Pages

Monday, October 22, 2012

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ပြည်တွင်းမီဒီယာများ ပထမဆုံးတွေ့ဆုံပွဲပြုလုပ်၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်နိုင်ရန် အခွင့်အလမ်း ပေးထားပြီးဖြစ်ကြောင်းနှင့် ပြင်ရေး၊ မပြင်ရေးသည် လွှတ်တော်ကိုယ်စားလှယ်များ၏ သဘောထားဖြစ်ကြောင်း နိုင်ငံတော်သမ္မတပြောကြား

w83e1
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ပြည်တွင်းမီဒီယာများ ပထမဦးဆုံးအကြိမ် တွေ့ဆုံပွဲကို အောက်တိုဘာလ ၂၁ ရက်နေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ သမ္မတအိမ်တော် သံတမန်ဆောင်၌ ကျင်းပခဲ့ပါသည်။
အဆိုပါတွေ့ဆုံပွဲသို့ ပြည်တွင်းသတင်းမီဒီယာများနှင့် ပြည်တွင်းအခြေစိုက် နိုင်ငံခြား သတင်းဌာနများမှ သတင်းထောက်များ အပါအ၀င် စုစုပေါင်း ၁၃၀ ကျော် တက်ရောက်ခဲ့ကြသည်။ အဆိုပါ တွေ့ဆုံပွဲတွင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရန် အခွင့်အလမ်းပေးထားပြီး ဖြစ်ကြောင်းနှင့် ပြင်ရေး၊ မပြင်ရေးသည် လွှတ်တော်ကိုယ်စားလှယ်များ၏ သဘောထားဖြစ်ကြောင်း နိုင်ငံတော် သမ္မတဦးသိန်းစိန်က Eleven Media Group မှ ကိုဝေဖြိုး(အယ်ဒီတာချုပ်)၏ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်၍ မေးမြန်းချက်အပေါ် ပြန်လည်ဖြေကြားခဲ့ပါသည်။
"ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ရေး၊ မပြင်ရေးကတော့ ဖွဲ့စည်းပုံအခြေခံ ဥပဒေမှာလည်း ပြင်ဆင်နိုင်တဲ့ အခွင့်အလမ်းတွေ ပေးထားပြီးဖြစ်ပါတယ်"ဟု နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြောပါသည်။
"ကျွန်တော့်သဘောထား တစ်ရပ်တည်းနဲ့တော့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်လိုက်၊ ဒီလိုပြောလို့တော့ မရဘူး။ မပြင်နဲ့လို့ သွားပြောလို့ကလည်း မရဘူး။ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ရေးမပြင်ရေးသည် ပြည်သူတွေက ရွေးချယ်တင်မြှောက်ထားတဲ့ လွှတ်တော်ထဲမှာရှိနေတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ ဆန္ဒအပေါ်မှာပဲ မူတည်တယ်လို့ ကျွန်တော်တို့ ပြောရမှာဖြစ်ပါတယ်"ဟု နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဆက်လက်ပြောကြားခဲ့ပါသည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် မီဒီယာများနှင့်တွေ့ဆုံပွဲကို အကြောင်းသုံးချက်ဖြင့် လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ပြည်ပခရီးစဉ်မှ အကျိုးရလဒ်များ၊ ငြိမ်းချမ်းရေးဖော်ဆောင်မှုနှင့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ၊ မီဒီယာ၏ အခန်းကဏ္ဍကို အလေးထားလိုခြင်း အကြောင်းအရင်းများကြောင့်ဖြစ်ကြောင်း သိရပါသည်။
"ကျွန်တော်တို့က ခင်ဗျားတို့ရဲ့ မေတ္တာပျက်မှာကိုလည်းကြောက်ပါတယ်။ ပြီးတော့ ခုနကလို ပြည်ပ မီဒီယာတွေနဲ့တော့ တွေ့နေပြီး ငါတို့ကျတော့ ပစ်ထားတယ်။ လှည့်တောင် မကြည့်ဘူးဆိုပြီးတော့ ဒါကလည်း ကြောက်ရတဲ့အချက်ပါပဲ။ မီဒီယာဆိုတာ ကျွန်တော်တို့အစိုးရရဲ့ နား၊ မျက်စိတွေပဲဖြစ်ပါတယ်။ နား၊ မျက်စိတွေဖြစ်တဲ့အတွက်ကြောင့် ခင်ဗျားတို့ရဲ့ သဘောထားတွေ၊ ပြီးတော့ ကျွန်တော်တို့ရဲ့အမြင်၊ ကျွန် တော်တို့ရဲ့ သဘောထားတွေ၊ ဒါတွေကို နှစ်ဦးနှစ်ဖက် ကျွန်တော်တို့ သိနားလည်ဖို့ လိုပါတယ်။ အဲဒီတော့ ခင်ဗျားတို့ရဲ့အမြင်၊ ခင်ဗျားတို့ရဲ့ သဘောထားတွေပြီးတော့ ကျွန်တော်တို့ရဲ့အမြင်၊ ကျွန်တော်တို့ရဲ့သဘော ထားတွေ၊ ဒါတွေကို နှစ်ဦးနှစ်ဖက်သိနေရုံနဲ့ မပြီးသေးပါဘူး။ ပြည်သူတွေသိဖို့ အရေးကြီးပါတယ်။ ပြည်သူတွေသိအောင် ဆောင်ကြဉ်းပေးတဲ့ အဖွဲ့ကတော့ ခင်ဗျားတို့အဖွဲ့ပါပဲ" ဟု နိုင်ငံတော်သမ္မတက ပြောသည်။
မီဒီယာနှင့်ပတ်သက်၍ ပြောဆိုခဲ့ရာတွင် စတုတ္ထမဏ္ဍိုင်ဖြစ်သည့် မီဒီယာနှင့် ပေါင်းစပ်နိုင်မှသာ အစိုးရ၏ လုပ်ဆောင်ချက်များ အောင်မြင်နိုင်မည်ဟု ခံယူထားကြောင်း နိုင်ငံတော်သမ္မတက ပြောသည်။
"ဒီနေ့အစိုးရရဲ့ လုပ်ဆောင်ချက်တွေဟာ စတုတ္ထမဏ္ဍိုင်ဖြစ်တဲ့ မီဒီယာနဲ့ ပေါင်းစပ်နိုင်မှ ပိုပြီးတော့ ထိရောက်အောင်မြင်မယ်လို့ ကျွန်တော်တို့ ခံယူထားပါတယ်။ ဒါကြောင့်မို့ မီဒီယာတွေနဲ့ မကင်းဖို့၊ မီဒီယာတွေ နဲ့ပေါင်းစပ်ဆောင်ရွက်ဖို့၊ မီဒီယာက သိချင်တာတွေ၊ မေးတာတွေကို စိတ်ရှည်သည်းခံပြီးတော့ မှန်မှန်ကန်ကန် နဲ့ ဖြေကြားပေးဖို့ ၀န်ကြီးဌာနတွေကို ကျွန်တော်မကြာခဏ သတိပေးထားပါတယ်" ဟု နိုင်ငံတော်သမ္မတက ပြောပါသည်။
"ကျွန်တော်တို့အစိုးရက ဘာတွေလုပ်နေတယ်၊ ဘယ်လိုတွေ ကျွန်တော်တို့လုပ်နေသလဲ၊ ဒီလုပ်ငန်းတွေကို ကျွန်တော်တို့ဘာကြောင့်လုပ်နေရသလဲ၊ နောက်တစ်ခုကတော့ ကျွန်တော်တို့ ဒီလုပ်ငန်းတွေကို လုပ်ရင်း ကိုင်ရင်း ပြုပြင်ပြောင်းလဲရင်းနဲ့ တွေ့ကြုံရတဲ့ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေ၊ ဒီလိုအတွေ့အကြုံနဲ့ စိန်ခေါ်မှု တွေကို ဘယ်လိုဖြတ်နေရသလဲဆိုတာကို ပထမဦးဆုံးအနေနဲ့ မီဒီယာတွေက သိထားမှ ဒါကိုဝေဖန်နိုင်မယ်၊ အကြဲံပေးနိုင်မယ်၊ ပြည်သူတွေကို အသိပေးနိုင်မယ်၊ ပြည်သူတွေကို အသိပေးနိုင်မှ ပြည်သူတွေကခုနကလို ဝေဖန်မယ်၊ အကြံပေးနိုင်မယ်၊ ဒီလိုပုံစံနဲ့ အစိုးရက ကောင်းသည်ထက်ကောင်းအောင် လုပ်သွားရမှာ ဖြစ်ပါတယ်။ ဒါတွေကိုသိဖို့အတွက် မီဒီယာတွေကနေ ဆက်သွယ်ဆောင်ရွက်ပေးမှာ ဖြစ်တဲ့အတွက်ကြောင့် မီ ဒီယာကို အစိုးရဘက်က အရေးကြီးတဲ့ ဆက်သွယ်ရေးယန္တရား တစ်ခုဖြစ်တယ်လို့ ခံယူထားပါတယ်"ဟု နိုင်ငံတော်သမ္မတက ပြောသည်။
ထို့ပြင်မီဒီယာများကို ယခင် အစိုးရလက်ထက် ၀န်ကြီးဌာနများက ကြောက်ခဲ့သလို ထိုကဲ့သို့ ကြောက်ခဲ့သူများထဲတွင် မိမိလည်း အပါအ၀င်ဖြစ်ကြောင်း၊ သို့သော် ယခုအချိန်တွင် မီဒီယာကို မကြောက်တော့ကြောင်း နိုင်ငံတော်သမ္မတက ပြောပါသည်။ "ဟိုတုန်းကတော့ ၀န်ကြီးဌာနတွေက မီဒီယာတွေကို တော်တော်လေးကြောက်ကြသလို ကျွန်တော်လည်း အပါအ၀င်လို့ပြောရမှာ ဖြစ်ပါတယ်။ အခုတော့အားပေးရတယ်။ ငါလည်းမကြောက်တော့ဘူး။ မင်းတို့လည်း ခုနကလို မကြောက်နဲ့တော့ မေးမြန်းတာတွေနဲ့ မှန်မှန်ကန်ကန် ဖြေပေးပါဆိုပြီးတော့ ဒီအတိုင်းကျွန်တော်ပြောထားပါတယ်။ မယုံရင်လည်း ဦးစိုးသိန်းတို့၊ ဦးအောင်မင်းတို့ကိုသာ မေးကြည့်ပါတော့။ မကြောက်တော့ဘူး။ ပြည်သူတွေထဲက သတင်းတွေကို ထဲထဲဝင်ဝင်ရယူပြီးတော့မှ အစိုးရအဖွဲ့ကို အသိပေးသလို၊ အကြံဥာဏ်ပေးသလို၊ ပြောပြသလို၊ ကျွန်တော်တို့ဘက်က လုပ်ဆောင်ချက်တွေကို ပြည်သူတွေကြားမှာ မှန်မှန်ကန်ကန်သိရှိအောင် မီဒီယာတွေနဲ့ ဆောင်ရွက်ပေးကြဖို့ မေတ္တာရပ်ခံပါတယ်။ အခုတော့ မကြောက်တော့ပါဘူး။ မကြောက်တော့တဲ့အတွက်ကြောင့် ကျွန်တော့်ကိုပဲ အရင်စပြီး မေးနိုင်ပါတယ်"ဟု နိုင်ငံတော်သမ္မတက ပြောကြားသည်။ နိုင်ငံတော်သမ္မတနှင့် မီဒီယာများတွေ့ဆုံပွဲသို့ နိုင်ငံတော်သမ္မတရုံး ၀န်ကြီးများဖြစ်သော ဦးစိုးသိန်း၊ ဦးအောင်မင်းနှင့် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးအောင်ကြည်တို့ တက်ရောက်ခဲ့ကာ သတင်းထောက်များ မေးမြန်းခဲ့သော မေးခွန်းများအား နိုင်ငံတော် သမ္မတက ပြန်လည်ဖြေကြားခဲ့သည်။ နိုင်ငံတော်သမ္မတနှင့် ပြည်တွင်းမီဒီယာများ တွေ့ဆုံပွဲတွင် သမ္မတရုံးညွှန်ကြားရေးမှူး ဦးဇော်ဌေးက အခမ်းအနားမှူးအဖြစ် ဆောင်ရွက်ပြီး စီစဉ်မှုများ ပြုလုပ်ခဲ့သည်။
w83e2
အောက်တိုဘာ ၂၁ ရက်နေ့ကပြုလုပ်သော နိုင်ငံတော်သမ္မတ၏ ပထမဆုံး သတင်းစာရှင်းလင်းပွဲတွင် Weekly Eleven အယ်ဒီတာချုပ် ဦးဝေဖြိုးမှ သိလိုသည်များကို မေးမြန်းနေစဉ်
 
Eleven Media Group