Pages

Tuesday, October 15, 2013

သံတွဲပဋိပက္ခ ဖြစ်စဉ်တွင် သံသယရှိ၍ စစ်ဆေးနေသူ ၇၈ ဦးအနက် လူသတ်မှုနှင့် ဖြောင့်ချက်ပေးသူ ခြောက်ဦးရှိပြီး မီးရှို့ကြောင်း စစ်ဆေးပေါ်ပေါက်သူ ၂၈ ဦးရှိဟု ပြည်ထဲရေး ၀န်ကြီးဌာန သတင်းထုတ်ပြန်

ရခိုင်ပြည်နယ် သံတွဲမြို့နယ်တွင် စက်တင်ဘာ ၂၈ ရက်က စတင်ဖြစ်ပွားခဲ့သည့် ပဋိပက္ခ ဖြစ်စဉ်တွင် မီးရှို့ခြင်း၊ လူသတ်ခြင်းများ ပြုလုပ်ခဲ့ကြသည်ဟု သံသယရှိသဖြင့် ခေါ်ယူထိန်းသိမ်း စစ်ဆေးမေးမြန်း လျက်ရှိသူ ၇၈ ဦးအနက် လူသတ်မှုနှင့် ပတ်သက်၍ ဖြောင့်ချက်ပေးသူ ခြောက်ဦးရှိပြီး မီးရှို့ကြောင်း စစ်ဆေးပေါ်ပေါက်သူ ၂၈ ဦး ရှိသည်ဟု အောက်တိုဘာ ၁၄ ရက် ညပိုင်းက မြန်မာ့ ရုပ်မြင်သံကြား၏ သတင်းဖော်ပြချက်အရ သိရသည်။ ထို့ပြင် မီးရှို့ခြင်း၊ လူသတ်ခြင်းများ ပြုလုပ်ခဲ့ကြသည်ဟု သံသယ ရှိသဖြင့် ခေါ်ယူထိန်းသိမ်း စစ်ဆေးမေးမြန်း လျက်ရှိသူ ၇၈ ဦးအနက် ငါးဦးမှာ စစ်ဆေးပေါ်ပေါက်မှု မရှိသဖြင့် အောက်တိုဘာ ၁၄ ရက်တွင် ပြန်လွှတ်ပေး လိုက်သည်ဟု သတင်းတွင် ဖော်ပြထားသည်။
အဆိုပါ သံသယရှိသူများအား စစ်ဆေးချက်များအရ လင်းသီကျေးရွာမှ နှစ်ဦးအသတ်ခံရမှုနှင့် ပတ်သက်ပြီး ဖြောင့်ချက်ပေးသူ လေးဦး၊ သပြုခြံကျေးရွာမှ ငါးဦးအသတ် ခံရမှုနှင့် ပတ်သက်ပြီး ဖြောင့်ချက်ပေးသူ နှစ်ဦးနှင့် မီးရှို့ကြောင်း စစ်ဆေးပေါ်ပေါက်သူ ၂၈ ဦး စုစုပေါင်း ၃၄ ဦးတို့အား တရားဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပြီး ကျန်ရှိနေသူများကို စစ်ဆေးဆဲဖြစ်ကြောင်း သိရသည်။
တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန်နှင့် ဆူပူအကြမ်းဖက်မှု ပဋိပက္ခများ ဖြစ်ပွားစေရန် ရည်ရွယ်ပြီး နောက်ကွယ်မှ လှုံ့ဆော်ဖန်တီး သူများကိုပါ ဆက်လက် ဖော်ထုတ်လျက် ရှိကြောင်းနှင့် ပြစ်မှုကျူးလွန်ကြောင်း စစ်ဆေးပေါ်ပေါက် သူများအား ထိရောက်စွာ အရေးယူသွားမည် ဖြစ်ကြောင်း ပြည်ထဲရေး ၀န်ကြီးဌာနမှ သတင်းရရှိသည်ဟု မြန်မာ့ရုပ်မြင်သံကြား သတင်းအစီအစဉ်တွင် ဖော်ပြပါရှိသည်။
ရခိုင်ပြည်နယ် သံတွဲမြို့ ပဋိပက္ခများအတွင်း လူခုနစ်ဦး သေဆုံးကာ ငါးဦးဒဏ်ရာ ရရှိခဲ့ကြောင်း၊ လူနေအိမ် ၁၁၂ လုံး၊ ဘာသာရေး အဆောက်အအုံ သုံးလုံး၊ ဆီဂိုဒေါင် တစ်လုံး မီးလောင်ပျက်စီး ဆုံးရှုံးကာ အိမ်ထောင်စု ၁၁၂ စု၊ လူဦးရေ ၄၈၇ ဦး အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်ဟု အစိုးရပိုင် မီဒီယာများက သတင်းထုတ်ပြန်ခဲ့သည်၊
Eleven Media Group