Pages

Friday, March 8, 2013

လူငယ်တွေ အလုပ်အကိုင်ရရေးနဲ့ ပညာရေးကိစ္စ လွှတ်တော်မှာ ဆွေးနွေး

မြန်မာနိုင်ငံ ပညာရေးစနစ်ကို အရည်သွေးမြှင့်တင်ဖို့နဲ့ ဘွဲ့ရလူငယ်တွေ အလုပ်အကိုင်ရရှိစေမယ့် ပညာရေးဥပဒေတစ်ရပ်ကို လွှတ်တော်က ဦးစားပေးရေး ဆွဲသင့်တယ်လို့ ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းက မတ်လ ၈ ရက် ဒီကနေ့မှာ တိုက်တွန်းပြောဆိုခဲ့ပါတယ်။

ရန်ကုန်တိုင်း၊ ရွှေပြည်သာမဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ် ဦးတင်မောင်ဦးက မြန်မာနိုင်ငံမှာ အလုပ်လက်မဲ့ဖြစ်နေတဲ့ ဘွဲ့ရလူငယ်တွေ များနေတဲ့အပေါ် နိုင်ငံတော်အစိုးရအနေနဲ့ အလုပ်အကိုင်ရရှိရေး ဆောင်ရွက်ပေးဖို့ မေးမြန်းရာမှာ သူရဦးရွှေမန်းက အခုလိုဖြေကြားခဲ့တာဖြစ်ပါတယ်။

“ပညာရေးစနစ် ပညာရေးဥပဒေဟာလည်း အမြန်ပေါ်ပေါက်လာဖို့လိုပါတယ်၊ ကျနော်တို့ လွှတ်တော်မှာဖွဲ့စည်းထားတဲ့ ပညာရေးမြှင့်တင်မှုကော်မတီနဲ့ ပညာရေးကို အင်မတန် စိတ်ဝင်စားပြီးတော့ စွမ်းဆောင်နိုင်တဲ့ လွှတ်တော်ကိုယ်စားလှယ်များအနေနဲ့လည်း ပြည်သူများရဲ့အားကို ပူးပေါင်းပြီးတော့ ပညာရေးစနစ် ပညာရေးဥပဒေတစ်ခု ဖြစ်ပေါ်လာရေးအတွက် ဦးစားပေး ရေးဆွဲတင်ပြဖို့လိုကြောင်း လွှတ်တော်ကတဆင့် တင်ပြပါတယ်”

အလားတူ အမျိုးသားစီမံကိန်းနှင့် ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာ ဒေါ်ခင်စန်းရီကလည်း လက်ရှိအစိုးရလက်ထက်မှာ ဘွဲ့ရအရေအတွက်များများရှိတာထက် အရည်အသွေးပြည့်ဝတဲ့ ပညာရေးစနစ်ဖြစ်အောင် ကြိုးပမ်းနေကြောင်း ပြန်လည်ဖြေကြားခဲ့ပါတယ်။

“ပြီးခဲ့တဲ့ကာလတွေမှာ နိုင်ငံတော်အနေနဲ့ ဘွဲ့ရများအရေအတွက် များများရရှိဖို့ ရည်မှန်းခဲ့ပါတယ်၊ အခုအခါမှာတော့ အရည်အချင်းပြည့်ဝမှာသာ အလုပ်အကိုင်ရရှိနိုင်မှာဖြစ်သလို၊ ဝင်ငွေရရှိနိုင်မှာလည်းဖြစ်တဲ့အတွက် ပညာရေးရည်မှန်းချက်ကို Quality Education ဖြစ်ဖို့ ဆောင်ရွက်လျှက်ရှိပါတယ်ရှင်၊ ဘွဲ့ရလူငယ်များဟာ အလုပ်အလွယ်တကူရရှိနိုင်တဲ့ အလုပ်ခန့်ထားနိုင်တဲ့ အရည်အချင်းတွေပြည့်ဝဖို့ ယခုအခါမှာ တက္ကသိုလ်အသီးသီးက နောင်လာမယ့်ကာလမှာ လိုအပ်မယ့်အလုပ်အကိုင်အခွင့်အလမ်း စီးပွားရေးအခွင့်အလမ်းများပေါ် မူတည်ပြီးတော့မှ လိုအပ်ချက်အတိုင်း မွေးထုတ်နိုင်အောင် စီစဉ်ဆောင်ရွက်လျှက်ရှိပါတယ်”

မြန်မာနိုင်ငံမှာ အလုပ်လက်မဲ့နှုန်းထားဟာ လူဦးရေသန်း ၆၀ ရဲ့ ၃၇ရာခိုင်နှုန်းလောက်ရှိကြောင်း အစိုးရကိန်းဂဏန်းတွေအရ သိရှိရပါတယ်။ ပြည်တွင်းမှာ အလုပ်အကိုင်ရှားပါးမှု ရင်ဆိုင်နေရတာကြောင့် မလေးရှား၊ ထိုင်း၊ စင်္ကာပူနဲ့ တခြားဝေးလံတဲ့နိုင်ငံတွေမှာ သွားရောက်လုပ်ကိုင်နေကြတဲ့ လူငယ်တွေ သန်းအတော်များများရှိနေပါတယ်။

မြန်မာနိုင်ငံ လူဦးရေ သန်းပေါင်း ၆၀ မှာ ၁၅ သန်းလောက်ဟာ ဆင်းရဲမွဲတေမှု တိုင်းထွာမှုအရဆိုရင် အဆိုးဝါးဆုံးအဆင့်မှာ ရှိနေတယ်လို့ လေ့လာသူတွေက ပြောထားပါတယ်။
RFA

ငြိမ်းချမ်းရေး လမ်းလျှောက်သူတွေ လိုင်ဇာအနီး ရောက်ရှိ

မြင်းခြံမြို့ကနေ တရုတ်-မြန်မာနယ်စပ်နားက လိုင်ဇာမြို့အထိ ဧရာဝတီမြစ်အရှေ့ဘက်ကမ်းကနေ ချီတက်နေတဲ့ ငြိမ်းချမ်းရေး လမ်းလျှောက်အဖွဲ့ဟာ မတ်လ ၈ ရက်နေ့ ဒီကနေ့မှာ လိုင်ဇာနဲ့ ၁၉မိုင်ကွာဝေးတဲ့ ဒေါ့ဖုန်းယန်ကို ရောက်ရှိနေပြီး အဲဒီအရောက်မှာ ဒေါ့ဖုန်းယန်အုပ်ချုပ်ရေးမှူးက နယ်မြေတွင်း မြေမြှုပ်မိုင်းတွေရှိတဲ့အတွက် ရှေ့ဆက်မသွားဖို့ ခေါ်ယူသတိပေးတယ်လို့ လမ်းလျှောက်သူတွေက RFA ကို ပြောပါတယ်။

အဲဒီလို ခေါ်ယူသတိပေးခံရပေမယ့် မိမိတို့အနေနဲ့ လိုင်ဇာရောက်တဲ့အထိ ရောက်အောင်သွားမယ်လို့ ဆုံးဖြတ်ကြောင်း အဲဒီအဖွဲ့မှာပါဝင်တဲ့ ကိုသန့်ဇင်က RFA ကို ပြောပါတယ်။

“ကျနော်တို့ကို မသွားဖြစ်အောင်လို့ ငြိမ်းချမ်းရေးဆောင်ရွက်မှုကို စိတ်ပိုင်းဆိုင်ရာအရ ဟန့်တားတာတို့ကို ကျနော်တို့က လှည့်ထွက်မှာမဟုတ်ပါဘူး၊ ရောက်အောင်ပဲသွားမှာပဲ၊ ကျနော်တို့က တောထဲသွားမှာလည်း မဟုတ်ဘူး၊ ပုံမှန်ကားတွေသွားနေတဲ့ လမ်းကြောင်းကနေ သွားမှာဖြစ်တယ်၊ ရှင်းပေးဖို့ နှစ်ဖက်စလုံးမှာ တာဝန်ရှိတယ်လို့ ကျနော်မြင်တယ်၊ ကချင်လွတ်မြောက်ရေးတပ်မတော်ကလည်း ကျနော်တို့ကို စောင့်ရှောက်လိမ့်မယ်လို့ ယုံကြည်တယ်၊ နောက်အစိုးရတပ်ဘက်ကလည်း ကျနော်တို့ကို အန္တရာယ်ဖြစ်စေမှာ မဟုတ်ဘူးလို့ ကျနော်ကယုံကြည်တယ်ဗျ”

မြင်းခြံလမ်းလျှောက်အဖွဲ့ဟာ မနက်ဖြန် ညနေပိုင်းမှာ ကေအိုင်အိုဌာနချုပ် လိုင်ဇာမြို့ကို ရောက်ရှိမယ်လို့ ခန့်မှန်းထားပါတယ်။

အလားတူ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၂ ရက်ကစပြီး ရန်ကုန်မြို့ကနေ စတင်ထွက်ခွာခဲ့တဲ့ ဧရာဝတီမြစ် အနောက်ဘက်ခြမ်းက လမ်းလျှောက်နေတဲ့အဖွဲ့ဟာ ဒီကနေ့မှာ မိုးကောင်းမြို့နယ် နမ္မတီးဒေသစိတ် မရမ်းကျေးရွာကို ရောက်ရှိနေပါတယ်။ အဲဒီအဖွဲ့ထဲက ကျန်းမာရေးအခြေအနေကြောင့် ဆေးရုံတင်ထားရတဲ့ သံဃာတော်တစ်ပါးနဲ့ လူငါးဦးဟာ အခုဆိုရင်သက်သာနေပြီလို့ ပြောပါတယ်။ အဲဒီအဖွဲ့ဟာ မကြာခင်မှာ မြစ်ကြီးနားမြို့ကို ရောက်ရှိမှာဖြစ်ပြီး မြစ်ကြီးနား မြို့ခံတွေကလည်း သူတို့ကိုကြိုဆိုဖို့ ပြင်ဆင်နေကြပါတယ်။

RFA

လက်ပန်တောင်းတောင်မြေသိမ်းတိုက်ပွဲ ဆင်နွဲပြီ(၇-၃-၂၀၁၃)

လက်ပန်တောင်းတောင်မြေသိမ်းတိုက်ပွဲ ဆင်နွဲပြီ(၇-၃-၂၀၁၃)
လက်ပန်တောင်းတောင်သိမ်းပွဲဆင်နွဲရန်ပြင်ဆင်နေသောပြည်သူများ





လက်ပန်တောင်းတောင်ကြေးနီစီမံကိန်းမှစွန့်ပြစ်မြေစာပုံကြီး


ဦးပိုင်ကုမ္ပဏီ၏ကြေးနီထုတ်လုပ်ရေးဝန်း


ဦးပိုင်ကုမ္ပဏီ၏ကြေးနီထုတ်လုပ်ရေးဝန်းထဲမှစစ်ကား


ဦးပိုင်ကုမ္ပဏီ၏ကြေးနီထုတ်လုပ်ရေးမြင်ကွင်း၇-၃-၂၀၁၃


ဦးပိုင်ကုမ္ပဏီမှကြေးနီစီမံကိန်းအတွက်သိမ်းပိုက်ထားသောတောင်(၃၃)လုံးအနက်မှ
လိပ်ခွံတောင်နှင့်အင်ကြင်းတောင်(၂)လုံးအားဒေသခံလယ်သမားများပြန်လည်သိမ်းယူလိုက်ပြီ
၇-၃-၂၀၁၃ ည၇နာရီ






လက်ပန်တောင်းတောင်ပြည်သူတွေပြန်လည်သိမ်းပိုက်လိုက်သောလိပ်ခွံတောင်၇-၃-၂၀၁၃









သတင်းနှင့်ဓာတ်ပုံ --Ko Han Win Aung(Facebook)

ကုလ လူ့အခွင့်အရေး အစီရင်ခံစာ အစိုးရ ပယ်ချ

မစ္စတာ သောမတ် အိုဟေး ကင်တားနား

မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆက်ရှိ နေတယ်ဆိုတဲ့ ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် မစ္စတာ သောမတ် အိုဟေး ကင်တားနားရဲ့ အစီရင်ခံစာ ထဲက အချက်တွေကို မြန်မာ အစိုးရက ပယ်ချ လိုက်ပါတယ်။

USAID ရဲ့ မြန်မာပြည် အကူအညီ ဖွံ့ဖြိုးရေး ဦးစားပေးမည်

 USAID အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးမှုအေဂျင်စီ အုပ်ချုပ်ရေးမှူး Dr. Rajiv Shah၊ အမေရိကန်စင်တာ၊ ရန်ကုန်မြို့၊ မြန်မာနိုင်ငံ။ ( Credit to -Credit: Richard Nyberg/USAID)
အမေရိကန်ပြည်ထောင်စုက ဖွံ့ဖြိုးမှုအထောက်အပံ့တွေပေးတဲ့နေရာမှာ အစိုးရကို ငွေသားချက် လက်မှတ် ထုတ်ပေးလိုက်တာမျိုးမဟုတ်ဘဲ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ တရားဥပဒေစိုးမိုးရေးအတွက် ပွင့်လင်းမြင်သာပြီး တာဝန်ခံတဲ့ အုပ်ချုပ်မှု ဖြစ်ထွန်းအောင် တွန်းအားပေး နေတာဖြစ်တယ်လို့ အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးမှုဆိုင်ရာ အကြီးအကဲက ပြောဆိုလိုက်ပါတယ်။  ဒီမိုကရေစီ ထွန်းကားဖို့ အရေးပါဆုံးက သမ္မတနဲ့  လွှတ်တော် ဥက္ကဌ မဟုတ်ဘဲ အရပ်ဘက်လူထုအခြေပြုအဖွဲ့အစည်းတွေရဲ့ အသံက အဓိကကျပါတယ်လို့ လည်း USAID အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးမှုအေဂျင်စီ အုပ်ချုပ်ရေးမှူး Dr. Rajiv Shah က ပြောဆိုလိုက်တာပါ။ ဒေါ်ခင်စိုးဝင်းက အပြည့်အစုံတင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံကို နှစ်ရက်ကြာခရီးရောက်ရှိနေတဲ့ USAID အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးမှုအေဂျင်စီ အကြီးအကဲ Dr. Rajiv Shah က   မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်မှာ သက်ဆိုင်သူတွေ အားလုံးပါဝင်နိုင်ရေး၊ ပွင့်လင်းမြင်သာမှု၊ တာဝန်ခံမှုနဲ့ ပြည်သူ့စွမ်းဆောင်ရည် မြင့်မားရေးအတွက် အမေရိကန်ပြည်ထောင်စုက တွန်းအားပေးသွားမှာဖြစ်တယ်လို့ ပြောပါတယ်။

“ဖွံ့ဖြိုးမှုအထောက်အပံ့တွေပေးတဲ့နေရာမှာ အစိုးရကို ငွေသားချက်လက်မှတ် ထုတ်ပေးလိုက်တာမျိုးမဟုတ်ပါဘူး။ ကျနော်တို့ရဲ့ ရည်ရွယ်ချက်က အစိုးရအနေနဲ့ ပွင့်လင်းမြင်သာမှု    တာဝန်ခံပြီး အထိခိုက်အလွယ်ဆုံး အကူညီလိုအပ်ဆုံး လူထုအတွက် ၀န်ဆောင်မှုပေးအောင်၊  ပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးအတွက်လည်း တွန်းအားပေးနေတာဖြစ်ပါတယ်။ တကယ်လို့ အစိုးရက အဲဒီတာဝန်ကျေပွန်ခဲ့မယ်ဆိုရင် ဖွံ့ဖြိုးမှုအတွက် ကျနော်တို့ရဲ့ တာဝန်ယူမှုကိုလည်း တိုးချဲ့သွားမှာဖြစ်ပါတယ်။”

အရပ်ဖက်အခြေပြုလူမှုအဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍဟာ နိုင်ငံဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါတယ်ဆိုတဲ့ သမ္မတအိုဘားမားရဲ့ မှတ်ချက်ကိုလည်း အခုလိုပြန်ပြောင်းပြောပြပါတယ်။

“ဒီမိုကရေစီ ထွန်းကားဖို့ အရေးပါဆုံးက သမ္မတနဲ့  လွှတ်တော် ဥက္ကဌ မဟုတ်ဘဲ အရပ်ဘက်လူထုအခြေပြုအဖွဲ့အစည်းတွေက အဓိကကျပါတယ်။  ဒီကနေ့ ကျနော်တွေ့ခဲ့ရတဲ့ မကွေးမြို့က HIV ပိုးရှိတဲ့ ဝေဒနာရှင်တယောက်က အများပြည်သူ HIV ရောဂါနဲ့ ပတ်သက်ပြီး အသိပညာတွေတိုးအောင် သူကိုယ်တိုင်အားတက်သရော ကူညီနေပါတယ်။ မန္တလေးက လူငယ်တယောက်ဆိုရင်လည်း သူ့သူငယ်ချင်းတွေနဲ့ ကျောင်းပိတ်ရက်မှာ ပြည်သူ့နီတိ နဲ့ အခွင့်အရေးတွေအတွက် ပညာပေးနေပါတယ်။ ရခိုင်ပြည်နယ်က ဘာသာရေးခေါင်းဆောင်တွေဟာလည်း အကြမ်းဖက်မှုတွေကြားက ဖြန်ဖြေရေးလုပ်နေကြတာပါ။ ကရင်ပြည်နယ်က သတင်းထောက်တယောက်ဆိုရင်လည်း အပစ်အခတ်ရပ်ရေးသဘောတူညီချက်နဲ့ ပတ်သက်တဲ့ တိကျမှန်ကန်တဲ့သတင်းတွေကိုပေးနေတာပါ။ သူတို့တွေဟာ အရေးပါတဲ့ လူထုအခြေပြုအဖွဲ့အစည်းတွေဖြစ်ပါတယ်။”

အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးမှုအေဂျင်စီအနေနဲ့ မြန်မာပြည်ရဲ့ ကျန်းမာရေးကဏ္ဍအတွက် မရှိမဖြစ် လိုအပ်တဲ့ ကျန်းမာရေးဝန်ဆောင်မှုအရည်အသွေး မြင့်မားရေး အဲ့ဒီ့ဝန်ဆောင်မှုတွေကို လူတိုင်း၊ လူတိုင်း လက်လှမ်းမှီရေးအတွက် နည်းပညာပိုင်းဆိုင်ရာ အကူအညီပေးမယ့်အပြင် ကလေးငယ်တွေ အတွက် စားနပ်ရိက္ခာဖူလုံရေးနဲ့ အာဟာရပြည့်ဝရေးကိုလည်း ပံ့ပိုးပေးဖို့ အစီအစဉ်ရှိတယ်လို့ ဆိုပါတယ်။

“ကျနော်ဟာ ကျန်းမာရေး၊ အစားအသောက်နဲ့ အဟာရကို မကြာခဏ အာရုံစိုက်လေ့ ရှိပါတယ်။ မြန်မာပြည်ရဲ့ ကလေး ၄၀% ဟာ လောလောဆယ် အလွန်အမင်း အဟာရဓါတ် ချို့တဲ့နေတယ်လို့ သိရလို့ သိပ်ကိုစိတ်မကောင်းဖြစ်မိပါတယ်။ အဟာရချိုတဲ့မှုကြောင့် ဦးနှောက်ဖွံ့ဖြိုးမှုအားနည်းကြပြီး ပညာသင်ဖို့ အခက်တွေ့ကြမယ်။ လူ့ဘောင် အသိုင်းအ၀ိုင်း အတွက်လည်း ၀န်ထုပ်ဝန်ပိုးဖြစ်လာနိုင်ပါတယ်။ သူတို့ကို ကူညီဖို့ နည်းပညာတခုတည်း မလုံလောက်ပါဘူး။ သူတို့အကူအညီလိုအပ်နေတယ်ဆိုတာကို သူတို့ကိုယ်စားပြောပေးဖို့ လူထုအခြေပြု အဖွဲ့အစည်းတွေရဲ့ အသံက သိပ်အရေးကြီးပါတယ်။”

သမ္မတအိုဘားမားက မြန်မာနိုင်ငံကို OGP လို့ခေါ်တဲ့ ပွင့်လင်းအစိုးရ မိတ်ဖက်အဖွဲ့မှာ ပါဝင်နိုင်ရေး တွန်းအားပေးခဲ့ပြီးတော့ မြန်မာနိုင်ငံမှာ ပွင့်လင်းမြင်သာမှု၊ လွတ်လပ်စွာ သတင်း အချက်အလက်တွေ ရယူပိုင်ခွင့်၊ အဂတိလိုက်စားမှု ပပျောက်ရေး ၊ ဘဏ္ဍာငွေတွေ ဘယ်လိုသုံးတယ်ဆိုတာ လူထုက သတင်းအချက်အလက်နည်းပညာတွေ၊ အသုံးချပြီး သိရှိနိုင်အောင်၊ အမေရိကန်ပြည်ထောင်စုရဲ့ အိုင်တီနည်းပညာ ထိပ်တန်းကုမ္ပဏီကြီးတွေရဲ့ ပူးပေါင်းကူညီမှုနဲ့ ဆောင်ရွက်သွားမယ်အကြောင်းကိုလည်း Dr. Rajiv Shahက ရန်ကုန် အမေရိကန်စင်တာမှာ ကြာသပတေးနေ့က ကျင်းပတဲ့ တွေ့ဆုံပွဲမှာ ပြောဆိုသွားပါတယ်။
ဒေါ်ခင်စိုးဝင်း(VOA)

Thursday, March 7, 2013

စိုးသူအခမဲ့ ဖျော်ဖြေပွဲ ပြုလုပ်မည်



ရန်ကုန်၊ မတ် ၇။ မတ်လ(၃၀)တွင် ပြုလုပ်မည့် စိုးသူ၏ တစ်ကိုတော်ဖျော်ဖြေပွဲတွင် ပရိသတ်များ ပျော်ရွှင်စွာ လာရောက်ကြည့်ရှုနိုင်ရန် အတွက် အခမဲ့ အဖြစ်စီစဉ်လျက်ရှိကြောင်း စိုးသူက မြန်မာ့ခေတ်သို့ ပြောကြားသည်။ "ဝင်ကြေး၊ အခကြေးငွေ မယူပဲ ဖျော်ဖြေပွဲ လုပ်ပေးရင် လူကြီး၊ လူငယ်မရွေး အားလုံးပျော်ပျော်ရွှင်ရွှင်နဲ့ ကြည့်နိုင်မှာပဲဆိုပြီး စီစဉ်ဖြစ်တယ်။
အားလုံး အဆင်ပြေပြေနဲ့ ကြည့်နိုင်အောင် ဇုံတွေ ခွဲထားတယ်။ ကခုန်မယ့် သူတွေ၊ အနုပညာရှင်တွေ၊ မိသားစုတွေ၊ အတွက်ဇုံတွေ ခွဲထားတယ်။စီစဉ်သူတွေကလည်း စေတနာထားပြီး စီစဉ်ပေးထားတယ်။ အဲဖျော်ဖြေပွဲကို အားလုံးနဲ့ တိုင်ပင်ပြီး အကောင်းဆုံး ဖြစ်အောင် ဆောင်ရွက် သွားမှာပါ” ဟု စိုးသူက ပြောသည်။

၎င်းသည် ပထမဦး ဆုံးအကြိမ် တစ်ကိုယ်တော် ဖျော်ဖြေမှု ပြုလုပ်ခြင်းဖြစ်ကြောင်းနှင့်နောက်ဆုံး စီးရီးဖြစ်သော "ကိုယ့်ရဲ့ နေ့သစ်များ" စီးရီးထွက်ပြီး အချိန်၌ နိုင်ငံခြားသို့ ထွက်ခွာသွားခြင်း ဖြစ်ကြောင်း သိရသည်။်တေးစီးရီး (၁၁)ခွေ ထွက်ရှိခဲ့ပြီး၊ ပရိသတ်နှင့်အဆင်ပြေလျင် စီးရီးထပ်မံထုတ်ရန် ရှိသေးကြောင်းကို"နောက်ထပ်လည်း ပြောထားတာတွေ ရှိပါတယ်။ စီးရီးထုတ်ဖို့ အစီစဉ်တော့ ရှိပါတယ်"ဟု စိုးသူက ပြောသည်။

ယခုလက်ရှိ အနုပညာနှင့် ပတ်သက်ပြီး ပဒုမ္မာဆပ်ပြာ ကြော်ငြာရိုက်နေကြောင်းနှင့်"ကျွန်မ၏ သစ်ပင်" ရုပ်ရှင် ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်ရန် ကမ်းလှမ်းထားခြင်း လည်းရှိကြောင်းသိရသည်။

"တစ်ခြား ကြော်ငြာတွေ ရိုက်ဖို့ ကမ်းလှမ်းထားတာ ရှိပါတယ်။ ရုပ်ရှင်နဲ့ကတော့သူတို့က လာပြီးတော့ ရိုက်ဖို့ကမ်းလှမ်းထား တာရှိတယ်။ အကြောင်း မပြန်ရသေးပါဘူး။အကြောင်းပြန်ဖို့ အတွက် စိတ်ရှည်၊ လက်ရှည် စဉ်းစားပါဆိုလို့ ကမ်းလှမ်းလာ ပါတယ်။သူ့ကိုလည်း အကြောင်းပြန်ရဦးမှာပါ။ လောလောဆယ် အတွက် တစ်ကိုယ်တော် ဖျော်ဖြေရေးအတွက် စီစဉ်လှုပ်ရှား နေရလို့” ဟု စိုးသူက ပြောကြားခဲ့သည်။

အိအိ(မြန်မာ့ခေတ်)

၁၉၈၂ မြန်မာနိုင်ငံသား ဥပဒေကို ပြင်ဆင်ရန် အစီအစဉ်မရှိကြောင်း ဥရောပခရီးစဉ်တွင် နိုင်ငံတော်သမ္မတကြီး ထုတ်ဖော်ပြောကြား



သမ္မတကြီး ကို DVB ဦးခင်မောင်ဝင်း ၏မေးမြန်းချက်

(DVB ဦးခင်မောင်ဝင်း)
နိုင်ငံတကာကလည်း ထောက်ပြထားတာ ရှိပါတယ်ခင်ဗျ။ မြန်မာပြည်က နိုင်ငံသားဥပဒေက အရမ်းတင်းကြပ်လွန်း အားကြီးတယ်။ အဲဒါ ပြုပြင်သင့်တယ်လို့ ဝေဖန်ထောက်ပြထားတာ ရှိတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ရော လွှတ်တော်ပဲဖြစ်ဖြစ် အစိုးရပဲ ဖြစ်ဖြစ် နိုင်ငံသားဥပဒေကို ပြန်လည်သုံးသပ်စိစစ်ပြီး ပြင်ဆင်ဖို့များ ရှိပါသလား။
------------------------------------------------------------------

(နိုင်ငံတော်သမ္မတကြီး၏ ဖြေကြားချက်)

လောလောဆယ်တော့ ဒီဥပဒေကို ကျွန်တော်တို့အစိုးရပိုင်းကတော့ ပြင်ဆင်ဖို့် အစီအစဉ်တော့ မရှိပါဘူး။ လွှတ်တော်ကတော့ သိပ်ပြီးတော့ ဂဃဏနတော့ မသိဘူး။ လွှတ်တော်ထဲမှာတော့ ဘယ်လိုတွေ သဘောထား ရှိကြသလဲတော့ မသိဘူး။

သို့သော်လည်းပဲ ကျွန်တော်တို့ ဒီ ဥပဒေကို လေ့လာကြည့်ရတာတော့ ဒီဥပဒေဟာ ကိုယ့်နိုင်ငံကို အကာအကွယ် ပေးထားတဲ့ သဘောတွေ တွေ့ပါတယ်။ ပြီးတော့လည်း ပညာရှင်တွေနဲ့ တော်တော်လေးကို အချိန်ယူပြီး အတွေ့အကြုံတွေပေါ်မှာ ရေးဆွဲထားတဲ့ ဥပဒေ လို့ သိရတယ်။

နော်ဝေနိုင်ငံလို ဟာမျိုးတောင်မှ (၇)နှစ်နေပြီးလို့ရှိရင် နိုင်ငံသားအဖြစ် သူတို့ ပြုခွင့် ပြုတယ်လို့ ကျွန်တော်တို့ သိရပါတယ်။

တစ်နိုင်ငံနဲ့ တစ်နိုင်ငံ အခြေအနေချင်းတော့ မတူဘူးပေါ့။ ကျွန်တော်တို့နိုင်ငံရဲ့ နောက်ခံသမိုင်းကြောင်း၊ လက်ရှိပကတိအခြေအနေ၊ ကျွန်တော်တို့ရဲ့ လူဦးရေ၊ ဒါတွေနဲ့ နော်ဝေနဲ့တော့ မတူတာတော့ အမှန်ပဲ ဖြစ်ပါတယ်။ ကိုယ့်နိုင်ငံကို အကာအကွယ်ပေးဖို့ လုပ်ထားတယ်လို့ ကျွန်တော်တို့ကတော့ ယူဆပါတယ်။

ပြင်ဖို့ မပြင်ဖို့ကတော့ ကျွန်တော်တို့ အစိုးရကတော့ အစီအစဉ် မရှိသေးဘူး။

သို့သော်လည်းပဲ လွှတ်တော်ထဲမှာ ဘယ်လိုတွေ သဘောထား ရှိကြတယ် တော့ ကျွန်တော်တို့ မသိဘူး။ 


အမျိုးသားခေါင်းဆောင်ကြီးဗိုလ်ချုပ်အောင်ဆန်းနှင့်တစ်ကွ အာဇာနည် ခေါင်းဆောင်ကြီးများ၏ အာဇာနည်ဗိဗ္မာန်ကို နိုင်ငံတော်အဆင့် ပြုပြင်ထိန်းသိမ်းပြီး အများပြည်သူ ဂါရဝပြုနိုင်ရန် (၁)ပတ်လျှင် (၆)ရက် ဖွင့်လှစ်ပေးသွားမည်



ယနေ့ကျင်းပပြုလုပ်သည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး၂၃ ရက်မြောက်နေ့ ၇-၃-၂၀၁၃ (ကြာသပတေးနေ့) တွင် ဦးဖြိုးမင်းသိန်း၊ လှည်းကူး မဲဆန္ဒနယ်၏ ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည် ခေါင်းဆောင်ကြီးများ၏ ဂူဗိမာန်ကို အများပြည်သူ ဂါရ၀ပြုနိုင်ရန်အတွက် နေ့စဉ် ဖွင့်လှစ်ထားရန်နှင့် နိုင်ငံတော် အဆင့် ပြုပြင်ထိန်းသိမ်းမှုများ ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်းအား

ပြည်ထောင်စုအစိုးရအဖွဲ့ကိုယ်စား ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်စန္ဒာခင်၏ ရှင်းလင်းဖြေကြားချက် (အကျဉ်းချုပ်)

၁။ ပြည်ထောင်စုအစိုးရက ရန်ကုန်တိုင်းဒေသကြီးအစိုးရသို့ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလအတွင်း လွှဲပြောင်းပေးခဲ့ပြီး လက်ရှိအချိန်တွင် တိုင်းဒေသကြီးအစိုးရက နိုင်ငံတော်အဆင့် ပြုပြင်ထိန်းသိမ်းမှုများ ဆောင်ရွက်လျက် ရှိသည်။

၂။ လက်ရှိ ဆောင်ရွက်လျက်ရှိသော နိုင်ငံတော်အဆင့် ပြုပြင်ထိန်းသိမ်းမှုများ ဆောင်ရွက်ပြီးစီးပါက အာဇာနည်ဗိဗ္မာန်အား အများပြည်သူ ဂါရဝပြုနိုင်ရန်အတွက် ရက်သတ္တပတ် တစ်ပတ်လျှင် ပိတ်ရက် (၁)ရက်သာ ထားရှိပြီး ဖွင့်လှစ်ပေးရန် စီစဉ်ထားပြီး ဖြစ်သည်။

၃။ ပြည်ပနိုင်ငံဧည့်သည်များ လာရောက်ရာတွင် Official Visit မှာ နေပြည်တော်ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်း သွားလာလိုသော အစီအစဉ်များကို ဧည့်သည်နိုင်ငံ၏ ဆန္ဒအရ နိုင်ငံခြားရေးဝန်ကြီးဌာနက ညှိနှိုင်း ဆောင်ရွက်ပေးလျက် ရှိသည်။

သတင်းနှင့်ဓာတ်ပုံ-Hmuu Zaw

နိုင်ငံတော်သမ္မတကြီးမတ်လ(၈)ရက်နေ့ နံနက်(၈း၁၅) ရန်ကုန်ရောက်မယ်

Photo-Ye Htut

မတ်လ(၈)ရက်နေ့ နံနက်(၈း၁၅) လေယာဉ်ဆိုက်မည်
===============================

ဥရာပ (၅)နိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ် သွားရောက်ခဲ့သော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊
နိုင်ငံတော်သမ္မတကြီးသည်

မတ်လ(၈)ရက်နေ့ နံနက်ပိုင်းတွင် ထိုင်းနိုင်ငံ သုဝဏ္ဏဘုမ္မိအပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့

အပြည်ပြည်ဆိုင်ရာမြန်မာ့လေကြောင်း အထူးလေယာဉ်ဖြင့် ထွက်ခွာလာမည် ဖြစ်ရာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့

နံနက်(၈)နာရီ (၁၅)မိနစ်တွင် ဆိုက်ရောက်မည် ဖြစ်ပါသည်။

သတင်း- Hmuu Zaw 

ဘင်္ဂါလီ အရေးကိစ္စ စစ်တွေတွင် ဒေသခံ ထောင်ချီ ဆန္ဒပြ






နိုင်ငံသားစိစစ်ခြင်း မပြုဘဲ ဘဂါလီလူမျိုးများ အတွက် တူရကီနိုင်ငံ၏ ထောက်ပံ့ငွေဖြင့် နေအိမ် ၅၀၀၀ကျော် ဆောက်လုပ်ရန် စီစဉ်နေသဖြင့် စစ်တွေမြို့ရှိ ဒေသခံ တိုင်းရင်းသား ထောင်ချီပြီး ယနေ့ (မတ်လ ၇ ရက်နေ့)တွင် ကန့်ကွက် ဆန္ဒပြခဲ့ကြကြောင်း အဆိုပါ ဆန္ဒပြမှုကို ဦးဆောင်သော ရခိုင်အမျိုးသမီး ကွန်ရက် ဥက္ကဌ ဒေါ်ညိုအေးက ပြောကြားသည်။ ဆန္ဒပြရန် သက်ဆိုင်ရာ မြို့နယ် ရဲတပ်ဖွဲ့မှူးနှင့် ပြည်နယ် ရဲတပ်ဖွဲ့မှူးထံသို့ တရားဝင် လျှောက်ထားခဲ့ရာ ခွင့်ပြုခြင်း မရှိခဲ့ သော်လည်း ဆန္ဒပြခဲ့ကြသည်။
သတင်းနှင့် ဓာတ်ပုံ- The Voice Weekly

သမ္မတဦးသိန်းစိန် အီတလီအစိုးရနဲ့ တွေ့ဆုံ

သမ္မတ ဦးသိန်းစိန်နဲ့ အီတလီသမ္မတ Mario Monti
 သမ္မတဦးသိန်းစိန်ဟာ ဗုဒ္ဓဟူးနေ့မှာ အီတလီအစိုးရ ခေါင်းဆောင် ပိုင်းတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ ဒီ့မတိုင်ခင် မနေ့တုန်းကတော့ အီးယူ ဥရောပခေါင်းဆောင်တွေနဲ့ တွေ့ဆုံချိန်မှာ သမ္မတ ဦးသိန်းစိန် က မြန်မာနိုင်ငံအပေါ်မှာ အီးယူရဲ့ အရေးယူ ဒဏ်ခတ်မှုတွေအားလုံးကို ရုပ်သိမ်းပေးဖို့ တောင်းဆို ခဲ့သလို၊ အီးယူ ဥရောပသမဂ္ဂ ခေါင်းဆောင်တွေကတော့ မြန်မာနိုင်ငံမှာ တိုင်းရင်းသားတွေရဲ့ ရပိုင်ခွင့် အပါအ၀င် လူ့အခွင့်အရေး ကိစ္စရပ်တွေကို ဦးစားပေး ဆောင်ရွက်ပေးဖို့ တိုက်တွန်းလိုက် ပြီးတော့ လာမယ့်လမှာ ကျင်းပမယ့် ဥရောပကောင်စီ အစည်းအဝေးမှာ မြန်မာ့ အရေးကို ဆွေးနွေး သုံးသပ်ကြမှာ ဖြစ်ပါ တယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက် က တင်ပြထားပါတယ်။

ဥရောပ ၅ နိုင်ငံခရီးထွက်လာတဲ့ သမ္မတ ဦးသိန်းစိန်ဟာ သောကြာနေ့ ဥရောပခရီးစဉ် အဆုံးမသတ်ခင် နောက်ဆုံးနိုင်ငံအဖြစ် ဗုဒ္ဓဟူးနေ့မှာ အီတလီနိုင်ငံကို သွားရောက်ခဲ့ပါ တယ်။ သမ္မတဦးသိန်းစိန်နဲ့ အီတလီသမ္မတတို့ဟာ ဗုဒ္ဓဟူးနေ့မှာပဲ နေ့လည် ၃ နာရီမှာ တွေ့ဆုံခဲ့ ကြတယ်လို့ အီတလီသမ္မတရုံး ပြန်ကြားရေး အရာရှိ ရိုစီယို (Rocio) က ဗွီအိုအေကို ပြောပါတယ်။

မြန်မာသမ္မတ ဦးသိန်းစိန်ဟာ အီတလီ လက်ရှိသမ္မတ မာရီယို မွန်တီ (Mario Monti) နဲ့ရော၊ အီတလီနိုင်ငံ ၀န်ကြီးချုပ်အပါအ၀င် ထိပ်တန်းအရာရှိတွေနဲ့ တွေ့ဆုံခဲ့တာပါ။ အီတလီနိုင်ငံကို မလာခင် အီးယူ ဥရောပသမဂ္ဂရုံးဆိုက်ရာ ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့မှာ ဥရောပကော်မရှင် အကြီးအကဲ ဟိုဆေး မန်နျူရယ် ဘာရိုစို (Jose Manuel Barroso) နဲ့ ဥရောပပါလီမန် ဥက္ကဌ မာတင် ရွှဇ် (Martin Schulz) တို့အပြင် ဥရောပသမဂ္ဂ ဥက္ကဌဖြစ်တဲ့ ဟာမန် ဗန် ရွမ်ပေး (Herman Van Rompuy) တို့နဲ့ပါ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။ မစ္စတာ ရွမ်ပေး (Rompuy) က သမ္မတ ဦးသိန်းစိန်ကို မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးကိစ္စရပ်တွေကို ဦးစားပေးပြီး လုပ်ဆောင်ဖို့ အတွက် တိုက်တွန်းခဲ့တာပါ။

“၂၀၁၅ ခုနှစ်မှာ လွတ်လပ်ပြီး တရားမျှတမှုရှိတဲ့ ရွေးကောက်ပွဲ ကျင်းပပေးနိုင်အောင် မြန်မာနိုင်ငံ က ပြုပြင်ပြောင်းလဲမှုတွေ ဆက်လုပ်သွားဖို့ သမ္မတကို ကျနော်တို့ အားပေးပါတယ်။ ဒါ့အပြင် တိုင်းရင်းသား လူနည်းစု ရပိုင်ခွင့် အပါအ၀င် အင်မတန် အရေးကြီးတဲ့ လူ့အခွင့်အရေး ဆိုင်ရာ ကိစ္စရပ်တွေကို ဦးစားပေး လုပ်ဆောင်ဖို့လည်း တောင်းဆိုပါတယ်။”

သမ္မတ ဦးသိန်းစိန်ကတော့ မြန်မာနိုင်ငံမှာ လိုအပ်နေတဲ့ အကူအညီတွေ ပြန်ပြီး ပေးဖို့ ပန်ကြား ခဲ့သလို၊ မြန်မာနိုင်ငံအပေါ်မှာ ဥရောပသမဂ္ဂ က အရေးယူထားတာတွေကိုလည်း ရုပ်သိမ်းပေး ဖို့ တောင်းဆိုခဲ့ပါတယ်။

“ဒါ့အပြင် ကျနော်တို့ အီးယူအနေနဲ့ မြန်မာရဲ့ ပို့ကုန်တွေအပေါ်မှာ GSP အခွင့်အရေးများ စောလျင် စွာ ပြန်ပြီးတော့ ပေးအပ်နိုင်ရေး မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ကန့်သတ်ချက်တွေ ဒါတွေကို အပြီးတိုင် ရုပ်သိမ်းရေးနဲ့ အီးယူက မြန်မာနိုင်ငံနဲ့ စပ်လျဉ်းပြီးတော့ နှစ်စဉ် လူ့အခွင့်အရေးဆိုင်ရာ အဆိုမူကြမ်း တင်သွင်းနေမှုကို ရပ်ဆဲပေးရေးတို့ ဒီကိစ္စတွေနဲ့ပတ်သက်ပြီးတော့လည်း ဥက္ကဌကြီး ကို တိုက်တွန်းပြောကြားခဲ့ပါတယ်။”

သမ္မတ ဦးသိန်းစိန်သွားရောက်ခဲ့တဲ့ ဥရောပခရီးစဉ်အတွင်း ဥရောပနိုင်ငံတွေက ချမှတ်ထား တဲ့ မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုတွေကို လုံးဝ ဖယ်ရှားပေးဖို့အတွက် တောင်းဆိုခဲ့ တာဖြစ်ပြီး ဒီတောင်းဆိုချက်တွေကို ရှေ့လထဲမှာ ကျင်းပဖို့ရှိတဲ့ ဥရောပကောင်စီ အစည်းအဝေး မှာ သုံးသပ်သွားဖို့ရှိတယ်လို့ အီးယူရဲ့ နိုင်ငံခြား မူဝါဒရေးရာအကြီးအကဲလည်းဖြစ်၊ ဥရောပသမဂ္ဂရဲ့ လက်ထောက်အကြီးအကဲလည်းဖြစ်တဲ့ ကတ်သရင်း အက်ရှ်တန် (Catherine Ashton) ရုံး ပြောခွင့်ရ မစ် မာဂျာ ကိုစီ ဂျန်းစစ် (Maja Kocijancic) က ပြောပါတယ်။

“ဒီကိစ္စဟာ  အီးယူက အဖွဲ့ဝင်နိုင်ငံတွေအားလုံးပါဝင်ပြီး ကန့်ကွက်မဲမရှိ ချမှတ်ထားတဲ့ ကိစ္စ မို့  နိုင်ငံခြား မူဝါဒရေးရာအကြီးအကဲက အီးယူအဖွဲ့ဝင် နိုင်ငံတွေနဲ့အတူ ဆန်းစစ်ရ မယ့် ကိစ္စပါ။  အဖွဲ့ဝင်နိုင်ငံတွေက ဘယ်လို ဆုံးဖြတ်မယ်ဆိုတာ မသိရသေးပေမဲ့ မြန်မာ နိုင်ငံရဲ့ အနေအထားကို အီးယူက သိရှိထားပြီး လက်ရှိမှာ  လက်နက် အရောင်းအ၀ယ်ကိစ္စ တားမြစ်ထား တာကလွဲပြီး  အရေးယူ ဒဏ်ခတ်မှုတွေကို ဆိုင်းငံ့ထားတာကိုလည်း နားလည်ဖို့ အရေးကြီးပါ တယ်။ ဒီအရေးယူ ဒဏ်ခတ်မှုတွေ ချထားရတဲ့ အကြောင်းအရာတွေအတွက် အီးယူက အမြဲမပြတ် သုံးသပ်နေတာ ပါ။  မြန်မာနိုင်ငံရဲ့ အနေအထားဟာ တခြားနိုင်ငံနဲ့ မတူပါဘူး။  အီးယူက နှစ်ပေါင်း များစွာ ဒဏ်ခတ်ထား ရာကနေ အခု သမိုင်းတွင်မယ့် ပြောင်းလဲမှုတွေ တွေ့လာရတာမို့ လာမယ့် ဧပြီလထဲ ကျင်းပမယ့်  ဥရောပကောင်စီ အစည်းဝေးမှာ ဒါကိုပါ သုံးသပ်သွားဖို့ ရှိပါတယ်။”

မြန်မာနိုင်ငံတွင်း ဖြစ်ပွားနေတဲ့ ပြဿနာတွေကို ဖြေရှင်းရေးမှာ အီးယူ ဥရောပသမဂ္ဂနဲ့အတူ လက်တွဲပြီး ဖြေရှင်းသွားဖို့အတွက် သဘောတူ လက်မှတ်ရေးထိုးနိုင်ခဲ့ပြီး အီးယူ မြန်မာ ပူးတွဲ တာဝန်ထမ်းဆောင်ရေးဆိုင်ရာ ဗဟိုအဖွဲ့ကို ဖွဲ့ဖို့အတွက် နိုဝင်ဘာလထဲလောက်မှာ လုပ်ဆောင် မှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဒီအဖွဲ့ထဲမှာ အီးယူ ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေက ငွေကြေးဆိုင်ရာ အပါအ၀င် ကဏ္ဍပေါင်းစုံက ကိုယ်စားလှယ်တွေ ပါဝင်မှာဖြစ်ပြီး မြန်မာအစိုးရရဲ့ အဖွဲ့ဝင်တွေနဲ့ လက်တွဲပြီး မြန်မာနိုင်ငံတွင်း စီးပွားရေးနဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေအတွက် အကောင်းဆုံးဖြစ်အောင် ကူညီဆောင် ရွက်ပေးသွားမှာ ဖြစ်တယ်လို့လည်း ပြောဆိုသွားပါတယ်။

သမ္မတ ဦးသိန်းစိန်ဟာ အီတလီနိုင်ငံ မတိုင်ခင် ဘယ်လ်ဂျီယံ၊ သြစတြီးယား၊ ဖင်လန်နဲ့ နော်ဝေ
နိုင်ငံတွေကို သွားရောက်ခဲ့ပြီး မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးနဲ့ စိန်ခေါ်မှုတွေ အတွက် ဥရောပနိုင်ငံတွေက အကူအညီပေးဖို့ ပန်ကြားခဲ့ပါတယ်။
သမ္မတကြီးကိုစောင့်ဆိုင်းနေတဲ့ အီတလီ သမ္မတနန်းတော်က ဂုဏ်ပြုတပ်ဖွဲ့ (photo-Ye Htut )


ဒေါ်ခင်မျိုးသက် (ဗွီအိုအေ)

လက်ပံတောင်းကြေးနီစီမံကိန်းတ၀ိုက် ပုဒ်မ ၁၄၄ သက်တမ်းတိုး

 
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းရှိတဲ့ ကြေးနီသိုက်နေရာက ဧက ၇၈၆၇.၇၈ မှာ ၂၄ နာရီပတ်လုံး မည်သူမှ သွားလာခွင့် မရှိတဲ့အကြောင်း ပုဒ်မ ၁၄၄ ညမထွက်ရအမိန့်ကို နောက်ထပ် သက်တမ်း ၂ လတိုးလိုက်ပါတယ်။ တရားဥပဒေ စိုးမိုးရေးနဲ့ ငြိမ်ဝပ်ပိပြားရေးအတွက် မြို့နယ်အုပ်ချုပ်ရေးမှူးအမိန့်နဲ့ အခုလို ထပ်တိုးလိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။ ဒီသတင်းအပြည့်အစုံကို မအေးအေးမာ က သတင်းပေးပို့ထားပါတယ်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနဲ့ နီးစပ်ရာ ကျေးရွာတွေအနေနဲ့ ၂၄ နာရီ အတွင်းမှာ ကန့်သတ်နယ်မြေတွေကို ကျုးကျော်ခြင်း မလုပ်နိုင်ဖို့အတွက်  ဆားလင်းကြီးမြို့နယ် အထွေအထွေ အုပ်ချုပ်မှူးဦးစီးဌာနက မြို့နယ်အုပ်ချုပ်ရေးမှူး အသစ်က ပုဒ်မ ၁၄၄ ကို သက်တမ်း ၂ လတိုးပြီး ထုတ်ပြန်ခဲ့တာပါ။

လက်ပံတောင်းတောင် သပိတ်စခန်းမှာရှိနေတဲ့ မြန်မာနိုင်ငံ ၀ိဇ္ဇာသိပ္ပံ တက္ကသိုလ် ကျောင်းသားများ ကွန်ရက်က ကိုသောင်းထိုက် က အခုလို ပြောပါတယ်။


“ဒီနေ့ဆိုရင် အသစ်ပြောင်းလာတဲ့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သောင်းကနေ မတ်လ ၁ ရက်နေ့က ဧပြီလ ၃၀ ရက်နေ့အထိ ဆိုပြီးတော့ ၂ လ သက်တမ်းတိုးပြီး ပုဒ်မ ၁၄၄ ထုတ်ပြန် ချက်ကိုလည်း ထပ်မံ ထုတ်ပြန်လိုက်ပါတယ်။ တကယ်လို့ ပုဒ်မ ၁၄၄ ထုတ်ပြန်တယ်ဆို ရင်တောင် ဒေသခံတွေကို ပြောရမှာ။ အခုတော့ မပြောဘူး။ သူတို့ အုပ်ချုပ်ရေးပိုင်းမှာပဲ စာရွက်တွေ ဖြန့်ပြီးတော့ ထုတ်ပြန်တယ်ဆိုတာမျိုးလောက်ပဲ အသိအမှတ်ပြုပြီးတော့ ပြည်သူတွေ မသိတဲ့အတွက် အချိန်မရွေး သူတို့ ၀င်ပြီးတော့ နှိမ်နင်းနိုင်တယ်။”

ပုဒ်မ ၁၄၄ ထုတ်ပြန်ထားတဲ့ ကျေးရွာတွေကတော့ ဖောင်းတကာရွာ၊ တောင်ပလူရွာ၊ ရွာရှည်အုပ်စု ၀က်မှေးကျေးရွာ၊ ဖောင်းကားတောင်ရွာ၊ လိပ်ခွံတောင်၊ ဖောင်းတကာအုပ်စု ဆည်တဲရွာ၊ ဇီးတောရွာ၊ ပလူကုန်းရွာ၊ ရွေလှေရွာ၊ လက်ရှိ သပိတ်စခန်း ဖွင့်ထားတဲ့ တုံရွာ တို့ ပါဝင်ပါတယ်။

ဒါ့အပြင် အရှေ့၊ အနောက်၊ တောင်၊ မြောက် မှာရှိတဲ့ ဆားလင်းကြီး၊ ညောင်ပင်ကြီး ကားလမ်း၊ မိုးကြိုးပြင်ကျေးရွာအုပ်စု၊ ဖောင်းတကာကျေးရွာအုပ်စု၊ ညောင်ပင်ကြီး ယင်းမာပင်လမ်းတို့လည်း ပါဝင်ပါတယ်။

လက်ပံတောင်း ကြေးနီစီမံကိန်း ဖျက်သိမ်းရေး တောင်းဆိုနေတဲ့ ပြီးခဲ့တဲ့နှစ် အချိန်ကာလ ကတည်းက အာဏာပိုင်တွေဘက်က ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့တာပါ။ လယ်သမားတွေက သူတို့ လယ်မြေတွေနေရာမှာ ပြန်လည်လုပ်ကိုင်တဲ့အခါမှာ ခြိမ်းခြောက်မှု၊ ဖိအားပေးမှုတွေကို လုပ်ခဲ့ကြပါတယ်။

မတ်လ ၁ရက်နေ့ကနေ ဧပြီလ ၃၀ ရက်နေ့အထိ သက်တမ်း ၂ လ ထပ်တိုးလိုက်ခြင်းလည်း ဖြစ် ပါတယ်။ ဒေသခံတွေကတော့ စီမံကိန်း ဖျက်သိမ်းဖို့အပြင် ပြီးခဲ့တဲ့ နိုဝင်ဘာလက မီးလောင်ဗုံးတွေ သုံးပြီး ဖြိုခွဲခဲ့တဲ့အပေါ်မှာ အရေးယူ ဆောင်ရွက်ခြင်း မရှိတဲ့အတွက် နိုင်ငံတော် သမ္မတကို ဒေသ ခံရွာသား ၃ ဦးက တရားစွဲဆိုမှုတွေ လုပ်ခဲ့တဲ့အကြောင်းကိုလည်း ကိုသောင်းထိုက် အခုလို ဆက်ပြောခဲ့ပါတယ်။

“အဓိကစွဲရတဲ့ အကြောင်းရင်းကတော့ သပိတ်စခန်းတွေမှာရှိတဲ့ သံဃာတွေနဲ့ ပြည်သူတွေကို အစိုးရအာဏာပိုင်တွေက မီးလောင်ဗုံးတွေသုံးပြီး ပစ်ခတ်နှိမ်နင်း အကြမ်းဖက်တဲ့ကိစ္စ အစိုးရအဆင့်၊ နိုင်ငံတော်အဆင့် လုပ်ကြံမှုဖြစ်တယ်။ အဲ့ဒါကြောင့် ဒီကိစ္စတွေရဲ့ တာဝန်အရှိဆုံး ပုဂ္ဂိုလ်ဟာ နိုင်ငံတော်သမ္မတပဲ ဖြစ်တယ်ဆိုတဲ့အတွက် ကြောင့် နိုင်ငံတော် သမ္မတကိုပဲ ဦးတည်ပြီးတော့ တရားစွဲတယ်။ ပုဒ်မ ၁၄၄ ကို ထုတ်ပြန်လိုက်တယ်ပေါ့နော်။ ဒီဥစ္စာက မြို့နယ်အုပ်ချုပ်မှူး အဆင့်ကနေပြီးတော့ ဒီဒေသမှာ ပုဒ်မကို လိုသလို ထုတ်ပြန်နိုင်တဲ့အတွက် ဒီကိစ္စမှာ တာဝန်အရှိဆုံး ပုဂ္ဂိုလ်ဟာလည်း သမ္မတဖြစ်တယ်ဆိုတဲ့အတွက်ကြောင့် ဒီကိစ္စတွေနဲ့ နိုင်ငံတော် သမ္မတကို တရားစွဲတာပါ။ စွဲတာက သုံးယောက်၊ တရားစွဲတဲ့သူတွေက ဆည်တဲရွာက မ၀င်းဝင်းဌေးရယ်၊ မရီဝင်းရယ်၊ နောက် မိုးကြိုးပြင်ရွာက ကိုဇော်နိုင်ရယ်။”

လက်ပံတောင်းဒေသခံတွေက စုံစမ်းစစ်ဆေးရေး ကော်မရှင်ကိုလည်း ဘ၀င်ကျမှုမရှိကြောင်း သူတို့ရဲ့ လေ့လာစုံစမ်းချက်တွေဟာ ဒေသခံတွေရဲ့ သဘောထားဆန္ဒတွေကို အလေးထားမှု နည်းပါးတဲ့အကြောင်းကိုလည်း ဆက်ပြောသွားပါတယ်။

“လက်ပံတောင်းတောင်နဲ့ ပတ်သက်ပြီးတော့မှ သဘာဝပတ်ဝန်းကျင်တို့၊ ရေတိုရေရှည် စီမံကိန်း တို့နဲ့ ပတ်သက်တဲ့ ကိစ္စရပ်တွေကို တင်ပြတဲ့အခါမှာ စုံစမ်းစစ်ဆေးရေးအဖွဲ့မှာ ပါဝင်တဲ့သူတွေက ဒီကိစ္စတွေကို သူတို့ သိပြီးသားပါ။ ဒါတွေ မပြောပါနဲ့ဆိုပြီးတော့ ကြားကနေ ဖြတ်ပြီးတော့ တားတဲ့အတွက် သူတို့မှာ ပြောပိုင်ခွင့် မရခဲ့ဘူး။ သူတို့ ပြောခွင့်ရတဲ့အပိုင်းကတော့ မြေယာလျော်
ကြေးနဲ့ ပတ်သက်ပြီးတော့ပဲ ပြောခွင့်ရခဲ့တယ်။ ဟိုဘက်ကလည်း မေးတာက မြေယာလျော်ကြေး ကိုပဲ ဦးတည်ပြီး မေးတယ်။ ဒေသခံတွေ လိုချင်တာကတော့ စုံစမ်းစစ်ဆေးရေးကော်မရှင်က ဒီဒေသက ပြည်သူတွေ ဘာဖြစ်ချင်တယ်၊ ဘယ်လိုချင်လဲ ဆိုတဲ့ အချက်အလက်တွေကို အစုံအ လင် မယူဘဲနဲ့ မြေယာလျော်ကြေး ကိစ္စတခုလောက်သာ သူတို့ စုံစမ်းစစ်ဆေးသွားတဲ့ကိစ္စအပေါ် မှာ သံသယ၀င်နေတယ်။ စုံစမ်းစစ်ဆေးရေးကော်မရှင်မှာတော့ မီးလောင်ဗုံးတွေ ထည့်သွင်းထား
ပေမဲ့ နောက်ပိုင်း ၁၆ ယောက်နဲ့ ၁ ယောက် ပြန်လည် ဖွဲ့စည်းတဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင် မှာတော့ ဒီမီးလောင်ဗုံးကိစ္စနဲ့ပတ်သက်ပြီး တခုမှ မပါတော့ဘူး။ လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း စုံစမ်းစစ်ဆေးဖို့ အချက်အလက်တွေပဲ သူတို့မှာ ပါဝင်ခဲ့ပါတယ်။ မီးလောင်ဗုံးနဲ့ပတ်သက် တဲ့ဟာကတော့ လုံးဝကို မြုပ်ပြီး ပျောက်ကွယ်သွားတာပါ။ အဲ့ဒီအကြောင်းအရာက။ အဲ့ဒီအပေါ်မှာ လည်း ဒေသခံတွေက သိပ်ပြီး မကြည်လင်ကြဘူး။”

ဒီစီမံကိန်းကြောင့် ဒေသခံတွေရဲ့ လယ်မြေဧကပေါင်း ၇၈၀၀ ကျော်ကို သိမ်းယူခဲ့သလို စီမံကိန်းနဲ့ မလွတ်တဲ့ ရွာ ၄ ရွာကိုလည်း ဖယ်ရှားခိုင်းခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

အခု ပုဒ်မ ၁၄၄ ထုတ်ထားတဲ့ နယ်မြေတွေကတော့ လယ်သမားတွေထံကနေ သိမ်းယူထားတဲ့ လယ်မြေဧကတွေရှိတဲ့ ကွင်းအမှတ်တွေ ဖြစ်ကြတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ လယ်သမား တွေကတော့ အစပိုင်းမှာ သူတို့ပိုင် လယ်မြေတွေ ပြန်ရရေးအတွက် ကြိုးစားခဲ့ကြပေ မဲ့ နောက်ပိုင်းမှာ စီမံကိန်း ရပ်တန့်ရေးအတွက်ကိုပဲ သူတို့ သဘောထား ဆန္ဒအဖြစ် ထုတ်ဖော်ကြပါ တယ်ရှင်။
မအေးအေးမာ(VOA) 06.03.2013

ဝါရှင်တန် နှင်းမုန်တိုင်း နယူးယောက်ခ်ဘက်ကို ရွေ့

 
အမေရိကန်ပြည်ထောင်စု အတ္တလန္တိတ်သမုဒ္ဒရာဘက်ခြမ်း အလယ်ပိုင်းဒေသမှာ ဆီးနှင်းနဲ့ မိုးတွေ ထူထူထပ်ထပ် ကျရောက်ခဲ့ပြီးနောက်၊ အဲ့ဒီ ဆောင်းရာသီအကုန် မုန်တိုင်းဟာ အခုတော့ အရှေ့ဘက်ကမ်းရိုးတန်းတလျှောက် နယူးယောက်ခ် နဲ့ နယူးအင်္ဂလန် ဘက်ကို ရွေ့လျားသွားပါတယ်။

ဗုဒ္ဓဟူးနေ့မှာတော့ ကြီးမားတဲ့ နှင်းမုန်တိုင်းနဲ့ ယာဉ်အသွားအလာ အန္တရာယ်ကြီးမယ်ဆိုပြီး ခန့်မှန်းချက်နဲ့ ဖယ်ဒရယ်အစိုးရ ရုံးတွေ၊ ကျောင်းတွေကို ပိတ်ပစ်လိုက်ပါတယ်။

လေယာဉ်ခရီးစဉ် ရာနဲ့ချီ ဖျက်သိမ်းလိုက်ရပြီး၊ လျှပ်စစ်ဝန်ထမ်းတွေလည်း အဆင်သင့်အနေအထား စောင့်ခဲ့ကြပါတယ်။ ဒါပေမဲ့လည်း လေနဲ့ မြေပြင် အနွေးဓါတ်ကြောင့် ၀ါရှင်တန်ဒီစီ ဆင်ခြေဖုံးအရပ်တွေမှာတော့ နှင်းနဲ့မိုးရောပြီး ကျဆင်းတာထက် ကြီးကြီးမားမား မပိုခဲ့ပါတယ်။

ဝါရှင်တန်ဒီစီအနီး မယ်ရီလန်းပြည်နယ် အနားတ၀ိုက်၊ ဗာဂျီးနီးယားပြည်နယ် တောင်ပေါ်ဒေသနဲ့ ပန်ဆာဗေးနီးယားပြည်နယ် အနောက်ဘက်ခြမ်း ဒေသမှာတော့ နှင်းထူထပ်မှု ပိုခဲ့ပါတယ်။
VOA

Tuesday, March 5, 2013

“နန်းခင်ဇေယျာမှ ဂုဏ်ရည်အေးကျော်ထံ သရဖူလက်ဆင့်ကမ်း နိုင်လိုက်တဲ့ Miss Myanmar International 2013 ”


မြန်မာနိုင်ငံခရီးသွားလုပ်ငန်း အဖွဲ့ချုပ်က ကြီးမှူးကျင်းပတဲ့ Miss Myanmar International 2013 ပြိုင်ပွဲကို ၂ဝ၁၃ခုနှစ် ဖေဖော်ဝါရီ ၂၄ရက်၊ ညနေ
၆နာရီက ရန်ကုန်မြို့ ရှိ မြန်မာကွန်ဗင်းရှင်းစင်တာ(MCC) မှာ ကျင်းပပြုလုပ်
ခဲ့ပြီး Miss Myanmarကို ရွေးချယ်ခဲ့ပါတယ်။

Miss Myanmar International 2013 ပြိုင်ပွဲဝင် အယောက်၂ဝ ပါဝင်ယှဉ်ပြိုင်
ခဲ့ကြပြီး အဆင့်ဆင့်ရွေးချယ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ ပြိုင်ပွဲဝင်တွေဟာ တိုင်း ရင်းသား ရိုးရာဝတ်စုံ၊ရေးကူးဝတ်စုံ၊ ညနေခင်းဝတ်စုံတွေနဲ့ ပါဝင်ယှဉ်ပြိုင်
ခဲ့ကြပြီး တတ်ကျွမ်းရာ အနုပညာ တွေကိုလည်းပြသယှဉ်ပြိုင်ခဲ့ကြတာကို
တွေ့ရပါတယ်။

ပြိုင်ပွဲဝင်တွေရဲ့ တတ်ကျွမ်းရာအနုပညာဖြေဖျော်မှုတွေထဲမှာ ကချင်ရိုးရာ
တိုင်းရင်းသားအက၊ ရိုးရာသင်္ကြန်အက၊ ကရင်ရိုးရာ အက၊သူငယ်တော်
အက၊ ဆီမီးခွက် အက၊သင်္ကြန်ယိမ်းအက၊ မွန်ရိုးရာ အက၊ ရှမ်းရိုးရာအက
စတဲ့ မြန်မာ့ယဉ်ကျေးမှုတိုင်းရင်း သားရိုးရာအကတွေကို တွေ့မြင်ခဲ့ရသလို၊
ဂစ်တာနဲ့ဖျော်ဖြေမှု၊ရုပ်သေး၊ ကျွမ်းဘား၊ မျက်လှည့်စတဲ့အနုပညာပြသမှုတွေ အပြင် မြန်မာ့ရိုးရာစောင်းတီးခတ်ပြီးဖျော်ဖြေတာကိုလည်း ပရိသတ်တွေ နှစ် ခြိုက်အားပေးခဲ့ကြပါတယ်။

ပြိုင်ပွဲဝင် အယောက် ၂ဝကို အနုပညာတတ်ကျွမ်းမှု တွေ၊ အင်္ဂလိပ်မေးခွန်းကို
ဖြေဆိုမှုတွေနဲ့ ရွေးချယ် ပြီး ဆန်ခါတင် ၁ဝ ယောက်ကို ရွေးချယ်ခဲ့ပါတယ်။ ဆန်ခါတင် ၁ဝယောက်ထဲက နောက် ဆုံးအဆင့်၅ ယောက်ကို ရွေးချယ်
ခဲ့ပြီး မေးခွန်းကို မဲနှိုက်ကာ ဖြေဆိုစေခဲ့ပါတယ်။ ပရိသတ် ရင်ခုန်သံကို မြန်စေ
ခဲ့သလို အင်္ဂလိပ်လို ဖြေဆိုရာမှာ လည်း ပြိုင်ပွဲဝင်တွေရဲ့ ဘာသာစကား အခက်အခဲကြောင့် ပရိသတ်တွေရဲ့ အားမလိုအားမရဖြစ်မှုတွေကို
မြင်တွေ့ခဲ့ရပါတယ်။ နောက်ဆုံးအဆင့် ၅ယောက်က ခါး နံပါတ် ၉ ဇွန်သံစဉ်၊ ခါးနံပါတ် ၄ ဆွီတီကို၊ ခါးနံပါတ်၈သွန်းစုဒြာ၊ ခါးနံပါတ် ၁၇ စံနန်းထိုက်နဲ့ ခါးနံပါတ်၁၈ ဂုဏ်ရည်အေးကျော်တို့ ဖြစ်ပြီးတော့ သူတို့၅ ယောက်ရဲ့ Miss Myanmar ဆု အတွက် ပြိုင်ဆိုင်မှုက ပရိသတ်ကို စိတ်ဝင်စားမှုအမြင့်ဆုံး အခြေအနေ ကို ရောက်အောင် တွန်းပို့ခဲ့ပါတယ်။ နောက်ဆုံးအဆင့်ပြိုင်ပွဲမှာ MISS MRA ဆုနဲ့ MISS MHA ဆုတွေကို အရင်ကြေညာခဲ့ပြီး MISS MRA ဆုကို ခါးနံပါတ်၎ဆွီတီကို၊ MISS MHA ဆုကို ခါးနံပါတ်၉ဇွန်သံစဉ်တို့ က ဆွတ်ခူးရရှိသွား ခဲ့ပါတယ်။ ကျန်တဲ့သူတွေထဲက Miss Myanmarကို ကြေညာ
ချိန်မှာတော့ စိတ်လှုပ်ရှားဖို့အကောင်းဆုံးအချိန်ဖြစ်ခဲ့ပြီး ခါးနံပါတ် ၁၈
ဂုဏ်ရည်အေးကျော်က ထိုက်ထိုက် တန်တန် ဆွတ်ခူးရရှိသွားခဲ့ပါတယ်။

မြန်မာနိုင်ငံကိုယ်စားပြု အနေနဲ့ ဂျပန်နိုင်ငံမှာ ကျင်းပခဲ့တဲ့ Miss International 2012 ပြိုင်ပွဲမှာ Miss Internetဆုနဲ့ Miss People Choice Award ဆုတွေ ဆွတ်ခူးနိုင်ခဲ့တဲ့ နန်းခင်ဇေယျာ ကိုယ်တိုင် Miss Myanmar International 2013 ဆုရှင် ဂုဏ်ရည်အေးကျော်ကို သရဖူဆောင်း
ပေးခဲ့ပါတယ်။

MISS MHA ဆု1st Runner Up ဆုရှင် ဇွန်သံစဉ်ကလည်း ”တအားလည်းပျော်
ပါတယ်။ ပွဲကြီးလည်းဖြစ် နေတော့ တအားလည်းကြောက်မိ တယ်။ MHAနဲ့ ပတ်သက်တဲ့ အနုပညာ လုပ်ငန်းတွေကို ဆက်လုပ်ဖြစ်သွားမှာ ပါ”လို့ ပြော
ပါတယ်။

MISS MHA ဆု 2nd Runner Up ဆွတ်ခူးနိုင်ခဲ့သူ ဆွီတီကိုမှ ”ဆုရတယ်လို့
ကြေညာလိုက်တဲ့ အချိန်မှာ ရင်ထဲမှာအပျော်တွေနဲ့ ပြည့်နေတယ်။ မြန်မာ
နိုင်ငံကိုယ်စားပြုရမယ့် ပြိုင်ပွဲကြီးမှာ ဆုရလိုက်တဲ့အတွက် တအားပျော်သလို ဂုဏ်ယူမိပါတယ်။ Myanmar Tourism Federation နဲ့လက်တွဲပြီး ၁နှစ်
လောက် လုပ်ဖြစ် ပါမယ်”လို့ပြောပါ တယ်။

Miss Myanmar Inter-national 2013 ပြိုင်ပွဲကို ပြိုင်ပွဲဝင် ဦးရေ ဆန်ခါတင် ၂ဝယောက် ဝင်ရောက်ယှဉ် ပြိုင်ခဲ့ကြပြီး အသက်၁၈ နှစ်ကနေ ၂၅နှစ်
အရွယ်အထိ ပါဝင်ယှဉ် ပြိုင်ခဲ့ကြပါတယ်။
popular journal 

HRDP မှ သဘောထားထုတ်ပြန်ချက်

လူစုလူဝေးဖြင့် အကြမ်းဖက်ပဋိပက္ခများ ဖြစ်ပွားမှုနှင့် ပတ်သက်၍ လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများ အဖွဲ့က မတ်လ ၅ရက် နေ့စွဲဖြင့် သဘောထားထုတ်ပြန်


ဝန်ထမ်းများကို မြန်မာမီနီဆလွန်း အရစ်ကျရောင်းမည်

 
မြန်မာမီနီဆလွန်းကားများကို နိုင်ငံဝန်ထမ်းများအား ငါးနှစ်အရစ်ကျစနစ်ဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာနမှ သိရသည်။ ယင်းသို့ အရစ်ကျစနစ်ဖြင့် ရောင်းချပေးရန်အတွက် စက်မှုဝန်ကြီးဌာနသို့ တင်ပြထားပြီးဖြစ်ကာ ခွင့်ပြုချက်ရရှိပါက တစ်ပြိုင်နက်တည်း ရောင်းချပေးသွားမည်ဖြစ်သည်။ ကနဦးအနေဖြင့် ကျပ်ခုနှစ်သိန်းခွဲ ပေးသွင်းရမည်ဖြစ်ပြီး ကျန်ရှိသည့် ကားတန်ဖိုးကို တစ်လလျှင် ကျပ်တစ်သိန်း ပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက “လက်ကျန်ရှိနေသေးတဲ့ မီနီဆလွန်းတွေကို ပြည်သူတွေ သက်သက်သာသာနဲ့ စီးနိုင်အောင် အရစ်ကျနဲ့ ရောင်းပေးနိုင်ဖို့ စီစဉ်နေပါတယ်” ဟု ပြောကြားခဲ့သည်။ လက်ရှိအချိန်တွင် မြန်မာမီနီဆလွန်း ကားများအား ပြည်သူတစ်ဦးချင်း အနေဖြင့် ဝယ်ယူလိုပါက ယခင်ကဲ့သို့ လျှောက်ထားချက် စာရွက်စာတမ်းများ မလိုတော့ဘဲ ဘဏ်သို့ ကားတန်ဖိုးငွေ ပေးသွင်းပြီးပါက မိမိကြိုက်နှစ်သက်ရာ အရောင်အား ရွေးချယ် ဝယ်ယူနိုင်ရန် ဆောင်ရွက်ထားပြီး ဖြစ်ကြောင်း သိရသည်။ စက်မှုဝန်ကြီးဌာနမှ ဒေါ်လှလှသီက “ဒီလိုအရစ်ကျနဲ့ ရောင်းမယ်ဆိုရင်လဲ တစ်လကို ကျပ်တစ်သိန်း ပေးသွင်းနိုင်တဲ့ လ/ထကြီးကြပ်ရေးမှူးနဲ့ လစာတူတဲ့ ဝန်ထမ်းတွေကို ရောင်းချပေးမှာပါ။ တစ်လကို ကျပ်တစ်သိန်း လစာဝင်ငွေ မရှိတဲ့သူတွေကို ရောင်းချပေးဖို့ ဆိုတာကတော့ မဖြစ်နိုင်သေးဘူးပေါ့” ဟု ပြောသည်။ ယင်းနှင့်စပ်လျဉ်း၍ နိုင်ငံတော်သမ္မတရုံး ဦးစီးအရာရှိက “အခုလို အရစ်ကျစနစ်နဲ့ ရောင်းရင်တော့ ဝန်ထမ်းအတော်များများ ဝယ်နိုင်သွားမှာပါ။ ဘာပဲပြောပြော ပိုက်ဆံနည်းနည်းနဲ့ ကားပိုင်ဆိုင်နိုင်တော့ ဝမ်းသာပါတယ်။ ဒီလိုမှ မဟုတ်ရင် ဝန်ထမ်းတွေအနေနဲ့ ကားဝယ်စီးနိုင်ဖို့ဆိုတာ မလွယ်ဘူးလေ။ ဒါပေမယ့် ဂျပန်ကားတွေကိုလဲ ဒီလိုရောင်းပေးရင် ပိုကောင်းတာပေါ့” ဟု ပြောသည်။ လက်ရှိ ကားဈေးကွက်တွင် မြန်မာမီနီဆလွန်းများမှာ ကျပ်သိန်း ၆၀ နှင့် ၆၅ သိန်းသာ ရှိသော်လည်း စက်မှုဝန်ကြီးဌာနမှ ကျပ် ၇၅ သိန်း သတ်မှတ်ကာ ရောင်းချပေးလျက် ရှိသည်။ ယခင်က မြန်မာမီနီဆလွန်းကား ဝယ်ယူရာတွင် အရောင်မှာ အဝါ၊ အစိမ်း၊ အနီ၊ အပြာ၊ အဖြူ၊ ရွှေအိုရောင်၊ ငွေအိုရောင်တို့သာ ရရှိနိုင်သော်လည်း လက်ရှိအချိန်တွင် အနက်ရောင်တစ်မျိုး ထပ်တိုးလာပြီး ဝယ်ယူသူများ အနေဖြင့် အရောင်စိတ်ကြိုက် ရွေးချယ်နိုင်ပြီဖြစ်ကြောင်း ၂၀၁၃ ခုနှစ် မတ်လ ၇ ရက်နေ့ထုတ် ရန်ကုန်တိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားပါသည်။

ကျုးကျော် တဲ့ ဖိလစ်ပိုင် သူပုန် တွေ ကို မလေးရှား က လေတပ် နဲ့  တိုက်ခိုက်


ဆဘား ပြည်နယ် ဘော်နီယို ကျွန်းပေါ်သို့  ဖိလစ်ပိုင် မှ ကျုးကျော်လာသူ
များ ကို မလေးရှား ဒုတိယ မြောက် နေ့  အဖြစ် ဆက်လက် တိုင်ခိုက်ရာ
ယနေ့  လေကြာင်း မှ တိုက် ခိုက် မှု များ စတင်သည်။

ကျုးကျော် လာသူ များသည် ရေကြောင်း မှ တစ်ဆင့် ၀င်ရောက် လာခြင်း
ဖြစ် ပြီး လက်နက် အပြည့်အစုံ ပါရှိ ကာ အင်အား ၁၀၀ မှ ၃၀၀ အထိရှိသည်။

ကျုးကျော်လာသူ များ က ထိုနေရာသည် ၁၅ ရာစုနှစ် က စူလ်တန် ဘုရင့် နိုင် ငံတော် ၏ အချက်အခြာ ဖြစ် ပြီး ယခု ထို သမိုင်းဝင် နယ် ကို
ပြန်လည် ရယူခြင်း ဖြစ်သည် ဟု ဆိုသည်။

မလေးရှား က F 18 တိုက်လေယာဉ်များ နှင့် ဖိလစ်ပိုင် သူပုန်များ ကို မောင်းထုတ် ရာ အကျအဆုံးများသည်။

၁၈၇၈ ခုနှစ် တွင် ဗြိတိသျှ British North Borneo Company က
ဆူလ်တန် ဆူလူး အုပ်ချုပ်သည့် ဘော်နီယို အရှေ့  ဘက်ခြမ်း ကို ၁၉၆၃ လွတ်လပ်ရေး ပေး ချိန် တွင် မလေးရှား ကို လွှဲပြောင်း ပေး
ခဲ့သည် ဟု ဖိလစ်ပိုင် က အခွင့် ရ တိုင်း ၎င်း တို့ မြေ ဟု ဆိုသည်။

မလေးရှား သို့  ၀င်ရောက် လာသည့် သူပုန် များသည် ဖိလစ် ပိုင်
အစိုးရ က ထောက်ပံ့သည် ဟု မလေးရှား အစိုးရ က စွပ် ဆွဲထားသည်။

FNG Facebook စာမျက်နှာမှ

ငြိမ်းချမ်းရေးလမ်းလျှောက်အဖွဲ့ လိုင်ဇာမြို့သို့ ထွက်ခွာ

လိုင်ဇာမြို့
 မန္တလေးနှင့် မြင်းခြံနယ်ဘက်မှ ငြိမ်းချမ်းရေးလမ်းလျှောက်သူများအဖွဲ့သည် ယခုလ ၂ ရက်နေ့က ဗန်းမော်မြို့သို့ ရောက်ရှိ လာပြီး ယမန်နေ့နံနက်ပိုင်းတွင် ဗန်းမော်မြို့မှ KIO ဋ္ဌာနချုပ်ရှိရာ လိုင်ဇာမြို့ သို့ ဆက်လက် ထွက်ခွာသွားကြောင်း သိရသည် ။
အဆိုပါအဖွဲ့တွင် သံဃာတော် ၈ ပါး အပါအဝင် လူအင်အား ၃၁ ဦးခန့်ပါဝင်ကာ နံနက် ၈ နာရီကျော် ခန့်က ဗန်းမော်မှ မိုးမောက်မြို့သို့ စတင်ထွက်ခွာသွားကြောင်း ဗန်းမော်မြို့ခံ NLD လူငယ်တစ်ဦးက သျှမ်းသံတော်ဆင့်သို့ပြောသည် ။

“ဗန်းမော်မှာ ၂ ညအိပ်ပြီး မနေ့ကမနက်ပဲ မိုးမောက်ကို ထွက်သွားတယ်။ လမ်းတစ်လျှောက်အလှူခံလို့ရ တဲ့ငွေတွေကို လိုင်ဇာ မှာရှိတဲ့ ကချင်စစ်ပြေးဒုက္ခသည်တွေကို လှူဒါန်းမယ်ပေါ့ ။လိုင်ဇာအရောက် သွားမယ် ” ဟု သူက ပြောသည် ။

ဗန်းမော်မြို့မှ NLD ပါတီဝင်တချို့လည်း အဆိုပါအဖွဲ့နှင့် လိုက်ပါသွားပြီး သာသနာ့အလံ ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီအလံနှင့် ငြိမ်းချမ်းရေး ကိုယ်စားပြု အောက်ခံအပြာရောင်နှင့် ချိုးဖြူငှက် အလံများ ကိုင်ဆောင်လာကြောင်း မျက်မြင် မြို့ခံများ အဆိုအရ သိရသည် ။

နောက်ထပ် ရန်ကုန်ဘက်မှ ငြိမ်းချမ်းရေးလမ်းလျှောက်သူများ အဖွဲ့တစ်ဖွဲ့သည် ယနေ့ မန္တလေးတိုင်း သပိတ်ကျင်းမြို့သို့ ရောက်ရှိလာကြောင်း စောစောက မြို့ခံ NLD လူငယ်က ဆက်ပြောသည် ။

မြန်မာနိုင်ငံမှာ အသံတိတ်လူသက်သမား ရှိနေပြီဖြစ်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒ ပညာရှင် ဦးထွန်းလွင်ပြော


Burma VJ Media မှတင်ဆက်သည်

မြန်မာနိုင်ငံမှာ အသံတိတ်လူသက်သမား ရှိနေပြီဖြစ်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒ ပညာရှင် ဦးထွန်းလွင်က မက်လ ၂ ရက်နေ့က ရန်ကုန်မြို့
Chatrium Hotel မှာ မြန်မာနိုင်ငံရဲ့ သဘာဝသယံဇာတ သစ်တောများ မပြုန်းတီးရေးနှင့်မိုးလေဝသ အခြေအနေ တွေနဲ့ ပတ်သက်ပြီး သဘာဝ
ပတ်ဝန်းကျင် ဆိုင်ရာ ကျွမ်းကျင်ပညာရှင် တွေနဲ့ အနုပညာ အသိုင်း အဝန်း တို့ စုပေါင်းပြီး ပြုလုပ်တဲ့ အလုပ်ရုံဆွေးနွေးပွဲမှာပြောဆိုလိုက်ပါတယ်။
အလားတူ ဒီဆွေးနွေးပွဲကို တက်ရောက်လာတဲ့ စာရေးဆရာမ ဂျူးကလည်း မြန်မာနိုင်ငံမှာ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုတွေ ဝင်ရောက်လာတာနဲ့အမျှ
သဘာဝအမွေအနှစ်တွေ မပျောက်ပျက်အောင် စည်ကမ်းနဲ့ ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ဖို့ သူကတိုက်တွန်းသွားပါတယ်။ ဒီဆွေးနွေးပွဲကို
တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်တွေ သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာ ကျွမ်းကျင် ပညာရှင် တွေ အနုပညာ အသိုင်းအ၀ိုင်းက သူတွေနဲ့
နယ်ပယ်အသီးသီးက သူတွေအပါအဝင် လူဦးရေ ၁၅၀ ကျော်တက်ရောက်ခဲ့ကြပါတယ်။
Burma VJ Media

» ကြေးနီစီမံကိန်း ဒေသခံတချို့ သမ္မတ ဦးသိန်းစိန်ကို တရားစွဲဖို့ ကြိုးပမ်း

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရန်နှင့် ဖမ်းဆီးထားသူများ ပြန်လည် လွှတ်ပေးရန် ဒေသခံ ပြည်သူများ တောင်းဆို ဆန္ဒပြနေကြစဉ်။ RFA

ကြေးနီစီမံကိန်း ဒေသခံတချို့ သမ္မတ ဦးသိန်းစိန်ကို တရားစွဲဖို့ ကြိုးပမ်း စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ လက်ပန်းတောင်းတောင်ဒေသ ဒေသခံ တချို့ဟာ သမ္မတဦးသိန်းစိန်ကို တရားစွဲဖို့ မတ်လ ၄ ရက်  ဒီကနေ့  ဆားလင်းကြီး မြို့နယ် တရားရုံးမှာ ဦးတိုက်လျှောက်ထား ခဲ့တယ်လို့ သိရပါတယ်။ ---

ရခိုင်ပြည်နယ်မှာ ပြန်လည် သင့်မြတ်ရေးအတွက် အစိုးရဦးဆောင်မှု လိုအပ်

mr_ashok_nigam_305.jpg
ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr Ashok Nigam က ဒေသခံသတင်းထောက်တွေနဲ့ စစ်တွေဟိုတယ်မှာ တွေ့ဆုံနေစဉ်
photo: RFA/ Min Thein Aung
 ရခိုင်ပြည်နယ်မှာ လူအဖွဲ့အစည်း နှစ်ခုအကြား ပြန်လည် သင့်မြတ်ရေးဆောင်ရွက်ဖို့ အစိုးရရဲ့ ဦးဆောင်မှုအပိုင်းက အရေးကြီးကြောင်း ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေ ကိုယ်စားလှယ် Ashok Nigam က မတ်လ ၄ ရက် ဒီကနေ့ ပြောကြားလိုက်ပါတယ်။

ကုလသမဂ္ဂ ဌာနေကိုယ်စားလှယ် မစ္စတာ နီဂမ်ဟာ ရခိုင်ပြည်နယ်က ဒုက္ခသည်တွေ ပြန်လည် ထူထောင်ရေး ကိစ္စရပ်တွေအတွက် ဒီကနေ့မနက်ပိုင်းက ရခိုင်ပြည်နယ် စစ်တွေမြို့ မှာ ဒေသခံသတင်းထောက်တွေနဲ့ တွေ့ဆုံပြီး အဲဒီလိုပြောခဲ့တာပါ။
ကုလသမဂ္ဂ ဌာနေကိုယ်စားလှယ်က “ရခိုင်ပြည်နယ်မှာ ပြန်လည်သင့်မြတ်ရေးကိစ္စဟာ အရေးပါတဲ့ကိစ္စ တစ်ခုဖြစ်ပါတယ်။ ဒီအတွက် ကုလသမဂ္ဂအနေနဲ့လည်း အစိုးရဘက်က တောင်းဆိုလာမယ်ဆိုရင် အကူအညီပေးသွားဖို့ အဆင်သင့်ရှိပါတယ်။ အခုလိုမျိုး ပြန်လည်သင့်မြတ်ရေး ဆိုင်ရာကိစ္စရပ်တွေကို ကုလသမဂ္ဂအနေနဲ့ နိုင်ငံပေါင်းများစွာမှာဆောင်ရွက်ခဲ့ပါတယ်။ ဒီကိစ္စရပ်တွေကို ကိုင်တွယ်နိုင်တဲ့ ကျွမ်းကျင်ပညာရှင်တွေလည်း ကုလသမဂ္ဂမှာ အများကြီးရှိပါတယ်။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ ရခိုင်ပြည်နယ်အတွင်းက ကိစ္စရပ်တွေကိုဖြေရှင်းဖို့ အစိုးရရဲ့ဦးဆောင်မှုသာ အဓိကလိုအပ်နေတာဖြစ်ပါတယ်” လို့ စကားပြန်ကတစ်ဆင့် သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

Mr. Ashok Nigam ဟာ ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်ပြီး နယ်စပ်ရေးရာ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း အပါအဝင် ပြည်နယ်အစိုးရ တာဝန်ရှိသူတွေနဲ့ မနေ့က သီးသန့်တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။
အဲဒီလို တွေ့ဆုံဆွေးနွေးရာမှာ ဒုက္ခသည်တွေ လက်ရှိလိုအပ်နေတဲ့ နေအိမ်၊ ကျန်းမာရေး၊ ပညာရေး၊ အစားအသောက်စတဲ့ အခြေခံလိုအပ်ချက်တွေကို ဆောင်ရွက်ပေးနိုင်ရေး ကိစ္စရပ်တွေကို အဓိကထားဆွေးနွေးခဲ့တယ်လို့သိရပါတယ်။
ဒုက္ခသည်တွေအနေနဲ့ အဲဒီအခြေခံလိုအပ်ချက်တွေ ပြည့်စုံပြီး မိမိတို့နေရပ်အသီးသီးကိုပြန်နိုင်မှ နိုင်ငံတကာအကူအညီတွေ မလိုတော့ဘဲ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်လာနိုင်မှာဖြစ်တယ်လို့ Mr. Ashok Nigam က ပြောပါတယ်။

ဒါ့အပြင် ဒေသခံ ရခိုင်တိုင်းရင်းသားတွေက ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းတွေနဲ့ အစိုးရမဟုတ်တဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေအပေါ် အယုံအကြည်ကင်းမဲ့နေတဲ့ ကိစ္စရပ်တွေကိုလည်း ဘယ်ပုံဘယ်နည်းနဲ့ ဖြေရှင်းနိုင်မယ်ဆိုတာကို အစိုးရတာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးရာမှာ ထည့်သွင်းဆွေးနွေးခဲ့တယ်လို့လည်း Mr. Ashok Nigam က ပြောပါတယ်။
RFA

၂၀၁၃ ခုနှစ် နိုဘဲဆုရှင်အဖြစ် သမ္မတ ဦးသိန်းစိန် တင်သွင်းခံရ


၂၀၁၃ ခုနှစ်အတွက် ငြိမ်းချမ်းရေးနိုဘဲဆုရှင်အဖြစ် အဆိုပြုခံရသူများစာရင်းမှာ မြန်မာနိုင်ငံ သမ္မတ ဦးသိန်းစိန် ပါဝင်တယ်လို့ သိရပါတယ်။
ဒီနှစ်အတွက် ငြိမ်းချမ်းရေး နိုဘဲဆုရှင်လောင်းအဖြစ် အဆိုပြုခံရသူ အရေအတွက်ဟာ စံချိန်တင်ရလောက်အောင် များပြားတယ်လို့ နိုဘဲလ်ဆုဌာနက ပြောပါတယ်။
အဆိုပြုစာရင်းမှာ လူပုဂ္ဂိုလ် ၂၀၉ ဦးနဲ့ အဖွဲ့အစည်း ၅၀ ပါဝင်တဲ့အတွက် စာရင်းဝင်အရေအတွက် စုစုပေါင်း ၂၅၉ ဖြစ်ပြီး၊ပြီးခဲ့တဲ့၂၀၁၁ ခုနှစ်က အဆိုပြုခံရသူပေါင်း ၂၄၁ ဦးရှိခဲ့ပါတယ်။
ဒီနှစ်အဆိုပြုခံရသူများစာရင်းမှာ ပါကစ္စတန်နိုင်ငံက တာလီဘန်တွေ ပစ်ခတ်လုပ်ကြံလို့ ဦးခေါင်းမှာ သေနတ်ဒဏ်ရာရရှိခဲ့တဲ့ မိန်းကလေးများပညာရေးအတွက် ဆော်သြလှုပ်ရှားသူ မာလာလာ၊ အမေရိကန် သမ္မတဟောင်း ဘီလ်ကလင်တန်၊ ရုရှားလူ့အခွင့်အရေးအဖွဲ့၊ ကိုလံဘီယာနိုင်ငံသမ္မတ စန်တို့စ်၊ မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်တို့ပါဝင်ပြီး၊ GAVI ခေါ် ကမ္ဘာ့ကာကွယ်ဆေးထိုးနှံရေးမဟာမိတ်အဖွဲ့နဲ့ အမေရိကန် စစ်သည်တော်တို့ကလည်း ပါဝင်တယ်လို့ သိရပါတယ်။
နိုဘဲလ်ဆုဌာန အကြီးအကဲ Geir Kundestad က  ငြိမ်းချမ်းရေးနိုဘဲလ်ဆုအတွက် အဆိုတင်သွင်းမှု အရေအတွက် ထိုးတက်လာတာဟာ နှစ်စဉ်မဟုတ်ပေမယ့် ခြုံကြည့်မယ်ဆိုရင် အတက်ဘက်ကိုပြနေကြောင်း၊  ဒါဟာဒီဆုအပေါ် ကမ္ဘာ့လူထုရဲ့ စိတ်ဝင်စားမှု တိုးတက်နေတာကို ထင်ဟပ်နေကြောင်း ပြောပါတယ်။
ငြိမ်းချမ်းရေးနိုဘဲဆုရှင်လောင်းအဖြစ် အဆိုပြုလွှာတွေကို ဖေဖော်ဝါရီလ ၁ ရက်နေ့ နောက်ဆုံးထား လက်ခံခဲ့တာဖြစ်ပါတယ်။
RFA

လက်ပန်းတောင်းတောင် အရေး တွေ့ရှိချက်တွေကိုသာ တင်ပြသွားမည်


လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေးကော်မရှင်အနေနဲ့ ကြေးနီစီမံကိန်း ရပ်ဆိုင်းဖို့အတွက် အကြံပြုတင်ပြသွားမှာမဟုတ်ပဲ အဖွဲ့ရဲ့စုံစမ်းတွေ့ရှိချက်တွေကိုသာ ပြည်သူတွေ သိရှိအောင် တင်ပြသွားမှာဖြစ်တယ်လို့ မတ်လ ၄ ရက် ဒီကနေ့ ပြည်သူ့လွှတ်တော်အစည်းအဝေး ခေတ္တ ရပ်နားစဉ်မှာ စုံစမ်းစစ်ဆေးရေးအဖွဲ့ဝင် တစ်ဦးဖြစ်သူ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က ပြောပါတယ်။
မကြာခင်မှာ စုံစမ်းစစ်ဆေးရေးကော်မရှင် အစီရင်ခံစာ ထွက်တော့မယ်လို့ သတင်းတွေ ထွက်နေတဲ့အပေါ် ဘယ်လိုသဘောထားရှိပါသလဲလို့ သတင်းထောက်တွေက မေးမြန်းရာမှာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က
“ကျမတို့ ကော်မရှင်အနေနဲ့ ရပ်ဖို့လဲမပြောဘူး၊ မရပ်ဖို့လည်းမပြောဘူး၊ ကျမတို့က အမှားအမှန်ကို ဆုံးဖြတ်ပေးမှာ မဟုတ်ဘူး၊ ကျမတို့က စုံစမ်းစစ်ဆေးရေးကို ပြည်သူတွေရော အားလုံးကိုသိအောင် တင်ပြပေးမှာပါ၊ အဲအတွက်ကြောင့်မို့ ရပ်မရပ်ဆိုတာကို ကျမတို့လုံးဝမပြောဘူး၊ ကျမတို့တွေ့ရှိချက်ကို ပြောမှာပါ၊ ကျမတို့တင်ပြတာကို အမှားအမှန် ခွဲခြားတာ၊ ဆုံးဖြတ်တာအားလုံးဟာ နိုင်ငံတော်အစိုးရနဲ့ တာဝန်ရှိသူအားလုံးက ဆုံးဖြတ်ရမှာဖြစ်တယ်၊ ကျမတို့က စုံစမ်းပေးရတဲ့အဆင့်ပဲဖြစ်တယ်”
အစီရင်ခံစာကိုတော့ သမ္မတဦးသိန်းစိန် ဥရောပခရီးစဉ်ကနေ မြန်မာနိုင်ငံကို ပြန်ရောက်ရင် တင်ပြသွားမှာဖြစ်ပြီး အလားတူပြည်သူတွေသိအောင်လည်း ထုတ်ပြန်သွားမယ်လို့ ဒေါ်ခင်စန်းလှိုင်က ပြောပါတယ်။
“ကျမတို့က သမ္မတကြီးဆီ တိုက်ရိုက်အစီရင်ခံရတာ ဖြစ်ပါတယ်၊ တင်ပြီးပြီဆိုတော့မှ ပြည်သူတွေအားလုံးကို ထုတ်ပြန်ကြေညာသွားမှာပါ၊ ပြည်သူတွေအားလုံး ကျေနပ်လောက်တဲ့ အဖြေတခုလည်းပါမယ်လို့ ကျမတို့ယူဆပါတယ်၊ ဘာလို့လဲဆိုတော့ ဥက္ကဌကြီးကိုယ်တိုင် ပြောပြီးသားပဲ”
လက်ပန်းတောင် ကြေးနီစီမံကိန်း သပိတ်စခန်းတွေကို အင်အားသုံးဖြိုခွင်းခဲ့မှုနဲ့ ဆက်စပ်ပြီး စုံစမ်းစစ်ဆေးဖို့အတွက် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ကော်မရှင်က ဆောင်ရွက်နေတာ ဖြစ်ပါတယ်။
RFA

Sunday, March 3, 2013

ဂျော်ဒန်နိုင်ငံ ဆန္ဒပြအလုပ်သမား ကိုယ်စားလှယ်တွေနဲ့ တာဝန်ရှိသူများ ဆွေးနွေးညှိနှိုင်း

 
2013-03-03
 ဂျော်ဒန်နိုင်ငံ၊ အာမန်မြို့တော်အနီး CMJ အထည်ချုပ်စက်ရုံက မနေ့က ဆန္ဒပြမှုမှာ အကြမ်းဖက်ခံရပြီး ထိခိုက်ဒဏ်ရာရခဲ့တဲ့ မြန်မာအမျိုးသမီး (၄) ဦး ကိစ္စနဲ့ ပတ်သက်ပြီး ဂျော်ဒန်နိုင်ငံသူ ရှေ့နေနဲ့ စက်ရုံ တာဝန်ရှိသူတွေ၊ အလုပ်သမားကိုယ်စားလှယ်တွေ ဒီကနေ့ ဆွေးနွေးညှိနှိုင်းနေကြောင်း သိရပါတယ်။

CMJ စက်ရုံက မြန်မာ အလုပ်သမားတွေရဲ့ ဒီကနေ့ အခြေအနေတွေကို ဆန္ဒပြ အလုပ်သမားတစ်ဦးဖြစ်တဲ့ ကိုခင်ဇော်ထွန်းက RFA ကို အခုလို ပြောပြပါတယ်။

" အခုကျွန်တော်တို့ဆီမှာ မြန်မာနိုင်ငံကနေ လာရောက်ဖြေရှင်းပေးကြတယ်၊ ဒဏ်ရာရတဲ့သူ ၄ ဦးရဲ့ ဆေးစာကို ယူပြီး ရဲစခန်းမှာအမှုဖွင့်ပြီး တရားပြန်စွဲတဲ့သဘောမျိုးလုပ်ပြီး နစ်နာကြေးတောင်းခံပေးသွားမယ်လို့ ပြောသွားခဲ့ပါတယ်၊ ကျန်တဲ့သူတွေကိုတော့ သူ့နည်း သူ့ဟန်နဲ့ အပြင်မထွက်ပဲနေကြတယ်၊ တခြားကုမ္ပဏီ ဝန်ထမ်းတွေဆီက အလှူငွေတွေကောက်ခံပြီး ထောက်ပံ့ကူညီဖို့ လုပ်နေတယ်"



ဂျော်ဒန်နိုင်ငံက CMJ အထည်ချုပ်စက်ရုံက မြန်မာအလုပ်သမား တစ်ထောင့် သုံးရာကျော်ဟာ စက်ရုံက ကျွေးတဲ့ အစားအသောက်ညံ့ဖျင်းမှု၊ အုပ်ချုပ်ရေးအရာရှိတွေရဲ့ ဆက်ဆံရေးညံ့ဖျင်းမှု၊ လစာငွေနည်းပါးမှု စတာတွေနဲ့ ပတ်သက်ပြီး လွန်ခဲ့တဲ့ သီတင်း နှစ်ပတ်ကျော်ကတည်းက အလုပ်မဆင်းပဲ ဆန္ဒပြ တောင်းဆိုနေခဲ့ကြပါတယ်။

မနေ့ကတော့ အလုပ်သမား ကြီးကြပ်ရေးမှူးတွေနဲ့  ဂျော်ဒန်နိုင်ငံသားတချို့က ဆန္ဒပြသူတွေကို အကြမ်းဖက် တိုက်ခိုက်တဲ့အတွက် မြန်မာ အမျိုးသမီး ၄ ဦး ဒဏ်ရာရသွားခဲ့ပါတယ်။

အဲဒီစက်ရုံမှာ လုပ်ကိုင်နေသူတွေဟာ မြန်မာနိုင်ငံ အနယ်နယ်အရပ်ရပ်က ဖြစ်ပြီး အမျိုးသားဦးရေ ၁၀၀ ကျော် နဲ့ အမျိုးသမီးငယ် ၁၈၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။
RFA

ဦးချန်ထွန်းကြောင့် တိုင်းရင်းသားတွေ စိတ်ဝမ်းကွဲ

http://www.burmavjmedia.net/wp-content/uploads/2013/03/1.jpg
Photo-Burma VJ Media

ဦးချန်ထွန်းရဲ့ တစ်ပြည်ထောင်စနစ် တည်ထောင်လိုက်ခြင်းကြောင့် တိုင်းရင်းသားတွေ အချင်းချင်း စိတ်ဝမ်းကွဲပြားမှုတွေ ဖြစ်ပေါ်ခဲ့ရတာဖြစ်တယ်လို့
ချင်းတိုင်းရင်းသားများ စာပေနှင့်ယဉ်ကျေးမှု ကော်မတီ တက္ကသိုလ်များ ရန်ကုနှ်ု နာယက ဒေါက်တာ ဒေါ်အေးအေးငွန်က မက်လ ၂ ရက်နေ့က ရန်ကုန်တိုင်း
ဗဟန်းမြို့နယ် ဓမ္မစေတီလမ်းနဲ့ ဦးဝိစာရလမ်းထောင့်ရှိ ဆမွန်စီးပွားရေး စင်တာ တတိယထပ်မှ ဖွံ့ဖြိုးရေး မဏ္ဍိုင်အစည်းအဝေးရုံးခန်းမှာ ပင်လုံစာချုပ်နဲ့
ပတ်သက်လို့ ပြုလုပ်တဲ့ အမြင်သဘောထား ဆွေးနွေးပွဲမှာ ပြောဆိုသွားပါတယ်။ဒါကြောင့် စိတ်ဝမ်းကွဲနေတဲ့ တိုင်းရင်းသားတွေအားလုံးဟာ ပင်လုံစိတ်ဓါတ်ကို
အခြေခံတဲ့ ပင်လုံညီလာခံလိုမျိုး နောက်တစ်ကြိမ်း ပြုလုပ်ဖို့ ကြိုးစားနေတဲ့အပေါ်မှာလက်ရှိအစိုးရရော တိုင်းရင်းသားတွေဖက်ကပါ နားလည်မှုတွေ ထားရှိဖို့
သူကထောက်ပြခဲ့ပါတယ်။အဲဒီလိုပဲ ဒီပွဲကို တက်ရောက်ဆွေးနွေးခဲ့တဲ့ သမိုင်းပါမောက္ခ ဒေါက်တာ ဦးစိုင်းအောင်ထွန်းကလဲ ပင်လုံစာချုပ်နဲ့ပတ်သက်လို့ နိုင်ငံရေး
ပါတီတွေရဲ့ စိတ်ပါဝင်စားမှုနဲ့ ပတ်သက်ပြီး မေးခွန်းထုတ်သွားခဲ့ပါတယ်။ ဆွေးနွေးပွဲကို သမိုင်းပါမောက္ခ ဒေါက်တာ ဦးစိုင်းအောင်ထွန်း ၊ မြန်မာနိုင်ငံ ကျမ်းစာကျောင်းမှ
ကိုယ်စားလှယ် ကိုမောင်ဆန်းအောင် ၊ ချင်းတိုင်းရင်းသားများ စာပေနှင့်ယဉ်ကျေးမှု ကော်မတီ တက္ကသိုလ်များ ရန်ကုန် နာယက ဒေါက်တာ ဒေါ်အေးအေးငွန် နဲ့
မြန်မာနိုင်ငံ သမိုင်းကြောင်းလေ့လာနေတဲ့ နိုင်ငံခြားသားတွေ နောက် သံဃာတော်တွေ တိုင်းရင်းသားတွေ စိတ်ပါဝင်စားသူတွေအပါအဝင် လူဦးရေ ၁၀၀ လောက်
တက်ရောက်ခဲ့ကြပါတယ်။


BURMA VJ MEDIA www.burmavjmedia.net မှ

နန်းခင်ဇေယျာ ကို မြန်မာဘောလုံး သံတမန်အဖြစ် ခန့် အပ် (ရုပ်/သံ)

 
 မြန်မာ့လက်ရွေးစင် ဘောလုံးအသင်း ပရိသတ်တွေ အားပေးမှု ပိုရအောင် ဘောလုံးအဖွဲ့ချုပ်က နန်းခင်ဇေယျာကို မြန်မာဘောလုံး သံတမန်အဖြစ် ခန့်အပ်လိုက်ပါတယ်။ ဦးဇင်မောင် တင်ဆက်ထားတာပါ။ ရိုက်ကူး - ဖိုးကျော်၊ သူရိန်

အမေစုပြောသော ဖယ်ဒရယ်နှင့်.အများပြောသောအောင်ဆန်းစိတ်ဓါတ်

 
ဖေဖော်ဝါရီလ(၂၆)ရက် ပြည်သူ့ဥယျာဉ်၌ ကျင်းပပြုလုပ်  သော (၆၆)ကြိမ်မြောက် မွန်အမျိုး  သားနေ့အခမ်းအနားသို့ အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဒေါ်အောင်ဆန်းစုကြည်တက် ရောက်ခဲ့ပြီး ယင်းအခမ်းအနား  တွင် ဖက်ဒရယ်၏သဘောတရား နှင့်အများမှပြောသော အောင်ဆန်း   စိတ်ဓာတ်အရင်းခံအား ရှင်းလင်း  ပြောကြားခဲ့ကြောင်းသိရသည်။
အဆိုပါအခမ်းအနား၌ ဒေါ် အောင်ဆန်းစုကြည်က ““ကျွန်မ အနေနဲ့ဖက်ဒရယ်နဲ့ပတ်သက်ပြီး  နဲနဲလောက်ပြောချင်ပါတယ်။နှစ် ပေါင်းများစွာဖက်ဒရယ်ဆိုတာ ခွဲ ထွက်ရေးဆိုပြီးတော့ပြောတဲ့စကား တွေရှိတာကြောင့် ကျွန်မတို့နိုင်ငံ   မှာထင်ယောင်ထင်မှားတွေဖြစ်ခဲ့ပါ တယ်။ ဒါပေမဲ့ ကျွန်မတို့အမျိုး သား ဒီမိုကရေစီအဖွဲ့ချုပ်ကတစိုက်မတ်မတ် ဖက်ဒရယ်ဆိုတာ ခွဲထွက်ရေးမဟုတ်ဘူး။ဖက်ဒရယ်  ဆိုတာ အုပ်ချုပ်ရေးပုံစံတစ်ခုပဲ ဖြစ်တယ်ဆိုတာ ကိုတက်နိုင်သမျှ    နိုင်ငံရေးအရရှင်းပြခဲ့ပါတယ်။ ကျွန်မ တို့ တိုင်းရင်းသားညီအစ်ကိုမောင်နှမ   များရဲ့မျှော်လင့်ချက်များကို ဖြည့် ဆည်းနိုင်မှတကယ့်ကိုခိုင်ခံ့တဲ့၊ညွီညွတ်တဲ့ပြည်ထောင်စုကြီးကိုတည် ထောင်နိုင်မှာပါ။ဒီလိုတည်ထောင် နိုင်ဖို့ဆိုတာ အားလုံးမှာတာဝန်ရှိ သလို အရင်နှစ်များစွာကတည်းက  စပြီးတော့လုပ်ခဲ့ရမှာပါ။နှစ်ပေါင်း  များစွာကတည်းကစပြီးတော့လုပ် ခဲ့ရမှာပါ။နှစ်ပေါင်းများစွာကတည်း  က ဒါတွေကိုမလုပ်ခဲ့လို့အခုအချိန်   မှာ ကျွန်မတို့လိုချင်တဲ့ဒီမိုကရေစီ    ပြည်ထောင်စုအဆောက်အအုံဟာ    ခိုင်ခိုင်မာမာမရသေးတာဖြစ်တယ်”” ဟု ဖက်ဒရယ်နှင့်ပတ်သက်၍ရှင်း လင်းပြောကြားခဲ့သည်။
ထို့နောက်ခိုင်မာသော ပြည်   ထောင်စုကြီးအား တည်ထောင်   နိုင်ရန်နှင့်ပတ်သက်၍ ကျွန်မအနေ   နဲ့အများပြောနေကြဖြစ်တဲ့    အောင်ဆန်းစိတ်ဓာတ်နဲ့ပတ်သက်    ပြီးပြောချင်တာကတော့ အောင်ဆန်း စိတ်ဓာတ်ဆိုတာအခြေခံအားဖြင့်    ရိုးသားတဲ့စိတ်ဓာတ်ပေါ့။ဖေဖေ့ ကို အများက အင်မတန်တော် တယ်လို့ ချီးမွန်းကြပါတယ်။တကယ် တော်တဲ့အချက်ကတော့ ဖြောင့် မတ်မှုပါပဲ။ကျွန်မတို့ငယ်ငယ်တုန်း က မေမေကဖေဖေ့အကြောင်းသင်   ပေးရင်ဖြောင့်မတ်တယ်ဆိုတာကို    အလေးထားပြီး သင်ပေးပါတယ်။    ဖေဖေဟာဖြောင့်မတ်ခြင်းကိုအခြေခံ    ပြီး  ပြည်ထောင်စုကိုတည်ထောင်  ခဲ့တဲ့အတွက် အောင်ဆန်းစိတ်ဓာတ်      လို့ပြောကြတာပါ။ဒါကြောင့် ဖြောင့်မတ်ခြင်းကိုအခြေခံတဲ့စိတ် ဓာတ်နဲ့ကျွန်မတို့ရဲ့ပြည်ထောင်စုကြီး  ကို ထူထောင်ဖို့လိုပါတယ်””ဟု ဆက်လက်ပြောကြားခဲ့သည်။
 ညီညီအောင်http://www.hotnewsweekly.com

ဒေါက်တာဆိတ်ဖွား ဘယ်သူဆိုတာ ထုတ်ပြောဖို့ပဲ ရှိတော့တယ်

 
ဒေါက်တာဆိတ်ဖွား ဘယ်သူဆိုတာ ထုတ်ပြောဖို့ပဲ ရှိတော့တယ်လို့ စုံစမ်းရေး ကော်မရှင်အဖွဲ့ဝင် ဦးလှဆွေက ပြောပါတယ်။ ဦးလှဆွေကို ဒီဗွီဘီ သတင်းထောက် ကိုရွှေအောင်က ဆက်သွယ် မေးကြည့်ထား ပါတယ်။--- အသံဖိုင် နားဆင်ရန်

Misscall ဒီနံပတ်နဲ့လာရင်ပြန်မခေါ်ပါနဲ့ (မလေးရှား)



မတ် ၁ ရက်၊ ၂၀၁၃

ယနေ့ အထူးအဆန်းသတင်းတစ်ပုဒ်အနေနဲ့ မလေးရှားနိုင်ငံ အထူးထောက်လှမ်းရေး အဖွဲ့မှ အောက်ပါသတင်းတစ်ပုဒ်အား မလေးရှား တွင်...နေထိုင်သူများ နိုင်ငံသားများကို ထုတ်ပြန်ခဲ့ပါတယ် ။
သတင်းမှာ အကယ်၍ သင့်ဖုန်းထံ ( +375 ) ( +371 ) ( +081 )နဲ့ စတဲ့ နံပတ်တွေနဲ့ Misscall တွေဝင်လာခဲ့ရင် ပြန်မခေါ်မိစေဖို့ ယနေ့မလေးရှား အထူးရဲတပ်ဖွဲ့မှအတိအလင်းကြော်ငြာသွားခဲ့ပါတာဖြစ်ပါ တယ် ။

ရဲများက ထိုနံပတ်များကို သားကောင်ဖမ်းသော နံပတ်များရယ် လို့တင်စားပြီး ဖုန်းအသုံးပြုသူများထံမှ ပြန်ခေါ်ပါက နိုင်ငံတကာ တွင် မရှိသော ဆိုးဝါးတဲ့ နှုန်းထားများနဲ့ ပိုက်ဆံဖြတ်တောက် သွားမည်ဖြစ် ပါတယ် ။ အထူးထောက်လှမ်းရေးအဖွဲ့ရဲ့ ညွှန်ကြားရေးမှုးချုပ် Comm Datuk Syed Ismail Syed Azizan က သူတို့ထောက်လှမ်းရရှိ မှု့နံပတ် များမှာ+375602605281, +37127913091 နံပတ် များ ဖြစ်တယ်လို့ဆို ပါတယ်။ အဆိုပါနံပတ်များအပြင် ( +375 ) ( +371 ) ( +081 ) နဲ့စတဲ့ နံပတ်တွေနဲ့ Misscall လာတတ်ပြီး ပြန်ခေါ်မိပါက ဆိုးရွားစွာ ငွေကြေး ကုန်ကျမည်ဖြစ်တယ်လို့ရှင်းပြထားပါတယ် ။
အထူးသဖြင့် လပေးဖုန်း နဲ့ လိုင်းဖုန်းအသုံးပြုသူများအထိ နာကြောင်း လည်းဆက်လက်ပြောကြားသွားခဲ့ပါတယ် ။ လပေး SIM ကဒ်သုံးသူ တစ်ယောက် ဆိုလျှင် အဆိုပါ Misscall ကိုတွေပြီးနောက် ပြန်လည်ခေါ် ဆိုသောအခါ ပြန်ဖြေကြားတာပဲရှိပြီး မည်သို့မှ ပြန်လည်မတုန့်ပြန်ကြောင်း ၊ လကုန်၍ ဖုန်း Bill တက်လာသောအခါ ထိုနံပတ်သို့ခေါ်ဆိုမှု့အတွက် ရာချီကုန်ကျသည်ကိုတွေ့ရကြောင်း ထောက်လှမ်းရေးမှုးက ပြောကြား သတိပေးခဲ့ပါတယ် ။

အဆိုပါနံပတ်များကိုလည်း မည်သည့်နေရာမှဖြစ်သည် ကို ထောက်လှမ်း လျှက်ပင်ရှိသေးကြောင်း ပြည်တွင်း သို့မဟုတ် ပြည်ပ အဖွဲ့တစ်ဖွဲ့မှ အဆက်အသွယ်ရယူကာ ဖော်ထုတ်မည်ဖြစ်ကြောင်း ဖုန်းခေါ်ဆိုသူများအနေဖြင့် အဆိုပါဖုန်းနံပတ် 2လုံးသာမက +375 , +371 ဖြင့်ဖုန်းဝင်လာပါက လုံးဝပြန်မခေါ်သင့်ကြောင်း ဆက်လက် သတိပေးသွားခဲ့ပါတယ် ။

အိုင်ယာလန်နိုင်ငံတွင်လည်း အဆိုပါ အဖြစ်အပျက်နှင့် ဆင်တူ ဖြစ်ပွား လျှက်ရှိပြီး ဖုန်းခေါ်ဆိုသူများကို သတိပေးထားကြောင်း ၊ အထက်ပါ နံပတ်များကို စုံစမ်ရန်အတွက် ခေါ်ဆိုကြည့်သောအခါ 081 ဖြင့်စသော Slovenia လိုင်းဖုန်းများသို့ လွဲပစ်ကြောင်း သတင်းရရှိပါတယ် ။
သို့ပါသောကြောင့် မလေးရှားသာမက နိုင်ငံတကာရောက်မြန်မာနိုင်ငံသား များ သိရှိစေရန် အဆိုပါ နံပတ်များဖြင့် Misscall လာပါက ပြန်လည်ခေါ် ဆိုခြင်း မပြုရန် အသိပေးရင်း 2013 ရဲ့ ထူးဆန်းတဲ့ ငွေလည့်ဖြားမှု့တစ်ခုကို သိစေဖို့ ဧဒင်ဥယျာဉ်မှ ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်ခင်ဗျား။
Myawady News  မှ