Pages

Tuesday, October 15, 2013

တရားစီရင်မှုများကို စောင့်ကြည့်၍ ဗီဒီယို၊ ကင်မရာများဖြင့် မှတ်တမ်း တင်နိုင်မည့် တရားရုံးများ လေ့လာ စောင့်ကြည့်ရေး ဥပဒေကြမ်းအား ယခုအပတ်အတွင်း လွှတ်တော်သို့ တင်သွင်းမည်

တရားစီရင်မှုများကို စောင့်ကြည့်၍ ဗီဒီယို၊ ကင်မရာများဖြင့် မှတ်တမ်း တင်နိုင်မည့် တရားရုံးများ လေ့လာ စောင့်ကြည့်ရေး ဥပဒေကြမ်းအား ယခုပတ်အတွင်း လွှတ်တော်သို့ တင်သွင်းမည်ဟု ပြည်သူ့လွှတ်တော်၊ တရားစီရင်ရေး၊ ဥပဒေရေးရာနှင့် တိုင်ကြားစာများ၊ အသနားခံစာများ စိစစ်ဆောင်ရွက်ရေး ကော်မတီဥက္ကဋ္ဌ သူရဦးအောင်ကိုက အောက်တိုဘာ ၁၄ ရက်တွင် သတင်းထောက်များသို့ ပြောကြားသည်။
နိုင်င်ငံတစ်ဝန်းတွင် ရှိသည့် ဥပဒေ ပညာရှင်များ၏ အကြံပြုချက် များစွာအရ တရားရုံးများ စောင့်ကြည့်ရေးအဖွဲ့ ဖွဲ့စည်းရန် ဥပဒေရေးဆွဲ ခဲ့ခြင်းဖြစ်ကြောင်း၊ ထိုသို့ ရေးဆွဲခဲ့ရာ လက်ရှိအချိန်တွင် တရားရုံးများ လေ့လာ စောင့်ကြည့်ရေး ဥပဒေကြမ်းကို ပထမမူကြမ်းအား ရေးဆွဲပြီး ဖြစ်ကြောင်း၊ ယခုပတ်အတွင်း လွှတ်တော်သို့ စတင်သွင်း နိုင်မည်ဟု သူရဦးအောင်ကိုက ပြောကြားသည်။
'လွှတ်တော်တင်တဲ့ အခါမှာ ဒီဥပဒေကြမ်းနဲ့ ပတ်သက်ပြီး လွှတ်တော် ဥပဒေကြမ်း ကော်မတီရယ်၊ ကျွန်တော်တို့ ကော်မတီရယ်၊ တရားရုံးများရယ်၊ ပြည်ထောင်စု ရှေ့နေချုပ် ရုံးရယ် အကျုံးဝင်တဲ့ ဌာနအဖွဲ့အစည်း တာဝန်ရှိ အဖွဲ့အစည်းများနဲ့ မျက်နှာစုံညီ ပြန်ညှိနှိုင်း ပြင်ဆင်ရမှာ ဖြစ်ပါတယ်။ ဒီဥပဒေမှာ သတင်းမီဒီယာကိုလည်း ထည့်ထားပါတယ်။ သတင်းမီဒီယာကို တရားရုံးများ လေ့လာစောင့်ကြည်ရေး အဖွဲ့မှာ အဖွဲ့ဝင်အဖြစ် ထည့်သွင်းသွားမှာ ဖြစ်ပါတယ်။ ဒါဟာ ယနေ့တရားရုံးများမှာ ကင်မရာ ယူမလာရ၊ ဗီဒီယို ယူမလာရ၊ အပြင်လူ မ၀င်ရ၊ စာနယ်ဇင်းသမား မ၀င်ရဆိုပြီး ကန့်သတ်ထားတာ ရှိပါတယ်။ တကယ်တော့ ဒီခေတ်ကြီးက အိုင်တီခေတ်ကြီးပါ။ ကမ္ဘာကြီးဟာ အကုန်ပွင့်လင်း မြင်သာနေပါပြီ။ မြန်မာနိုင်ငံမှာရှိတဲ့ တရားရုံးများလည်း ပွင့်လင်းမြင်သာဖို့ လိုအပ်လာပါပြီ။ အခြေခံ ဥပဒေမှာလည်း နိုင်ငံတော်နဲ့ အမျိုးသားရေး ဂုဏ်သိက္ခာကို ထိပါးစေတဲ့ ကိစ္စတွေမှအပ ကျန်တဲ့မည်သည့် တရားမမှု၊ မည်သည့် ပြစ်မှုမဆို အများပြည်သူ ရှေ့မှောက်မှာ ပွင့်လင်းမြင်သာစွာ စစ်ဆေးစီရင် ရမည်လို့ ဖော်ပြထားပါတယ်'' ဟု သူရဦးအောင်ကိုက ပြောကြားသည်။
''ဒီအဖွဲ့သည် တရားစီရင်မှုများကို စောင့်ကြည့်မှာ ဖြစ်ပါတယ်။ အသံ/ရုပ် မှတ်တမ်းတင်မှာ ဖြစ်ပါတယ်။ တစ်စုံတစ်ရာ ဝေဖန်ခြင်း၊ အကြံပြုခြင်း၊ ၀င်ရောက် စွက်ဖက်ခြင်းလုပ်မှာ မဟုတ်ပါဘူး။ တချို့ဆိုရင် ခြောက်လနဲ့ ပြီးရမယ့် အမှုက ခြောက်နှစ်ကြာတာ ရှိပါတယ်။ တစ်နှစ်နဲ့ ပြီးရမယ့် အမှုတွေက ၁၀ နှစ်ကြာတာ ရှိပါတယ်။ အဲဒီအခါ တရားလို၊ တရားပြိုင်တွေမှာ မလိုလားအပ်တဲ့ ငွေကြေးကုန်ကျမှုတွေ ရှိလာပါတယ်။ ဆင်းရဲဒုက္ခ ကြုံတွေ့ကြရပါတယ်။ တရားရုံးများ စောင့်ကြည့်ရေးအဖွဲ့ ဖွဲ့စည်းခြင်းက အဲဒီလို မကြာသင့်တဲ့ အမှုတွေ မကြာအောင် ဖြစ်ပါတယ်။ စီရင်ချက် ချပြီးနောက် အဲဒီစီရင်ချက်ကို တစ်နိုင်ငံလုံးသိအောင် သတင်းထုတ်ပြန်ဖို့ ဖြစ်ပါတယ်။ တရားရေးမဏ္ဍိုင် ဖြောင့်မတ်မှန်ကန်ဖို့ တရားရုံးများ စောင့်ကြည့်ရေးအဖွဲ့ ဖွဲ့စည်းခြင်းဟာ အမှန်တကယ် လိုအပ်ပါတယ်'' ဟု သူရဦးအောင်ကိုက ပြောကြားသည်။
တရားစီရင်ရေး ကဏ္ဍတွင် အခြားပြင်ပ စီးပွားရေး အဖွဲ့အစည်းများနည်းတူ အကျင့်ပျက်မှုများ အမြစ်တွယ် နေကြောင်း ပြည်ထောင်စုလွှတ်တော် တရားသူကြီး ဦးမြင့်အောင်က တရားဥပဒေ စိုးမိုးရေးအတွက် တရားစီရင်ရေးဆိုင်ရာ အဖွဲ့အစည်းများနှင့် ပြည်ထောင်စု လွှတ်တော်နာယက၊ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် တွေ့ဆုံစဉ် ၀န်ခံပြောကြားသည်။
Eleven Media Group