Pages

Wednesday, July 4, 2012

သယ်ယူပို့ဆောင်စရိတ် ကြီးမြင့်မှုမှာ စီးပွားရေးလုပ်ငန်းများအတွက် အပိုကုန်ကျစရိတ် များပြားရသည့် အဓိကအချက်ဖြစ်နေပြီး ပြည်တွင်းကုန်တင်ပို့မှုစရိတ်မှာ ပြည်ပသို့တင်ပို့မှုထက် များပြားနေ

Wednesday, 04 July 2012 10:40
AddThis Social Bookmark Button
မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးစခန်းအား ဇွန်လကုန်ပိုင်းက တွေ့ရစဉ်
သယ်ယူပို့ဆောင် စရိတ် ကြီးမြင့်မှုမှာ စီးပွားရေးလုပ်ငန်းများတွင် အပိုကုန်ကျစရိတ် များပြားရသည့် အဓိကအချက်ဖြစ်နေပြီး ပြည်တွင်း ကုန်တင်ပို့မှု ကုန်ကျစရိတ်များ ပြည်ပသို့ တင်ပို့မှုထက်များပြားနေကြောင်း စီပွားရေး လုပ်ငန်းရှင်များက သုံးသပ်ပြောကြားခဲ့သည်။

အခြေခံထုတ်လုပ်သူများ ရန်ကုန်သို့ ကုန်များသယ်ယူပို့ဆောင်ရာတွင် လမ်းခရီးအဆင့်ဆင့်၌ အာဆီယံ စံချိန်စံညွှန်းကြောင့် ကုန်စည်များသယ်ဆောင်ခမှာ ပျမ်းမျှအားဖြင့် အလွန်မြင့်မားနေကြောင်းနှင့် ရန်ကုန်ရှိ စက်မှုဇုန်များမှ ကုန်များကို နိုင်ငံခြားသို့တင်ပို့ရန် ဆိပ်ကမ်းများသို့ သယ်ဆောင်ရာတွင် တံတားအချို့၌ ပုံမှန်ဖြတ်သန်းခထက် ၁၀ ဆခန့် ပေးဆောင်နေရကြောင်း သိရသည်။

''စက်မှုဇုန်တွေက သန့်စင်ပြီး ပဲမျိုးစုံကို နိုင်ငံခြားပို့ဖို့ ရန်ကုန်ဆိပ်ကမ်းတွေကို သယ်ဆောင်ရာမှာ အောင်ဇေယျတံတားမှာ တန်ပိုတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဒဏ်ကြေးငွေကို ပုံမှန်ဖြတ်သန်းခထက် ၁၀ ဆနှုန်းလောက် ပေးဆောင်နေရပါတယ်။ သီလ၀ါဆိပ်ကမ်းကို သွားမယ်ဆိုရင် အောင်ဇေယျတံတားနဲ့ ကုလားဝဲတံတား နှစ်နေရာအတွက် ဒဏ်ကြေးငွေက ကွန်တိန်နာတစ်လုံးကို ငါးသောင်းလောက် ပေးနေရပါတယ်။ကုန်ပစ္စည်းထုတ်လုပ်တာကနေ သင်္ဘောတင်ပြီးတဲ့ အဆင့်အထိ သယ်ယူပို့ဆောင်စရိတ်ဟာ ဒေသတွင်း နိုင်ငံတွေနဲ့ ယှဉ်လိုက်ရင် အလွန်များပြားနေပါတယ်''ဟု ဒေါက်တာမျိုးလွင်က ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် စီးပွားရေးလုပ်ငန်းရှင်များ တွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။
ပြည်တွင်းသယ်ယူပို့ဆောင်စရိတ်သည် နိုင်ငံခြားတင်ပို့မှုထက် မြင့်မားနေခြင်းကိုလည်း ''ရန်ကုန်ကနေ မန္တလေးကိုပို့မယ်ဆိုရင် အနည်းဆုံး တွက်ချက်မှုအရတောင် မက်ထရစ်တန် တစ်တန်ကို အမေရိကန်ဒေါ်လာ ၃၁ လောက်ကျနေပါတယ်။ ကွန်တိန်နာတစ်လုံးဆိုရင် တန် ၂၀ ကျော်ပါတဲ့အတွက် ဒေါ်လာ ၆၀၀ ကျော်ကျမှာ ဖြစ်ပါတယ်။ ရန်ကုန်ကနေ စင်ကာပူကို သင်္ဘောနဲ့ပို့မယ်ဆိုရင် မက်ထရစ်တန် တစ်တန်ကို လေးဒေါ်လာကနေ ခြောက်ဒေါ်လာထိပဲ ကျသင့်တဲ့အတွက် ကွန်တိန်နာတစ်လုံးပို့ရင် ဒေါ်လာ ၁၀၀ ကနေ ၁၅၀ ခန့်ပဲ ကျသင့်မှာဖြစ်ပါတယ်။  ပြည်တွင်းပို့တာက ပြည်ပပို့တာထက် ပို့ဆောင်စရိတ်က အဆများစွာ ကြီးမြင့်နေပါတယ်''ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
စီးပွားရေး လုပ်ငန်းများအတွက် အပိုကုန်ကျစရိတ်များ ကြီးမြင့်မှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ ဦးဝင်းကြိုင်က''လမ်းတံတား အသုံးပြုခ တိုးမြှင့်လာခြင်း၊ ကုန်တန်ချိန် သတ်မှတ်ချက်များ ရှိနေခြင်း၊ သင်္ဘောနှင့် ရထားခများ တိုးမြှင့်ခြင်း၊ လျှပ်စစ်မီတာခများ တိုးမြှင့်ကောက်ခံခြင်းတို့ကိုပါ ကြုံတွေ့နေရတာကို တင်ပြလိုပါတယ်။ ကုန်တင်မော်တော်ယာဉ်တန်ဖိုး ကြီးမြင့်မှုတွေကြောင့် ကုန်တင်ခများပါ ကြီးမြင့်နေခြင်းဖြစ်သဖြင့် ကုန်တင်မော်တော်ယာဉ်များ၏ တန်ဖိုးကို အခြားအိမ်နီးချင်းနိုင်ငံများနှင့် တူညီမှုရှိစေရန် စီမံဆောင် ရွက်ပေးသင့်ပါတယ်''ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌထံ တင်ပြခဲ့သည်။