Pages

Monday, May 28, 2012

အိမ်မဲတွင် အစာအဆိပ်သင့်မှုကြောင့် ၀မ်းပျက်ဝမ်းလျှောဖြစ်



ကမ်းပြိုကျေးရွာမှလူနာတဦး - ဓါတ်ပုံ - "ကရုဏာရှင်" လူငယ်များအသင်း (မြောင်းမြမြို့)
မေ ၂၇၊ ၂၀၁၂ - မျိုးမင်းထွန်း (YPI)

အိမ်မဲမြို့နယ်အတွင်းရှိ ဖိုးကယ်ချောင်းကျေးရွာတွင် ယခုလ ၁၃ ရက်က အစာအဆိပ်သင့်သောကြောင့် ၀မ်းလျှောဝမ်းပျက်ကာ ၂၄ ဦးဆေးရုံတင်ထားရပြီး တစ်ဦးသေဆုံးခဲ့သည်။

မင်္ဂလာဆောင်တစ်ခုမှကျွေးသော အစားအသောက်များကြောင့်ဟု ရွာသားအချို့က သံသယရှိကြပြီး အချို့ကမူ မဟုတ်မှန်နိုင်ကြောင်း အငြင်းပွားကြသည်။

ထိုမင်္ဂလာဆောင်သို့ လာရောက်ခဲ့သူများထဲမှ ၃၁ ဦးမှာ အစာအဆိပ်သင့်ကာ မူးဝေအော့အန်သောကြောင့်အရေးပေါ်ကုသခဲ့ရပြီး အသက် ၆၇ နှစ်အရွယ်ရှိ အမျိုးသားတစ်ဦးမှာ မြောင်းမြဆေးရုံကြီးမှ ရန်ကုန်ဆေးရုံကြီးသို့ လွှဲပြောင်းကုသစဉ် ယခုလ ၂၀ ရက်က သေဆုံးခဲ့သည်ဟု ရွာသားများကပြောသည်။

`၀က်သားဟင်းရယ် ဂေါ်ဖီ၊သင်္ဘောအူ၊ပဲပင်ပေါက်ဟင်းရယ်ကျွေးတယ်။ နောက်ပြီး ရောဂါတွေဖြစ်ကြပေမယ့် မင်္ဂလာပွဲလာတဲ့သူတိုင်းဖြစ်ကြတာ မဟုတ်ဘူး ’ ဟု ကျေးရွာအုပ်ချုပ်ရေးမှုးဦးမြင့်နိုင်က ပြောပြသည်။

၎င်းကပင်ဆက်လက်၍ ယခုရက်ပိုင်းအတွင်းရွာ၌သာရေးနာရေးကျွေးမွေးမှုများစွာရှိနေပြီး အစားစုံစားနေမှုနှင့်ပူပြင်းသော ရာသီဥတုကြောင့် ဖြစ်သည်ဟု မှတ်ချက်ပေးခဲ့သည်။

အဆိုပါဝမ်းပျက်ဝမ်းလျှောရောဂါ အနီးအနားကျေးရွာများသို့ပါ ကူးစက်လာမည်ကို စိုးရိမ်ကြောင်း ဒေသခံများကပြောသည်။ ။
Yangon Press International