Pages

Monday, May 7, 2012

ကာတာလေကြောင်းလိုင်းမှ မြန်မာနိုင်ငံခရီးစဉ်များ ပြန်လည်ပြေးဆွဲနိုင်ရန် စီစဉ်နေ


Sunday, 06 May 2012 22:27
လေကြောင်းခရီးစဉ် ပြေးဆွဲမှုများအား လေးနှစ်ခန့် ရပ်နားထားသည့် ကာတာလေကြောင်းလိုင်းမှ လာမည့်အောက်တိုဘာလအတွင်း မြန်မာနိုင်ငံနှင့် ပုံမှန်လေကြောင်းပျံသန်းမှုများ ပြန်လည်ပြုလုပ်တော့မည်ဟု ကာတာနိုင်ငံမှ သတင်းဌာနများတွင် ဖော်ပြထားချက်များအရ သိရသည်။

ကာတာလေကြောင်းလိုင်းမှ ရန်ကုန်နှင့် တိုက်ရိုက်လေကြောင်း ပျံသန်းမှုများအား ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၃ ရက်နေ့တွင် စတင်မည်ဟု သိရသည်။

''နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နေတဲ့ မြန်မာနိုင်ငံဟာ အရှေ့တောင် အာရှနိုင်ငံတွေထဲမှာ ဈေးကွက်ချဲ့တွင်ဖို့ စိတ်ဝင်စားစရာကောင်းတဲ့ နိုင်ငံတစ်ခုဖြစ်ပြီး စီးပွားရေးအရရော၊ ကမ္ဘာလှည့် ခရီးသွားတွေအတွက်ပါ မျက်စိ ကျစရာ နိုင်ငံတစ်ခုဖြစ်ပါတယ်''ဟု ကာတာလေကြောင်းလိုင်း၏ စီအီးအိုဖြစ်သူ အက်ဘာအယ်လ်ဘေကာက မေလ ၁ ရက်နေ့က ဒူဘိုင်းတွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောကြားခဲ့ကြောင်း သိရသည်။

ယင်းသို့ ကာတာလေကြောင်းလိုင်းမှ မြန်မာနိုင်ငံနှင့် ပုံမှန်လေကြောင်း ပျံသန်းမှုများ ပြန်လည်ပြုလုပ်နိုင်ရန်အတွက် ကာတာလေကြောင်းလိုင်းမှ တာဝန်ရှိသူများသည် ယခုလ ၉ ရက်နေ့တွင် မြန်မာနိုင်ငံ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးရန် လာရောက်မည်ဟုလည်း သတင်းရရှိသည်။
''အခုပြန်လည်ပြေးဆွဲမယ့် ကာတာလေကြောင်းလိုင်းက ရန်ကုန်-ဒိုဟာ ပျံသန်းဖြစ်မှာလား၊ နေပြည်တော်-ဒိုဟာ ပျံသန်းဖြစ်မှာလား ဆိုတာတော့ တိတိကျကျ မသိရသေးပါဘူး။ သူတို့ဘက်က ပြေးဆွဲချင်တဲ့ ခရီးစဉ်ကို သူတို့လာပြီး စာတင်မှသာ အတိအကျသိရမှာပါ''ဟု လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပါသည်။ ထို့အတူ ဂျပန်နိုင်ငံ၏ အကြီးဆုံး လေကြောင်းလိုင်းတစ်ခုဖြစ်သည့် All Nippon Airways Co. ကလည်း မြန်မာနိုင်ငံနှင့် ပုံမှန်လေကြောင်း ပျံသန်းမှုများ ပြန်လည်ပြုလုပ်ရန် စီစဉ်နေကြောင်းလည်း သိရှိရပါသည်။