Pages

Wednesday, August 28, 2013

ပြည်ပ ကုမ္ပဏီနှစ်ခု လုပ်ငန်း စတင်နိုင်ရန် ဆက်သွယ်ရေးဥပဒေ ပြည်ထောင်စုလွှတ်တော် အတည်ပြု

 
ရန်ကုန်၊ သြဂုတ် ၂၇

ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်း လိုင်စင် တင်ဒါ အောင်မြင် ထားသည့် ပြည်ပ ဆက်သွယ်ရေး ကုမ္ပဏီနှစ်ခု လုပ်ငန်းစရန် အဓိက လိုအပ်နေသော ဆက်သွယ်ရေး ဥပဒေကို သြဂုတ်လ ၂၇ ရက်နေ့တွင် ကျင်းပသည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးက အတည်ပြု လိုက်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ပြောကြားသည်။

ဆက်သွယ်ရေး ဥပဒေကို ပြည်ပ ကုမ္ပဏီနှစ်ခု အချိန်မီ လုပ်ငန်း စတင်နိုင်ရန် ပြည်ထောင်စု လွှတ်တော်က အတည်ပြုပြီး ဖြစ်၍ နိုင်ငံတော်သမ္မတထံ ပေးပို့ကာ ရက်ပိုင်းအတွင်း အတည်ပြု ပြဋ္ဌာန်းဖွယ် ရှိကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က ပြောကြားသည်။

“သမ္မတကသာ သဘောထား မှတ်ချက် တစ်စုံတစ်ရာနဲ့ ပြန်ပို့လာမယ် ဆိုရင်တော့ ဒီလွှတ်တော် အစည်းအဝေးမှာ ဆက်သွယ်ရေး ဥပဒေကို ပြဋ္ဌာန်းဖို့ မဖြစ်နိုင်တော့ဘူး” ဟု ၎င်းက ထောက်ပြသည်။

တင်ဒါ အောင်မြင်ထားသည့် နော်ဝေကုမ္ပဏီ တယ်လီနောနှင့် ကာတာ ကုမ္ပဏီ အော်ရီဒူးတို့ ဝန်ဆောင်မှု လုပ်ငန်းများ စတင် ဆောင်ရွက်နိုင်ရေး ဆက်သွယ်ရေး ဥပဒေ ပြဋ္ဌာန်းရန် မဖြစ်မနေ လိုအပ်လျက် ရှိပြီး ယင်းအတွက် လွှတ်တော်က အမြန်ဆုံး ဆောင်ရွက်ပေးထားကြောင်း ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းက ပြောကြားထားသည်။

ပြည်ထောင်စု လွှတ်တော်က အတည်ပြု ပေးပို့သည့် ဆက်သွယ်ရေး ဥပဒေကို နိုင်ငံတော်သမ္မတ လက်မှတ်ရေးထိုး ပြဋ္ဌာန်းပြီးပါက ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ဝန်ကြီးဌာန သည် ရက်ပေါင်း ၉၀ အတွင်း နည်းဥပဒေ တစ်ရပ် ရေးဆွဲရမည် ဖြစ်ပြီး လုပ်ငန်း လိုင်စင် ထုတ်ပေးခြင်းနှင့် စည်းမျဉ်း စည်းကမ်းများ သတ်မှတ်ရန် မြန်မာနိုင်ငံ ဆက်သွယ်ရေး ကော်မရှင် တစ်ရပ်ကိုလည်း အမြန်ဆုံး ဖွဲ့စည်းရမည် ဖြစ် သည်။

၂၀၁၅ ခုနှစ်တွင် မြန်မာနိုင်ငံ လူဦးရေ၏ ၈၀ ရာခိုင်နှုန်း မိုဘိုင်းလ်ဖုန်း အသုံးပြုနိုင်ရန် သမ္မတ ဦးသိန်းစိန်၏ ညွှန်ကြားချက်ဖြင့် ရွေးချယ် ခွင့်ပြုထားသော ပြည်ပကုမ္ပဏီ နှစ်ခုသည် ၎င်းတို့၏ ဝန်ဆောင်မှု လုပ်ငန်း များကို လာမည့် ဇန်နဝါရီလတွင် စတင်မည် ဖြစ်ကြောင်း ကြေညာထားသည်။

The Voice Weekly