Pages

Sunday, July 21, 2013

တိုင်းရင်းသားများ လိုလားသောကြောင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီတွင် ဒေါ်အောင်ဆန်းစုကြည်ကို ပါဝင်စေလိုကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌပြောကြား

Saturday, July 20, 2013

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီတွင် တိုင်းရင်းသားများ၏ လိုလားမှုကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို ပါဝင်စေလိုကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားသည်။

ဇူလိုင် ၁၈ ရက်က ပြည်သူ့လွှတ်တော် ဇမ္ဗူသီရိ ခန်းမဆောင်တွင် ပြုလုပ်သော မြန်မာဂျာနယ်လစ်ကွန်ရက် အဖွဲ့ဝင်များနှင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်၊ ဦးသိန်းဆွေတို့ တွေ့ဆုံပွဲတွင် သတင်းထောက် တစ်ဦး၏ မေးမြန်းမှုကို သူရဦးရွှေမန်းက ပြန်လည် ဖြေကြားရာ၌ ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

''ကာ/လုံခေါ်ပြီး အစည်းအဝေး လုပ်တဲ့အခါမှာ ငြိမ်းချမ်းရေး ဖော်ဆောင်မှု ကော်မတီကို ပြန်လည် ဖွဲ့စည်းခဲ့ပါတယ်။ ဖွဲ့စည်းတဲ့ အကြောင်းကတော့ ယခင်ဖွဲ့စည်းထားတဲ့ ပုဂ္ဂိုလ်များ မရှိတော့တဲ့အတွက် သူတို့နေရာမှာ အစားထိုးပြီး ဖွဲ့စည်းခဲ့ပါတယ်။ အဲဒီတော့ကာ အန်တီစုကို ဒီနေရာမှာ ဒုတိယ ဥက္ကဋ္ဌအဖြစ် တာဝန်ပေးဖို့ကိုတော့ အဲဒီအစည်းဝေးမှာ မပြောခဲ့ပါဘူး။ သို့ပေမဲ့ စိတ်ထဲမှာတော့ ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီနေရာမှာ တိုင်းရင်းသားများကလည်း လိုလားတာ ဖြစ်တဲ့အတွက် ဒုတိယဥက္ကဋ္ဌမှ မဟုတ်ပါဘူး။ တစ်နေရာမှာတော့ ပါဝင်သင့်တယ်လို့ ထင်ပါတယ်'' ဟု သူရဦးရွှေမန်းက ပြောကြားသည်။

သူရဦးရွှေမန်းက ယင်းကဲ့သို့ မှတ်ချက်ပေး ပြောကြားမှုအပေါ် ဒေါ်အောင်ဆန်းစုကြည်က ''တိုင်းရင်းသားများက နေပြီးတော့ လိုလိုလားလား ရှိတာကိုတော့ အန်တီက ၀မ်းသာတာပေါ့။ ဒါပေမဲ့ ဒီလိုအလုပ် လုပ်တယ်ဆိုတာ တာဝန်အရ လုပ်ရတာ။ ဒီကိစ္စကို အဖွဲ့မှာ နေရာယူဖို့၊ အဖွဲ့မှာပါဖို့မှ မဟုတ်ပါဘူး။ ငြိမ်းချမ်းရေး ရဖို့ဆိုတာ ဘယ်သူမဆို လုပ်နိုင်တဲ့ အခြေအနေ ဖြစ်ပါတယ်။ နောက်ပြီးတော့ ကျရာနေရာကနေ တာဝန်ယူရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဘယ်လိုပဲ ပြောပြော အန်တီကို လိုလားတယ်ဆိုတဲ့ အတွက် ၀မ်းသာပါတယ်'' ဟု ပြောကြားသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုကော်မတီနှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီတို့ကို ၂၀၁၃ ခုနှစ် ဇူလိုင် ၅ ရက်က သမ္မတ ဦးသိန်းစိန် အမိန့်ဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့သည်။

Eleven Media Group