Pages

Sunday, September 1, 2013

သမ္မတ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ နေပြည်တော်တွင် တွေ့ဆုံ

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် အတိုက်အခံခေါင်းဆောင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ သြဂုတ် ၃၁ ရက် ညနေ ၃ နာရီက နေပြည်တော် ဇဗ္ဗူသီရိမြို့နယ်ရှိ နိုင်ငံတော်သမ္မတ လယ်တောအိမ်၌ သီးခြားတွေ့ဆုံခဲ့ကြောင်း သတင်းရရှိသည်။
ယင်းတွေ့ဆုံမှုနှင့် ပတ်သက်၍ နိုင်ငံတော် သမ္မတရုံးနှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သို့ ဆက်သွယ်မေးမြန်းခဲ့ရာ တာဝန်ရှိသူများက တွေ့ဆုံခဲ့မှုကို အတည်ပြုခဲ့သော်လည်း ဆွေးနွေးမှု အကြောင်းအရာများနှင့် ပတ်သက်၍ ထုတ်ဖော်ပြောကြားရန် ငြင်းဆိုခဲ့သည်။
"တွေ့ဆုံတာ ဟုတ်ပါတယ်။ ဆွေးနွေးတဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်လို့တော့ သတင်းထုတ်ပြန်ဖို့ မရှိပါဘူး" ဟု သတင်းထုတ်ပြန်ရေးနှင့် ပတ်သက်၍ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ပြောရေးဆိုခွင့်ရှိသူ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်က The Daily Eleven ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားသည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံမှုနှင့် စပ်လျဉ်း၍ နိုင်ငံတော်သမ္မတရုံးမှ တာဝန်ရှိသူ တစ်ဦးက "ဟုတ်ပါတယ်။ ညနေ ၃ နာရီက သမ္မတလယ်တောအိမ်မှာ တွေ့ဆုံခဲ့တာပါ။ နိုင်ငံခေါင်းဆောင်တွေဆိုတော့ လက်ရှိနိုင်ငံရေးကို ဆွေးနွေးကြတာ ဖြစ်မှာပေါ့။ နိုင်ငံ့အရေး ဆိုတာက အများကြီးပဲလေ။ တိုင်းရင်းသားအရေး၊ ငြိမ်းချမ်းရေးတွေလည်း ပါတာပေါ့" ဟု The Daily Eleven ၏ ဖုန်းဖြင့်ဆက်သွယ် မေးမြန်းမှုကို ဖြေကြားခဲ့သည်။
Eleven