Pages

Saturday, July 7, 2012

ပုဂ္ဂလိကဘဏ် လေးဘဏ် နိုင်ငံခြားငွေစာရင်းဖွင့်ခွင့် ရရှိခဲ့ပြီး ဇူလိုင်လ ၉ရက်နေ့မှ စတင်ဝန်ဆောင်မှုပေးမည်

Saturday, 07 July 2012 00:18  Eleven Media Group

မြန်မာပုဂ္ဂလိကဘဏ်များဖြစ်သော ကမ္ဘောဇဘဏ်၊ သမ၀ါယမဘဏ်၊ ဧရာဝတီဘဏ်နှင့် အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ်တို့သည် နိုင်ငံခြားငွေစာရင်းဖွင့်ခွင့်ကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်ထံမှ ရရှိခဲ့ပြီး ဇူလိုင်လ ၉ရက်နေ့မှ စတင်ဝန်ဆောင်မှု ပေးသွားမည်ဖြစ်ကြောင်း ဘဏ်လုပ်ငန်း တာဝန်ရှိသူများထံမှ သတင်းရရှိပါသည်။
"ဗဟိုဘဏ်က ဘဏ်လေးဘဏ်ကို နိုင်ငံခြားငွေစာရင်းဖွင့်ခွင့် စတင်ပေးခဲ့တာပါ။ ဗဟိုဘဏ်က ခွင့်ပြုထားတဲ့ ငွေကြေးလေးမျိုးနဲ့ စတင်စာရင်းဖွင့်ခွင့် ပေးသွားမယ်" ဟု ကမ္ဘောဇဘဏ် အထွေထွေမန်နေဂျာ ဦးဇော်လင်းထွဋ်ကပြောကြားပါသည်။

အဆိုပါဘဏ်များအနေဖြင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ခွင့်ပြု ထားသည့် နိုင်ငံခြား ငွေကြေးများဖြစ်သော အမေရိကန်ဒေါ်လာ၊ စင်ကာပူဒေါ်လာ၊ ယူရိုနှင့် အက်ဖ်အီးစီတို့ဖြင့် နိုင်ငံခြားငွေစာရင်း ဖွင့်ပေးမည်ဖြစ်ကြောင်းနှင့် မကြာမီ ငွေလဲစာတမ်းဖွင့်ခွင့် အပါအ၀င် နိုင်ငံခြားဘဏ် လုပ်ငန်းဆိုင်ရာ လုပ်ကိုင်ခွင့်များ ဗဟိုဘဏ်မှ တစ်ဆင့်ချင်း ခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရပါသည်။
နိုင်ငံခြားဘဏ်လုပ်ငန်း လုပ်ကိုင်ခွင့်ကို ပုဂ္ဂလိကဘဏ် ၁၁ ဘဏ်တို့က ရရှိထားပြီး ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ နိုင်ငံခြားဘဏ်လုပ်ငန်းများ လုပ်ကိုင်နိုင်ရန်အတွက် နိုင်ငံတကာဘဏ်များနှင့် ချိတ်ဆက်လျက်ရှိကြောင်း၊ နိုင်ငံတကာ ငွေကြေးအမျိုးမျိုးဖြင့် နိုင်ငံခြားငွေစာရင်း ဖွင့်လှစ်ခြင်း၊ ငွေသွင်းငွေထုတ် ပြုလုပ်ခြင်း၊ ကုန်သွယ်ရေး ငွေပေးချေခြင်း၊ စာရင်းပြောင်းခြင်း၊ ငွေလွှဲခြင်းစသည့် လုပ်ငန်းများ လုပ်ကိုင်နိုင်ရန် ပြင်ဆင်နေကြောင်း သိရပါသည်။
မြန်မာစီးပွားရေးလုပ်ငန်းများနှင့် အများပြည်သူ အနေဖြင့် လက်ရှိအချိန်ထိ နိုင်ငံခြား ဘဏ်လုပ်ငန်း ၀န်ဆောင်မှုများကို မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ်၊ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်တို့တွင်သာ ရယူနေရပြီး ယခု ပုဂ္ဂလိက ဘဏ်များတွင် နိုင်ငံခြားငွေ စာရင်းဖွင့်ခွင့်ကို ရရှိခဲ့ခြင်း ဖြစ်ပါသည်။ ယခုနိုင်ငံခြားငွေစာရင်း ဖွင့်ခွင့်ရရှိခဲ့သော ဘဏ်လေးဘဏ်သည် ပြည်ပငွေလွှဲအဝင် လုပ်ငန်းကိုပါ လုပ်ကိုင်ခွင့်ရထားပြီး လုပ်ငန်းအချို့ စတင်နေပြီဖြစ်ပါသည်။