Pages

Saturday, September 28, 2013

ဖွဲ့စည်းပုံအခြေခံဥပဒေ မပြင်ဆင်ပါက၂၀၁၅ ခုနှစ်ရွေးကောက်ပွဲသည် တရားမျှတမှုမရှိနိုင်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား


ဖွဲ့စည်းပုံအခြေခံ ဥပဒေမပြင်ဆင်ပါက ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲသည် တရားမျတမှု မရှိနိုင်ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
စက်တင်ဘာ ၂၇ ရက်ကပြုလုပ်သော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် တည်ထောင်ခြင်း (၂၅)နှစ်ပြည့် ငွေရတုအထိမ်းအမှတ် အခမ်းအနားအပြီး သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရာ၌ ဧရာဝတီသတင်းဌာန၏ ''စင်ကာပူမှာတုန်းက ပြောခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေ မပြင်နိုင်လို့ရှိရင် ၂၀၁၅ မှာ ပြဿနာတွေ အများကြီး ရှိမယ်လို့ပြောခဲ့တယ်။ အဲဒီ ပြဿနာတွေက စစ်တပ်က အာဏာသိမ်းတာမျိုးပါလာ နိုင်ပါသလား''ဟု မေးခွန်းမေးမြန်းမှုအပေါ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ထိုသို့ ပြန်လည် ဖြေကြားခဲ့ခြင်းဖြစ်သည်။
''ဥပဒေကို မပြင်ဘူးဆိုလို့ရှိရင် ဒီနိုင်ငံဟာ ဒီမိုကရေစီဘက်ကို တကယ်ဦးတည်တယ်လို့ ဘယ်လိုမှမပြောနိုင်ဘူး။ နောက်ပြီးတော့လည်း ကျွန်မတို့အမြင်မှာတော့ ဖွဲ့စည်းအခြေခံဥပဒေကို မပြင်ဘူးဆိုလို့ရှိရင် ၂၀၁၅ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတယ်လို့ ပြောနိုင်မှာမဟုတ်ဘူး။ လွတ်လပ်ရင် လွတ်လပ်လိမ့်မယ်။ မဲထည့်တဲ့နေ့မှာ လွတ်လွတ်လပ်လပ် မဲထည့်ရင် မဲထည့်နိုင်လိမ့်မယ်။ ဒါပေမဲ့ အစကတည်းက မျှတမှုမရှိတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေအောက်မှာ ကျင်းပတဲ့ရွေးကောက်ပွဲဆိုတာ ဘယ်လိုမှ မျှတနိုင်မှာ မဟုတ်ဘူးလို့ဘဲ ပြောချင်တယ်။အဲဒီမမျှတတဲ့ ရလဒ်တွေအဖြစ်နဲ့ ပြဿနာတွေ အများကြီးပေါ်လာနိုင်တယ်''ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
မည်သည့်ပြဿနာမျိုး ဆိုသည်မှာ တိတိကျကျပြောရန် စောလွန်းနေသေးကြောင်း၊ ပြဿနာဆိုသည်မှာ အမျိုးမျိုးဖြစ်နိုင်ကြောင်း၊ မျှတမှုကို အခြေမခံသည့် စနစ်ဆိုသည်မှာ မည်သို့မျှ ဒီမိုကရေစီစနစ် မဖြစ်နိုင်ကြောင်း၊ အယောင်ဆောင် ဒီမိုကရေစီစနစ်သာဖြစ်ပြီး အယောင်ဆောင် ဒီမိုကရေစီစနစ်ဖြင့် မည်ကဲ့သို့မျှ ဒီမိုကရေစီရွေးကောက်ပွဲဟု ပြောဆို၍ ကျင်းပနိုင်မည် မဟုတ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
တပ်မတော်နှင့် အရပ်သား နိုင်ငံရေး အဖွဲ့အစည်းများအကြား ပြေလည်စေရန် ထိတွေ့ရေးနှင့်ပတ်သက်၍ မိမိအတွက် ကြီးမားသော စိန်ခေါ်မှုဟု ပြော၍မရဘဲ နိုင်ငံတစ်နိုင်ငံလုံးအတွက် ကြီးမားသည့် စိန်ခေါ်မှုဖြစ်ကြောင်း၊ အဆိုပါကိစ္စသည် အမျိုးသား ရင်ကြားစေ့ရေး၏ အုတ်မြစ်တစ်ခုဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
''တပ်မတော်နဲ့ အရပ်သား နိုင်ငံရေးအဖွဲ့အစည်းများအကြား ပြေလည်ရေး၊ ဆွေးနွေးရေး၊ တိုင်ပင်ရေး ကျွန်မအနေနဲ့ အားရလား ဆိုတော့ ကျွန်မအနေနဲ့ အားမရဘူးဆိုတာ ဘာဖြစ်လို့လဲဆိုတော့ အခုထက်ထိ တပ်မတော်နဲ့ ထိတွေ့မှုဆိုတာ မရှိသလောက်ဘဲ။ အဲဒီတော့ ဒီလိုထိတွေ့မှု ရှိဖို့လိုတယ်။ ဒီလို ထိတွေ့မှုရှိမှသာလျင် တစ်ယောက်အကြောင်း တစ်ယောက်သိရမယ်။ အဲဒီလို ထိတွေ့မှုကနေ တစ်ဆင့် ဆွေးနွေးပြီးတော့ ကိုယ့်နိုင်ငံအတွက် အတူတူအကျိုးပြုနိုင်မှာပေါ့။ တကယ်တော့ ထိတွေ့ဖို့ ဘာမှကြောက်စရာမရှိပါဘူး။ ကျွန်မတို့က ကြောက်စရာမကောင်းပါဘူး။ ဟုတ်တယ်မဟုတ်လား''ဟု အမျိုးသားဒီမိုကရေစီ ဖွဲ့ချုပ်ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
ထို့အပြင် နိုင်ငံခြားသားနှင့် ပတ်သက်မှုများအား ၁၉၄၇ ခုနှစ်နှင့် ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေများတွင် လွှတ်တော်ကိုယ်စားလှယ် ဖြစ်ခွင့်ကိုပါ ကန့်သတ်ထားသော်လည်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် သမ္မတဖြစ်ခွင့်၌သာ ကန့်သတ်ထားပြီး ဖြေလျှော့မှုများ ပြုလုပ်ထားကြောင်း ပြောဆိုမှုများနှင့် စပ်လျဉ်း၍ မေးမြန်းမှုအပေါ် ဒေါ်အောင်ဆန်းစုကြည်က ''၁၉၄၇ ခုနှစ်ဖွဲ့စည်းပုံ အခြေခံဥပဒေကို အသုံးပြုချင်ရင်ပြုလိုက် အသုံးမပြုချင်လို့ရှိရင် အဲဒီဟာက အဲဒီတုန်းကတော့ မလုံလောက်ပါဘူးလို့ ပြောလိုက် အဲဒီလို လုပ်နေလို့မရဘူး။ နောက်ပြီးတော့ အတိတ်ကို ပြန်ပြန်ကြည့်နေလို့ မရဘူး။ အခုလက်ရှိ ခေတ်အတွက် လိုအပ်ချက်ကို ကြည့်ပြီး အလုပ်လုပ်ရမှာပေါ့။ ဥပမာဆိုလို့ရှိရင် ကျွန်မအနေနဲ့တော့ ဟိုးအရင်တုန်းက ဖြစ်ခဲ့တာတွေကိုပဲ အပြစ်ဖို့ပြီးတော့ အခု ကိုယ်မလုပ်နိုင်တာကို ကိုယ်မဖြစ်မြောက်နိုင်တာအတွက် ဆင်ခြင်ပေးတာဆိုတာ မလုပ် သင့်ဘူးလို့ ထင်တယ်''ဟု ဖြေကြားခဲ့သည်။
 Eleven Media Group