Pages

Thursday, August 30, 2012

မြန်မာ အစိုးရ ခေါင်းဆောင်များအပေါ် ပြည်ဝင်ခွင့်ဗီဇာဆိုင်ရာ ပိတ်ပင်ကန့်သတ်ထားမှုကို အမေရိကန်သမ္မတက ဖြေလျော့ပေးခဲ့

မြန်မာနိုင်ငံတွင်း ပြုပြင်ပြောင်းလဲမှုတွေကို ထောက်ခံသည့်အနေဖြင့် မြန်မာ အစိုးရ ခေါင်းဆောင်များအပေါ် ပြည်ဝင်ခွင့်ဗီဇာဆိုင်ရာ ပိတ်ပင်ကန့်သတ်ထားမှုကို အမေရိကန် သမ္မတ ဘာရက်ခ် အိုဘားမားက သြဂုတ်လ ၂၉ ရက်နေ့က ဖြေလျှော့ပေးခဲ့ပါသည်။
ထို့ကြောင့် လာမည့်လတွင် အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် ကျင်းပမည့် ကုလသမဂ္ဂအထွေထွေညီလာခံကို တက်ရောက်ဖွယ်ရှိသည့် သမ္မတ ဦးသိန်းစိန်အနေဖြင့် အမေရိကန်နိုင်ငံသို့ ရောက်ရှိသည့်အခါ လွတ်လွတ်လပ်လပ် သွားလာခွင့် ရမည်ဖြစ်ပါသည်။ သို့မဟုတ်ပါက သမ္မတ ဦးသိန်းစိန်အနေဖြင့် ကုလသမဂ္ဂရုံးချုပ် ပတ်ဝန်းကျင်တစ်ဝိုက်သာ သွားလာနိုင်မည်ဖြစ်ပါသည်။
မြန်မာအစိုးရက ပြုပြင်ပြောင်းလဲမှုတွေကို ဆက်လက်အကောင်အထည်ဖော်နေသည်နှင့်အမျှ သူနှင့် သူ့အစိုးရတို့ကို ပိုပြီးအနီးကပ် ထိတွေ့ဆက်ဆံသွားရန် အချက်ပြသည့်အနေဖြင့် သမ္မတ အိုဘားမားက ဆုံးဖြတ်ခဲ့ကြောင်း အမေရိကန် အိမ်ဖြူတော် အမျိုးသားလုံခြုံရေးဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ တွမ်မီဗိုင်တာက ပြောကြားခဲ့သည်။