Pages

Thursday, October 24, 2013

ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးသန်းညိန်း ရာထူးမှ နုတ်ထွက်

မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒါရိုက်တာ အဖွဲ့ဝင်၊ ဒုတိယဥက္ကဋ္ဌ ဦးသန်းညိန်းအား ၎င်း၏ ဆန္ဒ သဘောထားအလျောက် ရာထူးမှ နုတ်ထွက်ခွင့် ပြုလိုက်သည်ဟု နိုင်ငံတော် သမ္မတရုံးမှ အမိန့်အမှတ် ၄၇/၂၀၁၃ ဖြင့် အောက်တိုဘာ ၂၃ ရက်က နိုင်ငံတော်သမ္မတရုံး ၀က်ဘ်ဆိုက်စာမျက်နှာတွင် ဖော်ပြထားသည်။

ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးသန်းညိန်းမှာ  ယခင်က ဗဟိုဘဏ် ဥက္ကဋ္ဌအဖြစ် ထမ်းဆောင်ခဲ့ခြင်းဖြစ်ပြီး ယခုနှစ် ဇူလိုင် ၃၁ ရက် က ၎င်း၏နေရာတွင် လက်ရှိ ဗဟိုဘဏ် ဥက္ကဋ္ဌဖြစ်သူ ဦးကျော်ကျော်မောင်ကို နိုင်ငံတော် သမ္မတရုံးမှ အမိန့်အမှတ် ၂၉/၂၀၁၃ ဖြင့် ဗဟိုဘဏ် ဥက္ကဋ္ဌအဖြစ် ခန့်အပ်ခဲ့ပြီး  ဦးသန်းညိန်းအား ဒုတိယဥက္ကဋ္ဌအဖြစ် ပြောင်းလဲ ခန့်အပ်ခဲ့သည်။

လက်ရှိ ဗဟိုဘဏ်ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်နေသော ဦးကျော်ကျော်မောင်သည်လည်း ယခင်က မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ဥက္ကဋ္ဌအဖြစ် တာဝန် ထမ်းဆောင်ခဲ့ဖူးသူ တစ်ဦးဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးသန်းညိန်း နုတ်ထွက်သွားပြီးနောက် လက်ရှိ မြန်မာနိုင်ငံတော် ဗဟိုဘဏ်တွင် ယခင်က အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဖြစ်သည့် ဦးဆက်အောင်နှင့် စီးပွားရေး တက္ကသိုလ် ပါမောက္ခတစ်ဦးဖြစ်သည့် ဒေါ်ခင်စောဦးတို့ နှစ်ဦးမှာ ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ များအဖြစ် ကျန်ရှိနေသည်။
EMG