Pages

Sunday, September 2, 2012

ဥပဒေအရ တရားမျှတမှုကို အဓိကဖော်ကျူးသွားရန် တာဝန်ရှိကြောင်း ပြည်ထောင်စု တရားလွှတ်တော်ချုပ်က ခံယူထားသည်ဟု ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီး ပြောကြား

ဥပဒေအရ တရားမျှတမှုကို ဖော်ကျူးသွားရန် အဓိကတာဝန်ရှိကြောင်း ပြည်ထောင်စု တရားလွှတ်တော်ချုပ်က ခံယူထားပြီးဖြစ်သည်ဟု ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီး ဦးမြသိန်းက ပြောကြားခဲ့သည်။

သြဂုတ်လ ၃၀ ရက်နေ့က ပြုလုပ်ခဲ့သော အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ပြည်သူတို့၏ တိုင်ကြားစာနှင့် အသနားခံစာဆိုင် ရာကော်မတီ၏ 'ယနေ့ နိုင်ငံတော် တွင် သန့်ရှင်းသောအစိုးရ၊ ကောင်းမွန်သော အုပ်ချုပ်မှုစနစ် အကောင် အထည်ဖော် ဆောင်ရွက်နေချိန်တွင် တရားစီရင်ရေးကဏ္ဍအနေဖြင့် တရားမျှတစွာ မှန်ကန်သည့်တရားစီရင်ရေး ဖြစ်ပေါ်စေရေးကို အထူးအလေးထား ကြီးကြပ်ဆောင်ရွက်ရန် ပြည်ထောင်စု တရားလွှတ်တော်ချုပ်အား တိုက်တွန်းကြောင်း' အဆိုကို ပြန်လည်ဖြေရှင်းဆွေးနွေးရာတွင် ထည့်သွင်းပြော ကြားခဲ့ခြင်းဖြစ်သည်။

''ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးဆိုတဲ့ ခက်မကြီး သုံးဖြာနဲ့ တရားစီရင်ရေးအာဏာကို ယုံကြည်စွာ အပ်နှံခြင်းခံရတဲ့အတွက် တရားရေးမဏ္ဍိုင် ဖြောင့်မတ်မှန်ကန်ရေးနဲ့ ဥပဒေစိုးမိုးရေးဆိုင်ရာ အဖွဲ့အစည်းပုဂ္ဂိုလ်များနှင့် ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်သွားပြီး ဥပဒေအရ တရားမျှတမှုကို ဖော်ကျူးသွားဖို့ အဓိကတာဝန်ရှိကြောင်း ပြည်ထောင်စု တရားလွှတ်တော်ချုပ်က ခံယူထားပြီးဖြစ်ပါတယ်''ဟု ဦးမြသိန်းက ပြောကြားခဲ့သည်။

တရားသူကြီးများအနေဖြင့် တရားသူကြီး အင်္ဂါငါးပါးနှင့် ပြည့်စုံပြီး အဂတိတရားကင်းရှင်းရန် လိုအပ်သလို တရားစီရင်ရေးတွင် ဥပဒေစိုးမိုးရေးဆိုင်ရာ အဖွဲ့အစည်းများဖြစ်သော ရဲအရာရှိများ၊ ဥပဒေအရာရှိများ၊ ရှေ့နေများ အပါအ၀င် သက်ဆိုင်သူ အားလုံးသည် အဂတိတရား ကင်းရှင်းရန် လိုအပ်မည်ဖြစ်သည်ဟူသော ဆွေးနွေးချက်ကို ကြိုဆိုရမှာဖြစ်ပြီး အဂတိတရား ကင်းရှင်းကာ တာဝန်ကျေပွန်သော ပူးပေါင်းဆောင်ရွက်မှုများသည် မှန်ကန်မျှတသောတရား စီရင်ရေးကို ထိရောက်စွာ အထောက်အကူပေးနိုင်မည်ဖြစ်သည်ဟု ဆွေးနွေးလိုကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

ပြည်သူတို့၏ တိုင်ကြားစာနှင့် အသနားခံစာဆိုင်ရာ ကော်မတီသို့ ပြည်သူများက တိုင်ကြားမှုများတွင် နိုင်ငံတော်နှင့် ပြည်သူပတ်သက်မှုမှာ ၃၄၈ စောင်ဖြင့်အများဆုံးဖြစ်ပြီး တရားရုံးအမှုအခင်းများနှင့် ပတ်သက်၍ တိုင်ကြားမှုများမှာ ၂၂၁ စောင်ဖြင့် ဒုတိယအများဆုံးဖြစ်ကြောင်း သိရှိရသည်။
ယင်းအဆိုကို အမျိုးသားလွှတ်တော် ကိုယ်စားလှယ်သုံးဦးက ထောက်ခံဆွေးနွေးခဲ့ပြီး အမျိုးသားလွှတ်တော်၏ အဆုံးအဖြတ်ရယူရာတွင် ထောက်ခံမဲများသည့်အတွက် အဆိုကို အတည်ပြုခဲ့ကြောင်း သိရသည်။