Pages

Saturday, November 9, 2013

ဒုတိယအကြိမ် မီတာခလျှော့ချရေး ဆန္ဒဖော်ထုတ်သူ ငါးဦးကို မြို့နယ်သုံးခုက ပုဒ်မ ၁၈ ဖြင့် ထပ်မံအမှုဖွင့်


- Sat Nov 09, 2:47 pm

မီတာခ လျှော့ချရေးအတွက် ဒုတိယမြောက်နေ့အဖြစ် ကန့်ကွက်ဆန္ဒ ဖော်ထုတ်ရာတွင် ဦးဆောင်ပါဝင်သူ ငါးဦးကို စီတန်း လှည့်လည်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၁၈ ဖြင့် သက်ဆိုင်ရာမြို့နယ် သုံးခုရှိ မြို့နယ် ရဲတပ်ဖွဲ့စခန်းများက နိုဝင်ဘာလ ၇ ရက်နေ့တွင် အမှုဖွင့် အရေးယူထားကြောင်း အဆိုပါ ရဲတပ်ဖွဲ့စခန်းများထံမှ သိရသည်။

စမ်းချောင်းမြို့နယ် မြေနီကုန်းမှ အလုံမြို့နယ်ရှိ ရန်ကုန်မြို့တော် လျှပ်စစ် ဓာတ်အားပေးရေး အဖွဲ့ရုံးရှေ့သို့ နိုဝင်ဘာလ ၇ ရက်နေ့ ညနေ ၆ နာရီ ဝန်းကျင်တွင် ဖယောင်းတိုင်ထွန်းကာ ဦးဆောင်လမ်းလျှောက် ဆန္ဒဖော်ထုတ်ခဲ့သော ဒီမိုကရေစီ အင်အားစုအဖွဲ့မှ ဦးဘမြင့်နှင့် ဦးသန်းဆွေ၊ Generation Youth အဖွဲ့မှ ဦးတင်ထွဋ်ပိုင်တို့ကို စမ်းချောင်းမြို့နယ် ရဲတပ်ဖွဲ့စခန်းက ပုဒ်မ ၁၈ ဖြင့် အရေးယူထားကြောင်း အဆိုပါစခန်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မီတာခလျှော့ချရေး ဆန္ဒဖော်ထုတ်ရာတွင် ခွင့်ပြုတောင်းခံခြင်း မရှိဘဲ လုပ်ဆောင်ခြင်း ဖြစ်သောကြောင့် ဒီမိုကရေစီ အင်အားစုအဖွဲ့က ဦးဘမြင့်၊ Generation Youth အဖွဲ့က ဦးတင်ထွဋ်ပိုင်နှင့် ဦကျော်နေဝင်းတို့ကို ဥပဒေပုဒ်မ ၁၈ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း ကြည့်မြင် တိုင်မြို့နယ် ရဲတပ်ဖွဲ့စခန်း စခန်းမှူး ဦးတိုးရွှေက ဆိုသည်။
မီတာခလျှော့ချရေး ဖယောင်းတိုင်ထွန်း ကန့်ကွက်ဆန္ဒ ဖော်ထုတ်ရာတွင် ပါဝင်သူ စုစုပေါင်း ၁၀၀ ကျော်ခန့် ရှိသော်လည်း ပါဝင်သူအားလုံး အလုပ်အကိုင် ပျက်မည်ကိုစိုး၍ အများအပြားကို ဖမ်းဆီး ခြင်း မပြုခဲ့ကြောင်း၊ အဖွဲ့တစ်ဖွဲ့မှ တစ်ယောက်နှုန်းဖြင့် ဒီမိုကရေစီ အင်အားစုအဖွဲ့က ဦးသန်းဆွေ၊ Generation Youth အဖွဲ့က ဦးတင်ထွဋ်ပိုင်နှင့် ကချင် လိုင်ဇာ လမ်းလျှောက်အဖွဲ့က ဦးစည်သူတို့ကို စီတန်း လှည့်လည်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၁၈ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း အလုံမြို့နယ် ရဲတပ်ဖွဲ့စခန်းက စခန်းမှူး ဒုရဲမှူး ဦးဝင်နိုင်က ပြောကြားသည်။

လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနက ရုတ်တရက် မီတာခ တိုးမြှင့်လိုက်ခြင်းကို ဆန့်ကျင်ကန့်ကွက်သည့် အနေဖြင့် နိုဝင်ဘာလ ၆ ရက်နေ့တွင် ရန်ကုန်မြို့ သိမ်ကြီးဈေးရှေ့နှင့် မြို့တော်ခန်းမရှေ့တို့တွင် ဆန္ဒဖော်ထုတ်ရာတွင် ဦးဆောင်သူ ငါးဦးကို သက်ဆိုင်ရာ မြို့နယ်ရဲစခန်းနှစ်ခုက စီတန်းလှည့်လည် ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၁၈ ဖြင့် စတင်အရေးယူခဲ့ပြီး ယခုအကြိမ်မှာ ဒုတိယမြောက် အရေးယူခြင်း ဖြစ်သည်။

မီတာခ တိုးမကောက်ရန်နှင့် ပြန်လည် သုံးသပ်ပြီး လွှတ်တော်သို့ ပြန်တင်ပြရန် ပြည်သူလွှတ်တော် ကိုယ်စားလှယ်တစ်ဦးက အဆိုပြုခဲ့ရာ နိုဝင်ဘာလ ၈ ရက်နေ့တွင် ပြုလုပ်သော ပြည်ထောင်စုလွှတ်တော် အဋ္ဌမ အစည်းအဝေးက ကန့်ကွက်သူမရှိ အတည်ပြု ဆုံးဖြတ်ခဲ့သည်။
  By Administrator