Pages

Sunday, October 14, 2012

 ရန်ကုန်၊ မန္တလေး နည်းပညာတက္ကသိုလ်များ ဒီဇင်ဘာလ ၃ ရက်နေ့ဖွင့်မည်၊ တက္ကသိုလ်ဝင်တန်း အမှတ် ၄၅၀ အထက် ရရှိသူများ တက်ရောက်သင်ကြားနိုင်

တက္ကသိုလ်ဝင်တန်းအမှတ် စာရင်း ၄၅၀ မှတ် အထက်ရရှိသူများ တက်ရောက် ပညာသင်ခွင့်ရမည့် ရန်ကုန်၊ မန္တလေးနည်းပညာ တက္ကသိုလ်များအား ယခုနှစ် ဒီဇင်ဘာလ ၃ ရက်နေ့တွင် စတင်ဖွင့်လှစ်မည် ဖြစ်ကြောင်း သိပ္ပံနှင့်နည်းပညာဝန်ကြီး ဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာအောင်ကျော်မြတ်က ပြောကြားခဲ့သည်။

၂၀၁၂-၂၀၁၃ ခုနှစ် ပညာသင် နှစ်မှစ၍ ရန်ကုန်နှင့်မန္တလေးရှိ နည်းပညာတက္ကသိုလ်များ၊ ကွန်ပျူတာ တက္ကသိုလ်များအား လက်တွေ့သင်ခန်းစာများ ပိုမိုသင်ကြားနိုင်ရန် အတွက် Center Of Excellence အဆင့်မြင့်တက္ကသိုလ်များအဖြစ် မြှင့်တင်မည်ဖြစ်ပြီး စာသင်နှစ်များကိုလည်း အင်ဂျင်နီယာဘွဲ့သင်တန်း ကာလအား ငါးနှစ်မှခြောက်နှစ်၊ ကွန်ပျူတာဘွဲ့သင်တန်းကာလအား လေးနှစ်မှငါးနှစ်သို့ လည်းကောင်း တိုးမြှင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိပညာသင်နှစ်တွင်မူ တက္ကသိုလ်များ၊ ကောလိပ်များ၊ သိပ္ပံများတွင် AGTI မှ B Tech,BE သို့ သတ်မှတ်အရည်အချင်းများနှင့် ကိုက်ညီပါက အဆင့်ဆင့်ပေါင်းကူး တက်ရောက်စေသည့်စနစ်ကို ကျင့်သုံး ခဲ့ပြီး လာမည့် ၂၀၁၂-၂၀၁၃ ပညာသင်နှစ်မှစတင်၍ စက်မှုပညာရေး စနစ်တွင် AGTI မှ BTECH ၊ အင်ဂျင်နီယာပညာရေးစနစ်တွင် AGTIမှ BE သို့ သီးခြားစီ အရည်အချင်းသတ်မှတ်၍ ပေါင်းကူးတက်ရောက် ခွင့်ပြုမည့်စနစ်ကို ကျင့်သုံးသွားမည်ဖြစ်ကြောင်း သိရသည်။
AGTI မှ BTECH သို့သာ တက်ရောက်ခွင့် ရသူများသည် MTECH အထိတက်ရောက်သင်ယူ နိုင်ပြီး AGTI မှ သတ်မှတ်အရည်အချင်း ကိုက်ညီပါက BE မှ တစ်ဆင့် ME ဘွဲ့အထိ တက်ရောက်နိုင်မည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်နှင့်မန္တလေးရှိ အင်ဂျင်နီယာတက္ကသိုလ်များသို့၁၉၉၈ခု နှစ်၁၀တန်းအောင်သူများသာ
 နောက်ဆုံးအသုတ်အဖြစ် တက် ရောက်ခဲ့ရပြီး ယင်းနောက်ပိုင်းတွင် AGTI မှတစ်ဆင့် ပေါင်းကူးအနေ ဖြင့်သာ တက်ရောက်ပညာသင်ယူ ခဲ့ရကြောင်း သိရသည်။