Pages

Wednesday, June 5, 2013

ဂျပန် ပျက်စီးယာဉ် တင်သွင်းသည့်ကုမ္ပဏီ ငါးခုထပ်တိုး


ရန်ကုန်၊ ဇွန် ၎

ဂျပန်နိုင်ငံတွင် ယာဉ်တိုက်မှုဖြစ်ပွား၍ ပျက်စီးနေသည့် မော်တော်ယာဉ်များ တင်သွင်းမှုကို စိစစ်နေစဉ် မော်တော်ယာဉ် တင်သွင်းသည့် နောက်ထပ် ကုမ္ပဏီငါးခုကို စစ်ဆေးတွေ့ရှိ ရကြောင်း အကောက်ခွန် ဦးစီးဌာနက ဇွန်လ ၄ ရက်နေ့က ကြေညာသည်။

ယင်း ကုမ္ပဏီများမှာ G Five ဝန်ဆောင်မှု ကုမ္ပဏီလီမိတက်၊ ဧရာရိုးမ ကုမ္ပဏီ၊ ဧရာဝတီပါဝါ ကုမ္ပဏီ၊ ကျော်သူရသက် ကုမ္ပဏီနှင့် Lucky Maximum ကုမ္ပဏီ တို့ဖြစ်ပြီး ကုမ္ပဏီ အမည်ဖြင့် ပျက်စီး မော်တော်ယာဉ် ငါးစီးနှင့် လူပုဂ္ဂိုလ် အမည်ဖြင့် ၃၇ စီး တင်သွင်းလာခြင်း ဖြစ်ကာ မည်ကဲ့သို့ အရေးယူမည်ကို မဆုံးဖြတ်ရ သေးကြောင်း အကောက်ခွန် ဦးစီးဌာန အကြီးတန်း အရာရှိတစ်ဦးက The Voice သို့ပြောကြားသည်။

ပျက်စီး မော်တော်ယာဉ်တစ်စီး တင်သွင်းမိခြင်းမှာ ဝယ်သူ၏ ဆန္ဒကြောင့် ဖြစ်ပြီး မတ်လက သင်္ဘောတင်ကာ ဧပြီလတွင် ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိကြောင်း၊ ယခင်က ဝယ်သူ၏ အမည်ဖြင့် ဖြစ်ပြီး နောင်တွင် ကုမ္ပဏီနာမည် ခံ၍ သွင်းခြင်း ဖြစ်ကာ တိုက်ကြေ ပျက်စီးယာဉ် ဖြစ်နေသည်ကို သတိ မထားမိကြောင်း ပျက်စီးမော်တော်ယာဉ် တင်သွင်းစာရင်းတွင် ပါရှိသည့် ကုမ္ပဏီမှ တာဝန်ရှိသူက ပြောဆိုသည်။

အဆိုပါ ပျက်စီးယာဉ်ကို အကောက်ခွန် ဦးစီးဌာနက ပြည်သူပိုင် သိမ်းဆည်းမည်ဟု ကြေညာချက် ထုတ်ပြန်သည့် မေလ မတိုင်မီ က တင်သွင်းလာခြင်း ဖြစ်၍ ယင်းကိစ္စနှင့် ပတ်သက်၍ အကောက်ခွန် ဦးစီးဌာနမှ တစ်ဆင့် အသနားခံ စာတင်မည် ဖြစ် ကြောင်း ၎င်းက ဆိုသည်။

ပြည်သူပိုင် သိမ်းခြင်းကို လက်ခံပြီး မော်တော်ယာဉ် အရောင်း ပြခန်းများမှာ ငွေကြေး များစွာ ရင်းနှီးထားရသောကြောင့် တင်သွင်းခွင့် တစ်နှစ်ပိတ်၍ အရေးမယူသေးဘဲ ယခုအကြိမ်တွင် သတိပေးခြင်း ပြုလုပ်ကာ ကြေညာချက် ထုတ်ပြန်ပြီး နောက်ပိုင်း ထပ်မံ ပြုလုပ်မှသာ အရေးယူသင့်ကြောင်း မော်တော်ယာဉ် အရောင်းပြခန်း ပိုင်ရှင်တစ်ဦးက ပြောကြားသည်။

ယာဉ်တိုက်မှု ဖြစ်ပွား၍ ပျက်စီးသော မော်တော်ယာဉ်များ နောက်ထပ် တင်သွင်း လာ၍ တင်သွင်း ရောင်းချခွင့် တစ်နှစ် ပိတ်ပင်လိုက်သည့် ယခုကုမ္ပဏီ ငါးခုစာရင်းတွင် ယခင်စာရင်းတွင် ပါဝင်သည့် G Five ဝန်ဆောင်မှု ကုမ္ပဏီလီမိတက် ထပ်မံ ပါဝင်နေကြောင်း အကောက်ခွန် ဦးစီးဌာနထံမှ သိရသည်။

ယာဉ်တိုက်မှုကြောင့် ပျက်စီး နေသည့် မော်တော်ယာဉ်များကို မေလ ၁၅ ရက်နေ့တွင် ၂၇ စီးနှင့် မေလ ၃၁ ရက်နေ့ တွင် ၄၂ စီး ထပ်မံသိမ်းဆည်း ခဲ့ကြောင်း အကောက်ခွန် ဦးစီးဌာန၏ ဇွန်လ ၃ ရက်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သတိပေးခံရပြီးနောက် ပျက်စီး မော်တော်ယာဉ် ထပ်မံ တင်သွင်းသော ကုမ္ပဏီများကို အမည်ပျက် စာရင်းတင် သွင်းမည်ဟု အစိုးရက ဆိုထားသည်။
The Voice Weekly