Pages

Sunday, July 21, 2013

Nissan တံဆိပ်ကားများ ထုတ်လုပ်သည့် မလေးရှား အခြေစိုက် Tan Chong Group မှ ကားထုတ်လုပ် ရောင်းချမည်


 
Saturday, July 20, 2013

နာမည်ကျော် Nissan အမှတ်တံဆိပ် ကားများ ထုတ်လုပ်ဖြန့်ဖြူး လျက်ရှိသည့် မလေးရှား အခြေစိုက် Tan Chong Group မှ မြန်မာနိုင်ငံတွင် ကားထုတ်လုပ် ရောင်းချရန်အတွက် လာရောက် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ယင်းကဲ့သို့ ဆွေးနွေးရာတွင် ဂျပန်နိုင်ငံ အခြေစိုက် Nissan Technoကုမ္ပဏီမှ ဥက္ကဋ္ဌဖြစ်သူ Mr. Keiichi Murata နှင့် မလေးရှားနိုင်ငံ အခြေစိုက် Tan Chong Group မှ ဒါရိုက်တာဖြစ်သူ Dato' Cheah Sam Kip တို့မှ နေပြည်တော်ရှိ ရင်းနှီးမြှပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ဇူလိုင် ၁၆ ရက်တွင် တွေ့ဆုံဆွေးနွေးခဲ့ပြီး အဓိကအားဖြင့် မြန်မာနိုင်ငံတွင် ကားထုတ်လုပ် ရောင်းချရန် အတွက် လုပ်ထုံးလုပ်နည်းများနှင့် ဥပဒေများကို မေးမြန်းဆွေးနွေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

မလေးရှားအခြေစိုက် Tan Chong Group အနေဖြင့် အရှေ့တောင်အာရှ ဒေသတွင် ဂျပန်နိုင်ငံရှိ Nissan အုပ်စုနှင့် အဓိက ချိတ်ဆက် လုပ်ကိုင်နေပြီး မလေးရှား၊ ထိုင်း၊ ဗီယက်နမ်၊ လာအို၊ ကမ္ဘောဒီးယားနှင့် မြန်မာနိုင်ငံတို့တွင် ကားဝန်ဆောင်မှု စင်တာများ၊ ရောင်းချရေး စင်တာများနှင့် မော်တော်ယာဉ် တပ်ဆင်ထုတ်လုပ်ရေး စက်ရုံများ တည်ထောင် လုပ်ကိုင်နေသည့် ကုမ္ပဏီအုပ်စု ဖြစ်ကြောင်း သိရသည်။

Tan Chong Group မှ အစုရှယ်ယာ ရာခိုင်နှုန်း ၉၀ ပိုင်ဆိုင်သည့် E-garage အမည်ဖြင့် ကားဝန်ဆောင်မှုနှင့် ယာဉ်အပိုပစ္စည်း ရောင်းချသည့် စင်တာကို မြန်မာနိုင်ငံတွင် ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ အတွင်း၌ ဖွင့်လှစ်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

''မြန်မာနိုင်ငံမှာလာပြီး မြှုပ်နှံလုပ်ကိုင်မယ် ဆိုတော့ ကောင်းပါတယ်။ မြန်မာနိုင်ငံက သူတွေအတွက် အလုပ်အကိုင် အခွင့်အလမ်းတွေ ရှိလာသလို မြန်မာနိုင်ငံမှာ လာပြီး ထုတ်လုပ်တဲ့ နိုင်ငံခြားက ကားကုမ္ပဏီတွေ တိုးလာတာပေါ့'' ဟု မြန်မာနိုင်ငံ မော်တော်ယာဉ် ထုတ်လုပ်မှုနှင့် ကုန်သွယ်မှု လုပ်ငန်းရှင်များ အသင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။

မြန်မာနိုင်ငံတွင် ထင်ရှားသည့် Nissan ကုမ္ပဏီထုတ် ကားများမှာSunny, Fairlady Z, Skyline, Serena, Cedric, Cefiro, Laurel, President, Bluebird, Atlas, Primera, Avenir, Tiida, Caravan, Civilian, Gloria နှင့် Vanette တို့ ဖြစ်ကြောင်း သိရသည်။

ပြည်တွင်း ဈေးကွက်သို့ ယခုနှစ်အတွင်း ပြည်ပကားလုပ်ငန်းများ ၀င်ရောက်မှု များပြားနေကြောင်း သတင်းရရှိသည်။

Eleven Media Group