Pages

Sunday, September 2, 2012

ရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်၍ ၀င်ရောက်စွက်ဖက်မည် မဟုတ်ကြောင်း အင်ဒိုနီးရှား သမ္မတအကြံပေးကောင်စီ ပြောကြား

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော ဖြစ်စဉ်များနှင့်ပတ်သက်၍ ၀င်ရောက်စွက်ဖက်မည်မဟုတ်ကြောင်းကို အင်ဒိုနီးရှားနိုင်ငံသမ္မတ၏ အကြံပေးကောင်စီ အဖွဲ့ဝင်တစ်ဦး ဖြစ်သည့် Dr.N.Hahassan Wirajuda က ပြောကြားခဲ့ကြောင်းသိရသည်။
အဆိုပါပြောကြားမှုကို သြဂုတ်လ ၂၉ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၌ ဒီမိုကရေစီမိတ်ဆွေ ၁၀ ပါတီနှင့်တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။


''အဓိက ဆွေးနွေးဖြစ်တာကတော့ ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်နေတဲ့ မြန်မာနိုင်ငံအကြောင်းကိုပါ။ သူပြောတာက ကျွန်မတို့နိုင်ငံဟာ အကူးအပြောင်းပြုလုပ်နေတာ အတော်လေး မြန်ဆန်နေတာ ကို တွေ့ရတယ်။ ရွေးကောက်ပွဲတွေကိုလည်း အောင် မြင်စွာ ချောချောမွေ့မွေ့ ပြုလုပ်နိုင်ခဲ့ကြတယ်။ အခုလက်ရှိအနေအထားမှာ ဆက်လက်ပြီး သည်းခံမယ်ဆိုရင် စစ်မှန်တဲ့ ဒီမိုကရေစီနိုင်ငံတစ်ခုကို ရရှိနိုင်မယ်လို့ သူ့အနေနဲ့ မြင်ပါကြောင်း စတာတွေကို သူက တင်ပြဆွေးနွေးခဲ့ပါတယ်''ဟု အဆိုပါတွေ့ဆုံမှုသို့ တက်ရောက်ခဲ့သူ ဒီမိုကရက်တစ်ပါတီ (မြန်မာ)မှ အတွင်းရေးမှူးချုပ် ဒေါ်သန်းသန်းနုက ပြောပြခဲ့သည်။

မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုဖြစ်စဉ်များ၊ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော ပဋိပက္ခဖြစ်စဉ်များနှင့် စပ်လျဉ်း၍လည်း ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်၍ ဆွေးနွေးရာတွင် Dr.N.Hahassan Wirajuda  က မိမိတို့ အင်ဒိုနီးရှားနိုင်ငံသည် ကမ္ဘာပေါ်တွင် အစ္စလာမ်ဘာသာဝင်ဦးရေ အများဆုံးနိုင်ငံဖြစ်သော်လည်း ရခိုင်ပြည်နယ် တွင် ဖြစ်ပွားခဲ့သည့် အရေးနှင့်ပတ်သက်၍ ၀င်ရောက်စွက်ဖက်ခြင်း မပြုလိုကြောင်း၊ မြန်မာနိုင်ငံအတွင်း ဖြစ်ပွားသည့် အရေးကိစ္စသည် မြန်မာနိုင်ငံအရေးသာဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။


အဆိုပါတွေ့ဆုံမှုသို့ မြန်မာနိုင်ငံဆိုင်ရာ အင်ဒိုနီးရှားသံအမတ်ကြီးအပြင် အင်ဒိုနီးရှား အထူးသံတမန်အဖွဲ့ဝင်များလည်း တက်ရောက်ခဲ့ကြသည်။