Pages

Sunday, July 21, 2013

စီးပွားရေးတက္ကသိုလ်ဝင်ခွင့် သတ်မှတ်ချက်ပြောင်း


http://t1.gstatic.com/images?q=tbn:ANd9GcQZqFedNVsi0TY7yvbj2nicLkfSScSPFQGbcXeEZofOjZK0A9rM3Pphz5AE
ရန်ကုန်၊ ဇူလိုင် ၁၉

ပညာရေးဝန်ကြီးဌာန လက်အောက် စီးပွားရေး တက္ကသိုလ်များ၏ ပထမနှစ်သင်တန်း ဝင်ခွင့်ကို တက္ကသိုလ်ဝင်တန်း အောင်မှတ် အနည်းဆုံး တစ်ဘာသာလျှင် ၅၀ မှတ်စီ ရရှိပြီး စုစုပေါင်းအမှတ် ၃၅၀ ရှိသူတိုင်း လျှောက်ထားနိုင်ကြောင်း မိတ္ထီလာ စီးပွားရေးတက္ကသိုလ်၊ ပါမောက္ခချုပ် ဒေါက်တာ တင်ဝင်းက The Voice သို့ပြောကြားသည်။

ယခင်ပညာသင်နှစ်က အင်္ဂလိပ်စာ၊ သင်္ချာနှင့် ဘောဂဗေဒ ဘာသာတွဲများ၏ ရမှတ်များကို ဝင်ခွင့် လျှောက်ထားရာတွင် ထည့်သွင်း ဆုံးဖြတ်သော်လည်း ယခုပထမနှစ် သင်တန်းမှစတင်ကာ ဘာသာစုံ အမှတ်ကိုသာ ကြည့်၍ ရွေးချယ်သွားမည် ဖြစ်ကြောင်း ၎င်းကထပ်လောင်း ပြောကြားသည်။

“ဆယ်တန်း အီကို (ဘောဂဗေဒ) နဲ့ ကျောင်းမှာသင်တာ ဘာမှမဆိုင်ဘူး။ အခု ဘိုင်အိုတွေပါ တက်လို့ရပြီဆိုတော ပိုကောင်းသွားတယ်။ တစ်နှစ်ထက်တစ်နှစ်လည်း အမှတ်စာရင်းတွေက မြင့်လာတယ်” ဟု ၂၀၁၂ ခုနှစ်တွင် ရန်ကုန် စီးပွားရေးတက္ကသိုလ်မှ ဘွဲ့ရရှိသူ လူငယ်တစ်ဦးက ရှင်းပြသည်။

ယခင်ပညာသင်နှစ်မှ စတင်ကာ တက္ကသိုလ်ဝင်တန်းတွင် ဝိဇ္ဇာဘာသာတွဲ၊ ဝိပ္ပံဘာသာတွဲတို့နှင့် အောင်မြင်ထားသူများ သာမက သိပ္ပံဘာသာတွဲနှင့် အောင်မြင်ထားသူများကိုပါ ဝင်ခွင့် လက်ခံထားပြီး ယခုပညာသင်နှစ်တွင်လည်း ယင်းစနစ်အတိုင်း ပြုလုပ်သွားမည် ဖြစ်ကြောင်း ဒေါက်တာတင်ဝင်းက ပြောဆိုသည်။

“အရင်နှစ်က ဝင်ခွင့် ရှစ်ရာလောက်ခေါ်တယ်။ ဒီနှစ် မိတ္ထီလာနဲ့ မုံရွာ စီးပွားရေးတက္ကသိုလ် နှစ်ခုကတော့ ၁၂၀၀ စီခေါ်မယ်” ဟု ၎င်းကဆက်လက် ပြောဆိုသည်။

အဆင့်မြင့်ပညာဦးစီးဌာန လက်အောက်တွင် ရန်ကုန် စီးပွားရေးတက္ကသိုလ်၊ မိတ္ထီလာ စီးပွားရေးတက္ကသိုလ်နှင့် မုံရွာ စီးပွားရေးတက္ကသိုလ်တို့ ရှိပြီး အခြားတက္ကသိုလ် နှစ်ခုအနက် ရန်ကုန် စီးပွားရေးတက္ကသိုလ်သည် ဝင်ခွင့်ဦးရေ အများဆုံး လက်ခံလျက်ရှိသည်။