Pages

Wednesday, January 30, 2013

 အမျိုးသားလွှတ်တော်၌ ပြည်တွင်းငြိမ်းချမ်းရေးနှင့် ပတ်သက်၍ ဆွေးနွေးချက်အချို့အပေါ် တိုင်းရင်းသားလွှတ်တော် ကိုယ်စားလှယ်များ ကန့်ကွက်

 w1-30-1-3
အမျိုးသားလွှတ်တော်၌ ပြည်တွင်းငြိမ်းချမ်းရေး အဆိုနှင့်ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ်အချို့၏ ဆွေးနွေးချက် အချို့အပေါ် တိုင်းရင်းသားလွှတ်တော် ကိုယ်စားလှယ်များက ကန့်ကွက်ကြောင်း ပြောကြားခဲ့သည်။
ဇန်န၀ါရီလ ၂၈ ရက်က ပြု လုပ်သော အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ပြည်တွင်းငြိမ်းချမ်းရေးနှင့် ပတ်သက်သည့်အဆိုအား ဆွေးနွေးရာတွင် 'ရွှေလက်နဲ့ ခေါ်တုန်းလာပါ။ bullet နဲ့ ခေါ်တာ မလိုချင်ပါနဲ့' ဟူသော စကားနှင့် တရားသော စစ်ကို ဆင်နွှဲရန် စသည့် ထည့်သွင်းဆွေးနွေးချက်များသည် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို ထိပါးစေနိုင်ကြောင်း တိုင်းရင်းသားလွှတ်တော် ကိုယ်စားလှယ်များက ဆိုပါသည်။
ယင်းစကားလုံး အသုံးအနှုန်းများကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ ဦးလှဆွေနှင့် ဦးမန်းကံညွန့်က ထည့်သွင်း ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

အချင်းချင်း သံသယဖြစ်စေတဲ့ အကြောင်းအရာတွေ၊ အချင်းချင်း မယုံသင်္ကာ ဖြစ်စေတဲ့ အကြောင်းအရာတွေကို ပြောမယ်ဆိုရင် ငြိမ်းချမ်းရေးရဖို့ဆိုတာ ခက်ခဲသွားပါလိမ့်မယ်...
''အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေက လိုင်ဇာကို သိမ်းပြီးမှ ငြိမ်းချမ်းရေး ဆွေးနွေးလို့ရမယ်လို့ ပြောပါတယ်။ လိုင်ဇာကို သိမ်းရုံနဲ့ ကချင်ကုန်သွားမှာ မဟုတ်ဘူး။ ရွှေလက်နဲ့ ခေါ်တုန်းလာပါ။ bullet နဲ့ ခေါ်တာ မလိုချင်ပါနဲ့ ဆိုတဲ့အပေါ်မှာတော့ ကျွန်မအနေနဲ့ လွှတ်တော် ကိုယ်စားလှယ်အနေနဲ့ရော တိုင်းရင်းသား တစ်ယောက်အနေနဲ့ရော ကချင်တစ်ယောက်အနေနဲ့ပါ အဲဒါကို လုံးဝ ကန့်ကွက်ပါတယ်။ လိုင်ဇာကို သိမ်းပြီးမှ ငြိမ်းချမ်းရေး လုပ်မယ်ဆိုတာ လုပ်လည်း မလုပ်သင့်သလို ဖြစ်လည်း မဖြစ်နိုင်ပါဘူး။ လိုင်ဇာကိုသိမ်းလို့ ကချင်လူမျိုး အမြစ်ပြတ်ပြီး ကျန်တဲ့လူမျိုးတွေနဲ့ပဲ ငြိမ်းချမ်းရေး တည်ဆောက်လို့လည်း မရပါဘူး။ UNFC မှာ ကချင်လည်း ခေါင်းဆောင်တစ်ယောက် အနေနဲ့ ပါဝင်တာဖြစ်လို့ ကချင်မပါဘဲနဲ့ ကျန်တဲ့တိုင်းရင်းသားတွေနဲ့ပဲ ဆွေးနွေးသွားဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ကချင်တိုင်းရင်းသားဆိုတာ ကချင်ပြည်နယ်မှ မဟုတ်ပါဘူး။ မြန်မာတစ်နိုင်ငံလုံးတင်မက တစ်ကမ္ဘာ လုံးမှာ ရှိပါတယ်''ဟု ကချင်ပြည်နယ် အင်ဂျန်းယန်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဒွဲဘူက ပြောကြားခဲ့သည်။
ထိုသို့ ပြောဆိုဆွေးနွေးချက်သည် တစ်သီးပုဂ္ဂလ ခံစားချက်ဖြစ်နိုင်သော်လည်း လွှတ်တော်အတွင်း၌ ပြောဆိုခြင်းမှာ လူထုကိုယ်စားပြု ပြောဆိုသကဲ့သို့ ဖြစ်သောကြောင့် လူနည်းစုတိုင်းရင်းသားများအကြားတွင် အထင်အမြင် လွဲမှားသွားနိုင်ကြောင်းလည်း တိုင်းရင်းသား ကိုယ်စားလှယ်များက ဆိုပါသည်။
''နှစ်ပေါင်း ၆၀ ကျော် ဖြစ်ပွားလာတဲ့ ပဋိပက္ခအပေါ်မှာ ဒီလိုစကားဟာ တိုင်းရင်းသားတွေရဲ့ကြားမှာ နာလိုခံခက် ဖြစ်သွားနိုင်တယ်။ ဒါကြောင့် အချင်းချင်း သံသယဖြစ်စေတဲ့ အကြောင်းအရာတွေ၊ အချင်းချင်း မယုံသင်္ကာ ဖြစ်စေတဲ့ အကြောင်းအရာတွေကို ပြောမယ်ဆိုရင် ငြိမ်းချမ်းရေးရဖို့ဆိုတာ ခက်ခဲသွားပါလိမ့်မယ်။ ဒီလိုစကားမျိုးကိုတော့ မပြောသင့်ပါဘူး။ ဘာပဲဖြစ်ဖြစ် စားပွဲဝိုင်းမှာပဲ အဖြေရှာသင့်ပါတယ်''ဟု ရှမ်းတိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ပြောပါသည်။
မြောင်းမြမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမန်းဂျော်နီက ''ဒီဆွေးနွေးချက်ကို လုံးဝကန့်ကွက်ပါတယ်။ ကိုယ်စားလှယ် တစ်ယောက်အနေနဲ့ရော တိုင်းရင်းသား တစ်ယောက်အနေနဲ့ရော လုံးဝလက်မခံနိုင်ပါဘူး။ ဒီလိုအပြတ်တိုက်မယ်ဆိုရင် နိုင်သွားတဲ့သူကရော ငါနိုင်တယ်ဆိုပြီး ဂုဏ်ယူရမှာလား။ နိုင်ငံကရော ဂုဏ်ယူမှာလား။ ကမ္ဘာကရော ဂုဏ်ယူမှာလား။ အားလုံးက တိုင်းရင်းသားတွေပဲဟာ။ ရှုံးသွားတဲ့ဘက်ကလည်း အင်အားပြန်ကြီးလာရင် ပြန်ချမှာပဲ။ ဒီတော့ ဘယ်တော့မှ ငြိမ်း ချမ်းရေးရမှာ မဟုတ်ဘူး။ ညှိယူရမှာ။ ဘယ်အရာမျိုးမဆို ညှိယူလို့ မရတာ မရှိဘူး''ဟု ပြောကြားခဲ့သည်။
ပြည်သူများ လိုလားသည့် ငြိမ်းချမ်းရေးကို နှစ်ဖက်စလုံးမှ လိုလိုလားလားနှင့် အပစ်အခတ်ရပ်စဲပြီး ဆွေးနွေးကြရန်လိုကြောင်း၊ ယင်း နှင့် ပတ်သက်၍ မျှတစွာ ပြောဆိုသင့်ကြောင်း၊ ထိုသို့ ပြောဆိုဆွေးနွေးမှုကို ကေအိုင်အေဘက်မှလည်း အမြင်မစောင်းစေလိုကြောင်းနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို အမြန်ဆုံးပြုလုပ်ရန် တိုက်တွန်းကြောင်းလည်း တိုင်း ရင်းသား လွှတ်တော်ကိုယ်စားလှယ်များက ပြောကြားခဲ့သည်။
Eleven Media Group