Pages
▼
Thursday, October 24, 2013
အင်ဂျင်နီယာ ပညာရေးစနစ်အား ၂၀၁၂ ခုနှစ်က ပြောင်းလဲခဲ့ပြီး ၂၀၁၃ ခုနှစ်တွင် ထပ်မံ ပြောင်းလဲသည်မှာ မဖြစ်သင့်၊ မဖြစ်ထိုက်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များ ဝေဖန်
မြန်မာနိုင်ငံ၏ အင်ဂျင်နီယာ ပညာရေးစနစ်အား ၂၀၁၂ ခုနှစ်က ပြောင်းလဲခဲ့ပြီးနောက် တစ်နှစ်အကြာ ၂၀၁၃ ခုနှစ်တွင် ထပ်မံ ပြောင်းလဲသည်မှာ မဖြစ်သင့်၊ မဖြစ်ထိုက်ကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များက အောက်တိုဘာ ၂၃ ရက်က ကျင်းပသည့် အမျိုးသားလွှတ်တော်တွင် ဝေဖန် ပြောကြားခဲ့သည်။
မန္တလေးတိုင်းဒေသကြီးမှ ဦးမျိုးမြင့် တင်သွင်းသည့် အဆင့်မြင့် နည်းပညာ တက္ကသိုလ်များ ပေါ်ပေါက်လာ၍ အရည်အချင်း ပြည့်ဝသော နည်းပညာ ကျွမ်းကျင်သူများနှင့် အင်ဂျင်နီယာများ မွေးထုတ်ပေးနိုင်ရေး လက်တွေ့ကျစွာ ပုံဖော်မည့် အစီအစဉ်ဖြင့် အင်ဂျင်နီယာနှင့် နည်းပညာဆိုင်ရာ ပညာရေးစနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်ပေးရန် အဆိုအား ဆွေးနွေးရာတွင် လွှတ်တော် ကိုယ်စားလှယ်များက ဝေဖန်ပြောကြားခဲ့ခြင်း ဖြစ်သည်။
အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမြတ်ဥာဏစိုးက "ကျွန်တော်တို့ နိုင်ငံရဲ့ ပညာရေးစနစ်ကို အားလုံးဝေဖန် နေကြပါတယ်။ ဝေဖန်စရာလည်း ဖြစ်နေပါတယ်။ မတည်ငြိမ်ပါဘူး။ ၁၉၉၇ မတိုင်ခင် ၂၀၀၀ ခုနှစ်ကနေ ၂၀၁၁ အထိ ဒီလို ဖြတ်သန်းလာတဲ့ အချိန်မှာ အင်မတန်မှ ရင်နာစရာကောင်းပါတယ်။ အဲဒါကတော့ ၂၀၁၂ ခုနှစ်မှာ တစ်မျိုး၊ ၂၀၁၃ ခုနှစ်မှာတစ်မျိုး တစ်နှစ်အတွင်းမှာပဲ ပြောင်းလဲသွားတယ် ဆိုတာကတော့ ဘယ်လိုမှ မဖြစ်သင့်၊ မဖြစ်ထိုက်ပါဘူး။ လူပြောင်းသော်လည်း မူမပြောင်းဖို့ လိုပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ အင်ဂျင်နီယာ အမြောက်အမြား လိုပါတယ်။ အရေအတွက်ထက် အရည်အချင်းကို ဦးစားပေးပြီး မွေးထုတ်သင့်တယ်" ဟု အကြံပြုခဲ့သည်။
အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးကံညွန့်က "ကျွန်တော်တို့ ခေတ်တုန်းကတော့ အင်ဂျင်နီယာဘွဲ့အတွက် ပထမနှစ်နှစ်မှာ လျှောက်ထားတဲ့ ဘာသာရပ်အလိုက် တက်ရပါတယ်။ တတိယနှစ်မှာတော့ ကြိုက်နှစ်သက်တဲ့ ဘာသာရပ်ကို ပြောင်းတက်လို့ ရပါတယ်။ အင်ဂျင်နီယာ ဘွဲ့အတွက်ကတော့ သင်တန်းကာလ တစ်ဆက်တည်း တက်မှသာ အဆင်ပြေမှာပါ။ သဘာဝကျမှာပါ။ ကျောင်းပိတ်ရက်တွေမှာလည်း သက်ဆိုင်ရာ စက်ရုံတွေမှာ လက်တွေ့ လေ့လာမှုတွေ ပြုလုပ်ခဲ့ရပါတယ်" ဟု ဆွေးနွေးခဲ့သည်။
ဆက်လက်၍ ဦးကံညွန့်က "အရင်ခေတ်တုန်းကလို ရှိပြီးသား အဆောင်တွေမှာ ထားသင့်ပါတယ်။ တက္ကသိုလ် ပိတ်ရက်တွေမှာလည်း အရင်ကလို စက်ရုံတွေမှာ လက်တွေ့ လေ့လာနိုင်ဖို့ ဆောင်ရွက်ပေးသင့်ပါတယ်။ နောက်ဆုံးနှစ်မှာ စာတမ်းတွေ၊ ပစ္စည်းပုံစံ ထုတ်လုပ်မှုတွေ လုပ်နိုင်ဖို့နဲ့ မဟာသင်တန်းနဲ့ ပါရဂူ သင်တန်းတွေအတွက် ကူညီထောက်ပံ့မှုတွေ လုပ်ဆောင်ပေးဖို့ လိုပါတယ်" ဟု အကြံပြုခဲ့သည်။
အင်ဂျင်နီယာ နည်းပညာဆိုင်ရာ ပညာရေးစနစ်နှင့် ပတ်သက်၍ အပိုင်းနှစ်ပိုင်းခွဲ တင်ပြလိုကြောင်း၊ တည်ငြိမ်မှု မရှိသည့် အင်ဂျင်နီယာ နည်းပညာဘွဲ့နှင့် ပညာရေးစနစ်၊ သင့်တော်သည့် ပညာရေးစနစ်ကို ရှာဖွေခြင်း ဆောင်ရွက်ရန် ဖြစ်ကြောင်း၊ စက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန်အတွက် အင်ဂျင်နီယာ ဘွဲ့ရများ လိုအပ်ကြောင်း၊ အင်ဂျင်နီယာများ၏ အရည်အသွေးများ မြင့်မားအောင် ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးစိုးမြင့်က ဆွေးနွေး အကြံပြုခဲ့သည်။
အင်ဂျင်နီယာ မွေးထုတ်မှုများနှင့် ပတ်သက်ပြီး ရန်ကုန်နှင့် မန္တလေးတက္ကသိုလ်များက အင်ဂျင်နီယာတစ်မျိုးမွေးထုတ်၊ ပြည်နယ်နှင့် တိုင်းများက အင်ဂျင်နီယာတစ်မျိုး မွေးထုတ်သည့် အစီအမံ ကျင့်သုံးခြင်းမှာ တိုင်းပြည်အတွက် နစ်နာကြောင်း၊ ၀မ်းနည်းဖွယ်ရာ ကောင်းကြောင်း၊ မည်သည့် အကြံအစည်နှင့် ပြောင်းလဲသည်ကို စဉ်းစား၍ပင် မရကြောင်း၊ ဥပမာ သူနာပြုများအား ဆေးပညာသင်ပေးပြီး ဆရာဝန် လုပ်ခိုင်းသကဲ့သို့ ဖြစ်နေကြောင်း ပြောကြားခဲ့သည်။
"အင်ဂျင်နီယာက အင်ဂျင်နီယာ၊ အတတ်ပညာရှင်က အတတ်ပညာရှင်ပါ။ သူနာပြုနဲ့ ဆရာဝန် မတူသလိုပါပဲ။ ဒါတွေကိုလည်း အားလုံး သိရှိနားလည်ပြီး ဖြစ်ကြမှာပါ။ အဲဒါကြောင့် ဒီစနစ်အမှားကြီးကို အခုအချိန်က အချိန်မီပါသေးတယ်။ ရပ်တန်းကနေ ရပ်တန့်ဖို့အတွက် မြန်မာနိုင်ငံရဲ့ ပညာရေးစနစ် သမိုင်းကောင်းတစ်ခုကို ကျွန်တော်တို့ အမျိုးသားလွှတ်တော်က မော်ကွန်းရေးထိုးနိုင်မယ့် အခြေအနေပါ။ အခု ၂၀၁၃ ခုနှစ်မှာ စီစဉ်လိုက်တဲ့ အင်ဂျင်နီယာနဲ့ နည်းပညာရှင်တွေ မွေးထုတ်ပေးဖို့ စနစ်ဟာ ရတနာပုံခေတ် စက်မှုနိုင်ငံ ထူထောင်ဖို့ ကြိုးပမ်းနေသလို ဖြစ်နေပါတယ်။ ရတနာပုံခေတ်က အမှားကို လက်ခံလို့ ရပေမယ့် ၂၁ ရာစုကြီးမှာတော့ လွန်ခဲ့တဲ့ နှစ်ရာချီက အမှားမျိုး ကျင့်သုံးမယ်ဆိုရင် ဘယ်လိုမှ မသင့်တော်ပါဘူး"ဟု ဒေါက်တာ မြတ်ဥာဏစိုးက အကြံပြု ဆွေးနွေးခဲ့သည်။
အဆိုပါ အဆိုအား အမျိုးသားလွှတ်တော်ဆိုင်ရာ နည်းဥပဒေများကို ပြင်ဆင်သည့် နည်းဥပဒေ ၁၃၉ (င) အရ သက်ဆိုင်ရာ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များက ၂၁ ရက်အတွင်း ပြန်လည် ဖြေရှင်း ဆွေးနွေးနိုင်သည့်အတွက် အဆိုတင်သွင်းခဲ့သည့် ရက်မပါ ၂၁ ရက်စောင့်ဆိုင်းပြီးမှ အဆိုနှင့် ပတ်သက်ပြီး လွှတ်တော်၏ အဆုံးအဖြတ်ရယူမည် ဖြစ်ကြောင်း အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ပြောကြားခဲ့သည်။
Eleven Media Group