Pages

Wednesday, July 4, 2012

ကမ္ဘောဇဘဏ်နှင့် ထိုင်းကော်မာရှယ်ဘဏ်တို့ နိုင်ငံတကာ ဘဏ်လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်မည်ဟု သိရ

Wednesday, 04 July 2012 10:31  Eleven Media Group
မြန်မာနိုင်ငံမှ ကမ္ဘောဇဘဏ်နှင့် ထိုင်းနိုင်ငံမှ ဘဏ်လုပ်ကြီးတစ်ခုဖြစ်သော ထိုင်းကော်မာရှယ်ဘဏ် (SIAM Commercial Bank) တို့ နိုင်ငံတကာ ဘဏ်လုပ်ငန်းဆိုင်ရာများကို ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြထားချက်အရ သိရသည်။

ယင်းဘဏ်နှစ်ခုတို့သည် နိုင်ငံတကာ ဘဏ်လုပ်ငန်းဆိုင်ရာများကို ပူးပေါင်းဆောင်ရွက်ရန် ဘန် ကောက်မြို့ရှိ ထိုင်းကော်မာရှယ် ဘဏ်ရုံးချုပ်တွင် သဘောတူညီချက် စာချုပ်တစ်ခုကို ၂၀၁၂ ခုနှစ်၊ ဇွန်လ (၂၈) ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

အဆိုပါဘဏ်နှစ်ခု၏ သဘောတူညီချက်အရ ထိုင်းနိုင်ငံ၌ တရားဝင် အလုပ်လုပ်ကိုင်နေကြသော မြန်မာအလုပ်သမားတို့၏ လစာငွေများကို မြန်မာနိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးပို့ခြင်း၊ နိုင်ငံတကာ ကုန်သွယ်မှုလုပ်ငန်းများနှင့် စီးပွားရေး လုပ်ငန်းဆိုင်ရာများအတွက် ဘဏ် လုပ်ငန်းဆိုင်ရာ ၀န်ဆောင်မှုများ အပြန်အလှန် ပူးပေါင်းဆောင်ရွက်သွားရေးတို့ကို လုပ်ကိုင်ဆောင်ရွက်သွားကြရန် သဘောတူညီခဲ့ကြောင်း သိရသည်။ ယင်းကဲ့သို့ သဘောတူညီခဲ့သောကြောင့် ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားများ လစာငွေများကို နေရပ်သို့ လုံခြုံစိတ်ချစွာ ပေးပို့နိုင်မည်ဖြစ်ကြောင်းလည်း သိရသည်။
ကမ္ဘောဇဘဏ်သည် နိုင်ငံတကာ ဘဏ်လုပ်ငန်းဆိုင်ရာများကို ပြည်ပနိုင်ငံများတွင်ရှိနေသော နာမည်ကျော်ဘဏ်များနှင့်ပူးပေါင်းဆောင် ရွက်သွားရန်ရှိကြောင်းလည်း သိရ ပါသည်။

မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ် ၁၉ဘဏ်ရှိပြီး အဆိုပါဘဏ်များထဲမှ ၁၁ ဘဏ်မှာ နိုင်ငံခြား ဘဏ်လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်ရရှိပြီးဖြစ်ကြောင်း သိရသည်။ ထို ၁၁ ဘဏ်အနက်မှ လေးဘဏ်မှာ နိုင်ငံခြားငွေလွှဲ အ၀င်လက်ခံခြင်း လုပ်ငန်းကိုပါ လုပ်ကိုင်လျက်ရှိကြောင်း၊ လက်ရှိမြန်မာနိုင်ငံတွင် ကိုယ်စားလှယ်ရုံးခွဲ ဖွင့်လှစ်ပြီးသော နိုင်ငံခြားဘဏ်အရေအတွက်မှာ ဗဟိုဘဏ်မှတရားဝင် ထုတ်ပြန်ထားချက်များအရ ၁၇ ဘဏ်ရှိပြီး လာရောက် လျှောက်ထားလျက်ရှိသော နိုင်ငံခြားဘဏ်အရေအတွက် ၂၀ ၀န်းကျင်ရှိကြောင်း ဘဏ်လုပ် ငန်းအသိုင်းအ၀ိုင်းထံမှ သိရှိရပါသည်။