Pages

Thursday, June 7, 2012

လေယာဉ် ထုတ်လုပ်ရေး ကုမ္ပဏီကြီး Boeingက ဟိုက်ဒရိုဂျင်ဖြင့် မောင်းနှင်သွားလာသော ထောက်လှမ်းရေး လေယာဉ်ပျံသစ် တစ်မျိုးကို မိတ်ဆက် ပြသ

Posted on Jun 08 12 - 12:18 PM
လေယာဉ် ထုတ်လုပ်ရေး ကုမ္ပဏီကြီး Boeingက ဟိုက်ဒရိုဂျင်ဖြင့် မောင်းနှင်သွားလာသော ထောက်လှမ်းရေး လေယာဉ်ပျံသစ် တစ်မျိုးကို မိတ်ဆက် ပြသလိုက်သည်။ Boeing၏ မောင်းသူမဲ့ လေယာဉ်သစ်သည် လေထဲတွင် ရက်ပေါင်းအတော်များများ ဆက်တိုက် ပျံသန်းကာ စစ်ရေးနှင့် ထောက်လှမ်းရေး တာဝန်များကို ထမ်းဆောင်နိုင်စွမ်း ရှိသည်။ Phantom Eyeဟု အမည်ပေးထားသော လေယာဉ်ကို အက်ဒွပ်စ် လေတပ်စခန်းမှ စတင်ပျံသန်းပြီးနောက် Boeingက စမ်းသပ်မှု ရလဒ်များအတွက် ကျေနပ်ကြောင်း ပြောကြားခဲ့သည်။ လေယာဉ်သည် (၂၈)မိနစ်ကြာ အစမ်းပျံသန်းမှုအတွင်း အမြင့်ပေ (၄၀၈၀)ထိ တက်ရောက်နိုင်ခဲ့သလို တစ်နာရီလျှင် (၁၁၄)ကီလိုမီတာနှုန်း မောင်းနှင်နိုင်ခဲ့သည်။




လောင်စာအဖြစ် ဟိုက်ဒရိုဂျင် ဓာတ်ငွေ့ကို အသုံးပြုခြင်းသည် ထူးခြားသော စွမ်းအင်ခေတ်သစ် တစ်ခုကို ထူထောင်ခဲ့ခြင်းဟု Boeingက ကြွေးကြော်ထားသည်။ ထို့အပြင် ထောက်လှမ်းရေး လေယာဉ်များ ထုတ်လုပ်မှု နည်းပညာ နယ်ပယ်တွင်လည်း Phantom Eyeသည် ခြေလှမ်းသစ်တစ်ခု ဖြစ်လာခဲ့သည်။ Phantom Eyeသည် မြေပြင်ပေါ် ပြန်အဆင်းတွင် ဂီယာချွတ်ယွင်းမှုကြောင့် အတန်ငယ် ထိခိုက် ပျက်စီးခဲ့သော်လည်း ယင်းအပိုင်းကို မြှင့်တင် မွမ်းမံနိုင်ရန် မခက်ခဲကြောင်း Boeingက ဆိုသည်။ Phantom Eyeသည် ဟိုက်ဒရိုဂျင် ဓာတ်ငွေ့ကို အရည်ဖျော်ထားသည့် လောင်စာဖြင့် မောင်းနှင်ခြင်း ဖြစ်သည်။



ယင်းလေယာဉ်သည် တစ်ကြိမ် လောင်စာဖြည့်ပြီးတိုင်း (၄)ရက်ဆက်မျှ ပျံသန်းနိုင်သလို အမြင့်ဆုံး ပေပေါင်း (၆၅၀၀၀)ထိ တက်ရောက်နိုင်ရန် Boeingက မျှော်လင့်ထားသည်။ ဟိုက်ဒရိုဂျင် ဓာတ်ငွေ့ကို အသုံးပြုထားသဖြင့် သဘာဝ ပတ်ဝန်းကျင် ညစ်ညမ်းမှုကို ဖြစ်ပေါ်စေမည် မဟုတ်ဘဲ စွန့်ပစ်ပစ္စည်းအဖြစ် ရေကိုသာ ထွက်ပေါ်လာစေမည် ဖြစ်သည်။ Boeingသည် ယခုအခါ Phantom Eyeထက် ပိုကြီးပြီး လေထဲတွင် (၁၀)ရက်ဆက်တိုက်မျှ တာဝန်ထမ်းဆောင်နိုင်မည့် မောင်းသူမဲ့ လေယာဉ်သစ် တစ်မျိုးကိုလည်း စမ်းသပ် တီထွင်နေကြောင်း သိရှိရသည်။