Pages

Wednesday, January 30, 2013

 တပ်မတော်မှ သိမ်းယူထားသော လယ်ယာမြေများအတွက် ကာလပေါက်ကြေးအတိုင်း လျော်ကြေးငွေများ ဆက်လက် ပေးအပ်သွားမည်ဟု တွဲဖက်စစ်ထောက်ချုပ် ပြောကြား

တပ်မတော်မှ သိမ်းယူထားသော လယ်ယာမြေများအတွက် လျော်ကြေးငွေများ ဆက်လက် ပေးအပ်သွားမည် ဖြစ်ကြောင်း စစ်ထောက်ချုပ်ရုံး တွဲဖက် စစ်ထောက်ချုပ် ဗိုလ်ချုပ်မင်းနိုင်က ဇန်န၀ါရီလ ၂၈ ရက်တွင် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှု စုံစမ်းရေး ကော်မရှင်နှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ပါသည်။
တပ်မတော်မှ သိမ်းယူထားသော လယ်ယာမြေများအတွက် စစ်ထောက်ချုပ်ရုံးနှင့် ကာကွယ်ရေး ဦးစီးချုပ်ထံသို့ လိပ်မူ၍ တိုင်ကြားစာနှင့် လွှတ်တော် ကိုယ်စားလှယ်များမှ မေးမြန်းသည့် အကြိမ် စုစုပေါင်း ၂၈၀ ရှိကြောင်း သိရသည်။
ထိုသို့ တိုင်ကြားစာများပေါ်တွင် မူတည်၍ ပြန်လည် ဖြေရှင်းမှုများ ပြုလုပ်ပေးလျက်ရှိပြီး ၂၀၁၂ ခုနှစ် အတွင်း တပ်ပိုင်မြေအဖြစ်သိမ်းဆည်းခဲ့သည့် အပေါ် တိုင်စာများအရ ပြန်လည်စိစစ်၍ လယ်မြေ ၉၇၉ ဒသမ ၅ဧက၊ ယာမြေ ၉၆၁ ဒသမ ၄၇ဧက၊ လယ်ယာ ကျူးကျော်မြေ ၁၀ ဒသမ ၈၅ ဧကနှင့် လမ်းမြေ ၀ ဒသမ ၆၂ ဧက စုစုပေါင်း ၁၉၅၁ ဒသမ ၉ ဧက နှင့် သီးနှံလျော်ကြေးငွေ ကျပ်သန်းပေါင်း ၉၉၉ ဒသမ ၂၅၈ သန်းကို ပြန်လည် ပေးလျော်ခဲ့ပြီး ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။
အလားတူ တပ်မတော်မှ သိမ်းဆည်းထားသော လယ်ယာမြေများနှင့် ပတ်သက်၍ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းမှု စုံစမ်းရေး ကော်မရှင်သို့ တိုင်ကြားစာ ၅၅၁ စောင် ရောက်ရှိခဲ့ကြောင်းနှင့် ကာကွယ်ရေး ဦးစီးချုပ်မှ ဖြေရှင်းပြီးထဲမှ ထပ်တူကျသော အမှု ၄၂ မှု ရှိသောကြေင့် ဖြေရှင်းရန် ၃၈၉ မှု ကျန်ရှိနေသေးကြောင်းလည်း သိရသည်။
ထိုသို့ တိုင်ကြားစာများနှင့် ပတ်သက်၍ စုံစမ်းရေး ကော်မရှင်မှ ပြည်နယ်နှင့်တိုင်း အလိုက် အဖွဲ့ ၁၀ ဖွဲ့ခွဲ၍ စုံစမ်းမှုများ ပြုလုပ်လျက် ရှိကြောင်းနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ၏ ပူးပေါင်းဆောင်ရွက်မှု အားနည်းနေ ကြောင်းလည်း လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းမှု စုံစမ်းရေး ကော်မရှင် ဥက္ကဋ္ဌ ဦးတင်ထွတ်က ပြောကြားခဲ့ပါသည်။
ထို့အပြင် စုံစမ်းမှုများအရ တပ်မြေနှင့် မဆိုင်သော၊ တပ်အဆောက်အဦ ဆောက်ရန် မဟုတ်ဘဲ စီးပွားဖြစ် သိမ်းယူမှုများ ရှိကြောင်းနှင့် ထိုသို့ သိမ်းယူမှုများအတွက် စစ်ထောက်ချုပ်ဘက်မှ ပြန်လည်စိစစ် သုံးသပ်ပေးပါ ရန်လည်း ဥက္ကဋ္ဌက တိုက်တွန်း ပြောကြားခဲ့ပါသည်။
“ပြည်သူအချို့က ဘာပြောလဲဆိုရင် တိုင်းပြည် တစ်ပြည်မှာ တပ်မတော်ဆိုတာ ရှိသင့်ပါတယ်။ တိုင်းပြည်ကာကွယ်ရေး တာဝန်ဟာ တပ်မတော် ရှိမှပါ။ တပ်မတော်ရဲ့ အဆောက်အဦတွေ ဆောက်ဖို့ဆိုရင် ကျွန်တော်တို့မြေကို အလကားယူသွားပါ။ တစ်ပြားမှ မပေးပါနဲ့ ဒီလိုတောင် ပြောပါတယ်။ ဒါပေမယ့် တပ်ဝင်းနဲ့ မဆိုင်တဲ့ ဝေးလံတဲ့ နေရာတွေမှာ လိုက်ပြီး ခြံတွေ မြေတွေကို စီးပွားဖြစ် သိမ်းတာမျိုးကိုတော့ ခံစားရ ခက်ပါတယ်။ အဲဒီတော့ အဲဒီလို နေရာမျိုးတွေကို စစ်ထောက်ချုပ် ကြီးတို့ဘက်က ပြန်ပြီးစဉ်းစား သုံးသပ်ပေးပါလို့ ပြောချင်ပါတယ်” ဟု ကော်မရှင် ဥက္ကဋ္ဌက ပြောကြားခဲ့သည်။
မြန်မာနိုင်ငံတွင် ၁၈၉၄ ခုနှစ် ပြဋ္ဌာန်းခဲ့သော Burma Land Acquisition Act ပုဒ်မ ၄ အရ မြေသိမ်းလိုသည့် မြေနေရာများကို မြေသိမ်းလိုသည့် အကျိုးအကြောင်းများကို ဖော်ပြ၍ မြေသိမ်းဖွယ်လိုရာ ရှိသည်ဟု အများပြည်သူ သိရှိအောင် ဖော်ပြပေးရကြောင်း သိရသည်။
Eleven Media Group