Pages

Saturday, October 27, 2012

ရခိုင်ပြည်နယ် ပေါက်တောမြို့ မီးလောင်ပြင်

(ဓာတ်ပုံများ - ဂျေပိုင်/ဧရာဝတီ)
ရခိုင်ပြည်နယ် ပေါက်တောမြို့ အမှတ် ၃ ရပ်ကွက်၊ ဘ၀မ်းချောင်းဝ ရပ်ကွက် တို့မှာ ဒီကနေ့ တွေ့ရတဲ့ မီးလောင်ပြင်မြင်ကွင်းတွေ ဖြစ်ပါတယ်။
ကြာသပတေးနေ့က လောင်ကျွမ်းခဲ့တဲ့မီးကြောင့် အိမ်ခြေ တထောင်နီးပါး မီးထဲပါသွားတယ်လို့  သိရပါတယ်။



ပေါက်တောမြို့ဟာ စစ်တွေမြို့တော်အနီး တည်ရှိပါတယ်။





ဧရာဝတီ blog

Friday, October 26, 2012

တားမြစ်ထားသော်လည်း လက်ပံတောင်းတောင်ပေါ်သို့ တက်ကြ

 
ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသော နယ်မြေအတွင်း ပါဝင်သည့် လက်ပံတောင်း တောင် ၃၃လုံး အနက် အမြင့်ဆုံး တောင်ဖြစ်သော ရွှေမြင်တင် တောင်ထိပ်ရှိ အနုမြူ ကပ်ကျော် စေတီတော်ကို ယနေ့ နံနက်ပိုင်း တွင် သံဃာတော်များ နှင့် ကြေးနီ စီမံကိန်း လယ်သိမ်းခံ ၂၆ ရွာမှ ရွာသူ / ရွာသား ၇၀၀၀ ကျော်ခန့် တက်ရောက်ခဲ့ကြသည်။










၁၄ ပြည်နယ် ပြည်ထောင်စုကိုလက်မခံကြောင်း ပါတီတည်ထောင်ခြင်း ၂၄ နှစ်ပြည့်နေ့၌ SNLD ပြော

ယနေ့ကျရောက်သော သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်၏ ၂၄ နှစ်ပြည့် မွေးနေ့တွင် အဖွဲ့ချုပ်မှ ကြေငြာချက်တစောင် ထုတ်ပြန်ရာ ပြည်ထောင်စုအမည်အား တိုင်းရင်းသားအမည်ဖျက်၍ အမည်သစ်ဖြင့်ဖွဲ့စည်းမည့် ပြည်ထောင်စုပုံသဏ္ဌာန်ကို လက်မခံ၊ ပြတ်ပြတ်သားသားဆန့်ကျင်သည်ဟု ပါတီပြောခွင့်ရပုဂ္ဂိုလ်က ပြောပါသည်။

SNLD_24_yearsသတင်းထောက်များမေးမြန်းမှုကိုဖြေကြားနေသော ပါတီပြောခွင့်ရ စိုင်းလိတ်
 
ပြည်ထောင်စုမြန်မာနိုင်ငံအမည်အား  တိုင်းရင်းသား နာမည်ဖျက်၍ ကမ္ဘောဇ၊ ရာမည၊ ကန္တရ၀တီ၊ ဥတ္တရသီရ၊ ဇေယျာသီရိ အစ ရှိသည့် နာမည်ဖြင့်အစားထိုးကာ ၁၄ ၊ ၁၅ ပြည်နယ်ခွဲပြီး ပြည်ထောင်စု အသစ်ထပ်မံတည်ဆောက်မည်ဆိုပါက လုံးဝလက်ခံ မည် မဟုတ်။ ၈ ပြည်နယ်ဖြင့်ဖွဲ့စည်းသော ပြည်ထောင်စုဆိုပါက လက်ခံနိုင်မည်ဖြစ်ကြောင်း- အဓိက ပါရှိသည့အချက် ၈ ချက်ပါဝင် သည်ဟု စိုင်းလိတ်ကပြောပါသည်။

“ ဒီမိုကရေစီမိတ်ဆွေ ၁၀ ပါတီက ထုတ်ပြန်တဲ့ ၁၄ ပြည်နယ်ပါပြည်ထောင်စုဖွဲ့စည်းမယ်ဆိုတာနဲ့ ပတ်သက်နေလား လို့မေးလာရင် အဲတာကို အဓိကပြောချင်တာဘဲလို့ဖြေရပါလိမ့်မယ်။  ၁၉၄၇ အရဆိုရင် ဗမာအပါအဝင် တိုင်းရင်းသားတွေ တယောက်တကျပ်စီ ဘဲရှိရမယ်လေ။ အခုက တိုင်းရင်းသားတွေ တယောက်တကျပ်ရနေပြီး ဗမာက ၇ ကျပ်ရနေတာတော့ ကျနော်တို့ လက်မခံနိုင်ဘူး။ အဲတာကြောင့် ၁၄ ပြည်နယ် ပြည်ထောင်စုကိုလက်မခံဘူး” ဟု ဆိုပါသည်။

ထို့ကြောင့် မိမိတို့ပါတီအနေဖြင့် တန်းတူညီမှုရရှိရေးနှင့် စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုစစ်စစ် မရမချင်း ကြိုးပမ်းသွားမည် ဟုစိုင်းလိတ်ကပြောပါသည်။

“ကျနော်တို့ မကြာခင်မှာလည်း ငြိမ်းချမ်းရေးတည်ဆောက်ရေးအတွက်၊ သျှမ်းပြည်တွင်း အဖက်ဖက်ကပါဝင်နိုင်မယ့် ညီလာခံ တရပ်ကျင်းပဖို့ရှိတဲ့အတွက် ပြင်ဆင်တဲ့အနေနဲ့  ပြီးခဲ့တဲ့အပတ်ထဲက နိုင်ငံရေးပါတီ၊ လက်နက်ကိုင်တပ်ဖွဲ့၊မီဒီယာ၊ လူမှုရေးအသင်း အဖွဲ့၊ အမျိုးသမီးအဖွဲ့တွေပါတဲ့ ညစာစားပွဲကျင်းပခဲ့တယ်။ ငြိမ်းချမ်းရေးစကားပြောဖို့ တူညီတဲ့ယုံကြည်မှုတွေကို ဖော်ထုတ်တယ်။ ဘုံရည်မှန်းချက်တွေ ထုတ်တယ်။ အဓိကကတော့ ယုံကြည်မှုရရှိအောင် တည်ဆောက်ကြဖို့ပေါ့” ဟုစိုင်းလိတ်ကပြောသည်။
Statementထုတ်ပြန်ကြေငြာချက်
 
ထို့အတွက်ကြောင့် တန်းတူရေးအတွက် မျှော်လင့်ကာ သျှမ်းပြည်သားများအားလုံး ပြည်ထောင်စုမြန်မာနိုင်ငံသားများအားလုံး လက်တွဲကာ ကြိုးစားကြရန်တိုက်တွန်းလိုကြောင်း မိမိတို့ပါတီအနေဖြင့်လည်း တခြားသော မည်သည့်အဖွဲ့အစည်း ပါတီ တို့နှင့်မဆို တူညီသောမူဝါဒ၌ လက်တွဲသွားမည်ဖြစ်ကြောင်း SNLD  ၂၄ နှစ်ပြည့်မွေးနေ့၌ စိုင်းလိတ်ကသျှမ်းသံတော်ဆင့်အား ပြောပြသည်။

သို့သော် ထူးခြားချက်တခုမှာ လားရှိုးမြို့၌ကျင်းပသော ပါတီမွေးနေ့အခမ်းအနားသို့ ကျားဖြူပါတီမှ တက်ရောက်ခြင်းမရှိသော ကြောင့် စိတ်မကောင်းဖြစ်မိကြောင်း အခမ်းအနားဖြစ်မြောက်ရေး အကူအညီပေးနေသည့် လူငယ်တဦးဖြစ်သူ စိုင်းလူက ပြောသည်။

ရုံးချုပ်၌ ကျင်းပခဲ့သော အစီအစဉ်နှင့်ပတ်သက်၍ ပါတီပြောခွင့်ရ စိုင်းလိတ်က- “ ရုံးချုပ်မှာက ထူးထူးခြားခြားဆိုလို့ ကြေငြာချက် ထုတ်တယ်။  နိုင်ငံရေးပါတီတော်တော်များများတက်တယ်။ ယူအဲန်အေဆိုရင် ပါတီ ၆ ခုလုံးလာတယ်။ ရခိုင်တိုင်းရင်းသားတိုး တက်ရေးပါတီရယ်၊ ဦးခင်မောင်ဆွေတို့ NDF  ရယ် ၊အမျိုးသားဒီမိုကရေစီပါတီသစ်၊  သျှမ်းပြည်မျိုးဆက်သစ်အဖွဲ့၊ လက်နက်ကိုင် အဖွဲ့ အစည်းဆိုရင်  SSPP/SSA  လာတယ်။

သျှမ်းစာပေယဉ်ကျေးမှုအသင်းတို့ တောင်ကြီးအသင်း၊ ကမ္ဘောဇဓမ္မဗိမာန်ထိန်းသိမ်း စောင့်ရှောက်ရေး စတဲ့ လူမှုရေးအသင်းအဖွဲ့တော်တော်များများလဲလာတယ်။ အခမ်းအနားကြီးတော့ မလုပ်ပါဘူး။ ကြေငြာချက် ဝေတယ် လက်ဆုံထမင်း စားတယ်၊ ပါတီကို အလှူငွေပေးအပ် တဲ့အစီအစဉ်ရှိတယ်။ ဒီလောက်ပါဘဲ။ ကြေငြာချက်နဲ့ ပတ်သက်ပြီး လူတွေတော်တော်များများ စိတ်ဝင်တစားမေးတာက-   ငြိမ်းချမ်းရေးဖော်ဆောင်မှုနဲ့ပတ်သက်တဲ့ SNLD ရဲ့သဘောထား၊  အစိုးရရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ရေးဟာ စစ်မှန်ပါရဲ့လား၊ ဘယ်လောက်ထိရောက်အောင်မြင်လဲ- ဆိုတဲ့အချက်နဲ့ ၁၄ ပြည်နယ် ကိစ္စပေါ့” ဟု ပြောပါသည်။

 SNLD  သည် ယခုနှစ်ဆန်းပိုင်း ခေါင်းဆောင်ခွန်ထွန်းဦး ထောင်မှ လွတ်မြောက်လာသည့်နောက်ပိုင်း ပါတီမှတ်ပုံပြန်တင်ကာ ဂျွန်လ ၁၂ ရက်နေ့က မှတ်ပုံတင်ကျခဲ့သည်။ စက်တင်ဘာလ ၉ ရက်နေ့က ပါတီဝင်လူဦးရေ ပြည့်ကြောင်း နေပြည်တော်ရွေး ကောက်ပွဲ ကော်မရှင် ထံ စာရင်းတင်ပြခဲ့သည့် ပါတီဖြစ်ပါသည်။
သျှမ်းသံတော်ဆင့်

ရခိုင်အကြမ်းဖက်မှု တပတ်အတွင်း လူတရာကျော် သေဆုံး

ရခိုင်အကြမ်းဖက်မှုကြောင့် လူသေဆုံးမှု တရာကျော်သွားပြီဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ရခိုင်ပြည်နယ်မှာ ဖြစ်ထားတဲ့ ပဋိပက္ခတွေကြောင့် သေဆုံးသူပေါင်း ၁၀၀ ကျော်ရှိနေပြီး၊ ဒုက္ခရောက် နေသူတွေ အတွက် အစားအသောက် အကူအညီတွေကို ပေးနေပါတယ်လို့ ပြည်နယ်အစိုးရ တာဝန်ရှိသူက ပြောပါတယ်။ နေရေးထိုင်ရေး အတွက် စီစဉ်ပေး နိုင်ဖို့ကိုလဲ စပြီးဆောင်ရွက် နေတယ်လို့ ပြောပါတယ်။ တချိန်ထဲမှာပဲ ရခိုင်ပြည်ထဲက ပရဟိတ အဖွဲ့တခုကလဲ ဆေးရုံတက် နေရသူတွေ၊ တခြား ဒုက္ခ ရောက်နေသူတွေ အတွက် အကူအညီတွေ ပေးနေပါတယ်။ ခုလို အခြေအနေနဲ့ ပါတ်သက်လို့ စုံစမ်းထားတဲ့ ဘန်ကောက်ရုံးက မစုမြတ်မွန်က တင်ပြပါမယ်။

ဒီကနေ့ သောကြာနေ့မှာတော့ ရခိုင်ပြည်နယ်ဖက်မှာ အခြေအနေတွေ ငြိမ်သက်နေပါတယ်။ ဒါပေမဲ့ အောက်တိုဘာ ၂၁ ရက်နေ့ ညပိုင်းကစပြီးတော့ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် မင်းပြား၊ မြောက်ဦး၊ မြေပုံ၊ ကျောက်ဖြူ၊ ကျောက်တော်၊ ရသေ့တောင် မြို့နယ်တွေမှာ သေဆုံး ဒဏ်ရာရသူပေါင်း ရာကျော် ရှိသွားပြီလို့ ရခိုင်ပြည်နယ် သတင်းထုတ်ပြန်ရေးအဖွဲ့ အတွင်းရေးမှူး ဦးဝင်းမြိုင်က VOA မြန်မာပိုင်းကို အခုလိုပြောပါတယ်။

“ဖြစ်စဉ် စဖြစ်တဲ့နေ့ကနေ စပြီးတော့ ခြောက်မြို့နယ်ပေါ့၊ ရသေ့တောင်နဲ့ ကျောက်တော်ပါ အပါ၊ သေဆုံးတာ ယောက်ကျား ၅၁ဦး၊ အမျိုးသမီးက ၆၁ဦး၊ ဒဏ်ရာရတာက အမျိုးသားက ၆၈ဦး၊ အဲ့မှာ ကလေး ၁၀ယောက်ပါတယ်။ နှစ်ဖက်စလုံးပါ။ အမျိုးသမီးလေးက ၄ဦး၊ ဖြစ်စဉ်တခုလုံးရဲ့ သေဆုံးတဲ့ လူဦးရေပေါ့ခင်ဗျ။”

ပဋိပက္ခတွေ ပြန်လည် ဖြစ်ပွားခဲ့တဲ့ မြို့နယ်တွေ အားလုံးမှာ ဒုက္ခရောက်နေသူတွေအတွက် အစားအသောက် အကူအညီတွေကို ပြည်နယ်အစိုးရက စတင်ပေးနေပြီ ဆိုတာကိုလဲ ဦးဝင်းမြိုင်က ခုလို ပြောပါတယ်။

“အခုလောလောဆယ်ကတော့ ခရိုင်အုပ်ချုပ်ရေးမှူးက မြေပုံမှာ ထိုင်ပြီးတော့ လိုအပ်တာတွေ ကူညီဆောင်ရွက်ပေးနေပါတယ်။ ကျန်တာကတော့ မြို့နယ်တိုင်းမှာတော့ သူ့အုပ်ချုပ်ရေးမှူးတွေမှာ အရင်ဖြစ်စဉ်ကတည်းက ကြိုတင်ပို့ထားတာတွေရှိတယ်။ အဲ့ဒီ့မှာ သူတို့မှာ အကုန်လုံး စားစရာ၊ သောက်စရာတွေ အကုန်လုပ်ထားပေးပြီးသား၊ အဲ့ဒီ့မှာ သူတို့ကူညီနေ ပါတယ်။ နေရေးထိုင်ရေး ကတော့ အခုမှ ဖြစ်တယ်ဆိုတော့ အဲ့ဒီ့မှာ သူတို့မြို့နယ်အုပ်ချုပ်ရေးမှူးက စီစဉ်ပေးဖို့ ရှိပါတယ်။ အဲ့ဒီ့မှာ တာဝန်ကျတဲ့သူတွေရော၊ မြို့နယ်အုပ်ချုပ်ရေးမှူးတွေရော၊ သူတို့ ဆောင်ရွက်ပေးဖို့ ရှိပါတယ်ခင်ဗျ။ ကျနော်တို့က အစိုးရအဖွဲ့ ဆိုတော့ ဘက်လိုက်တာတွေ၊ ဘာတွေ မရှိပါဘူး။ နှစ်ဖက်စလုံးကိုပဲ ပေးပါတယ်။”

လက်ရှိမှာတော့ ကူညီကယ်ဆယ်ရေးအတွက် အစိုးရအဖွဲ့တွေနဲ့ တခြား နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့တွေ ပူးပေါင်းပြီးတော့ ဆောင်ရွက်တာ မရှိသေးဘူးလို့လည်း ဆိုပါတယ်။

“ အခုလောလောဆယ်တော့ ဘာမှ မသိရသေးဘူး။ သူတို့လည်း အဲ့ဒီ့ဘက်တွေက မမျှော်လင့်ပဲ ပြန်ဖြစ်လာတဲ့အခါကျတော့ ကျနော်တို့က ဒီဘက်ဖြစ်နေတဲ့ဟာတွေပဲ ပြီးပြီဆိုပြီးတော့ နောက်ထပ်ဖြစ်တာတွေက မမျှော်လင့်ပဲ ဖြစ်သွားတဲ့ အခါကျတော့ လောလောဆယ် ဒီမှာပဲ ပုံနေတာပေါ့။ အဲ့ဖက်တွေ အခုသွားဖို့ပြင်ဆင်နေပါပြီ။ ကြက်ခြေနီအဖွဲ့တွေ၊ ဘာတွေရောပဲ အခုပဲ ကျနော်တို့ပြည်နယ်ရုံးမှာ သူတို့ဆောင်ရွက်နေပါတယ်။ ကယ်ဆယ်ရေးပစ္စည်းတွေ လုပ်ဖို့။”

ပြည်နယ်အစိုးရရဲ့ စာရင်းအရ အခုတခေါက် ထပ်ဖြစ်တဲ့ ပဋိပက္ခတွေကြောင့် ဒုက္ခရောက်နေသူပေါင်း ၄ ထောင်ဝန်းကျင် လောက်ရှိတယ်လို့ ပြောပါတယ်။ အခုလို ဒုက္ခရောက်နေကြသူတွေအတွက် ရခိုင်ပြည်နယ်ထဲက ဝံလက် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဖောင်ဒေးရှင်းကလဲ အကူအညီတွေ ပေးနေပါတယ်။ ဝံလက် အဖွဲ့ပြောခွင့်ရသူ ကိုခိုင်ကောင်းစံက သူတို့ ဘယ်လိုကူညီနေသလဲဆိုတာကို ခုလိုပြောပြပါတယ်။

“ဝံလက်ဖောင်ဒေးရှင်းကနေ လူငယ် ၂၀ကနေ ၃၀လောက်အထိ ကွင်းဆင်းပြီးတော့ အလှူခံပါတယ်။ ရတဲ့အလှူငွေတွေကို ကျနော်တို့ စစ်တွေမြို့ ပြည်သူ့ဆေးရုံမှာ ရောက်ရှိနေတဲ့ ရသေ့တောင်မြို့နယ်၊ ကျောက်တော်မြို့နယ်၊ မြောက်ဦးမြို့နယ်၊ နောက်ပြီးတော့ မင်းပြားမြို့နယ်တွေက လာတဲ့ လူနာတွေ လာပြီးဆေးကုသမှုခံနေတဲ့ လူနာတွေ၊ နောက် ရန်ကုန်ကို ပို့နေရတဲ့ လူနာတွေ၊ အဲ့တာတွေကို ကျနော်တို့က ငွေကြေးသွား လှူဒါန်းပါတယ်။

ဒီနေ့မှာဆိုရင် ကျနော်တို့ ကျောက်ဖြူမြို့ကို  ဝံလက်ဖောင်ဒေးရှင်းက ဒါရိုက်တာ ဦးဆောင်ပြီးတော့မှ သွားနေပါတယ်။ ဘာကြောင့်ဆိုတော့ ကျောက်ဖြူမှာ မီးလောင်ခံထားရတဲ့ မိသားစုတွေရှိပါတယ်။ နောက် ဆေးရုံတက်နေရတဲ့ လူနာတွေ ရှိတယ်။ နောက် ကျောက်တော်၊ မြောက်ဦးကိုလည်း ကျနော်တို့ ဆေးရုံတက်နေရတဲ့ လူနာတွေအတွက်ရော၊ မီးရှို့ခံရတဲ့သူတွေအတွက်ရော ကျနော်တို့ စစ်တွေမှာ အလှူခံကောက်ပြီးမှ အဲ့ဒီ့ကို သွားလှူဒါန်းနေပါတယ်ခင်ဗျ။”

ဒီရက်ပိုင်းပြန်ဖြစ်တဲ့ ပဋိပက္ခတွေကြောင့် ဆေးရုံတွေမှာ ကုသမှုခံယူနေရသူပေါင်း ၅၀ လောက်ရှိတယ် လို့လဲ ဝံလက်အဖွဲ့က ဆိုပါတယ်။

“ကျောက်ဖြူမြို့နယ်၊ မြေပုံမြို့နယ် နောက်ပြီးတော့ စစ်တွေ၊ မြောက်ဦး၊ နောက်ပြီးတော့ ရသေ့တောင်၊ မင်းပြားပါခင်ဗျ။  ကျောက်တော်ရော ပါ ပါတယ်ခင်ဗျ။ လူနာ ၅၀လောက်ရှိပါတယ်ခင်ဗျ။”

မေး။   ။ အဲ့တော့ သူတို့ကရော ဘယ်လိုဒဏ်ရာတွေ ရတာများပါလဲရှင့်။

“အဲ့ဒီ့မှာ ဓားဒဏ်ရာ တချို့ပါတယ်။ နောက်ပြီးတော့ ဂျင်ကလိလို့ခေါ်တဲ့ မြှားနဲ့ပစ်တဲ့ ဒဏ်ရာ၊ နောက် မီးနဲ့ အပစ်ခံရတဲ့ ဒဏ်ရာပါ ပါတယ်။ နောက် ကျည်ဆံထိတဲ့ လူနာတွေလည်း ပါပါတယ်ခင်ဗျ။”

မေး။  ။ ကျည်ထိတယ်ဆိုတော့ ကျည်က ဘယ်သူပစ်တာပါလဲရှင့်။

“ လူနာနဲ့ပါလာတဲ့သူတွေက သူတို့က ပြောရခက်တယ်လို့ ပြောပါတယ်ခင်ဗျ။ ဒါပေမယ့် မနေ့က ကျောက်တော်မှာ ဖြစ်တဲ့ဟာဆိုရင် စစ်တပ်က ပစ်တယ်ဆိုတဲ့သတင်းက ခိုင်ခိုင်လုံလုံ ပြောနေကြပါတယ်ခင်ဗျ။

ရခိုင်ပြည်နယ်မှာဖြစ်ပွားတဲ့ အကြမ်းဖက်မှုတွေကို သက်ဆိုင်ရာက ထိထိရောက်ရောက် အရေးယူသွားမယ်လို့ သမ္မတရုံးက ကြာသပတေးနေ့တုန်းက ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ ဒါ့အပြင် ပဋိပက္ခရဲ့ နောက်ကွယ်ကနေ ကြိုးကိုင်လှုပ်ရှားနေတဲ့ လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းတွေ ရှိနေတာကိုလဲ ဖော်ထုတ်ပြီးတော့ ဥပဒေအရ အရေးယူသွားမယ် လို့ ကြေညာချက် ထဲမှာ ဖော်ပြထားပါတယ်။

မစုမြတ်မွန် (ဗွီအိုအေ မြန်မာပိုင်း)

လက်ပတောင်းတောင်ထိပ်ရှိ အဏုမြူကပ်ကျော်စေတီအား ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်းကို အာဏာပိုင်များက တားမြစ်မိန့် ထုတ်ပြန် . . .

လက်ပတောင်းတောင်ထိပ်ရှိ အဏုမြူကပ်ကျော်စေတီအား ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်းကို အာဏာပိုင်များက တားမြစ်မိန့် ထုတ်ပြန်လိုက်သည်။

မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန။
ဆားလင်းကြီးမြို့ မှ  စာအမှတ် ၅/ ၄၃-၅၁/ဦး ၆(၁၉၉၇)
၊ရက်စွဲ ။ ၂၀၁၂ ခုနှစ် ၊အောက်တိုဘာလ ၂၃ ရက် ဖြင့် အဏုမြူဓာတ်ပေါင်းစုကပ်ကျော်စေတီ တော်၊ရွှေသင်္ကန်းဆက်ကပ်လှူဒါန်းပွဲဖြစ်မြောက်ရေးအဖွဲ့

သို့အောက်ပါအတိုင်းအကြောင်းကြားစာပေးပို့သည်။


Moe Min Oo(Facebook)

နိုင်ငံတော်သမ္မတဦးသိန်းစိန် အမေရိကန်ပြည်ထောင်စု၊ ဒုတိယဘဏ္ဍာရေးဝန်ကြီးနှင့် တွေ့ဆုံစဉ် Sanction ဖယ်ရှားရေး ဆွေးနွေး

 
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် ယနေ့ နံနက် (၉) နာရီတွင် အမေရိကန်ပြည်ထောင်စု၊ ဒုတိယဘဏ္ဍာရေးဝန်ကြီး H.E. Mr. Neal Steven Wolin ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား နေပြည်တော်ရှိ၊ နိုင်ငံတော်သမ္မတ အိမ်တော် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

ယင်းသို့ တွေ့ဆုံရာတွင် နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့်အတူ ပြည်ထောင်စုဝန်ကြီး များဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီးကိုကို၊ ဦးစိုးသိန်း၊ ဦးတင်နိုင်သိန်း၊ ဦးဝင်းရှိန်နှင့် ဒေါက်တာကံဇော်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန့်ကျော်၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးသန်းညိမ်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ဧည့်သည်တော် ဒုတိယဘဏ္ဍာရေးဝန်ကြီးနှင့်အတူ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး H.E. Mr. Derek Mitchell နှင့် သံရုံးမှ တာဝန်ရှိသူများ၊ အဆင့်မြင့် အရာရှိ ကြီးများ တက်ရောက်ကြသည်။

ထိုသို့ တွေ့ဆုံရာ၌ မြန်မာနိုင်ငံ၏ စီးပွားရေးပြုပြင်ပြောင်းလဲမှုများတွင် အထောက်အပံ့ ဖြစ်စေနိုင်မည့် ဗဟိုဘဏ်လုပ်ငန်းဆိုင်ရာများ၊ ငွေကြေးလုပ်ငန်း ပညာရပ်များ၊ နည်းပညာရပ်များနှင့် လုပ်ထုံးလုပ်နည်း စည်းမျဉ်းစည်းကမ်းများကို အပြည်ပြည်ဆိုင်ရာ စံချိန်စံညွှန်းများနှင့်အညီ ဆောင်ရွက်နိုင်ရေးအတွက် အကူအညီပေးရေး၊ ကျန်ရှိနေသော စီးပွားရေး ပိတ်ဆို့ကန့်သတ်မှုများအား အပြီးတိုင် ပယ်ဖျက်ပေးနိုင်ရေး တို့အား ရင်းနှီးစွာ ဆွေးနွေးကြသည် ။
Hmuu Zaw(Facebook)

ရခိုင်ပဋိပက္ခ ကြိုးကိုင်လှုပ်ရှားသူများကို အရေးယူမည်


25.10.2012 ရခိုင်ပြည်နယ်မှာ လတ်တလော ဖြစ်ပျက်ခဲ့တဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီးတော့ နိုင်ငံတော် သမ္မတ ရုံးကလည်း ဒီကနေ့ အသိပေး ကြေညာချက်တစောင် ထုတ်ပြန်ခဲ့ပါတယ်။ လက်ရှိ အကြမ်းဖက်မှုတွေ တိုးလာတဲ့အပေါ်မှာ ကုလသမဂ္ဂ ကလည်း အထူး စိုးရိမ်တဲ့အကြောင်းနဲ့ အခြေအနေတွေ တည်ငြိမ်အောင် ထိန်းသိမ်း ဆောင်ရွက်ဖို့လည်း တိုက်တွန်းလိုက်ပါတယ်။ အပြည့်စုံကို မခင်ဖြူထွေးက အပြည့်စုံ ပြောပြပေးထားပါတယ်။

ရခိုင်ပြည်နယ်တွင်း အခုတကြိမ် ပြန်လည် ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေ အတွင်း သေဆုံး ဒဏ်ရာရသူ ၆၀ လောက် ရှိသွားပြီးလို့ သမ္မတရုံး ပြောခွင့်ရသူ ဦးဇော်ဌေးက ပြောပါတယ်။

“ဆိုးဆိုးရွားရွားကတော့ သေတာတွေ ပျောက်တာတွေ ရှိတယ်။ သေတာရော၊ ဒဏ်ရာ ရတာရော ဆိုရင် ကျနော်တို့ ရတဲ့သတင်းအရတော့ ၆၀ လောက် ရှိမယ်။ ၆၀ ၀န်းကျင်လောက်ပေါ့။ အိမ်တွေဘာတွေရော ပျက်တာ တော်တော်များများတယ်။ သာသနာရေး၊ ဘာသာရေး အဆောက်အဦးတွေ ပျက်စီးတာတွေလည်း ပါတယ်။ ဆိုတော့ ဒီဟာတွေနဲ့ ပတ်သက်ပြီးတော့ ပြည်နယ်အစိုးရအနေနဲ့ ညမထွက်ရ အမိန့် ချမှတ်ပြီးတော့ ဆောင်ရွက်တယ်။ ဆောင်ရွက်ပြီးတော့ အခု သမ္မတကြီးက ဟိုနေ့ကပဲ လုံခြုံရေး တပ်ဖွဲ့ဝင် အင်အားကို တိုးမြင့်ပေးဖို့ သူ ညွှန်ကြားချက် ထုတ်တယ်။ ဒီနေ့ကတော့ ည ၈ နာရီ ထုတ်တဲ့ဟာကတော့ နောက်ထပ် တခုပေါ့။”

ရခိုင်ပြည်နယ် ကျောက်ဖြူ၊ မင်းပြား၊ မြေပုံနဲ့ မြောက်ဦးမြို့နယ်တွေမှာ ဒီရက်ပိုင်း ဆူပူ အကြမ်းဖက်မှုတွေ ပြန်လည် ဖြစ်ပွားနေတာမှာ အောက်တိုဘာလ ၂၄ ရက်နေ့အထိ သေဆုံးသူ ၁၂ ဦး၊ ဒဏ်ရာရသူ ၅၀ နဲ့ လူနေအိမ်ခြေ ၁၉၄၈ လုံးနဲ့ ဘာသာရေး အဆောက်အဦးပေါင်း ၈ ခု မီးလောင်ခဲ့ပြီး လူတွေအများအပြား အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတယ်လို့ သမ္မတ ရုံးကလည်း ဒီကနေ့ပဲ ကြေညာချက်တစောင် ထုတ်ပြန်ပါတယ်။

လက်ရှိ မြန်မာနိုင်ငံအနေနဲ့ ပြုပြင် ပြောင်းလဲမှုတွေ ဆောင်ရွက်နေချိန်မှာ ခုလိုမျိုး ဆူပူ အကြမ်းဖက်မှုတွေက နိုင်ငံတော်နဲ့ နိုင်ငံသားတွေရဲ့ ဂုဏ်သိက္ခာနဲ့ အကျိုးစီးပွားကို ထိခိုက်နစ်နာစေတဲ့အကြောင်းနဲ့ အခု ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေနဲ့ ပတ်သက်လို့ နောက်ကွယ်ကနေ ကြိုးကိုင်လှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေနဲ့ လူပုဂ္ဂိုလ်တွေ ရှိနေပြီး ဒီလူတွေကို ဥပဒေနဲ့အညီ အရေးယူသွားမယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ခုလို ရခိုင်ပြည်နယ်တွင်း ပြန်လည် ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေနဲ့ ပတ်သက်လို့ ကြားသိရတဲ့သတင်းတွေ အရ စိုးရိမ်မကင်း ဖြစ်ရတဲ့အကြောင်း ကုလသမဂ္ဂကလည်း ကြေညာချက် ထုတ်ပြန် ထားပါတယ်။ အကြမ်းဖက်မှုတွေကြောင့် ထိခိုက် ခံစားရတဲ့သူတွေကို လူမျိုးဘာသာ မခွဲခြားဘဲ လူ့အခွင့်အရေး စံနှုန်းတွေနဲ့အညီ အကူအညီတွေ ပေးသွားနိုင်ဖို့အတွက် ချွင်းချက်မထားဘဲ ချက်ချင်း အကူအညီတွေ သွားရောက်ပေးနိုင်အောင် ဆောင်ရွက်ပေးဖို့လည်း ကုလသမဂ္ဂ က တောင်းဆိုထားပါတယ်။

ပြီးခဲ့တဲ့ ဇွန်လက စတင်ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ်တွင်း ပဋိပက္ခတွေကြောင့် ဒုက္ခရောက်သူပေါင်း ၇ သောင်း ၅ ထောင်လောက်ကို ကုလသမဂ္ဂနဲ့ လူသားချင်း စာနာကူညီကြတဲ့ အဖွဲ့တွေက မြန်မာအစိုးရနဲ့ အတူ ပူးပေါင်းပြီး အကူအညီတွေ ပေးနေတယ်လို့လည်း ကုလသမဂ္ဂက ပြောပါတယ်။

ရခိုင်ပြည်နယ်တွင်း အကြမ်းဖက်မှုတွေနဲ့ ပတ်သက်လို့ ဒီကနေ့ ထုတ်ပြန်တဲ့ သမ္မတရုံးရဲ့ ထုတ်ပြန်ချက်ထဲမှာ အောက်တိုဘာလ ၂၄ ရက်နေ့အထိ သေဆုံးတဲ့ အရေအတွက်ဟာ ၁၂ ဦး ရှိသွားပြီလို့ ဆိုပေမဲ့ အစိုးရ အရာရှိတဦးကို ကိုးကားပြီး အေပီသတင်းရဲ့ ဖော်ပြချက်မှာတော့ အခုနောက်ဆုံး အကြမ်းဖက်ဖြစ်ရပ်တွေကြောင့် သေဆုံးသူဟာ ၅၆ ဦး ရှိသွားပြီလို့ ဆိုပါတယ်။

မခင်ဖြူထွေး VOA

ရခိုင်ပြဿနာ ကုလစိုးရိမ်

အတွင်းရေးမှူးရဲ့ အထူး အကြံပေး ပုဂ္ဂိုလ် ဗီဂျေးနမ်ဗီးယား ရခိုင်ပြည်နယ် စစ်တွေကို သွားရောက်ခဲ့စဉ် (ဇွန် ၁၄၊၂၀၁၂)
 ရခိုင်ပြည်နယ်မှာ အခု လောလောဆယ် ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှု တွေဟာ အလွန် ဆိုးဝါးနေပြီး ဒီ့ထက်ပိုမိုပြင်းထန် လာမယ့်အရေး စိုးရိမ်မိကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာ့ အရေး အထူးအကြံပေးပုဂ္ဂိုလ် Vijay Nambiar က ပြောကြားလိုက်ပါတယ်။

ဒါနဲ့ပတ်သက်ပြီး ကြာသပတေးနေ့ မွန်းလွဲ အစောပိုင်းက ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ကုလသမဂ္ဂ ပြောခွင့်ရပုဂ္ဂိုလ် မာတင်နာစကီးက အခုလို ပြောကြား သွားတာဖြစ်ပါတယ်။

“ အခုအခါ ရခိုင်ပြည်နယ်မှာ ပေါ်ပေါက်လာတဲ့ အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ စာနာမှုဆိုင်ရာ ကိုယ်စားလှယ်က ဒီကနေ့ ရန်ကုန်မြို့မှာ ကြေညာချက် တစောင် ထုတ်ပြန်ပါတယ်။ အတွင်းရေးမှူးချုပ်ရဲ့ အထူးအကြံပေးပုဂ္ဂိုလ်  Vijay Nambiar က အခု လောလောဆယ် ဖြစ်နေတဲ့ အကြမ်းဖက်မှုတွေဟာ အထူးပဲ စိတ်ထိခိုက်စရာ၊
စိုးရိမ်စရာဖြစ်တယ်။ သူ့ရဲ့ရုံးဝန်ထမ်းတချို့ မြန်မာနိုင်ငံမှာ ရောက်ရှိနေကြပြီး
ဒီပြဿနာနဲ့ပတ်သက်လို့ သက်ဆိုင်ရာ အာဏာပိုင်တွေနဲ့အဆက်အသွယ်လုပ်နေကြပါတယ်။

ဒီဖြစ်ရပ်တွေဟာ ပိုမိုအရှိန်မြင့်မားလာပြီး မြန်မာနိုင်ငံအတွင်း လူမှုအဆောက်အဦးအားလုံးကို ပျက်စီးသွားစေမယ့်အပြင် တိုင်းပြည်ပွင့်လင်းမှုရှိအောင် အားထုတ်နေမှုတွေ ကိုလည်း နောက်ပြန်လှည့်သွားလေမလား ဆိုတာ စိုးရိမ်စရာဖြစ်နေတယ်လို့လည်း မစ္စတာနမ်ဗီးယားရဲ့ ရုံးက ပြောကြားလိုက်ပါတယ်။

မြန်မာနိုင်ငံအတွင်းမှာ ရှိနေတဲ့ ဌာနကိုယ်စားလှယ်ကလည်း ရခိုင်ပြည်နယ်နဲ့ပတ်သက်ပြီး အလွန်အမင်းစိုးရိမ်ဖြစ်ရကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ အကြမ်းဖက်မှုကြောင့် ထိခိုက်စေတဲ့ လူအားလုံးတွေဆီကို ရောက်ရှိဆက်သွယ်နိုင်ဖို့ သိပ်အရေးကြီးနေပြီး လူသားချင်းစာနာမှု မူ အရ ဒုက္ခရောက်နေရတဲ့ လူပေါင်းစုံ၊ ဘက်ပေါင်းစုံဆီ ကို အမြန်ဆုံး ခြွင်းချက်မရှိ သွားရောက်ဆက်သွယ်ခွင့်ပြုဖို့ကိုလည်း ကုလသမဂ္ဂ က တောင်းဆိုထားပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကျနော်တို့ဘက်က ဆက်လက်
ထုတ်ပြန်ချက် တစုံတရာလုပ်လာနိုင်လိမ့်မယ်လို့လည်း ထင်ပါတယ်ခင်ဗျာ။”

ဗွီအိုအေ (မြန်မာပိုင်း)

ထုတ်ပယ်ခံရသည့် KNU စစ်ဦးစီးချုပ်ကို ရာထူးပြန်အပ်


ဗိုလ်ချုပ်ကြီးမူတူးစေးဖိုး၊ ပဒိုရောဂျာခင်တို့နှင့် ပြည်တွင်းကရင်အဖွဲ့အစည်းများမှခေါင်းဆောင်တချို့ (ဓာတ်ပုံ- ပြည်တော်မြင့်/ဧရာဝတီ)
ထုတ်ပယ်ခံထားရသည့် စစ်ဦးစီးချုပ် နှင့် ထိပ်တန်းခေါင်းဆောင် တဦးတို့ကို ကရင်အမျိုးသားအစည်းအရုံး KNU က ကရင်တမျိုးသားလုံးအကျိုး၊ အဖွဲ့၏ဂုဏ်သိက္ခာနှင့် စည်းလုံးညီညွတ်မှုအတွက် မူလတာဝန်များ ပြန်လည် အပ်နှင်းလိုက်သည်။

ယမန်နေ့က ဘားအံခရိုင် လေးဝါးတပ်စခန်းတွင် ပြုလုပ်သည့် အစည်းအဝေးသို့ ထုတ်ပယ်ခံများအပါအ၀င် ဗဟိုအမြဲတမ်းကော်မတီဝင် ၃၀ ဦး၊  အရံဗဟိုကော်မတီဝင် ၁၀ ဦး တက်ရောက်ခဲ့ကြပြီး အဖွဲ့တွင်းပြဿနာများကို ပြည်ဖုံးကားချ၊ ခွင့်လွှတ်ကြရန် သဘောတူခဲ့ကြခြင်းဖြစ်သည် ဟု ခရိုင်ဥက္ကဋ္ဌအဆင့် ခေါင်းဆောင်တဦးက ပြောသည်။

၎င်းက ”အားလုံးပဲ ရင်းရင်းနှီးနှီးနဲ့ ဆွေးနွေးတာ အဆင်ပြေသွားပြီ။ ထုတ်ပယ်ခံရသူတွေလည်း သူတို့နေရာတွေ ပြန်ရကြတယ်လေ။ အထူးအရေးပေါ်အစည်းအဝေးက မပြီးသေးဘူး၊ ဒီနေ့ တရက်ရှိသေးတယ်” ဟုပြောသည်။


ယမန်နေ့ကစည်းဝေးဆုံးဖြတ်ချက်တွင် KNU ၏လမ်းစဉ်အတိုင်း စည်းလုံးညီညွတ်စွာဖြင့် ဆက်လက်ချီတက် သွားကြမည်ဟု တက်ရောက်လာသူများသဘောထားပေးခဲ့ကြသည်။

ဗဟို၏ခွင့်ပြုချက်မပါဘဲ ကရင်ပြည်နယ်ဘားအံမြို့တွင် KNU ဆက်ဆံရေးရုံး သွားရောက်ဖွင့်လှစ်ခံရာတွင် ဦးဆောင်သူများဖြစ်သည့် ဗိုလ်ချုပ်ကြီးမူတူးစေးဖိုး၊ ဗဟိုတရားရေးဌာန တာဝန်ခံပဒိုဒေးဗစ်ထောနှင့် ဗဟိုလူမှုဝန်ထမ်းနှင့် ကယ်ဆယ်ရေးဌာနတာဝန်ခံ ပဒိုရောဂျာခင်တို့ကို အဖွဲ့၏ စည်းမျဉ်းစည်းကမ်းများ အကြိမ်ကြိမ်ဖောက် ဖျက်မှုဖြင့် KNU ဗဟိုက ယခုလ ၂ ရက်နေ့ရက်စွဲဖြင့် တာဝန်များမှ ရပ်စဲလိုက်သည့်အပြင် အဖွဲ့ဝင်အဖြစ်မှလည်း ထုတ်ပယ်ခဲ့သည်။

အဆိုပါထုတ်ပယ်မှုကို အဖွဲ့အတွင်း ထောက်ခံသူများနှင့် မထောက်ခံသူများအကြား သဘောထားတင်းမာမှုများ ဖြစ်ပေါ်ခဲ့သဖြင့်  ယခုလ ၈ ရက်နေ့မှ စတင် ကျင်းပရန် စီစဉ်ထားသည့် KNU ဗဟိုကော်မတီ အစည်းအဝေး နှင့် ၁၅ ကြိမ်မြောက်ညီလာခံကို ရက်ရွှေ့ခဲ့ရခြင်းဖြစ်သည်။

ထုတ်ပယ်ခံရသူများအနက် ပဒိုဒေးဗစ်ထောမှာ ယခုလ ၁၄ ရက်နေ့က အဆုတ်ရောဂါဖြင့် ရန်ကုန်မြို့ရှိ မင်္ဂလာဒုံ စစ်ဆေးရုံကြီးတွင် ကွယ်လွန်ခဲ့သည်။

ဧရာဝတီ blog

ရခိုင်ပြည်နယ် အကြမ်းဖက်မှု ချက်ချင်း ရပ်ဖို့ အမေရိကန် တောင်းဆို


 ရခိုင်ပြည်နယ် အတွင်း လက်ရှိ ဖြစ်ပေါ်နေတဲ့ အကြမ်းဖက် ဆူပူမှုတွေ အပေါ် အမေရိကန် ပြည်ထောင်စု အနေနဲ့ အထူး စိုးရိမ် ပူပန်မိကြောင်းနဲ့ လက်ရှိ အခြေအနေ တွေဟာ ခက်ခဲ ရှုပ်ထွေးနေ ပေမယ့်လည်း အမေရိကန် ပြည်ထောင်စု အနေနဲ့ မြန်မာ အာဏာပိုင် တွေနဲ့ ပူးပေါင်းပြီး နည်းလမ်းပေါင်းစုံက ပြေလည်အောင် စီစဉ် ဆောင်ရွက် နေတယ်လို့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောခွင့်ရ အမျိုးသမီး Victoria Nuland က ကြာသပတေးနေ့က ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲ အတွင်း ပြောကြား လိုက်ပါတယ်။

“ သူပြောသွားတာကတော့ - မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အတွင်းမှာ ဖြစ်ပျက်နေတဲ့ အကြမ်းဖက် ဆူပူမှုတွေနဲ့ ပတ်သက်လို့ ဒီဒေသမှာ အခုသီတင်းပတ်အတွင်း လူမျိုးရေးနဲ့ ဘာသာရေးဆိုင်ရာ အကြမ်းဖက် တိုက်ခိုက်မှုတွေ ထပ်မံ ဖြစ်ပွားတယ်လို့ သတင်းတွေ ထွက်လာတဲ့အပေါ် အမေရိကန်ပြည်ထောင်စုအနေနဲ့ အထူးပဲ စိုးရိမ် ပူပန်မိကြောင်း၊ ဒီအကြမ်းဖက် ဆူပူမှုတွေကို ၂ ဖက်စလုံးက ထိန်းထိန်းသိမ်းသိမ်းနဲ့ ကိုင်တွယ် ဖြေရှင်းကြဖို့နဲ့ တိုက်ခိုက်မှုတွေ ချက်ချင်း ရပ်တန့်ကြဖို့ တောင်းဆိုကြောင်း၊ နောက် အစိုးရအပါအ၀င် လူမှုရေးနဲ့ ဘာသာရေးဆိုင်ရာ အသင်းအဖွဲ့တွေအနေနဲ့လည်း ဒီ ဆူပူ အကြမ်းဖက်မှုတွေ ချက်ချင်း ရပ်တန့်ဖို့ နိုင်ငံတကာ အသိုင်းဝိုင်းနဲ့အတူ တောင်းဆိုကြောင်း၊ ဘေးဒုက္ခသင့်သူတွေကို အကူအညီပေးရေးအတွက်လည်း လူသားချင်း စာနာထောက်ထားတဲ့ အဖွဲ့အစည်းတွေ ချက်ချင်း ၀င်ရောက်ခွင့်ပြုဖို့ တောင်းဆိုကြောင်း Victoria Nuland က သတင်းထောက်တွေရဲ့ အမေးကို ပြန်လည် ဖြေကြားသွားခဲ့တာပါ။”

အောက်တိုဘာ ၁၇ ရက်နေ့က ပြုလုပ်ခဲ့တဲ့ လူ့အခွင့်အရေး ဆိုင်ရာ ဆွေးနွေးပွဲ အပါအ၀င် မြန်မာအာဏာပိုင်တွေနဲ့ ပြုလုပ်တဲ့ တွေ့ဆုံ ဆွေးနွေးပွဲတိုင်းမှာလည်း ရခိုင်ပြည်နယ်အတွင်း ဖြစ်ပျက်နေတဲ့ အကြမ်းဖက် ဆူပူမှုနဲ့ဆိုင်တဲ့ ကိစ္စရပ်တွေကို သူတို့အနေနဲ့ အမြဲတမ်း ထည့်သွင်း ဆွေးနွေးတယ်လို့ Victoria Nuland က ပြောပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ်အတွင်း ဖြစ်ပျက်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ကနေ့အချိန်ထိ ထိထိ ရောက်ရောက် ပြောဆိုမှုရှိတယ်လို့ ထင်ပါသလားလို့ မေးတဲ့ မေးခွန်းနဲ့ ပတ်သက်လို့တော့ - Victoria Nuland က - ဒေါ်အောင်ဆန်းစုကြည်စကားပြောခဲ့တဲ့ အချိန်တွေအတွင်း သိရသလောက်ကတော့ ဒီကိစ္စဟာ သူမရဲ့ စိတ်ထဲမှာ ထိပ်တန်းအဆင့်ကနေ ရှိနေတယ်ဆိုတာ တွေ့ရတယ်လို့ Victoria Nuland က ပြန်လည် ဖြေကြားခဲ့ပါတယ်။

ရခိုင်ပြည်နယ်အတွင်း အိုးအိမ် ပျက်ဆီး ဆုံးရှုံးပြီး ဘေးဒုက္ခရောက်နေသူတွေအတွက် လူသားချင်း စာနာတဲ့ အကူအညီတွေ အမေရိကန် ပြည်ထောင်စုက ပေးနေတာမှာ အရင်က ပေးထားတဲ့ အကူအညီတွေအပြင် နောက်ထပ် အမေရိကန်ဒေါ်လာ ၂ ဒဿမ ၇၃ သန်း ပေးဖို့ အောက်တိုဘာလ ၁၉ ရက်နေ့မှာ တရားဝင် ကြေငြာချက် ထုတ်ပြန်လိုက်ပြီး အဲဒီအထဲက ၂ သန်း ကတော့ UNHCR က တဆင့် ပေးမှာဖြစ်သလို ကျန် ၇ သိန်း ၃ သောင်းကိုတော့ UNICEF အဖွဲ့က တဆင့် ပေးအပ်သွားမှာ ဖြစ်တဲ့အကြောင်း Victoria Nuland က ပြောကြားခဲ့ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)

Thursday, October 25, 2012

ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခဖြစ်ပွားမှုအခြေအနေနှင့်စပ်လျဉ်း၍ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံး သတင်းထုတ်ပြန်ချက် ( ၁ / ၂၀၁၂)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် 
နိုင်ငံတော်သမ္မတရုံး သတင်းထုတ်ပြန်ချက် ( ၁ / ၂၀၁၂) 

၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ ၂၅ ရက် 
၁၃၇၄ ခု၊ သီတင်းကျွတ်လဆန်း ၁၀ ရက် 

ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခဖြစ်ပွားမှုအခြေအနေနှင့်စပ်လျဉ်း၍ အသိပေးကြေညာခြင်း 

၁။ ၂၀၁၂ ခုနှစ် မေလ နှင့် ဇွန်လ တို့တွင် ဖြစ်ပွားခဲ့သော ရာဇဝတ်မှုများကို အကြောင်းပြု၍ လူအုပ်စု အချင်းချင်း ဒေါသအလျောက် အကြမ်းဖက်တိုက်ခိုက်မှု၊ မီးရှို့ဖျက်ဆီးမှုများ ဖြစ်ပွားခဲ့ရာ ဇွန်လ (၁၄)ရက် အထိ သေဆုံးသူ (၅၀)ဦး၊ ဒဏ်ရာရရှိသူ (၅၄)ဦးရှိခဲ့၍ လူနေအိမ် (၂၂၃၀)အိမ်နှင့် ဘာသာရေး အဆောက် အဦ (၁၄)ခု မီးလောင်ဆုံးရှုံး ခဲ့ပါသည်။ ဒေသခံပြည်သူ (၆၁၄၆၂)ဦး တို့သည် အိုးမဲ့အိမ်မဲ့ ဖြစ်ကာ ဒုက္ခသည်စခန်းများသို့ ရောက်ခဲ့ကြရပါသည်။ 

၂။ အဆိုပါ ပဋိပက္ခဖြစ်ပွားနေခြင်းများနှင့်ပတ်သက်၍ အလျင်အမြန် အေးငြိမ်းသွားစေရန် ရခိုင်ပြည်နယ် အစိုးရက မြို့နယ်အချို့တွင် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ ထုတ်ပြန်၍ လည်းကောင်း၊ နိုင်ငံတော် သမ္မတက ဖွဲ့စည်းပုံအခြေခံဥပဒေ နှင့်အညီ ဥပဒေကဲ့သို့ အာဏာတည်သည့်အမိန့်ကို ထုတ်ပြန်ပြီး အရေးပေါ် အခြေအနေ ကြေညာ၍လည်းကောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် တပ်မတော် အပါအဝင် ဒေသခံ 
ပြည်သူများနှင့် ပူးပေါင်း၍ ဥပဒေစိုးမိုးရေးနှင့် ရပ်ရွာတည်ငြိမ်အေးချမ်းရေး အတွက် ကြိုးပမ်း ဆောင်ရွက် ခဲ့သောကြောင့် အချိန်တိုအတွင်း တည်ငြိမ်အေးချမ်းမှုကို ပြန်လည်ရရှိခဲ့ပါသည်။ အရေးပေါ်အခြေအနေ ထုတ်ပြန်ဆောင်ရွက်မှုကိုလည်း ဥပဒေနှင့် အညီ ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက် ရယူ ဆောင် ရွက်ခဲ့ပါသည်။ 

၃။ အထက်ပါဖြစ်စဉ်အပေါ် နိုင်ငံတကာအဖွဲ့အစည်းအချို့တို့မှ မြန်မာနိုင်ငံအား လူ့အခွင့်အရေး ချိုးဖောက် မှု အဖြစ် ပုံဖော်ပြီး ပြစ်တင်ဝေဖန်မှုများ ပြုလုပ်ခဲ့သည့်အပြင် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးသို့ပင် တင်ပြခဲ့ရာ၊ နိုင်ငံတော်အစိုးရအနေဖြင့် အဆိုပါပြစ်တင်ဝေဖန်မှုများကို နည်းလမ်းမျိုးစုံဖြင့် ကြိုးပမ်းချေဖျက်ခဲ့ရပါသည်။

တစ်ချိန်တည်းမှာပင် ဒုက္ခသည်များအတွက် ယာယီနေရာချထားရေး၊ စားနပ်ရိက္ခာ ထောက်ပံ့ရေး၊ ကျန်းမာရေး စောင့်ရှောက်မှု ပြည့်စုံရေးနှင့် ပြန်လည်ထူထောင်ရေးတို့အတွက် လူသားချင်း စာနာထောက် ထားသည့် ထောက်ပံ့ကူညီမှုများရရှိအောင် ကြိုးပမ်းဆောင်ရွက်ခဲ့ရပါသည်။ 

၎။ ယခုအခါ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်၊ မင်းပြားမြို့နယ်၊ မြေပုံမြို့နယ်နှင့် မြောက်ဦး မြို့နယ် တို့ တွင် မမျှော်လင့်ဘဲ ဆူပူအကြမ်းဖက်မှုများ ထပ်မံဖြစ်ပွားခဲ့ရာ ၂၀၁၂ ခုနှစ် အောက်တိုဘာလ (၂၄) ရက် အထိ သေဆုံးသူ (၁၂) ဦး၊ ဒဏ်ရာရရှိသူ (၅၀)ဦး ရှိပြီး၊ လူနေအိမ် (၁၉၄၈) အိမ်၊ ဘာသာရေး အဆောက် အဦ (၈)ခု မီးလောင်ပျက်စီး ဆုံးရှုံးကာ လူအများအပြား အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပါသည်။ 

၅။ လက်ရှိအခြေအနေသည် ဒီမိုကရေစီဖော်ဆောင်သော ပြုပြင်ပြောင်းလဲမှုများကို အချိန်တို အတွင်း ညင်သာစွာ အသွင်ကူးပြောင်းနိုင်ခဲ့ခြင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံအပေါ် နိုင်ငံတကာ အသိုင်းအဝိုင်းမှ အသိအမှတ်ပြု ထောက်ခံလျက် ရှိသကဲ့သို့၊ ဆက်လက် တိုးတက်ဖြစ်ပေါ်လာမည့် အခြေအနေများကို စိတ်ဝင်စားစွာ စောင့်ကြည့်နေကြသည့် အချိန်ကာလလည်း ဖြစ်ပါသည်။ 

၆။ ဤသို့သောအခြေအနေတွင် တစ်ကျော့ပြန် ဖြစ်ပွားလာသော ဆူပူအကြမ်းဖက်မှုများသည် နိုင်ငံတော်၊ နိုင်ငံသားတို့၏ ဂုဏ်သိက္ခာနှင့်အကျိုးစီးပွားကို ထိခိုက်နစ်နာ စေနိုင်သဖြင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ တပ်မတော် နှင့် ဒေသခံပြည်သူများ၏ ပူးပေါင်းပါဝင်မှုဖြင့် ဥပဒေစိုးမိုးရေးနှင့် ရပ်ရွာတည်ငြိမ် အေးချမ်းရေး ကို ထိထိရောက်ရောက် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ 

ထို့ပြင် ရခိုင်ပြည်နယ် ပဋိပက္ခတွင် နောက်ကွယ်မှ ကြိုးကိုင်လှုပ်ရှားနေသော လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများ လည်း ရှိနေကြောင်း သိရှိရသဖြင့် ၎င်းတို့ကိုဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည် 
ဖြစ်ကြောင်း ထုတ်ပြန်ကြေညာအပ်ပါသည်။

ဘရာဇီးကျောင်းသူအပျိုစင်ဘ၀ ပန်းဦးဆွတ်ခွင့် လေလံတင်ရောင်းချပွဲမှာ ဂျပန်နိုင်ငံသား Ronald Densetsu (Natsu ) ကလေလံအောင်



အသက် ၂၀ အရွယ် ဘရာဇီးကျောင်းသူအပျိုစင်ဘ၀ ပန်းဦးဆွတ်ခွင့် လေလံတင်ရောင်းချပွဲမှာ ဂျပန်နိုင်ငံ က Ronald Densetsu (Natsu ) အမည်ရ အမျိုးသားက အမေရိကန်ဒေါ်လာ ၇၈၀, ၀၀၀ နဲ့ ရယူသွား ပြီဖြစ်ပါတယ်။ 

ဘရာဇီး ကျောင်းသူ မစ္စ Catarina Migliorini က သူ့ အပျိုစင် မိန်းမသားဘ၀ကို အင်တာနက် အွန်လိုင်း စနစ်နဲ့ လေလံ တင်ရောင်းချခဲ့တာပါ။

ဘရာဇီး ကျောင်းသူ မစ္စ Catarina Migliorini

သြစတေးလျ လူမျိုး ရုပ်ရှင် ဒါရိုက်တာ Justin Sisely ရဲ့ “Virgins Wanted” ဆိုတဲ့ မှတ်တမ်း ရုပ်ရှင်ကား ရဲ့ အစိပ်အပိုင်းအနေနဲ့ Catarina Migliorini ရဲ့ အပျိုစင် ပန်းဦးဆွတ်ခွင့်ကို ဈေးပြိုင်တင်ခဲ့တာ မှာ ဈေးပြိုင်ပေးခဲ့တာ ၁၅ ခု တောင် ရှိတယ်လို့ ဆိုပါတယ်။ 

အသက် ၂၀ အရွယ် သူ့ အပျိုစင်ဘ၀ကို ၀ယ်ယူခဲ့သူ ဂျပန်အမျိုးသားကို သူ့အနေနဲ့ အမေရိကားနဲ့ သြစတေးလျ ခရီးစဉ်မှာ လေယာဉ်ပေါ်မှာ ပေးဆပ်မှာဖြစ်ပါတယ်။ အဲဒီလို ပေးစပ်မှု မပြုမီနဲ့ ပေးဆပ် အပြီးကိုလည်း အင်တာဗျူး ပေးမှာလည်း ဖြစ်ပါတယ်။ 

ဒါပေမယ့် သူတို့ရဲ့ ပန်းဦးပျော်မွေ့မှုကိုတော့ ရုပ်ရှင် ရိုက်ကူးမှာ မဟုတ်ပါဘူး။ အခု လေလံနိုင်သွားသူ ဂျပန်အမျိုးသားဟာ အမေရိကန်က Jack Miller နဲ့ Jack Right တို့ရဲ့ ဈေးပြိုင်ပေးမှုကို လည်း ကျော် လွှားနိုင်ခဲ့သလို ဈေးပြိုင် အမြင့်ဆုံး ပေးခဲ့တယ်ဆိုတဲ့ အိန္ဒိယ က Rudra Chatterjee ကိုလည်း ကျော် လွှားပြီး ပေးနိုင်လို့ အခုလို လေလံအောင်ပွဲ ဆင်ခဲ့တာဖြစ်ပါတယ်။ 

ဆင်းရဲတဲ့ မိသားစုတွေအတွက် အိမ်တွေဆောက်ပေးဖို့ ငွေကို အသုံးပြုမှာဖြစ်တယ်လို့ မစ္စ Catarina က ပြောပါတာကို The Australian News ယနေ့ အောက်တိုဘာလ ၂၅ ရက်နေ့သတင်းတခုမှာ ဖော်ပြ ထားပါတယ်။ 




“ကျမ ဒါကို စီးပွားရေးလုပ်ငန်းတခုလို မြင်ခဲ့မိတယ်။ ရှင်တို့ဘ၀မှာ ဒါမျိုး တကြိမ်ပဲ လုပ်လို့ ရမယ့်ဟာဆိုရင် ရှင်တို့ လည်း ပြည့်တန်ဆာ တဦး ဘယ် ဖြစ်သွားမလဲ။ အံ့သြဖွယ် ဓာတ်ပုံလေး တပုံလောက် ရှင် ရိုက်လိုက် ရုံနဲ့ ရှင်က တ ကယ့် ဓာတ်ပုံ ဆရာ တဦးဖြစ်သွားတာမှ မဟုတ်ပဲ” လို့ မစ္စ Catarina က ပြောပါတယ်။

သူက ရုပ်ရှင်ရိုက်ကူးရန် အပျိုစင်များ ရှာဖွေနေတဲ့ ကြော်ငြာ တခုကို သတိထားမိတဲ့အချိန်မှာ လွန်ခဲ့တဲ့ ၂ နှစ်လောက် က သူဟာ အငြင်းပွားဖွယ် စီမံကိန်းတခုကို လက်မှတ်ရေးထိုးခဲ့တာပါပဲတဲ့။ 


ဒီရုပ်ရှင်မှာ ပါဝင်ခွင့် ရဖို့အတွက် လေလံ ဈေးပြိုင်အောင်လို့ ရမယ့် ပမာဏထဲက ၉၀ ရာခိုင်နှုန်းဖြစ်တဲ့ အမေရိကန် ဒေါ်လာ ၂၀၀၀၀ ရမှာပါ။ လေလံဈေးခေါ်တဲ့ ကြော်ငြာတွေ ပိုလုပ်လာရင်း လူသိများ လာ
တော့ လေလံဈေးတွေလည်း အပြိုင်ပေးခဲ့ကြရင်း အခုလို ဒေါ်လာ ၈ သိန်းနီးပါးထိ ဖြစ်လာခဲ့တာပါပဲ။ 

“ကျမနှလုံးသားမှာ ချစ်ခြင်းမေတ္တာတရားအပေါ်လည်း ယုံကြည်တဲ့ အချစ်အပေါ် စိတ်ကူးယဉ်တတ်တဲ့ မိန်းကလေးပါ။ ဒါပေမယ့် ဒါဟာ ကျမ အခု လက်တွေ့ နယ်ပယ်မှာ လုပ်လိုက်တာနဲ့ တကယ့်ကို ကြီးမားတဲ့ ကွာခြားမှုကြီးဖြစ်တယ်ဆို တာပါပဲ” လို့ မစ္စ Catarina က ဆိုပါတယ်။ 

ဘရာဇီး ကျောင်းသူလေး မစ္စ Catarina က သူရတဲ့ ငွေထဲကနေ မိသားစုအတွက် အိမ်သစ်တလုံး ၀ယ်ပေး ဖို့လည်း ရှိပါတယ်။ ဧရာဝတီ blog
ဓာတ်ပုံ-သစ်ထူးလွင်

စစ်တပ်ပစ်ခတ်၍ သေဆုံးသွားသူ ပန်းမြောင်းမှ ရခိုင်လူငယ် နှစ်ဦး သဂြိင်္ုလ် ပြီးစီး

 
“ လူတွေက စိတ်မကောင်းခြင်းများစွာနဲ့ အသုဘ လိုက်ပို့ကြပါတယ်။ ထောင်ချီပြီးတော့ အသုဘ လာပို့ကြပါတယ်” ဟု ပန်းမြောင်း ဒေသခံ တစ်ဦးက ပြောသည်။
စစ်တပ်က ပစ်ခတ်၍ သေဆုံးသွားသူ လူငယ် နှစ်ဦးမှာ လေးမြို့မြစ် အထက်ပိုင်းတွင် တည်ရှိသော ပန်းမြောင်းကျေးရွာမှ မောင်အောင်မြင့် (၂၈ နှစ်)နှင့် မောင်စိုးစိုး (၂၇ နှစ်) တို့ ဖြစ်ကြသည်။
အောက်တိုဘာလ ၂၃ ရက်နေ့က မြောက်ဦးမြို့နယ် နာဂရာတွင် ဘင်္ဂလီ ကျေးရွာသားများနှင့် တိုက်ခိုက်နေစဉ် စစ်တပ်က ပစ်ခတ်သဖြင့် သေဆုံးသွားခြင်း ဖြစ်ကြောင်း ကျေးရွာသားက အတည်ပြု ပြောကြားသည်။
ကျန်ရစ်သူ မိသားစုများမှာ အထူး ၀မ်းနည်းကြေကွဲနေကြသည်ဟု ဆိုသည်။
ယခုအခါ စစ်တပ်က လုံခြုံရေး အထူးတင်းကျပ်ထားပြီး ဘင်္ဂလီကျေးရွာများကို ကာကွယ်ပေးထားသဖြင့် အခြေအနေမှာ တည်ငြိမ်နေကြောင်း သတင်း ရရှိသည်။
နိရဉ္စရာ

 အစိုးရနှင့် KIO အောက်တိုဘာလ ၃၀ ရက်နေ့တွင် ရွှေလီ၌တွေ့မည်

အစိုးရနှင့် KIO တရုတ်နိုင်ငံ ရွှေလီမြို့တွင် အောက်တိုဘာလ ၃၀ရက်နေ့၌ တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့မှ အဖွဲ့ဝင်ဦးလမိုင်ဂွမ်းဂျာက အောက်တိုဘာလ ၂၅ ရက်နေ့တွင်ပြောကြားခဲ့သည်။
အစိုးရ၏ ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲပြုလုပ်ရန် ကမ်းလှမ်းမှုကို KIO  အဖွဲ့မှ လက်ခံကြောင်း၊ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ရွှေလီတွင်ပြုလုပ်ရန် ကမ်းလှမ်းမှုကို လက်ခံကြောင်း၊အောက်တိုဘာလ ၂၂ရက်နေ့တွင် အစိုးရထံ အကြောင်းပြန်ခဲ့ကြောင်း၊ထို့နောက် တွေ့ဆုံဆွေးနွေးပွဲပြုလုပ်မည့်အချိန် ကို အောက်တိုဘာလ ၃၀ရက်နေ့တွင် ပြုလုပ်ရန် KIO ဘက်မှ အောက်တိုဘာလ ၂၄ ရက်နေ့တွင် ထပ်မံအကြောင်းပြန်ခဲ့ကြောင်း ဦးလမိုင်ဂွမ်းဂျာက ပြောကြားခဲ့ သည်။
''အောက်တိုဘာလ ၃၀ ရက်နေ့မှာ ဆွေးနွေးဖို့ KIO ဘက်က အစိုးရကို အကြောင်းပြန်ခဲ့ပါတယ်။ ဆွေးနွေးပွဲပြုလုပ်မယ့်အချိန်က မနက်စာစားပြီး နံနက် ၉နာရီဝန်းကျင်ဖြစ်ပါလိမ့်မယ်။နှစ်ဖက်တွေ့ဆုံမယ် တာဝန်ရှိသူစာရင်းကိုတော့ မကြာမီထုတ်ပြန်ပါလိမ့်မယ်''ဟု ဦးလမိုင်ဂွမ်းဂျာက ပြောကြားခဲ့သည်။
ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေးအဖွဲ့နှင့် KIO  အဖွဲ့တို့ ပထမအကြိမ်ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးမှုအဖြစ်၂၀၁၁ခုနှစ်၊နိုဝင်ဘာလနောက်ဆုံးအပတ်လည်း ကောင်း၊ဒုတိယအကြိမ်ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးမှုအဖြစ် ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ တတိယအပါတ်တွင်လည်းကောင်း အသီးသီးတွေ့ဆုံခဲ့သည်။တတိယအကြိမ်မြောက် တွေ့ဆုံပွဲကို တရုတ်နိုင်ငံ၊ရွှေလီမြို့ ၌ ၂၀၁၂ခုနှစ်၊မတ်လ ၈ရက်နေ့မှ မတ်လ ၁၀ ရက်နေ့အထိ ပြုလုပ်ခဲ့ပြီး အဆိုပါဆွေးနွေးပွဲတွင် အပစ်အခေတ်ရပ်စဲရေးအတွက် လက်မှတ်ရေးထိုးနိုင်ခဲ့ခြင်းမရှိကြောင်း သိရှိရသည်။

ဘင်္ဂလီအရေး သမ္မတကြီး စကားတည်ဖို့ ရဟန်းရှင်လူများ ဆန္ဒပြ(ရုပ်-သံ)

 
ဒီကနေ့ အောက်တိုဘာလ ၂၅ ရက်နေ့ နေ့လယ် ၁း၀၀ နာရီမှ စတင်ပြီး ရန်ကုန်မြို့ ဆူးလေစေတီတော်ရင်ပြင်မှာ သံဃာတော်များနှင့် လူပုဂ္ဂိုလ်များ စုစည်းပြီး အကြမ်းဖက် ဘင်္ဂါလီကျူးကျော်သူများကြောင့် ရခိုင်ပြည်သူလူထုတရပ်လုံး၏ အသက်အိုးအိမ်စည်းစိမ် လုံခြုံမှုကင်းမဲ့နေသည့်အပေါ် ဆန္ဒထုတ်ဖော်ခဲ့ကြပါသည်။

လက်ရှိ ရခိုင်ပြည်နယ် အရေးနှင့် ပတ်သတ်ပြီး ဘင်္ဂါလီကျူးကျော်သူများအပေါ် သမ္မတကြီး ဦးသိန်းစိန်၏ သဘောထားတည်ဖို့ကို အဓိကထား တောင်းဆိုထားပြီး၊ တရားမ၀င် ခိုးဝင်လာသူ ဘင်္ဂါလီလူမျိုးများကို အခုချက်ချင်း မောင်းထုတ်ဖို့၊ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းဝင် မောင်တောလွှတ်တော်ကိုယ်စားလှယ်နှင့် ဘူးသီးတောင်လွှတ်တော်ကိုယ်စားလှယ် လေးယောက်ကို နိုင်ငံသားဖြစ်မှု ဟုတ် မဟုတ် စစ်ဆေးပေးဖို့ စသည့်အချက်များကိုလည်း တောင်းဆိုခဲ့ကြပါသည်။

နေ့လယ် ၁း၃၀ နာရီအချိန်မှာတော့ ဆူးလေစေတီတော်ရင်ပြင်မှနေ မြို့တော်ခန်းမရှေ့သို့ သွားရောက်ခဲ့ကြပြီး ဆက်လက် ဆန္ဒထုတ်ဖော်ခဲ့ကြသည်ဟု သတင်းရရှိပါသည်။



BURMA VJ MEDIA

တိုက်ခိုက်မူများ ရပ်တန့်ကြရန် ပြည်ပအခြေစိုက် ရခိုင် ၁၂ ဖွဲ့မှ ကြေငြာချက်ထုတ် တောင်းဆို



မောင်အေး

ရခိုင်ပြည်နယ်တွင် ဆက်တိုက် ဖြစ်ပွားနေသည့် အပြန်အလှန် တိုက်ခိုက် နေမူများကို အမြန်ဆုံး ရပ်တန့်ရန်အတွက် ပြည်ပအခြေ စိုက် ရခိုင်အဖွဲ့အစည်း ၁၂ ဖွဲ့
က စုပေါင်း ကြေငြာချက်တစ်စောင် ထုတ်ပြန်ကာ တောင်းဆို လိုက်သည်။

ကြေငြာချက်ကို အောက်တိုဘာလ ၂၄ ရက် ရက်စွဲဖြင့် ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

ရခိုင်အမျိုးသားကောင်းစီ (အိန္ဒိယ-ANC)မှ ဥက္ကဌ ဆရာတော် အရိယာ ၀ံသက ကြေငြာချက် ထုတ်ပြန်ရသည့် အကြောင်းကို ယခုကဲ့သို့ ပြောသည်။

“ရခိုင်ပြည်မှာ ဖြစ်ပျက်နေတဲ့ ပြဿနာကို ရပ်တန့်ပြီး အခုအခြေအနေကနေ နည်းနည်း ပိုမို ကောင်းမွန် လာအောင် ရည်ရွယ်ပြီးတော့ ထုတ်တာပါ။ မိမိတို့ဘက်က အမှန်ရှိနေတာကနေ နိုင်ငံတကာမှာ ရခိုင်တွေကို အကြမ်းဖက်သမားတွေလို့ ၀ါဒဖြန့်ပြီး အမြတ် မထုတ်ရအောင်နဲ့ ဆင်ဆင်ခြင်ခြင်နဲ့ လုပ်ကြဖို့အတွက်ဖြစ်တယ်” ဟုဆိုသည်။

ထုတ်ပြန်ချက်ထဲတွင် ပြည်ပ အခြေစိုက် ရခိုင်အဖွဲ့အစည်း ၁၂ ဖွဲ့ ပါရှိပြီး အဆိုပါ အဖွဲ့များမှာ (၁) ရခိုင်ပြည်အမျိုး သားကောင်စီ (ANC-India)၊ (၂) ရခိုင်အသိုင်းအ၀ိုင်း (ဥရောပ)-Arakan Community (Europe)၊ (၃) ရခိုင်ပြည် အမျိုးသားကောင်စီ ထောက်ပံ့ရေးအသင်း (မလေးရှားနိုင်ငံ) –Association of ANC Supporting (Malaysia) (၄) ရခိုင်ပြည် အမျိုးသားကောင်စီ ထောက်ပံ့ရေး အသင်း (အမေရိကန်) –Association of ANC Supporting (The United States of America)၊ (၅) ရခိုင် အလုပ်သမား သမဂ္ဂ (Arakan Worker Union-Thailand)၊ (၆) ရခိုင် ကုန်သည်ကြီးများအသင်း (Arakan Trade Union-India)၊ (၇) ရခိုင်ပြည်လွပ်လတ်ရေး အင်အားစု(Arakan Independent Force-Banglad esh)၊ (၈) ခမီး တိုင်းရင်းသား တိုးတက်ရေးပါတီ (Khami Development Party-Bangladesh)၊ (၉) ရခိုင် ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့(Organization of Arakan Develo pment-Bengladesh)၊ (၁၀) ထရီပူရ ရခိုင်စာပေယဉ်ကျေးမှုနှင့် ပညာရေးအသင်း (BHIC-India)၊ (၁၁) ရခိုင်အမျိုးသားညီညွတ် ရေးပါတီ (NUPA-Bengladesh)၊ (၁၂) ရခိုင်ပြည်ဒီမို ကရက်တစ်ပါတီ (DPA-India-Burma Borders) တို့ ဖြစ်သည်။

အောက်တိုဘာလ ၂၁ ရက်နေ့က မင်းပြားမြို့ ပိုက်သည်ရပ်မှ စတင်ခဲ့သည့် ဆူပူမှုမှာ အခုခါ မြောက် ဦး၊ ကျောက်တော်၊ ကျော်ဖြူ၊ ရသေ့တောင်နှင့် မြောက်ဦးမြို့များသို့ ကူးစက်ခဲ့ပြီးဖြစ်သည်။

ယခုကဲ့သို့ ဆူပူမှုများ ဆက်လက်ဖြစ်ပေါ်နေလျှင် ရခိုင်ပြည်နယ်၏ အနာဂတ်မှာလည်း စိတ်ပျက်စရာ ကောင်းမည် ဖြစ်ကြောင်း ဆရာတော် အရိယာဝံသက ယခုကဲ့သို့ပြောသည်။

“ ဆက်ပြီးဖြစ်နေရင် ရခိုင်ပြည်အနေအထားက ပိုပြီး ဆိုးသွားမယ်။ အခုတောင်မှ ရခိုင်ပြည်နယ်ဟာ ပြာပုံ ဘ၀ကို ရောက်နေပြီလို့ ပြောနေကြတယ်။”

ယခု လတ်တလော ဖြစ်ပွားနေသော ဆူပူ အကြမ်းဖက်မူ ပဋိပက္ခကြောင့် ရခိုင်ဘက်မှ လူပေါင်း ၅၀ ထက်မ နည်း ဒဏ်ရာရရှိထားပြီး တစ်ဒါဇင်ကျော်ခန့် သေဆုံးသွားခဲ့ရပြီဖြစ်ကြောင်း သိရသည်။

ကြေငြာချက်တွင် နှစ်ဖက်စလုံး အနေဖြင့ ပြဿနာ ဆက်မဖြစ်ပွားရအောင် ပြန်လည် ထိမ်းသိမ်း ကြရန်နှင့် နောင်ကို ဘင်္ဂလီ မူဆလင်တွေရော ရခိုင်အမျိုးသား များပါ အကြမ်းဖက်မှုများ လုံးဝ မပြု လုပ်ကြရန်နှင့် အာဏာပိုင်အစိုးရများအနေဖြင့် တရားဥပဒေ စိုးမိုးရေး၊ ဒေသအတွင်း တည်ငြိမ်ရေး၊ အသက်အိုးအိမ် လုံခြုံစေရေးစသည့် အစိုးရတရပ်၏ လုပ် ဆောင်ရမည့်တာဝန်ကို အပြည့်အ၀ တာဝန်ယူ လုပ်ဆောင်ကြရန် တောင်းဆိုထားသည်။

ယမန်နေ့ကလည်း ရခိုင်အမျိုးသမီးအစည်းအရုံးမှ ကြေငြာချက်တစောင်ထုတ်ပြန်ပြီး ရခိုပြည်နယ်တွင် ဖြစ်ပွား နေသည့်ပြဿနာများကို နှစ်ဘက်လုံးမှ ရပ်တန့်ကြရန် မေတ္တာရပ်ခံထားသည်။

အလားတူ ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့မှလည်း ရခိုင်ပြည်နယ်တွင် ပဋိပက္ခများ အမြန်ဆုံး ရပ်တန့်ကြရန် ယနေ့ နေ့စွဲဖြင့် ကြေငြာချက်ထုတ်ပြီး မေတ္တာရပ်ခံထားသည်။

Narinjara

ရခိုင်တိုင်းရင်းသားများအရေး ဆန္ဒထုတ်ဖော်


အောက်တိုဘာ ၂၅၊ ၂၀၁၂
 ရခိုင်ပြည်နယ်တွင်ဖြစ်ပွားနေသော ပဋိပက္ခများအမြန်ဆုံးငြိမ်းချမ်းစေရေး ဆုတောင်းပွဲနှင့် ဆန္ဒဖော်ထုတ်မှုတရပ်ကို ယနေ့ နေ့လည်၁နာရီမှ စတင်ကာ ဆူးေ
လဘုရားနှင့် မြို့တော်ခန်းမရှေု့တွင် ရခိုင်တိုင်းရင်းသားလူမျိုးများဦးဆောင် ပြုလုပ်ခဲ့သည်။

ဆန္ဒထုတ်ဖော်ရာတွင် ရခိုင်လူမျိုးများအား ဘင်္ဂလီများရန်မှကာကွယ်ပေးရန်၊ စစ်တပ်မှ တိုင်းရင်းသား လူမျိုးများအား ပစ်ခတ်သတ်ဖြတ်နေခြင်းကိုရပ်တန့််ရန်၊ ဘင်္ဂလီလူမျိုးများနှင့် အတူတကွလုံးဝ မနေနိုင် ကြောင်း၊ သမ္မတကြီးအား ရခိုင်တိုင်း ရင်းသားအရေးပြတ်သားစွာဆောင်ရွက်ရန်၊ ဘင်္ဂလီများကိုမောင်း ထုတ်ပေးရန်၊ တိုင်းရင်းသားများစည်းလုံးကြရန်၊ ရခိုင် တိုင်းရင်းသားများ အရေးသည်ပြည်ထောင်စု အရေးဖြစ်ကြောင်း၊ ၁၉၈၂အက်ဥပဒေကို အမြန်ဆုံးအကောင်အထည်ဖော်ရန်၊ လွှတ်တော်တွင်းမှ ဘင်္ဂလီအမတ်များကို ချက်ချင်းဖြုတ်ချပေးရန်တို့ကို သံဃာတော်များနှင့် ရခိုင်လူမျိုးများကကြေညာချက် ထုတ်ပြန်ခဲ့သည်။

ဆန္ဒထုတ်ဖော်ပွဲကိုဦးဆောင်သူ အရှင်ပညာသာမိက '' ရခိုင်ပြည်နယ်မှာဖြစ်နေတဲ့ ပြဿနာတွေကို ငြိမ်းချမ်းစေဖို့အတွက် ငြိမ်းချမ်းစွာနဲ့ဆုတောင်းတယ်၊ လိုချင်တဲ့အချက်အလက်တွေကို သမ္မတကြီးနဲ့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ကိုတောင်းဆိုတယ်'' ဟုပြောသည်။

ယင်းအရေးနှင့်ပတ်သက်၍ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီဥက္ကဌ လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်က '' 'ဒီကိစ္စက လူငယ်တွေလုပ်ကြပါလိမ့်မယ်၊ ကျွန်တော်တို့တော့ ဝင်မစွက်ဖက် တော့ပါဘူး'' ဟု ဆန္ဒထုတ်ဖော်သည့်နေရာတွင်ပြောကြားသည်။

အဆိုပါဆန္ဒထုတ်ဖော်ပွဲတွင်သံဃာတော်များနှင့်ရခိုင်တိုင်းရင်းသားများက မေတ္တာပို့အမျှဝေခြင်းကို နေ့လည် ၂နာရီတွင် သံပြိုင်ရွတ်ဆိုကာ ရုပ်သိမ်းခဲ့သည်။

ဓာတ်ပုံ-~ဧရာဝတီ
သတင်း မေစစ်ပိုင်~

လက်ပတောင်းတောင် တောင်တက်ပွဲ(၂၅-၁၀-၂၀၁၂)

ဝက်မှေးကျေးရွာ - လက်ပတောင်းတောင် တောင်တက်ပွဲအတွက် ကြွေးမွေးဧည့်ခံရန် ဒေသခံတောင်သူလယ်သမားများ၏ လုပ်အားဒါန လှုပ်ရှားမှု (၂၅.၁၀.၂၀၁၂)

လက်ပတောင်းတောင်ပေါ် မိုးကောင်းရွှေမြင်တင် အဏုမြူဓါတ်ပေါင်းစု ကပ်ကျော်စေတီတော် ရွှေသင်္ကန်းဆက်ကပ်လှူပွဲနှင့် တောင်တက်ပွဲ ကို ၀က်မှေးကျေးရွာ ဘုရားဝင်းအတွင်းမှာ ၂၆.၁၀.၂၀၁၂ (သောကြာ) နံနက် (၇း၀၀) နာရီမှ ည (၇း၀၀) အထိ စီစဉ်ကျင်းပမည်၊


နံနက် (၉း၀၀) နာရီတွင် ၀က်မှေးကျေးရွာ ဘုရားဝင်းမှ လက်ပတောင်းတောင်ထိပ်ရှိ ကပ်ကျော်ဘုရားသို့ တက်ရောက်ရွှေသင်္ကန်းကပ်လှူမည်ဖြစ်ပြီး၊ တောင်ထိပ်တွင် ၂၆ ရွာမှ တောင်သူလယ်သမားများက မီးပုံးပျံ ၂၆ လုံးလွှတ်တင်ပူဇော် ကြပါမည်။

ညနေ (၆း၀၀) နာရီမှ စပြီး မောင်မောင်ဆိုလေ ထီးရိုးရှည်ဒေသခံ တောင်သူလယ်သမားများက သံချပ်သံစဉ် ပြဇတ်များဖြင့် ဧည့်ခံဖျော်ဖြေမည်

အနယ်နယ်အရပ်ရပ်မှ ကြွှရောက်လာသော လက်ပတောင်းတောင်ကို ချစ်မြတ်နိုးသူများအား နံနက်စာ နေ့လည်စာ များဖြင့် ဒေသခံများမှ ကျွေးမွေးဧည့်ခံပါမည်။

ငါတို့ ယုံကြည်ရာကို ငါတို့လွတ်လပ်စွာ ကိုးကွယ်ခွင့်ရှိတယ်

ငါတို့ ပိုင်တဲ့ ဒီတောင်ကို ငါတို့ တက်ခွင့်ရှိတယ်

ငါတို့ရဲ့မွေးရာပါလူ့အခွင့်အရေးကို ငါတို့ ကာကွယ်ပိုင်ခွင့်ရှိတယ်

တောင်တက်ပွဲ ဦးဆောင်လှုပ်ရှားသူများ သံမဏိမယ် မအေးနက်၊ မသွဲ့သွဲ့ဝင်း၊ မဖြူဖြူဝင်းနှင့် ဒေသခံတောင်သူလယ်သမားများနှင့် (အဌဂံ လူ့အခွင့်အရေး လှုပ်ရှားမှု အစုအဖွဲ့)









Moe Min Oo(Facebook)

၃း၁၅ အချိန်..လက်ရှိဖြစ်ပေါ်နေသော ပေါက်တော နှင့် ရသေ့တောင်မြို့နယ် မူစည်းကျွန်းအခြေအနေ


၃း၁၅ အချိန်..လက်ရှိဖြစ်ပေါ်နေသော ပေါက်တော

ပေါက်တောတွင် အိမ်ခြေ ၈၀၀ ပြာကျ

ပေါက်တောမြို့တွင် ဘင်္ဂါလီများ ကိုယ့်အိမ်ကိုယ် မီးရှို့သဖြင့် ရပ်ကွက်သုံးခုမှ အိမ်ခြေပေါင်း ၈၀၀ကျော် ပြာကျသွားပြီဖြစ်ပြီး မီးရှို့မှု နာရီဝက်ခန့် အကြာတွင် ယင်းသို့ ပြာကျသွားခြင်းဖြစ်ကြောင်း ဒေသခံများထံဆက် သွယ်မေးမြန်းချက် အရသိရှိရသည်။

ဘင်္ဂါလီများ နေရာ အနှံကို တပြိုင်နက် မီးရှို့ပြီး ထွက်ပြေးသွား၍ ယင်းသို့လျင်မြန် ပြာကျသွားခြင်းဖြစ်ကြောင်း ၄င်းတို့ထံမှ သိရှိရသည်။
---------------------------------------------------------------------------------------------------
ရသေ့တောင်တွင် စစ်တပ်ပစ်ခတ်မှုကြောင်း ရခိုင်တိုင်းရင်သား နှစ်ဦး သေဆုံးပြီး ၊အများအပြားဒဏ်ရာရ


ရခိုင်ပြည်နယ်ရသေ့တောင်မြို့နယ်မူစည်းကျွန်းရှိ ညောင်ပင်ကြီးကျေးရွာမှ ဘင်္ဂလီများ
က အနီးအနားရှိ ရခိုင်တိုင်းရင်းသားကျေးရွာများကို အကြမ်းဖက်တိုက်ခိုက်
လျှက်ရှိရာ ယင်းကို ထိန်းသိမ်းရန်ရောက်ရှိလာသော ရသေ့တောင်မြို့ခမရ(၅၃၆)
တပ်ရင်းမှ စစ်သားများ ပစ်ခတ်မှုကြောင်း ကပ်ချာင်း ကျေးရွာမှ ဦးအောင်စံဝေ(၄၅)နှစ်
ဘဦးထွန်းစံဦးနှင့် ကျွန်းကြီးကျေးရွာမှ ဦးသိန်းလှမောင် ဘ(အမည် မသိ) ရခိုင်တိုင်း
ရင်းသားနှစ်ဦး ထပ်မံကျဆုံးသွားပြီဖြစ်ကြောင်း ခိုင်လုံသော သတင်းများအရသိရှိ ရသည်။

Thi Ha(Facebook)

ရခိုင်ပြည်နယ်ဒေသတချို့မှာ ပဋိပက္ခတွေ ထပ်မံဖြစ်ပွားလာမှု နဲ့ ပတ်သက်ပြီး ၈၈ကျောင်းသားအဖွဲ့မှကြေငြာချက်ထုတ်ပြန်

ရခိုင်ပြည်နယ်ဒေသတချို့မှာ ပဋိပက္ခတွေ ထပ်မံဖြစ်ပွားလာမှု နဲ့ အာဏာပိုင်တို့ရဲ့ ကိုင်တွယ်ဖြေရှင်းပုံတွေနဲ့ ပတ်သက်ပြီး
၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ ဆီက သဘောထားထုတ်ပြန်ချက်တွေ ဒီကနေ့ ထွက်ပေါ်လာပါတယ်။

ရခိုင်ပြည်နယ်ဒေသတချို့မှာ ပဋိပက္ခတွေ ထပ်မံဖြစ်ပွားလာမှု နဲ့ ပတ်သက်ပြီး NLD ရဲ့ကြေငြာချက်

ရခိုင်ပြည်နယ်ဒေသတချို့မှာ ပဋိပက္ခတွေ ထပ်မံဖြစ်ပွားလာမှု နဲ့ အာဏာပိုင်တို့ရဲ့ ကိုင်တွယ်ဖြေရှင်းပုံတွေနဲ့ ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှသဘောထားထုတ်ပြန်ချက်တွေ ဒီကနေ့ ထွက်ပေါ်လာပါတယ်။

တောင်ကြီးမီးပုံပျံပွဲအတွကယမ်းစပ်နေစဉ် မီးလောင်မှုဖြစ်ပွား

 
(ဓာတ်ပုံများ - ဂျွန်ချစ်ငြိမ်း)
ယနေ့ နံနက် ၉း၃၀ခန့်က တောင်ကြီးမြို့ စ၀်စံထွန်းရပ်၊ ဆေးရုံဝင်း ၀န်ထမ်း အိမ်တန်းလျားတွင် မီးပုံးပျံအတွက် ယမ်းစပ်ခြင်း ပြုလုပ်နေစဉ် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

သွပ်မိုးပျဉ်ကာ ၀န်ထမ်းတန်းလျား (၂)လုံး နှင့် ဘေးမှ အုတ်စီ အဖီခန်း တစ်ခုလည်း လောင်ကျွမ်းခဲ့ကြောင်း သိရသည်။

တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံ ပြိုင်ပွဲဝင်ရန် ၀န်ထမ်းအိမ်တန်းလျားရှိ ဦးကျော်သီဟ နေအိမ်တွင် ယမ်းစပ်ခဲ့ကြကြောင်း၊ ထိုသို့ပြုလုပ်နေစဉ် ယမ်းပုံပေါ်သို့ အိမ်အပြင်မှ မီးရှုးတစ်ခု ကျရောက်ကာ မီး စတင် လောင်ကျွမ်းခဲ့ကြောင်း ဦးကျော်သီဟ၏ နှမဖြစ်သူ မငယ်ငယ်ထွေး၏ ပြောပြချက်အရ သိရသည်။

ဆုံးရှုံးမှုတန်ဖိုးကို တွက်ချက်ခြင်း မပြုနိုင်သေးကြောင်း၊ စုဆောင်းထားသည့် ငွေ နှစ်သိန်းခန့် မီးထဲ ပါသွားကြောင်း သူက ဆက်ပြောသည်။