Pages

Friday, September 13, 2013

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဖက်ဒရယ်မူ အခြေခံရေးနှင့် တိုင်းဒေသကြီးများကို ပြည်နယ်အဖြစ် သတ်မှတ်ပေးရန် SNDP ပါတီ တင်ပြမည်



၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဖက်ဒရယ် ပြည်ထောင်စုမူကို အခြေခံရေးနှင့် လက်ရှိ တိုင်းဒေသကြီး အမည်သတ်မှတ် ထားမှုများကို ပြည်နယ်အဖြစ် သတ်မှတ်ပေးသွားရန် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီက တင်ပြသွားမည် ဖြစ်ကြောင်း သိရသည်။

စက်တင်ဘာ ၉ ရက်မှ ၁၂ ရက်အထိ တောင်ကြီးမြို့ရှိ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ဗဟိုဌာနချုပ်ရုံး၌ SNDP ၏ ပါတီကိုယ်စားပြု လွှတ်တော်အသီးသီးမှ ကိုယ်စားလှယ်များ ပါဝင်သော ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ဆွေးနွေးပွဲကို ပြုလုပ်ခဲ့ပြီး အဆိုပါပွဲမှ ပြင်ဆင်လိုသည့် အချက်များကို ဆွေးနွေးအတည်ပြုခဲ့ကြောင်း သိရသည်။

''ကျွန်တော်တို့ကတော့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း ၁ မှာပါတဲ့ အခြေခံရမည့်မူများ ဆိုတာကို စကိုင်တာပေါ့။ အဲဒီမှာ ဖက်ဒရယ် ပြည်ထောင်စုဖြစ်ဖို့ ကျွန်တော်တို့က တင်သွင်းချင်တယ်။ နောက်ပြီးတော့ တိုင်းဒေသကြီးတွေကို တိုင်းဒေသကြီးလို့ ခေါ်မယ့်အစား ပြည်နယ် ၁၄ ခုကို အခြေခံချင်တယ်။ အမည်နာမ ဝေါဟာရကအစ အကုန်လုံး တစ်ပြေးညီ ဖက်ဒရယ်ဖြစ်ဖို့ ကျွန်တော်တို့က ရည်မှန်းတာပါ။ အမည်နာမ၀ိသေသ တွေက ကွဲနေရင် မဖြစ်သေးဘူးလေ။ အဲဒါကြောင့် အမေရိကန်နိုင်ငံမှာ ဆိုရင်တော့ ပြည်နယ် ၅၀ ပေါ့။ ကျွန်တော်တို့ ဆီကတော့ ၁၄ ပြည်နယ်ပေါ့။ အဲဒါကို လက်ခံချင်တယ်'' ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ တွဲဖက်အတွင်းရေးမှူး ဦးစိုင်းမောင်တင်က ပြောကြားသည်။

ပြည်ထောင်စု လွှတ်တော်က ဖွဲ့စည်းထားသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ကော်မတီတွင် SNDP ပါတီမှ လေးဦးပါဝင်ပြီး လက်ရှိဆွေးနွေး အတည်ပြုထားသည့် ပြင်ဆင်လိုသည့် အချက်များကို အဆိုပါ ကိုယ်စားလှယ်များမှတစ်ဆင့် လွှတ်တော် လေ့လာသုံးသပ်ရေး ကော်မတီကို တင်ပြသွားမည် ဖြစ်ကြောင်း သိရသည်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ အဖွဲ့ဝင်အဖြစ် ပါဝင်သော ညီနောင်တိုင်းရင်းသား ပါတီများ ဖက်ဒရေးရှင်းကလည်း ၎င်းတို့၏ မူအဖြစ် ကိုင်စွဲသွားမည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ မူကြမ်းတစ်ခုကို ရေးဆွဲသွားမည်ဖြစ်ပြီး အဆိုပါ မူကြမ်းနှင့် ယခု SNDP မှ ပြင်ဆင်လိုသည့် အချက်များနှင့်မူ ကွာခြားချက် အနည်းငယ် ရှိနိုင်ကြောင်းနှင့် လွှတ်တော် လေ့လာသုံးသပ်ရေး ကော်မတီသို့ တင်ပြရာတွင်မူ NBF မူနှင့် ၎င်းတို့မူ နှစ်ခုလုံးကို တင်ပြသွားမည်ဟု ဦးစိုင်းမောင်တင်က ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကလည်း ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ကော်မတီတစ်ခုကို ဖွဲ့စည်းထားပြီး အဆိုပါ ကော်မတီအနေဖြင့် အပတ်စဉ် စနေနေ့တိုင်း တိုင်းရင်းသားပါတီများမှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံမှုများ ပြုလုပ်သွားမည် ဖြစ်သည်။
EMG