတွင်းရေးမှူး ဦးခင်မောင်ဦးက “ဒီနိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဥပဒေကြမ်းမှာ နိုင်ငံခြားက တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုတွေ၊ ပြည်တွင်းလုပ်ငန်းရှင်တွေကလည်း နိုင်ငံခြားက partnership ခေါ်ပြီး လုပ်ကိုင်ခွင့်တွေ ပါလာမယ်။ အရင်ကရှိခဲ့တဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနဲ့ ပါတ်သက်တဲ့ အကန့်အသတ် တွေကို ပယ်ဖျက်လိုက်တာတွေ ရှိလာမယ်။ ဒီဥပဒေကြမ်း အတည်ပြုပြီးရင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကို လက်ခံမယ့် မြန်မာနိုင်ငံအတွက်လည်း သဘာဝသယံဇာတတွေ ပတ်ဝန်းကျင် ပျက်စီးမှုတွေမရှိအောင် အာမခံချက် ရှိမယ့် ဧရိယာဖြစ်လာမယ်”ဟု ပြော ကြားခဲ့သည်။
၎င်းဥပဒေကြမ်းတွင် ရင်းနှီး မြှုပ်နှံမှုကို နိုင်ငံခြားသားက နိုင်ငံခြား မတည်ငွေရင်း ရာနှုန်းပြည့်ဖြင့် ပြုလုပ်ခြင်း၊နိုင်ငံခြားသားနှင့် နိုင်ငံသား(သို့)သက်ဆိုင်ရာအစိုးရဌာန ၊အဖွဲ့အစည်းတို့ ဖက်စပ်ပြုလုပ်ခြင်း၊ နှစ်ဦးနှစ်ဖက်သဘောတူညီသည့် ပဋိညာဉ်စာချုပ်ပါ စနစ်တစ်ခုခုဖြင့်ဆောင်ရွက်ခြင်းများပြုလုပ်လာနိုင်ခြင်း၊ ရေရှည်ရင်းနှီးမြှပ်နှံမှု လုပ်ငန်းဆောင်ရွက်နိုင်စေရန် အားပေးသည့်အနေဖြင့် အခြေပစ္စည်းကို ရောင်းချ၊ လဲလှယ်၊ လွှဲပြောင်းခြင်း ပြုလုပ်လိုပါက လုပ်ငန်းအမျိုးအစား၊ ရင်းနှီးမြှပ်နှံမှုတန်ဖိုး၊ ရောင်းရသည့် တန်ဖိုးအပေါ် မူတည်ပြီးရရှိသော အမြတ်ငွေ၏ ၅၀ ရာခိုင်နှုန်းထက် မပိုသည့် ကော်မရှင် က သတ်မှတ်ထားသော ငွေပမာဏကို နိုင်ငံတော်သို့ ပေးသွင်းရခြင်းစသည့် အချက်များ ပါဝင်လာဖွယ်ရှိကြောင်း သိရှိရသည်။
ယခုအကြိမ် လွှတ်တော်အတွင်း ဘတ်ဂျက်ဥပဒေကြမ်းများ၊ အမျိုးသားစီမံကိန်း ဥပဒေကြမ်းများ ပြဋ္ဌာန်းနိုင်ရေးကို အဓိကထားဆောင်ရွက်ခဲ့ကြပြီး မလိုအပ်သော စီမံကိန်းကြီးများကို လျော့ချနိုင်ခြင်း၊ အစိုးရ၀န်ကြီး ဌာနအချို့၏ အသုံးစရိတ်များကို လျော့ချနိုင်ခြင်းအပြင် တရားစီရင် ရေးမဏ္ဍိုင် ပိုမိုတည့်မတ်ကြံ့ခိုင်စေရေး အဆိုများ တင်သွင်းခြင်းနှင့် မေးခွန်းများမေးမြန်း ဖြေကြားခြင်းများ ကိုဆောင်ရွက်နိုင်ခဲ့ကြောင်း သိရှိရသည်။