Pages

Thursday, October 24, 2013

အိန္ဒိယ၊ မြန်မာနှင့်ထိုင်း သုံးနိုင်ငံ ချိတ်ဆက်မည့် အဝေးပြေး ကားလမ်းမကြီးကို မကြာမီ စတင် အသုံးပြုနိုင်တော့မည်

အိန္ဒိယ၊ မြန်မာနှင့် ထိုင်းနိုင်ငံတို့ကို ချိတ်ဆက်ရန် အဆိုပြုထားသည့် အဝေးပြေး လမ်းမကြီးကို မကြာမီ စတင် အသုံးပြုနိုင်တော့မည်ဟု အိန္ဒိယနိုင်ငံ စီးပွားရေးနှင့် စက်မှုလုပ်ငန်းဝန်ကြီး မစ္စတာ အာနက်ရှာမာက အောက်တိုဘာ ၂၂ ရက်က ပြောကြားမှုကို ကိုးကား၍ အိန္ဒိယနိုင်ငံ၏ The Economic Times သတင်းဌာနက ဖော်ပြလိုက်သည်။

"ကျွန်တော်တို့ မြန်မာအစိုးရ၊ ထိုင်းအစိုးရတို့နဲ့ သုံးနိုင်ငံ ဆက်သွယ် အဝေးပြေး လမ်းမကြီး ဖောက်လုပ်ရေးတွေ တိုးတက်လာဖို့ ညှိနှိုင်းနေပါတယ်။ မကြာမီ စတင် လုပ်ကိုင်နိုင်တော့မယ်လို့ မျှော်လင့်ပါတယ်" ဟု မစ္စတာ ရှာမာက ပြောကြားသည်။

အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်ထဲမှ မိုရေးမြို့နှင့် ထိုင်းနိုင်ငံ မဲဆောက်မြို့များသို့ မြန်မာနိုင်ငံကို ဖြတ်သန်းကာ ဆက်သွယ်မည့် အဆိုပါ သုံးနိုင်ငံ ဆက်သွယ် အဝေးပြေးလမ်းကို ဖောက်လုပ်ရန် ၂၀၀၂ ခုနှစ် ကတည်းက သက်ဆိုင်ရာ သုံးနိုင်ငံဝန်ကြီးများ အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ အဝေးပြေးလမ်းမကြီး ပြီးဆုံးသွားပါက အိန္ဒိယနှင့် အရှေ့တောင်အာရှ နိုင်ငံများကို ဆက်သွယ်မည့် ထင်ရှားသည့် ခြေလှမ်းတစ်ရပ် ဖြစ်လာမည် ဖြစ်သည်။

ထို့ပြင် အိန္ဒိယက ပို့ဆောင်ဆက်သွယ်ရေး နည်းလမ်းများကို အဆင့်မြှင့်တင်ရန် ရေလမ်းနှင့် ကုန်းလမ်းများ ပေါင်းစုံပါဝင်သည့်  ကုလားတန် ပုံစံမျိုးစုံ ပို့ဆောင်ဆက်သွယ်ရေး စင်္ကြံစီမံကိန်းကိုလည်း ပိုမိုဖွံ့ဖြိုးလာစေရန် ကြိုးစားနေကြောင်း မစ္စတာ ရှာမာက ဆက်လက် ပြောကြားသည်။

ကုလားတန် ပုံစံမျိုးစုံ ပို့ဆောင်ဆက်သွယ်ရေး စင်္ကြံစီမံကိန်းမှာ အိန္ဒိယနိုင်ငံ ကိုလ်ကတ္တား ဆိပ်ကမ်းနှင့် မြန်မာနိုင်ငံ စစ်တွေဆိပ်ကမ်းကို ရေကြောင်းလမ်းဖြင့် ဆက်သွယ်ပေးမည်ဖြစ်ပြီး စစ်တွေမှ မီဇိုရမ်ကို မြစ်ကြောင်းမှ ရေလမ်းအပြင် ကုန်းလမ်းများဖြင့် ဆက်သွယ်နိုင်မည်ဟု သိရသည်။

အိန္ဒိယ အစိုးရအနေနှင့် မြန်မာနိုင်ငံနှင့် ပင်လယ်ရေကြောင်းဖြင့် ဆက်သွယ်ရေး နည်းလမ်းများ ရှာဖွေနေသည်ဟု မစ္စတာရှာမာက ဆိုသည်။

အိန္ဒိယနိုင်ငံမှ မြန်မာနိုင်ငံသို့ အဓိက ပို့ကုန်များတွင် ဆေးပစ္စည်း၊ ၀ါဂွမ်း၊ စက်ပစ္စည်းများ ပါဝင်ပြီး မြန်မာနိုင်ငံမှ အိန္ဒိယနိုင်ငံသို့ အဓိက ပို့ကုန်များမှာ ပဲမျိုးစုံ၊ ရာဘာနှင့် သစ်များ ဖြစ်သည်။

မြန်မာ-အိန္ဒိယနှစ်နိုင်ငံ နယ်စပ် ကုန်သွယ်ရေး စခန်းများမှ ကုန်သွယ်မှု ပြုလုပ်ရာတွင် ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်က အမေရိကန်ဒေါ်လာ ၃၈ သန်းကျော်ဖိုး ကုန်သွယ်ခဲ့ပြီး ယခု ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် ဧပြီ ၁ ရက်မှ ဇူလိုင်လကုန်အထိ အမေရိကန် ဒေါ်လာ ၁၃ သန်းကျော် ကုန်သွယ်မှု ပြုလုပ်ထားပြီး ပို့ကုန်တင်ပို့မှု ပိုမိုပြုလုပ်ထားကြောင်း နယ်စပ် ကုန်သွယ်ရေး ဦးစီးဌာနမှ သိရသည်။