Pages

Friday, December 28, 2012

 လက်ပံတောင်းတောင်ဖြစ်စဉ်နှင့် ပတ်သက်၍ မည်သူ့ကိုမျှ မီးလောင်ဗုံးမဟုတ်ဘဲ မီးခိုးဗုံးဟု ပြန်လည်ပြောကြားခဲ့ခြင်းမရှိကြောင်း ဓာတုဗေဒပညာရှင် ဒေါက်တာခင်မောင်ညို ပြောကြား

လက်ပံတောင်းတောင် ဖြစ်စဉ်နှင့် ပတ်သက်၍ မည်သူ့ကိုမျှ မီးလောင်ဗုံးမဟုတ်ပဲ မီးခိုးဗုံးဟု ပြန်လည်ပြောကြားခဲ့ခြင်းမရှိကြောင်း ဓာတုဗေဒပညာရှင် ဒေါက်တာခင်မောင်ညိုက ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် ပြောကြားခဲ့သည်။
ဓာတုဗေဒပညာရှင်ဒေါက်တာ ခင်မောင်ညိုက'' Myanmar Express က ဒေါက်တာခင်မောင်ညို ၀န်ခံပြီဆိုပြီး ပြောတားတယ်။ Myanmar Express က တာဝန်မယူတတ်တဲ့ ၀က်ဘ်ဆိုဒ်ပေါ့လေ။ဘာမှ တာဝန်မယူပဲနဲ့ လုပ်ချင်ရာလုပ်၊ဖြစ်ချင်ရာဖြစ် ပြောတဲ့ဝက်ဘ်ဆိုဒ်ပေါ့။နာမည်ကြီးတဲ့ ပုဂ္ဂိုလ်တွေကို တိုက်ခိုက်ပြီး လုပ်သမျှ တာဝန်မယူနိုင်တဲ့ ၀က်ဘ်ဆိုက်တစ်ခုပါ။ ကျွန်တော်သိသလောက်တော့ Myanmar Express ကနေ ကျွန်တော်ဆီ ဆက်သွယ်မေးမြန်းတာ မရှိပါဘူး။အခြားနည်းလမ်းနဲ့ ဆက်သွယ် လာတာမျိုးတွေရှိလည်း မီးခိုးဗုံးမဟုတ်ဘူး မီးလောင်ဗုံးပဲ။မီးလောင်ဗုံး မဟုတ်ဘူး မီးခိုးဗုံးပဲဆိုတာ တစ်ခါမှမပြောပါဘူး။ဖြစ်တဲ့ကိစ္စတွေကိုပဲ ကျွန်တော်ပြောပါတယ်။ဘယ်သူကိုမဆို အမှန်အတိုင်း ဖြစ်နေပျက်နေတာတွေကိုပဲ ကျွန်တော်ပြော ပါတယ်။Chemistry Point of View ကနေ စဉ်းစားဆင်ခြင်နိုင်ဖို့ ပြောတာပါ။ဒေါ်စုတို့ အလုပ်လုပ်ရလွယ်အောင်လို့ ဘာတွေဖြစ်တယ်ဆိုတာ သူတို့စုံစမ်းသင့်တယ်ဆိုတဲ့ အကြောင်းပဲ ကျွန်တော်ပြောတာပါ'' ဟု ပြောကြားခဲ့သည်။
Myanmar Express ၀က်ဘ် ဆိုဒ်တွင်''လက်ပံတောင်းတောင် အရေးအခင်းတွင် ရဲတပ်ဖွဲ့ က မီးလောင်ဗုံးများ သုံးစွဲခဲ့ခြင်း ဖြစ်နိုင်သည်ဟု ကြိုတင်ခန့် မှန်း ပြောကြားခဲ့သည့်အတွက် အထူးပင်စိတ်မကောင်း ဖြစ်မိကြောင်း ဒေါက်တာ ခင်မောင်ညိုက ယနေ့  ထုတ်ဖော် ပြောကြားလိုက်သည်။
ယင်းကိစ္စတွင် မိမိအနေဖြင့် ရရှိသမျှ အထောက်အထားများကို အခြေခံ၍ ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း၊ အလဲဗင်းမီဒီယာ၊ ဒီဗွီဘီနှင့် အခြား မီဒီယာအချို့က မိမိထံလာရောက်၍ သဘောထားထင်မြင်ချက် တောင်းခံခဲ့ကြောင်း၊ ထိုသို့  ပြောကြားရာတွင် မိမိအနေဖြင့် ရရှိသမျှသော ဓါတ်ပုံများ၊ ဗီဒီယိုများ စသည်တို့ကို လေ့လာကြည့်ရှု၍ ခန့်မှန်းပြောကြားခဲ့ ခြင်း ဖြစ်ကြောင်း၊ သို့ရာတွင် ခန့်မှန်းပြောကြားရာတွင်လည်း တစ်သက်လုံး သင်ယူလေ့လာခဲ့သော ဓါတုဗေဒ သဘောတရားများ၊ သီအိုရီများ စသည်တို့နှင့် ချင့်ချိန်၍ ပြောကြားခဲ့ကြောင်း၊ လက်တွေ့  အသုံးပြုခဲ့သော ဗုံးအစအနများ၊ ဗုံးနမူနာများ စသည်တို့ကို ကြည့်ရှုစစ်ဆေးနိုင်ခြင်း မရှိသဖြင့် မှားယွင်းနိုင်သည်မှာလည်း မှန်ပါကြောင်း၊ ထိုအချိန်တွင် အစိုးရဘက်မှ သတင်းထုတ်ပြန်ချက် အားနည်းနေသဖြင့် ရရှိသမျှ သတင်းအချက်အလက်များကို အခြေခံရခြင်း ဖြစ်ကြောင်း အငြိမ်းစားဓါတုဗေဒပါမောက္ခ ဒေါက်တာ ခင်မောင်ညိုက ပြောကြားသည်။
 ဒေါက်တာခင်မောင်ညို၏ ပြောကြားချက်သည် အခြေအနေ ပိုမိုဆိုးဝါးသွားစေရန် မီးလောင်ရာလေပင့် မဖြစ်ခဲ့ဘူးလားဟု မေးမြန်းရာ မိမိအနေဖြင့် ထိုမျှအထိ မျှော်မှန်းထားခဲ့ခြင်း မရှိခဲ့ကြောင်း၊ တတ်သည့်ပညာ မနေသာဆိုသလို အမေးရှိလာ၍ ဖြေကြားခဲ့ရခြင်း ဖြစ်ကြောင်း၊ မိမိမှ မီးလောင်ဗုံး ဖြစ်နိုင်သည် ဟုသာ ပြောကြားခဲ့ခြင်း ဖြစ်ပြီး မျက်ရည်ယိုဗုံး မဖြစ်နိုင်ဟူ၍လည်း ပြောကြားခဲ့ကြောင်း၊ ယင်းပြောကြားချက်များကြောင့် အခြေအနေ ပိုမိုဆိုးဝါးစေခဲ့ပြီး သံဃာများ၏ ဒေါသကို နှိုးဆွသလို ဖြစ်စေခဲ့သည်ဆိုလျှင် မိမိ၏ ပညာရပ်ဆိုင်ရာ မှားယွင်းမှုဟု ပြောကြားလိုကြောင်း ၎င်းက ဖြေကြားသည်။
ဆက်လက်၍ ဒေါက်တာခင်မောင်ညိုက နိုင်ငံတကာတွင် မျက်ရည်ယိုဗုံး မီးမလောင်ဟု ပြောခဲ့ရခြင်းမှာလည်း နိုင်ငံတကာ အဓိကရုဏ်းများကို ထောက်ရှု၍ ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း၊ ဓါတုဗေဒသဘောတရားတွင် မီးလောင်အောင် ဖော်မြူလာထုတ်လျှင်လည်း ရပါကြောင်း၊ မီးခိုးဗုံး ဆိုသော်လည်း မီးလောင်နိုင်သည့် မီးခိုးဗုံးများ ထွက်ပေါ်နေသည်ကိုလည်း သိရှိပါကြောင်း၊ မိမိ၏ ခန့်မှန်းချက် စောစီးစွာ ပေါ်ထွက်လာခဲ့ခြင်းမှာလည်း မီဒီယာများက လာရောက်မေးမြန်းသဖြင့် မိမိသိရှိနားလည်ထားသမျှ ပညာရပ်ဆိုင်ရာများကို အခြေခံ၍ ပြောကြားခဲ့ခြင်းသာ ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။
ယခုအခါ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော စုံစမ်းစစ်ဆေးရေးကော်မရှင်သည် ယင်းကိစ္စကို စစ်ဆေးဖော်ထုတ်နေပြီ ဖြစ်ရာ မိမိ၏ ပြောကြားချက်များကြောင့် ကော်မရှင်အပေါ် ယုံကြည်မှုအားနည်းစေမည်ကိုလည်း မလိုလားကြောင်း၊ ကော်မရှင်မှာ လက်တွေ့အသုံးပြုခဲ့သည့် ဗုံးစဗုံးနများကို သိပံနည်းကျ စစ်ဆေးဖော်ထုတ်မည် ဖြစ်၍ မိမိ၏ ခန့်မှန်းပြောကြားချက်ထက် ပိုမို၍ တိကျခိုင်မာမည်ဟု ယုံကြည်ထားကြောင်း၊ မိမိအနေဖြင့် လေ့လာထားသော ပညာရပ်ဆိုင်ရာ ဗဟုသုတအပေါ်တွင် အခြေခံ၍ ပြည်သူများ သိရှိနားလည်စေရန် နိုင်ငံတကာတွင် မျက်ရည်ယိုဗုံး သုံးကြသော်လည်း မီးလောင်ခြင်း မရှိသည်ကို ထင်ရှားစေရန် ပြောကြားခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။
ရေနှင့် မီးစုန်း ဓါတ်ပြုလျှင် မီးလောင်ကျွမ်းသည် ဟူသည်ကို သိပါသလားဟု မေးမြန်းရာ ဒေါက်တာခင်မောင်ညိုက မှန်ပါကြောင်း၊ မီးစုန်းသည် ရေနှင့်တွေ့လျှင် သေချာပေါက် မီးလောင်ကြောင်း၊ မီးစုန်းပါဝင်မှု အချိုးအစား အနည်းအများပေါ်မူတည်၍ မီးလောင်ကျွမ်းမှု အနည်းအများ ဖြစ်စေတတ်ကြောင်း၊ ယင်းကာလက မိမိအနေဖြင့် မီးစုန်းဓါတ် ပါဝင်နိုင်သည်ကို ထည့်သွင်းစဉ်းစားခဲ့ခြင်း မရှိကြောင်း၊ ယင်းအတွက် မိမိအားမှားယွင်းသည်ဟု ပြောလျှင်လည်း ခံရမည်သာဖြစ်ကြောင်း၊ မိမိ၏ ပြောကြားချက်များ အလွန်အကျွံ ဖြစ်ခဲ့သည်ဟု ဆိုပါက ထိုအချိန်က တွေ့ရှိရသော သတင်းဓါတ်ပုံများကို ကြည့်၍ ဖြစ်ပေါ်လာသော စိတ်ခံစားမှုကြောင့် ဖြစ်ခဲ့သည်ဟု ပြောကြားလိုကြောင်း၊ မိမိ၏ ပြောကြားချက်များကြောင့် လူအများ၏ ဒေါသကို ပိုမိုဖြစ်စေခဲ့သည်ဟု ဆိုပါက မိမိအနေဖြင့် ပညာရှင်တစ်ယောက်၏ စိတ်ခံစားမှု ဟူ၍သာ နားလည်ပေးစေလိုကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်၏ ကော်မရှင်မှ စစ်ဆေးတွေ့ ရှိချက်သာ အစစ်အမှန်ဟု မိမိအနေဖြင့် လက်ခံမည်ဖြစ်ကြောင်း၊ မပြည့်စုံသော အထောက်အထားများကို အခြေခံ၍ ခန့် မှန်းပြောကြားလျှင် မိမိကဲ့သို့ ပင် မှားယွင်းနိုင်ပါကြောင်း၊ ပညာရှင်များသည် တိကျခိုင်မာမှသာ ပြောကြားသည်ဟူသော ဆိုရိုးကို မိမိလက်ခံပါကြောင်း၊ စောစီးစွာ ထုတ်ဖော်ပြောကြားခဲ့ခြင်းအတွက် မိမိအနေဖြင့် စိတ်မကောင်း ဖြစ်ရပါကြောင်း အကျယ်တ၀င့် ရှင်းလင်း ပြောကြားသည်။
လက်ပံတောင်းတောင်အရေးတွင် ရဲတပ်ဖွဲ့ဝင်များက ရေဖြင့်ပက်ဖျန်းပြီးမှ မီးခိုးဗုံးများ အသုံးပြုခဲ့သည်ဟု သက်ဆိုင်ရာက ထုတ်ပြန်ထားသည်။ ယင်းဖြိုခွင်းမှုကြောင့် သံဃာအများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ယခုအခါ ဒဏ်ရာဆိုးဝါးသော ဦးတိကမှာ ထိုင်းနိုင်ငံသို့  ပို့ ဆောင်၍ ဆေးကုသမှု ခံယူလျက် ရှိသည်။ ထိုင်းနိုင်ငံမှ ဆရာဝန်များက မီးခိုးဗုံးနှင့် ရေ ထိတွေ့  ဓါတ်ပြုခြင်းကြောင့် မီးလောင်ကျွမ်းရခြင်း ဖြစ်ကြောင်း ကောက်ချက်ချထားသည်''ဟု သတင်းဖော်ပြထားသည်။
ဒေါက်တာခင်မောင်ညိုသည် လက်ပံတောင်းတောင်အရေးအခင်း ဖြစ်ပွားစဉ်ကာလအတွင်း ပြည်တွင်း မီဒီယာအချို့ထံ မီးလောင်ဗုံးနှင့် မျက်ရည်ယိုဗုံး ကွာခြားချက်များကို ဓာတုဗေဒနည်းအရ ခန့်မှန်းသုံးသပ် ပြောကြားမှုများ ပြုလုပ်ခဲ့သည်။
Eleven Media Group