Pages

Friday, September 21, 2012

အကြိမ် (၃၀)မြောက် တကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အခမ်းအနားကို မြ၀တီမြို့နယ် ချောင်းဆုံကျေးရွာ တွင်ပြုလုပ်

 
ဒီကနေ့ ကျရောက်တဲ့ အကြိမ် (၃၀)မြောက် တကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အခမ်းအနားတရပ်ကို မြ၀တီမြို့နယ် ချောင်းဆုံကျေးရွာက ဘုန်းကြီးကျောင်းမှာ KYO ကော်မူဒါ ကရင်လူငယ်အဖွဲ့ အပါအ၀င် HREIB လူ့အခွင့်အရေးပညာပေးဌာန ( မြန်မာနိုင်ငံ) ကရင်တိုင်းရင်းသား အဖွဲ့အစည်းတွေနဲ့ ဒေသခံတွေပူးပေါင်းပြီး ဒီကနေ့ မနက်ပိုင်းမှာ ပြုလုပ်ခဲ့ ပါတယ်။

အခမ်းအနားကို ကရင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေက တာဝန်ရှိသူတွေက ဂျိုးဖြူ(၃)ကောင်ကိုလွှတ်ပြီးဖွင့်လှစ်ခဲ့ပါတယ်။

အခမ်းအနားကို တက်ရောက်ပြီး ငြိမ်းချမ်းရေးအမြင်တွေ ပြောကြားခွင့်ရခဲ့
တာနဲ့ပတ်သက်လို့ ယခင် ဒီကေဘီအေ ကလို့ထူးဘောအဖွဲ့က ဗိုလ်မှူးဆန်းအောင်က အခုလိုပြောပါတယ်။

"ဒီပွဲမှာ ကျနော့်အတွက် ပထမဦးဆုံးပွဲတစ်ပွဲဖြစ်တယ်။ နောက်ပြီးတော့ ဒီရွှေဂျိုးဖြူလေးတွေကို လွှတ်ပြီးတော့ပေါ့လေ။ လွတ်မြောက်နယ်မြေမှာ ကျနော်တို့လူသားတွေအတွက် ငြိမ်းချမ်း ရေးတွေ ၀ိုင်းပြီးဆိုတောင်းဖို့ ကျနော်ကိုယ့်နှိုက်ကလည်း လွှတ်ပိုင်ခွင့်ရတယ်။ ကျနော့်စိတ်ထဲမှာ ပီတိဖြစ်တယ်။ ဒီပွဲလုပ်တာ အင်မတန်မှအဓိပ္ပါယ်ရှိတယ်။ အင်မတန်မှ အကျိုးရှိတယ်လို့ ကျနော်ခံစားရတယ်။"

အခမ်းအနားကိုတက်ရောက်လာတဲ့ ချောင်းဆုံကျေးရွာမူလတန်းကျောင်းက ဆရာမ တဦးကတော့ တိုင်းပြည်တွင်းငြိမ်းချမ်းရေးရရှိဖို့ လူတိုင်းမှာ တာဝန်ရှိတဲ့အကြောင်း အခုလိုပြောပါတယ်။

"ငြိမ်းချမ်းရေးဟာ တပြည်လုံးနဲ့လည်းဆိုင်တယ်။ ထာဝရတည်မြဲသွားဖို့ လူတိုင်းမှာ တာဝန်ရှိတဲ့ အတွက် ဒီငြိမ်းချမ်းရေးကိုမပျောက်ပျက်အောင် လူတွေကြိုးစားရမယ်။ ဘယ်သူ့ကိုယ်မှ မထိခိုက်စေဘဲနဲ့ ငြိမ်းငြိမ်းချမ်းချမ်းနေနိုင်ဖို့ လူတိုင်းမှာ တာဝန်ရှိတယ်လို့ပြောချင်ပါတယ်။"

ဒီအခမ်းအနားမှာ ကရင့်အမျိုးသားအစည်းအရုံး KNU လက်အောက်ခံ KNLA တပ်မဟာ (၇) တပ်ရင်း (၁၀၁) က တာဝန်ရှိသူတွေနဲ့ ရဲဘော်တွေ၊ KNU- KNLA ငြိမ်းချမ်းရေးကောင်စီက တာဝန်ရှိသူတွေ၊ ဒီကေဘီအေ ကလို့ထူးဘော စစ်ဦးစီး ပထမတန်း ဗိုလ်မှူးကြီး ဆန်းအောင်နဲ့ ဒေသတွင်း လက်နက်ကိုင် အဖွဲ့အစည်းတွေကတာဝန်ရှိသူတွေ၊ ချောင်းဆုံကျေးရွာ
မူလတန်းကျောင်းက ကျောင်းသားတွေ အပါအ၀င် ဧည့်ပရိသတ် (၂၅၀)ကျော်တက်ရောက်ခဲ့ ပါတယ်။

အဲဒီအခမ်းအနားကိုတက်ရောက်လာတဲ့ ဘာသာပေါင်းစုံပြည်သူတွေက ငြိမ်းချမ်းရေးအတွက် ဖယောင်းတိုင်းမီးတွေထွန်းညှိက ဆုတောင်းခဲ့ကြ ပါတယ်။