Pages

Sunday, July 21, 2013

တက္ကသိုလ်ဝင်ခွင့် လမ်းညွှန် သြဂုတ်လ ဒုတိယပတ်အတွင်း ထုတ်ပြန်မည်


ရန်ကုန်၊ ဇူလိုင် ၁၉

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့် ပညာဦးစီးဌာန လက်အောက်ရှိ တက္ကသိုလ်များတွင် ဝင်ခွင့်လျှောက်လွှာများ စတင်လျှောက်ထားနိုင်ရန် တက္ကသိုလ်ဝင်ခွင့် လမ်းညွှန်များကို သြဂုတ်လ ဒုတိယပတ်အတွင်း ထုတ်ပြန်မည် ဖြစ်ကြောင်း အဆင့်မြင့် ပညာဦးစီးဌာန (အောက်မြန်မာပြည်) မှ တာဝန်ရှိသူတစ်ဦးက The Voice သို့ ပြောကြားသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ သက်ဆိုင်ရာဌာနများသို့ ယခုလပိုင်းအတွင်း တက္ကသိုလ်ဝင်တန်း လမ်းညွှန်ဆိုင်ရာ ပညာရေး စာရွက်စာတမ်းများ ပေးပို့သွားမည် ဖြစ်ကြောင်း အဆင့်မြင့်ပညာ ဦးစီးဌာန (အောက်မြန်မာပြည်) မှ ညွှန်ကြားရေးမှူးက ပြောဆိုသည်။

တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာများနှင့် ပတ်သက်ပြီး အဆင့်မြင့်ပညာ ဦးစီးဌာန (အောက်မြန်မာပြည်) က ဦးစီးလုပ်ဆောင်ကြောင်း၊ လိုအပ်မည့် စာရွက်စာတမ်းများကို ပေးပို့ထားပြီး အကြောင်းပြန်ကြားမှုကို စောင့်ဆိုင်းနေကြောင်း အဆင့်မြင့်ပညာ ဦးစီးဌာန (အထက်မြန်မာပြည်) မှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးဝင်းက The Voice သို့ ဆိုသည်။

“ဝင်ခွင့်လျှောက်လွှာတွေကို သြဂုတ်လောက်မှာ လက်ခံပေမယ့် သက်ဆိုင်တဲ့ ကျောင်းတွေကို နိုဝင်ဘာလလောက်မှ လက်ခံရရှိတယ်။ ကျန်တဲ့လတွေက လျှောက်လွှာတွေ ပြန်စီနေရလို့ ကြန့်ကြာတာပါ” ဟု မိတ္ထီလာ စီးပွားရေးတက္ကသိုလ်မှ ပါမောက္ခချုပ်က The Voice သို့ ဖြည့်စွက်ရှင်းလင်းသည်။

တက္ကသိုလ်ဝင်တန်း အမှတ်စာရင်း ထုတ်ပေးပြီးနောက် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်၊ မွေးမြူရေး ဆိုင်ရာ ဆေးတက္ကသိုလ်တို့ အပါအဝင် ဝန်ကြီးဌာနအချို့မှ ဝင်ခွင့်လျှောက်လွှာများ စတင်ခေါ်ယူလျက်ရှိသည်။

ပညာရေးဝန်ကြီးဌာနက ၂၀၁၂-၂၀၁၃ တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်စာရင်းများကို ဇွန်လ ၈ ရက်နေ့က ထုတ်ပြန်ခဲ့ပြီး အမှတ်စာရင်းများကိုမူ ဇွန်လ ၂၅ ရက်နေ့တွင် စတင်ထုတ်ပေးခဲ့သည်။

The Voice Weekly