Pages

Friday, November 2, 2012

နယ်သာလန်အခြေစိုက် ဘဏ္ဍာရေးဝန်ဆောင်မှုနှင့် အကြံပေးကုမ္ပဏီ KPMG မြန်မာနိုင်ငံတွင် ရုံးခန်းဖွင့်မည်


နယ်သာလန်နိုင်ငံ အခြေစိုက် ဘဏ္ဍာရေးဝန်ဆောင်မှုနှင့် အကြံပေးကုမ္ပဏီကြီးတစ်ခုဖြစ်သည့် KPMG ကုမ္ပဏီက မြန်မာနိုင်ငံတွင် ရုံးခန်းလာရောက်ဖွင့်လှစ်မည်ဟု Wallstreet Journal မှ ဖော်ပြချက်အရ သိရသည်။

၎င်းင်းကုမ္ပဏီသည် ကမ္ဘာ့အသိအမှတ်ပြုကုမ္ပဏီကြီးဖြစ်ပြီး မြန်မာနိုင်ငံတွင် ဆောင်ရွက်မည့် လုပ်ငန်းဆောင်တာများကို KPMG ၏ ထိုင်းနိုင်ငံ CEO က ကြီးကြပ်ကွပ်ကဲသွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံအတွင်းတွင် ဘဏ္ဍာရေးလုပ်ငန်းများနှင့် အကြံပေးလုပ်ငန်းကို ဦးစွာဝန်ဆောင်မှုပေးသွားမည်ဖြစ်ပြီး မကြာမီတွင် စာရင်းစစ်ဝန်ဆောင်မှုကိုပါ ပေးအပ်သွားမည်ဟု ဆိုသည်။

မြန်မာနိုင်ငံသည် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများအပြီး အနောက်နိုင်ငံများမှ စီးပွားရေးပိတ်ဆို့မှုများ ဖြေလျှော့လိုက်ခြင်းကြောင့် ရင်းနှီးမြှုပ်နှံမှုအတွက် အခွင့်အလမ်းများ ပေါ်ပေါက်လာသော်လည်း ဥပဒေ အခြေခံအဆောက်အဦမှာ ရှင်းလင်းမှု မရှိခြင်း၊ လာဘ်စားမှုအန္တရာယ်နှင့် ပြည်တွင်းလုပ်ငန်းရှင်များ၏ မရေရာသည့်အခြေအနေများကြောင့် ပြည်ပမှလာရောက်ရင်းနှီးမြှုပ်နှံလိုသည်ကုမ္ပဏီများမှာ စိုးရိမ်ပူပန်မှုများ ရှိနေသည်ဟု သိရသည်။

လက်ရှိအချိန်တွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ကုမ္ပဏီများကဲ့သို့ ကုမ္ပဏီကြီးများမှ ကြော်ငြာကုမ္ပဏီများအထိ နယ်ပယ်အသီးသီးမှ ကုမ္ပဏီများမှာ ဘဏ္ဍာရေးဆိုင်ရာ ပရော်ဖက်ရှင်နယ်ဝန်ဆောင်မှုပေးမည့်သူကို ရှာဖွေနေသည်ဟု Wallstreet Journal က ဖော်ပြထားသည်။

KPMG ကုမ္ပဏီသည် နိုင်ငံပေါင်း ၁၅၃ နိုင်ငံတွင် ၀န်ထမ်းပေါင်း တစ်သိန်းခွဲနီးပါးဖြင့် ၀န်ဆောင်မှုပေးနေသောကုမ္ပဏီကြီးဖြစ်သည်။