Pages

Saturday, June 8, 2013

အမေရိကန်နဲ့ တရုတ်သမ္မတ ၂ ဦး တွေ့ဆုံဆွေးနွေး

တရုတ်သမ္မတ ရှီကျင်းပင် နဲ့ အမေရိကန်သမ္မတ တို့ ကယ်လီဖိုးနီးယားပြည်နယ် Sunnylands မှာ တွေ့ဆုံဆွေးနွေးခဲ့ကြစဉ်။ (ဇွန်လ ၇ ရက်၊ ၂၀၁၃)
Cyber security လို့ခေါ်တဲ့ အင်တာနက် ကွန်ယက်တွေ လုံခြုံရေးနဲ့ပတ်သက်လို့ အမေရိကန်နဲ့ တရုတ်နိုင်ငံကြား သဘောထားကွဲမှုတွေကို အတူတွဲ ဖြေရှင်းသွားရေးမှာ အသေအချာ နားလည်မှုရအောင်လုပ်ဖို့ သမ္မတ ဘရက်အိုဘားမား (Barack Obama) ကပြောကြားလိုက်ပါတယ်။ အမေရိကန်ပြည်ထောင်စု အနောက်ခြမ်း ကယ်လီဖိုးနီးယား (California) ပြည်နယ်မှာ သောကြာနေ့က စတင်တဲ့ သမ္မတအိုဘားမားနဲ့ တရုတ်သမ္မတ ရှီကျင်ပင်းတို့ရဲ့ဆွေးနွေးပွဲမှာ သမ္မတအိုဘားမားက ခုလိုပြောခဲ့တာဖြစ်ပါတယ်။ ဗွီအိုအေ သတင်းထောက် Kent Klein ရဲ့
သတင်းကိုအခြေခံပြီး မစုမြတ်မွန်က တင်ပြထားပါတယ်။

အမေရိကန်သမ္မတနဲ့ တရုတ်သမ္မတတို့ရဲ့ သောကြာနေ့က ၂ နာရီကျော်ကြာတဲ့ တွေ့ဆုံပွဲမှာ Cyber security အင်တာနက်ကွန်ယက်တွေ လုံခြုံရေးနဲ့ပတ်သက်လို့ အဓိက အလေးပေးဆွေးနွေးခဲ့ကြပါတယ်။ နည်းပညာတွေ တိုးတက်လာတာနဲ့အမျှ အစိုးရတွေအနေနဲ့ ဘယ်လိုကိစ္စတွေကို လက်ခံနိုင်တယ်၊ လက်မခံနိုင်ဘူးဆိုတဲ့ လိုက်နာသင့်တဲ့
ကျင့်ဝတ်တွေ ရှင်းရှင်းလင်းလင်းရှိဖို့ လိုအပ်လာတယ်လို့ သမ္မတအိုဘားမား က ပြောပါတယ်။ အမေရိကန်အစိုးရနဲ့ စီးပွားရေးလုပ်ငန်းတွေရဲ့ အင်တာနက်ဆက်သွယ်မှုစနစ်ကို တရုတ်က ခိုးဝင် နှောင့်ယှက်နေတယ်လို့ အမေရိကန်ဘက်က စွပ်စွဲထားချိန်မှာ သမ္မတက ခုလို ပြောခဲ့တာလဲဖြစ်ပါတယ်။

တရုတ်သမ္မတရှီကျင်ပင်းကလည်း တရုတ်နိုင်ငံဟာ Cyber လုံခြုံမှုရှိရေးကို အထူးအလေးထားတဲ့ နိုင်ငံဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ တရုတ်နိုင်ငံမှာလည်း Cyber တိုက်ခိုက်မှုတွေ ခံရတာရှိတယ်လို့ ပြောပေမဲ့ ဘယ်သူ့လက်ချက်လဲ ဆိုတာကိုတော့ ထုတ်ဖော်ပြောသွားခြင်း မရှိပါဘူး။ သောကြာနေ့ က ခေါင်းဆောင် ၂ ယောက် တွေ့ဆုံပွဲ မစခင်ကတည်းက အမေရိကန်နဲ့ တရုတ်နိုင်ငံကြား တင်းမာမှုတွေဟာ ရှောင်လွှဲလို့ မရပေမဲ့ အစိုးရ ၂ ခုကြား
အတူတွဲပြီး ဖြေရှင်းသွားဖို့လိုအပ်တယ်လို့ သမ္မတအိုဘားမားက ပြောခဲ့ပါတယ်။

“အမေရိကန်နိုင်ငံအနေနဲ့ နိုင်ငံတကာနဲ့ စီးပွားဆက်ဆံရေးလုပ်ဖို့ ကြိုးစားဆောင်ရွက်နေတာပါ။ အဲဒီလိုလုပ်တဲ့နေရာမှာ
တူညီတဲ့ ဥပဒေတွေကို လိုက်နာပြီး လွတ်လပ်မျှတတဲ့ ကုန်သွယ်မှုကိုလုပ်တဲ့ နိုင်ငံမျိုးတွေနဲ့ စနစ်ကျတဲ့ နိုင်ငံတကာစီးပွားရေးမျိုး ရရှိဖို့ လိုလားပါတယ်။ Cyber လုံခြုံရေးကိစ္စ၊ ဉာဏပစ္စည်းပိုင်ဆိုင်မှု ကာကွယ်ရေး ကိစ္စမျိုးတွေကို တရုတ်နဲ့ အမေရိကန်က အတူတွဲ ထုတ်ဖော်ဖြေရှင်းဆောင်ရွက် သွားနိုင်တဲ့ ဆက်ဆံရေးမျိုးကို လိုချင်ပါတယ်။”

တရုတ်နိုင်ငံဟာ ကမ္ဘာမှာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အင်အားကြီးနိုင်ငံတခု ဖြစ်လာ တာကို အမေရိကန်က ကြိုဆိုတယ် ဆိုတာကိုလည်း သမ္မတအိုဘားမားက တရုတ်သမ္မတရှီကို အသေအချာ ပြောကြားခဲ့ပါတယ်။

“တရုတ်နိုင်ငံအနေနဲ့ အောင်မြင်တဲ့လမ်းပေါ် ဆက်ပြီးလျှောက်သွားနေတာဟာ အမေရိကန်ပြည်ထောင်စုအတွက်လည်း အကျိုးရှိပါတယ်။ တရုတ်နိုင်ငံ ငြိမ်းချမ်းတည်ငြိမ်ပြီး သာယာဝပြောတာဟာ တရုတ်နိုင်ငံတခုတည်းအတွက်
အကျိုးရှိစေတာ မဟုတ်ပါဘူး။ တကမ္ဘာလုံးအတွက် အကျိုးရှိသလို အမေရိကန်ပြည်ထောင်စုအတွက်လည်း အကျိုးရှိပါတယ်။”

အမေရိကန်နဲ့ တရုတ်ပူးပေါင်းဆောင်ရွက်မှုတွေကို သမ္မတ အိုဘားမားက ပြောခဲ့တဲ့အထဲမှာ မြောက်ကိုရီးယား နျူကလီးယား လက်နက် အစီအစဉ်တားဆီးရေး အားထုတ်ဆောင်ရွက်နေမှုတွေကို ဖော်ပြပြော သွားခဲ့ပါတယ်။ တရုတ်သမ္မတ ရှီကျင်ပင်း ဘက်ကတော့ အမေရိကန် တရုတ်ဆက်ဆံရေးဟာ သမိုင်းဝင်နေရာတခုမှာ ရောက်ရှိနေပြီ လို့ ပြောပါတယ်။ နိုင်ငံကြီး ၂ ခုကြား နမူနာယူသင့်တဲ့ စံပြဆက်ဆံရေးဖြစ်အောင် အမေရိကန်နဲ့ တရုတ်နိုင်ငံကြားမှာ တည်ဆောက်နိုင်မယ်လို့ ယုံကြည်တဲ့အကြောင်း တရုတ်သမ္မတ က ပြောကြားသွားခဲ့ပါတယ်။
Kent Kleinစုမြတ်မွန်VOA

ကိုရီးယား ၂ နိုင်ငံ ပူးတွဲစက်မှုဇုံအရေး ပြန်ဆွေးနွေးတော့မည်

နှစ်နိုင်ငံနယ်စပ် စစ်မဲ့ဇုံမှာရှိတဲ့ Panmunjom ကျေးရွာကို နှစ်ဘက် တပ်ဖွဲ့များ စောင့်ကြပ်နေပုံ။ (ဧပြီလ ၂၃ ရက်၊ ၂၀၁၃)။
နှစ်နိုင်ငံနယ်စပ် စစ်မဲ့ဇုံမှာရှိတဲ့ Panmunjom ကျေးရွာကို နှစ်ဘက် တပ်ဖွဲ့များ စောင့်ကြပ်နေပုံ။ (ဧပြီလ ၂၃ ရက်၊ ၂၀၁၃)။
တောင်နဲ့ မြောက် ကိုရီးယား ၂ နိုင်ငံအကြား ပူးတွဲစီးပွားရေးစီမံကိန်း ကိစ္စနဲ့ပတ်သက်ပြီး ဘယ်အချိန် ဘယ်နေရာမှာ တွေ့ဆုံ ဆွေးနွေးကြမယ်ဆိုတဲ့ အရေးနဲ့ပတ်သက်လို့ သဘောတူညီမှု ရခဲ့ကြပြီဖြစ်ပါတယ်။ မြောက်ကိုရီးယား အစိုးရဟာ ၂ နိုင်ငံနယ်ခြားသတ်မှတ်ပြီး လုံခြုံရေးထူထူထပ်ထပ် ချထားတဲ့ ပန်မွန်ဂျွန် (Panmunjom) ရွာမှာ တနင်္ဂနွေနေ့မှာ တွေ့ဆုံဆွေးနွေး စကားပြောဆိုဖို့ သဘောတူညီလိုက်ပြီ ဖြစ်ကြောင်း တောင်ကိုရီးယားရဲ့ ပေါင်းစည်းရေး ၀န်ကြီးဌာနက ပြောပါတယ်။

မြောက်ကိုရီးယားနိုင်ငံဘက်ကနေ ပြီးခဲ့တဲ့ ကြာသပတေးနေ့တုန်းက မမျှော်လင့်ဘဲ ကေဆောင်း စက်မှုဇုံ ပြန်လည်ဖွင့်လှစ်ရေးနဲ့ ပတ်သက်ပြီး ဆွေးနွေးစကားပြောဆိုဖို့ ကမ်းလှမ်းလာခဲ့တာပါ။ ၂ နိုင်ငံအကြား တင်းမာမှုတွေ ဖြစ်ခဲ့ပြီးတဲ့နောက် ပူးတွဲ လုပ်ဆောင်နေတဲ့ စက်မှုဇုံကို ဧပြီလအတွင်းမှာ ပိတ်ပစ်ခဲ့တာပါ။

မြောက်ကိုရီးယားနိုင်ငံအတွင်း နယ်စပ်ဖြတ်ကျော်ပြီးတော့ အလည်အပတ်ခရီးသွားနေတဲ့ ကွမ်ဂမ်း အပမ်းဖြေ စခန်းကို ပြန်လည် သွားရောက်ရေးကိစ္စကိုလည်း ဆွေးနွေးဖို့ ကမ်းလှမ်းထားပါတယ်။ ၂၀၀၈ ခုနှစ်အတွင်း တောင်ကိုရီးယား နိုင်ငံက အလည်အပတ် ခရီးသွားရောက်ခဲ့သူ တဦးကို မြောက်ကိုရီးယားစစ်တပ်က ပစ်ခတ်တဲ့အတွက် သေဆုံးခဲ့ ပြီးတဲ့နောက် အဲဒီအရပ်ကို ခရီးသွားလာမှုအပေါ် တောင်ကိုရီးယားဘက်က ရပ်တန့်ပစ်ခဲ့တာဖြစ်ပါတယ်။

တောင်ကိုရီးယားနိုင်ငံက ဆိုးလ်မြို့တော်မှာ ၀န်ကြီးအဆင့် ဆွေးနွေးရအောင် ဆိုပြီး တုံ့ပြန်ခဲ့ပေမဲ့၊ မြောက်ကိုရီးယား နိုင်ငံဘက်က အလောသုံးဆယ် မဟုတ်ဘဲ အောက်ခြေအဆင့် ဆွေးနွေးမှု ပြုလုပ်မယ်ဆိုပြီး ပြောဆိုခဲ့ပါတယ်။ 
ဗွီအိုအေ (မြန်မာဌာန)

Friday, June 7, 2013

နိုင်ငံရေးနဲ့ စီးပွားရေးပြောင်းလဲမှု ဟန်ချက်ညီအောင် တိုနီဘလဲတိုက်တွန်း

ဗြိတိန်ဝန်ကြီးချုပ်ဟောင်း တိုနီဘလဲ နဲ့ မြန်မာသမ္မတ ဦးသိန်းစိန် နေပြည်တော်မှာ တွေ့ဆုံနှုတ်ဆက်နေစဉ်။ (ဇွန်လ ၇ ရက်၊ ၂၀၁၃)
ဗြိတိန်ဝန်ကြီးချုပ်ဟောင်း တိုနီဘလဲ နဲ့ မြန်မာသမ္မတ ဦးသိန်းစိန် နေပြည်တော်မှာ တွေ့ဆုံနှုတ်ဆက်နေစဉ်။ (ဇွန်လ ၇ ရက်၊ ၂၀၁၃)

7.06.2013
မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ် ကနေ နောက်ကြောင်းပြန်လှည့် ချင်သူတွေအနေနဲ့ ကြီးမားတဲ့ အတိုက်အခံနဲ့ ရင်ဆိုင်ရလိမ့်မယ်လို့ ဗြိတိန်ဝန်ကြီးချုပ်ဟောင်း တိုနီ ဘလဲ (Tony Blair) က သတိပေးလိုက်ပါတယ်။ ဒီလုပ်ငန်းစဉ်မှာ စိန်ခေါ်မှုအများအပြား ရှိနေသေးပေမဲ့လည်း နိုင်ငံတွင်းမှာရော နိုင်ငံပြင်ပမှာပါ ထောက်ခံမှု အကြီးအကျယ် ရနေတာကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး ၀န်ကြီးချုပ်ဟောင်း တိုနီ ဘလဲ နေပြည်တော်မှာ ပြောခဲ့တာတွေကို ကိုကျော်ကျော်သိန်းက သတင်းပေးပို့ထားပါတယ်။

နေပြည်တော်မှာကျင်းပနေတဲ့ ၂၀၁၃ ခုနှစ် အရှေ့အာရှ ကမ္ဘာ့စီးပွားရေး ဖိုရမ် နောက်ဆုံးနေ့မှာ ရောက်လာတဲ့ ဗြိတိန် ၀န်ကြီးချုပ်ဟောင်း တိုနီ ဘလဲက မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်ဟာ လွန်ခဲ့တဲ့ နှစ်နှစ်ကနဲ့ နှိုင်းယှဉ်ရင် အများကြီး ဖြစ်ပေါ်ပြောင်းလဲနေပေမဲ့ ကြီးမားတဲ့ စိန်ခေါ်မှုတွေ ရှိနေတုန်းပဲဆိုတာကို အသိအမှတ်ပြု ပြောသွား သလို နောက်ကြောင်းပြန်လှည့်ချင်သူတွေကိုလည်း သတိပေး ပြောဆိုသွားတာပါ။

"နောက်ကြောင်းပြန်လှည့်နိုင်သေးသလားဆိုတာက ကြီးမားတဲ့ စကားလုံးတစ်ခုပါ။ သေချာတာကတော့ ပြည်တွင်းပြည်ပက အခုလုပ်ငန်းစဉ်ကို ထောက်ခံအားပေးမှု ကြီးကြီးမားမား ရှိနေတယ်ဆိုတာပါ။ ဒါကြောင့် နောက်ကြောင်းပြန်လှည့်ချင်တဲ့ ဘယ်သူမဆို နေရာတိုင်းမှာ အတိုက်အခံအများကြီးနဲ့ ရင်ဆိုင်ရမယ်လို့ ကျနော်ထင်ပါတယ်။" ဆိုပြီး မစ္စတာဘလဲက သတင်းထောက်ကို ပြောသွားပါတယ်။

အပြောင်းအလဲ ဖော်ဆောင်တဲ့နေရာမှာ တစ်ခုပြီးမှ တစ်ခု လုပ်ရတာမျိုးမဟုတ်ဘဲ မတူတဲ့ ကိစ္စရပ်တွေကို တပြိုင်နက်တည်းမှာ ကိုင်တွယ်ဖြေရှင်းရမယ်လို့ မစ္စတာဘလဲက ထောက်ပြပါတယ်။ မြန်မာ့သမိုင်းမှာ ကာလရှည်ကြာ ရောဂါဆိုးတစ်ခုလို အမြစ် တွယ်လာခဲ့တဲ့ ပဋိပက္ခအမျိုးမျိုးကို ဖြေရှင်းဖို့ရာ အစိုးရအနေနဲ့ လုပ်နိုင်သမျှလုပ်ဖို့ သူက တိုက်တွန်းခဲ့ပါတယ်။ နိုင်ငံရေးနဲ့ စီးပွားရေး အပြောင်းအလဲနှစ်ခုစလုံးကို ဟန်ချက်ညီအောင်လုပ်ဖို့ အကြံပေးတယ်လို့ဆိုရမှာပါ။

"ကချင်ကိစ္စနဲ့ပတ်သက်ပြီး မကြာသေးခင်ကရခဲ့တဲ့ သဘောတူညီချက်ဟာ သိပ်အရေးကြီးပါတယ်။ ဒါက အပိုင်း တစ်ခုပါ။ တခြားတဘက်မှာတော့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ကို ဆက်ပြီး အကောင်အထည်ဖော်နေတာနဲ့အမျှ နိုင်ငံအတွက် အဓိကကျတဲ့စိန်ခေါ်မှုကတော့ လျှပ်စစ်မီး၊ အခြေခံ အဆောက်အအုံ၊ လမ်း၊ လူနေမှုအဆင့်အတန်း၊ မှန်ကန်တဲ့ ရင်းနှီးမြှုပ်နှံမှုအမျိုးအစားရဖို့ စတာတွေနဲ့ပတ်သက်တဲ့ အပြောင်းအလဲတွေကို လုပ်ဖို့ဖြစ်ပါတယ်။ ဒါကြောင့်မို့ အမြဲတမ်းလိုပဲ ဒီလိုလမ်းကြောင်းနှစ်သွယ် ရှိပါတယ်။ ပြည်တွင်းနိုင်ငံရေးပိုင်းကို ကိုင်တွယ်လုပ်ဆောင်ရမှာဖြစ်သလို စီးပွားရေးတိုးတက်အောင်လည်း လုပ်သွားရမှာပါ။" လို့ မစ္စတာ ဘလဲက ပြောခဲ့ပါတယ်။

မြန်မာနိုင်ငံသွားနေတဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးဟာ အတော်လေး အခြေခိုင်နေပြီဖြစ်ပြီး လူထုကရော ခေါင်းဆောင်မှုကပါ ဖြစ်ချင်နေတာကို သူတွေ့ရတယ်လို့ဆိုပါတယ်။ နိုင်ငံရေးခေါင်းဆောင်တွေ အားလုံးဆီကနေ သူရတဲ့ ခံစားမှုက လွန်ခဲ့တဲ့နှစ်နှစ် အတွင်း သူတို့ ရယူအောင်မြင်ခဲ့တာတွေကို လွှင့်မပစ်သင့်ဘူးဆိုတာပဲဖြစ်တယ်လို့လည်း ပြောပါတယ်။ ဒီအပြောင်းအလဲမှာ နိုင်ငံတကာအသိုက်အ၀န်းအနေနဲ့ ဆက်ပြီး အကူအညီပေးသွားကြဖို့ကိုလည်း သူက တိုက်တွန်းခဲ့ပါတယ်။

"နိုင်ငံတကာအသိုင်းအ၀ိုင်းအတွက် ကျနော့်ရဲ့ သတင်းစကား ကတော့ ထောက်ခံအားပေးမှု ဆက်ပြီး လုပ်သွားပါ ဆိုတာပါပဲ။ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ဟာ စိတ်ကူးမျှော်မှန်းထားတဲ့အတိုင်း ဆက်ဖြစ်သွားဖို့ အရေးကြီးတယ် ဆိုတာက အသေအချာပါပဲ။ ဒါပေမဲ့ ကျနော်တို့ ပြင်ပကမ္ဘာအနေနဲ့ ကူညီဖို့ ကြိုးစားရမယ်ဆိုတာကလည်း အရေးကြီးပါတယ်။ တိုင်းပြည်ကို သူ့ခြေထောက်ပေါ် သူရပ်နိုင်အောင်နဲ့ လိုအပ်တဲ့ အပြောင်းအလဲတွေလုပ်နိုင်အောင် ကူညီရပါမယ်။" လို့ ဗြိတိန် ၀န်ကြီးချုပ်ဟောင်း တိုနီဘလဲက နေပြည်တော်မှာကျင်းပတဲ့ ၂၀၁၃ ခုနှစ် ကမ္ဘာ့စီးပွားရေးဖိုရမ် နောက်ဆုံးနေ့မှာ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။ 
VOA

စစ်တပ်ဆက်နွယ် ရင်းနှီးမြှုပ်နှံမှုအပေါ် ဒေါ်စုအမြင်

ကမ္ဘာ့စီးပွားရေးဖိုရမ်မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲ အတွင်း ဒေါ်အောင်ဆန်းစုကြည် ရှင်းလင်းပြောကြားနေစဉ်။ (ဇွန်လ ၆ ရက်၊ ၂၀၁၃)။
မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမယ့်သူတွေအတွက် အဓိက အကန့်အသတ်နှစ်ခုဟာ တရားဥပဒေစိုးမိုးရေးနဲ့ အခြေခံ အဆောက်အအုံပိုင်းဖြစ်တယ်လို့ ပြည်သူ့ လွှတ်တော် တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေး ကော်မတီ ဥက္ကဋ္ဌ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် က ပြောလိုက်ပါတယ်။ ဒါ့အပြင် စစ်ဘက်နဲ့ပတ်သက်တဲ့ စီးပွားရေး လုပ်ငန်း တွေမှာ ရင်းနှီးမြှုပ်နှံမယ့်သူတွေ လုပ်ဆောင်သင့်တာကိုလည်း တိုက်တွန်းပြောဆိုခဲ့ပါတယ်။ နေပြည်တော်မှာ ဒေါ်အောင်ဆန်းစုကြည် အဲဒီလိုပြောခဲ့တာတွေနဲ့ပတ်သက်ပြီး ကိုကျော်ကျော်သိန်းက သတင်းပေးပို့ထားပါတယ်။

မြန်မာနိုင်ငံမှာ ကဏ္ဍစုံ အပြောင်းအလဲတွေ လုပ်လာခဲ့ပြီးတဲ့နောက်ပိုင်း နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုတွေကို လမ်းဖွင့် ပေးထားပေမဲ့လည်း စီးပွားရေး လုပ်ငန်းတွေ ပေါပေါများများ မတွေ့ရသေးတာဟာ လက်တွေ့ ရင်းနှီးမြှုပ်နှံတာထက် လေ့လာစုံစမ်းတာက ပိုများနေသေးတာကြောင့်ဖြစ်တယ် လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ စီးပွားရေးလုပ်ငန်းရှင်တွေ လာလည်ကြ ပေမဲ့လည်း ရင်းနှီးမြှုပ်နှံမှုက လိုက်မလာတာကိုတွေ့ရမယ်လို့ ဆိုပါတယ်။ ရင်းနှီးမြှုပ်နှံဖို့ သူတို့တွေ ဘာ့ကြောင့် တွန့်ဆုတ်ကြတာလဲ ဆိုတာအပေါ် သူတွေ့ရတဲ့ကိစ္စရပ်နှစ်ခုကို အခုလိုပြောခဲ့ပါတယ်။

"သူတို့ရဲ့စိုးရိမ်ချက်ကို အခု ကျမတွေ့ရတာက အခြေခံအားဖြင့် တရားဥပဒေစိုးမိုးရေးနဲ့ အခြေခံအဆောက်အအုံပိုင်းပါ ပဲ။ ဒီနှစ်ခုဟာ တကယ့်ရင်းနှီးမြှု့ပ်နှံမှုတွေအတွက် အတားအဆီးတွေပါပဲ။ ဟုတ်ပါတယ်၊ သူတို့က ဒီကိုလာပြီး အခုအချိန်ဟာ ရင်းနှီးမြှုပ်နှံဖို့အတွက် အကောင်းဆုံးအချိန် ဟုတ်ရဲ့လားဆိုတာ ကြည့်ပါတယ်။ ဒီနိုင်ငံမှာ ကြီးမားတဲ့ဖြစ်နိုင်ခြေတွေ ရှိနေတယ်၊ ကြီးမားတဲ့အလားအလာတွေ ရှိနေတယ်ဆိုတာ သူတို့ သေချာပေါက်တွေ့ပါတယ်။ ဒါပေမဲ့ ရင်းနှီးမြှုပ်နှံမှုတွေက အလုံးအရင်းနဲ့ ၀င်မလာသေးပါဘူး။ သူတို့ဟာ တရားဥပဒေစိုးမိုးရေး အခြေအနေပေါ်မှာလည်း စိုးရိမ်မှုတွေ ရှိနေပါတယ်။ ပြီးတော့ အခြေခံ အဆောက်အအုံ အားနည်းတာကလည်း အရမ်းကို ကြီးမားနေပါတယ်။" လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ စီးပွားရေးကဏ္ဍကို စစ်ဘက်နဲ့ စစ်ဗိုလ်ချုပ်တွေနဲ့နီးစပ်တဲ့ ခရိုနီ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေက နှစ်ပေါင်းများစွာ ချုပ်ကိုင်လာခဲ့တာပါ။ ရင်းနှီးမြှုပ်နှံဖို့လိုအပ်တဲ့ ငွေအရင်းအနှီး အလုံးအရင်းဟာ သူတို့တွေ့လက်ထဲမှာပဲ ရှိနေတာကြောင့်လည်း ဒီကနေ့အချိန်လို ပြည်ပရင်းနှီးမြှုပ်နှံမှုတွေကို လမ်းဖွင့်ပေးလိုက်ချိန်မှာ စစ်ဘက်နဲ့ ခရိုနီတွေပဲ လက်ဝါးကြီးအုပ်သွားမလားလို့ စိုးရိမ်တာတွေကရှိပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကတော့ ကုန်ထုတ်လုပ်ငန်းမှာပဲဖြစ်ဖြစ်၊ သတင်းမီဒီယာမှာပဲဖြစ်ဖြစ် ဘယ်လိုရင်းနှီးမြှုပ်နှံတယ်ဆိုတာကို ကြည့်ရမှာဖြစ်တယ်လို့ပြောပြီး စစ်ဘက်နဲ့ ဆက်စပ်တဲ့ စီးပွားရေးလုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ပတ်သက်တဲ့ သူ့ရဲ့အမြင်ကို အခုလိုရှင်းပြပါတယ်။

"စစ်ဘက်နဲ့ဆက်စပ်နေတဲ့ စီးပွားရေးလုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ ရင်းနှီးမြှုပ်နှံတဲ့တချိန်တည်းမှာ ဒီမိုကရေစီနည်းကျ အဖွဲ့အစည်းကောင်းဖြစ်လာစေမယ့် အကျိုးအတွက် စစ်တပ်ကို မျက်စိဖွင့်ပေးရပါမယ်။ ဒါဟာ သင်ယူခြင်း-သင်ပြခြင်း လုပ်ငန်းစဉ်ဖြစ်သင့်ပါတယ်။" လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

၂၀၁၃ ခုနှစ် ကမ္ဘာ့စီးပွားရေးဖိုရမ်ရဲ့ နောက်ဆုံးနေ့ဖြစ်တဲ့ ဇွန်လ ၇ ရက် သောကြာနေ့က မြန်မာနိုင်ငံသားတွေ အလုပ်အကိုင် ရရှိရေးနဲ့ ပတ်သက်တဲ့ ဆွေးနွေးပွဲအတွင်းမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ပင်တိုင်ဆွေးနွေးသူတစ်ဦးအဖြစ် ပါဝင်ပြီး ရင်းနှီးမြှုပ်နှံ မှုကိစ္စ၊ အလုပ်အကိုင် အခွင့်အလန်း ဖန်တီးရေးကိစ္စ၊ အသက်မွေးဝမ်းကျောင်း ပညာရေးကိစ္စ၊ ကျွမ်းကျင်လုပ်သား မွေးထုတ်ရေးကိစ္စတွေကို ဆွေးနွေး ပြောဆိုခဲ့တာပါ။ ရင်းနှီးမြှုပ်နှံမှုဟာ နိုင်ငံတ၀န်းက လူထုအားလုံးအတွက် အကျိုးဖြစ်ထွန်းဖို့ အဓိကကျပြီး ရင်းနှီးမြှုပ်နှံသူတွေ အနေနဲ့ သူတို့အကျိုးအမြတ်ကိုရော သူတို့လာပြီးရင်းနှီးမြှုပ်နှံတဲ့ တိုင်းပြည်ရဲ့အကျိုးအမြတ်ကိုရော နှစ်ခုစလုံး ကို အမြင့်ဆုံးဖြစ်အောင် လုပ်ရမယ်လို့ တိုက်တွန်းခဲ့ပါတယ်။

အဲဒီအစီအစဉ်မှာ ပါဝင်ဆွေးနွေးသူအားလုံးက ကျွမ်းကျင်လုပ်သား အများအပြား မွေးထုတ်ရေးကိစ္စမှာ ပညာရေးကဏ္ဍကို ပြုပြင် ပြောင်းလဲဖို့၊ ကလေးငယ်တွေ အာဟာရပြည့်ဝအောင်လုပ်ဖို့၊ လက်မှတ်ရရုံ သက်သက် ကျောင်းသင်ပညာရေးကိုသာ လိုက်မနေဘဲ အဆင့်မြင့် ၀င်ငွေကောင်း အလုပ်အကိုင်တွေရစေမယ့် အသက်မွေးဝမ်းကျောင်း ဘာသာရပ်သင် ပညာရေးကိုလည်း ထွန်းကားအောင်လုပ်ဖို့ အရေးကြီးတယ်ဆိုတာတွေကို ဆွေးနွေးခဲ့ကြပါတယ်။ 
ကိုကျော်ကျော်သိန်းVOA

နိုင်ငံတော်သမ္မတဦးသိန်းစိန် ကမ္ဘာ့ထိပ်တန်းကုမ္ပဏီများမှ ခေါင်းဆောင်များနှင့်တွေ့ဆုံ



ဇွန်လ ၇ ရက် ၂၀၁၃

နိုင်ငံတော်သမ္မတဦးသိန်းစိန်သည်
ယနေ့နံနက် (၁၀) နာရီတွင် နေပြည်တော် မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာနရှိ ဧည့်ခန်းမ၌ အရှေ့အာရှဆိုင်ရာ ကမ္ဘာ့စီးပွားရေးဖိုရမ် တက်ရောက်လာသည့် ကမ္ဘာ့ထိပ်တန်းကုမ္ပဏီများ မှ ခေါင်းဆောင်များ နှင့် တွေ့ဆုံရာ ပြည်ထောင်စုဝန်ကြီးများနှင့် စီးပွားရေးလုပ်ငန်းရှင် (၄၀) ခန့် တက်ရောက် ကြသည်။

တွေ့ဆုံရာ၌ နိုင်ငံတော်သမ္မတက မိမိတို့ နိုင်ငံတွင် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများ လုပ်ဆောင်နေခြင်းသည် ပြည်သူများ၏ ဆန္ဒနှင့်အညီ ဆောင်ရွက်နေခြင်း ဖြစ်ပါကြောင်း၊ ထိုသို့ ပြုပြင်ပြောင်းလဲရာတွင် အပိုင်း (၂) ပိုင်းရှိပြီး နိုင်ငံရေးနှင့် စီးပွားရေး ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတို့ ဖြစ်ပါကြောင်း၊ နိုင်ငံရေးတည်ငြိမ်မှ စီးပွားရေးဖွံ့ဖြိုး တိုးတက်မည် ဖြစ်သကဲ့သို့ စီးပွားရေး ဖွံ့ဖြိုးမှ လည်း နိုင်ငံ တည်ငြိမ် အေးချမ်းမည်ဖြစ်ရာ နိုင်ငံရေးနှင့် စီးပွားရေးသည် အပြန်အလှန် တည်မှီလျက် ရှိပါကြောင်း။

မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများကို အဆင့် (၄) ဆင့်ဖြင့် ဆောင်ရွက် နေပါကြောင်း၊ ထိုအဆင့် (၄) ဆင့်မှာ တပ်မတော် အစိုးရမှ အရပ်သား အစိုးရသို့ ပြောင်းလဲခြင်း၊ လက်နက်ကိုင်ပဋိပက္ခ ချုပ်ငြိမ်းရေး ဆောင်ရွက်နေခြင်း၊ အုပ်ချုပ်ရေး ကဏ္ဍတွင် ကောင်းမွန်သော အုပ်ချုပ်ရေးနှင့် သန့်ရှင်းသော အစိုးရဖြစ်ပေါ်ရေးနှင့် ပုဂ္ဂလိကကဏ္ဍ တိုးမြင့်အောင် ဖော်ဆောင်ရေး တို့ပင် ဖြစ်ပါကြောင်း။

လက်ရှိတွင် ပြည်တွင်း၌ စီးပွားရေးကဏ္ဍကို ပုဂ္ဂလိကကဏ္ဍ၊ သမဝါယမကဏ္ဍနှင့် နိုင်ငံပိုင် ကဏ္ဍဟူ၍ ဒေါက်တိုင်သုံးခုဖြင့် အကောင် အထည်ဖော် ဆောင်ရွက်လျက် ရှိပါကြောင်း၊ ပုဂ္ဂလိက ကဏ္ဍမှာ (၉၀) ရာခိုင်နှုန်းကျော် ရှိပါကြောင်း၊ မိမိတို့ နိုင်ငံသည် နှစ်ပေါင်း (၂၀) ခန့် စီးပွားရေး ပိတ်ဆို့ခံခဲ့ရသည့်အတွက် စီးပွားရေးကဏ္ဍကို ပြန်လည်မြှင့်တင်နိုင်ရန် လိုအပ်ချက်များစွာ ရှိနေပါကြောင်း၊ မိမိတို့ နိုင်ငံ တွင် ကျေးလက်နေ ပြည်သူမှာ လူဦးရေ၏ (၇၀) ရာခိုင်နှုန်းခန့် ရှိနေသည့် အတွက် ဆင်းရဲမှုလျှော့ချရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများကို ဦးစားပေးဆောင်ရွက်လျက် ရှိပါကြောင်း၊ မိမိတို့ နိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံသည့် နိုင်ငံဖြစ်ရာ စီးပွားရေး ဖွံ့ဖြိုး တိုးတက်ရန် အတွက် စိုက်ပျိုးရေး လုပ်ငန်းကို အဓိက လုပ်ကိုင်နေကြသည့် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးသည် အရေးကြီး ပါကြောင်း၊ မိမိတို့ နိုင်ငံတွင် လက်ရှိလူဦးရေအတွက် စားနပ်ရိက္ခာ ဖူလုံသည့်အပြင် ပိုလျှံမှုပင် ရှိပါကြောင်း၊ ပြည်ပသို့ ပို့ကုန်တွင်(၃၀) ရာခိုင်နှုန်း ပါဝင်ပါကြောင်း၊ နောင်တိုးပွားလာ မည့် လူဦးရေအတွက် စားနပ်ရိက္ခာ လုံလောက်မှု ရှိအောင် မျှော်မှန်းလုပ်ဆောင်လျက် ရှိပါကြောင်း။

သို့သော် စိုက်ပျိုးရေးလုပ်ငန်းဖြင့် နိုင်ငံကြွယ်ဝချမ်းသာနိုင်မည် မဟုတ်သဖြင့်စက်မှုနိုင်ငံ ထူထောင်နိုင်မှသာ ကြွယ်ဝချမ်းသာနိုင် မည်ဖြစ်၍ စက်မှုနိုင်ငံထူထောင်ရန်အတွက် ငွေကြေးအရင်းအနှီးနှင့် နည်းပညာများ လိုအပ်ပါကြောင်း၊ ယင်းလိုအပ်ချက်များကို ရရှိနိုင်ရန်အတွက် ပြည်ပရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်ရခြင်း ဖြစ်ပါကြောင်း၊ မိမိတို့ နိုင်ငံတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေကို ပြဋ္ဌာန်းထားပြီး ပြည်ပနိုင်ငံများ၏ ပိတ်ဆို့ အရေးယူမှုများကိုလည်း ဖြေလျှော့ ရုပ်သိမ်းပေးအောင် ဆောင်ရွက်နိုင်ခဲ့ပြီ ဖြစ်ပါကြောင်း၊ ထို့ပြင် ဥရောပသမဂ္ဂ၏ ကုန်သွယ်မှု အထူးအခွင့်အရေးလည်း ရရှိနေပြီ ဖြစ်ပါကြောင်း၊ အမေရိကန်နိုင်ငံ အနေဖြင့် လည်း အစိုးရက ပိတ်ဆို့မှုများကို ဖြေလျှော့ပေးခဲ့ပြီး လွှတ်တော်တွင် ဆွေးနွေး ဆုံးဖြတ်ရန်သာ ကျန်ရှိပါကြောင်း။

ထို့ကြောင့် ယနေ့ အချိန်သည် မိမိတို့နိုင်ငံသို့ ပြည်ပမှ ရင်းနှီးမြှုပ်နှံမှုများ လာရောက် ရင်းနှီးမြှုပ်နှံ လုပ်ကိုင်ရန် အကောင်းဆုံးအချိန် ဖြစ်ပါကြောင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေတွင် ရင်းနှီးမြှုပ်နှံ သူများကို အကာအကွယ်ပေးထားသည့် ပြဋ္ဌာန်းချက်များလည်း ပါဝင် ပြီး နှစ်ဦးနှစ်ဖက် အကျိုးရှိအောင် မျှတစွာ ရေးဆွဲထားပါကြောင်း၊ စီးပွားရေးဖွံ့ဖြိုး တိုးတက်ရန်အတွက် စိန်ခေါ်မှုများ၊ အခက်အခဲများ ရှိသကဲ့ သို့ အခွင့်အလမ်းများစွာလည်း ရှိနေပြီ ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံသည် တောင်အာရှ၊ အရှေ့တောင် အာရှနှင့် အရှေ့အာရှတို့ကို ဆက်သွယ်ပေးသည့် ပေါင်းကူးသဖွယ် တည်ရှိနေပါကြောင်း၊ ထို့ပြင် တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ အာဆီယံနိုင်ငံတို့နှင့် နယ်နိမိတ်ချင်း ထိစပ်လျက်ရှိ သောကြောင့် လူဦးရေသန်း (၂၀၀၀) ကျော် ရှိသည့် ကြီးမား သည့် ဈေးကွက်ကြီးလည်း ရှိပါကြောင်း၊ မြန်မာနိုင်ငံတွင် လူဦးရေသန်း (၆၀) ရှိပြီး နိုင်ငံအကျယ်အဝန်းနှင့် လူဦးရေသည် သင့်တင် မျှတမှု ရှိပါကြောင်း၊ ထို့ပြင် ရာသီဥတု မျှတပြီး မြေဆီ ၊ မြေနှစ် ကောင်းမွန်သော စိုက်ပျိုးမြေများ ရှိသည့်အတွက် သီးနှံမျိုးစုံကို စိုက်ပျိုးထုတ်လုပ် နိုင်ပါကြောင်း၊ မိမိတို့ နိုင်ငံတွင် သစ်တော၊ သားငါး၊ သတ္တု၊ ရေနံနှင့် သဘာဝ ဓာတ်ငွေ့စသည့် သဘာဝ သယံဇာတ အရင်းအမြစ်များ ကြွယ်ဝပြီး လုပ်သားအင်အား လည်း လုံလောက်မှု ရှိပါကြောင်း။

မိမိတို့နိုင်ငံတွင် အလုပ်အကိုင် အခွင့်အလမ်း နည်းပါးနေသည့်အတွက် နိုင်ငံသားများ အနေဖြင့် ပြည်ပနိုင်ငံများသို့ သွားရောက် အလုပ်လုပ်ကိုင်နေရသည်များရှိရာ မိမိတို့နိုင်ငံတွင် အလုပ်အကိုင် အခွင့်အလမ်းများ ပေါ်ပေါက်လာပါက အဆိုပါ လုပ်သားများ အနေဖြင့် မိမိတို့ နိုင်ငံကို ပြန်လည်လာရောက် လုပ်ကိုင်ကြမည် ဖြစ်ပါကြောင်း၊ ပြည်ပမှ အရင်းအနှီး နည်းပညာနှင့် လူ့စွမ်းအား အရင်းအမြစ်များကို မိမိတို့ နိုင်ငံရှိ သဘာဝ အရင်းအမြစ်များ၊ လုပ်သားအင်အားများဖြင့် ပေါင်းစပ်လိုက်မည် ဆိုပါက နိုင်ငံလည်း အကျိုးရှိ၊ ပြည်သူလည်း အကျိုး ရှိပြီး ကုမ္ပဏီများဘက်ကလည်း အကျိုးဖြစ်ထွန်းနိုင်မည့် (Win-Win-Win Situation) အခြေအနေ ဖြစ်ပါကြောင်း၊ ထို့ကြောင့် ပြည်တွင်း ပြည်ပ ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်နေရခြင်းပင် ဖြစ်ပါကြောင်း ဖြင့် ပြောကြားခဲ့သည်။

တွေ့ဆုံပွဲတွင် တက်ရောက်လာကြသည့် စီးပွားရေးလုပ်ငန်းရှင်များက မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ အကြောင်း၊ စိုက်ပျိုးရေးနှင့် ခရီးသွားလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံရေး၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှု၊ ရင်းနှီးမြှုပ်နှံမှု မူဝါဒ၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့် နိုင်ငံသားရင်းနှီးမြှုပ်နှံမှု ဥပဒေတို့နှင့် စပ်လျဉ်း၍ မေးမြန်း ဆွေးနွေး ကြရာ နိုင်ငံတော် သမ္မတနှင့် ပြည်ထောင်စု ဝန်ကြီးများက ပြန်လည် ရှင်းလင်း ဆွေးနွေးခဲ့ကြသည်။

ဖိုရမ်ဆွေးနွေးပွဲ ကာလအတွင်း ယခုကဲ့သို့ နိုင်ငံတော်သမ္မတနှင့် ကမ္ဘာ့ထိပ်တန်း ကုမ္ပဏီများ မှ ခေါင်းဆောင်များ နှင့် တွေ့ဆုံဆွေးနွေးနိုင်ခဲ့မှု သည် နောင်အနာဂတ်အတွက် ရလဒ်ကောင်းများ ပေးထွန်းလာနိုင်စေမည် ဖြစ်ကြောင်း သတင်းရရှိ သည်။

Myanmar president office

တိုင်းရင်းသားဒေသတွေမှာ ရင်းနှီးမြှုပ်နှံကြဖို့ ဒေါ်ဆောင်ဆန်းစုကြည် တိုက်တွန်း


 
မြန်မာနိုင်ငံမှာ ရင်းနှီးမြှပ်နှံမှုတွေ ပြုလုပ်ရာမှာဖြစ်စေ၊ အကူညီပေးရေး လုပ်ငန်းတွေကို ဆောင်ရွက်ရာမှာဖြစ်စေ တိုင်းရင်းသားဒေသတွေမှာပါ ရင်းနှီးမြှုပ်နှံကြဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့မှာ တိုက်တွန်းလိုက်ပါတယ်။

နေပြည်တော်မှာ ဒီကနေ့ ဆက်လက်ကျင်းပနေတဲ့ အရှေ့အာရှဆိုင်ရာ ကမ္ဘာ့စီးပွားရေးဖိုရမ် နောက်ဆုံးနေ့မှာ အဲဒီလို တိုက်တွန်းခဲ့တာပါ။

တိုင်းရင်းသားပြည်နယ်တွေမှာ ဖွံ့ဖြိုးတိုးတက်မှု နိမ့်ကျနေမယ်ဆိုရင် ရေရှည်မှာ မြန်မာနိုင်ငံဟာ ကြီးမားတဲ့ နိုင်ငံရေးပြဿနာနဲ့ ကြုံတွေ့ရနိုင်တာကြောင့် အခုလိုတိုက်တွန်းရတာလို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

တိုင်းရင်းသားပြည်နယ်တွေမှာ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းတွေ ပိုဆောင်ရွက်ပေးခြင်းအားဖြင့် အဲဒီလိုလုပ်ငန်းတွေဟာ ဒေသဖွံ့ဖြိုးရေးအတွက်တင်မကပဲ တိုင်းရင်းသားတွေအားလုံး ပိုစည်းလုံးညီညွတ်အောင် ဆောင်ရွက်ပေးခြင်းလည်းဖြစ်ပါတယ်။

ဗမာလူမျိုးတစ်မျိုးတည်းသာ ချမ်းသာပြီး ကျန်တဲ့တိုင်းရင်းသားဒေသတွေ ဆင်းရဲနေတယ်ဆိုရင် ရေရှည်မှာ ကြီးမားတဲ့ အကြပ်အတည်းနဲ့ ရင်ဆိုင်လာရနိုင်တယ်လို့ ဒေါ်အောင်ဆန်း စုကြည်က ပြောပါတယ်။

နေပြည်တော်မှာ ကျင်းပနေတဲ့ ကမ္ဘာ့စီးပွားရေး ညီလာခံ နောက်ဆုံးနေ့မှာ သမ္မတဦးသိန်းစိန်ကလည်း ပြုပြင်ပြောင်းလဲရေးနဲ့ ပတ်သက်ပြီး ရှင်းပြခဲ့ပါတယ်။ ကမ္ဘာ့စီးပွားရေး ညီလာခံကို နိုင်ငံပေါင်း ၅ဝ ကျော်က နိုင်ငံ့ခေါင်းဆောင်တွေအပါဝင် စီးပွားရေးလုပ်ငန်းရှင်တွေ စုစုပေါင်း ၁ ထောင်ကျော်လောက် တက်ရောက်နေပါတယ်။

RFA Burmese

၁၀ တန်း စာမေးပွဲအောင် စာရင်း မနက်ဖြန် ဇွန်လ ၈ ရက်နေ့ တွင် ထွက်မည်

 
၁၀ တန်း စာမေးပွဲအောင် စာရင်း မနက်ဖြန် ဇွန်လ ၈ ရက်နေ့ တွင် ထွက်မည် ပညာရေး ၀န်ကြီး ဌာန မြန်မာနိုင်ငံ စာစစ်ဦးစီး ဌာနမှ ၂၀၁၃ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်း မနက်ဖြန် ဇွန်လ(၈)ရက်နေ့ နံနက်ပိုင်းတွင် ထုတ်ပြန်မည် ဖြစ်ကြောင်း Myanmar News Now မှ သတင်းရရှိပါသည်။ အောင်စာရင်းများအား ယနေ့ ည အထက်တန်းကျောင်း အားလုံးကို ပေးပို့ နေပြီ ဖြစ်ကြောင်း သိရသည်။

ဖြေဆိုသူ၏ စာစစ်ဌာနသင်္ကေတနှင့် ခုံအမှတ်ကို မြန်မာဘာသာ(Zawgyi-One Font, Myanmar2 Font, Myanmar3 Font)ဖြင့် ရိုက်ထည့်ပြီး၊ ၂၀၁၃ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲအောင်စာရင်းကို အောက်ပါလင့်တွင် ကြည့်ရှုနိုင်မည် ဖြစ်ကြောင်းလည်း သိရသည်။

http://moemyanmar.net/education/result-search-2012.php

by Myanmar News Now

လန်ဒန်တွင် ဗလီ တစ်လုံး မီးရှို့တိုက်ခိုက်ခံရ

ဗြိတိန်နိုင်ငံ လန်ဒန်မြို့တွင် လွန်ခဲ့သော ဗုဒ္ဓဟူးနေ့က မွတ်ဆလင် ဘာသာဝင်များ ၀တ်ပြု ဆုတောင်းရာ ဗလီ တစ်လုံး မီးလောင်ကျွမ်းသွားခဲ့သည်။

Mosqueအဆိုပါ မီးလောင်မူကို လန်ဒန်ရဲက မီးရှို့တိုက်ခိုက်မူ အဖြစ် သံသယရှိနေသည်ဟု ယနေ့ထုတ် The Independent သတင်းစာက “Mosque under arson attack in London” ခေါင်းစဉ်ဖြင့် သတင်း ဖေါ်ပြသည်။

လွန်ခဲ့သောလက လန်ဒန် လမ်းမပေါ်တွင် ဗြိတိသျှ စစ်သား တစ်ဦး ဓါးထိုး အသတ်ခံရပြီးနောက်ပိုင်း မွတ်ဆလင်များ အပေါ် ရန်လို တုန့်ပြန်မူများ တိုးပွားနေချိန်တွင် ယခု အဖြစ်အပျက် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

ယခုအခါ အဆိုပါ မီးလောင်မူနှင့် ပတ်သက်ပြီး ရဲအဖွဲ့က စုံစမ်း စစ်ဆေးမူများ ပြုလုပ်နေပြီး ဗလီထဲမှ အသော့ရေးထားသော စာတစ်စောင်ကို EDL အမည်ဖြင့် တွေ့ရသည်ဟု ဆိုသည်။ EDL ၏ အဓိပ္ပါယ်မှာ English Defense League ( EDL) ဖြစ်သည်။

သို့သော်လည်း ဗလီမီးလောင်မူမှာ သူတို့နှင့် တစ်စုံတစ်ရာ ပတ်သက်မူ မရှိကြောင်း EDL က ငြင်းဆိုထားသည်ဟု ဆိုသည်။ အဆိုပါ အဖွဲ့သည် ဗြိတိန် စစ်သား အသတ်ခံရပြီးနောက် လန်ဒန်နှင့် တစ်ခြားနေရာ အများအပြားတွင် ဆန့်ကျင် ကန့်ကွက်မူများကို ပြင်းပြင်းထန်ထန် ပြုလုပ်ခဲ့သော အဖွဲ့ ဖြစ်သည်။

ပေါက်ကွဲမူ တစ်ခု ဖြစ်ပွားခဲ့ကြောင်း၊ ဗလီအား မီးသတ်ဌာနမှ ညလုံးပေါက် မီးငြိမ်းသတ်ခဲ့ရကြောင်း၊ တစ်စုံ တစ်ဦးမှ ထိခိုက် ဒဏ်ရာ ရရှိခဲ့ခြင်း မရှိကြောင်း သတင်းက ဆိုသည်။

အလားတူ လွန်ခဲ့သော အပတ်ကလည်း Grimsby မြို့ အရှေ့မြောက် အရပ်တွင် ဗလီ တစ်လုံး ဓါတ်ဆီဗုံးဖြင့် တိုက်ခိုက်ခံခဲ့ရပြီး မေလ ၂၂ ရက်နေ့ကလည်း ဗြိတိန် စစ်သား Lee Rigby အသတ်ခံရပြီးနောက် လန်ဒန်မြို့ တောင်ပိုင်းတွင်လည်း အလားတူ တိုက်ခိုက်မူမျိုးရှိခဲ့သည်။

Rigby အသတ်ခံရပြီးနောက် နိုင်ငံရေးခေါင်းဆောင်များ၊ ဘာသာရေးခေါင်းဆောင်များနှင့် ရဲတပ်ဖွဲ့မှ ဗြိတိန်လူထုကို တည်တည်ငြိမ်ငြိမ် ရှိကြရန် စည်းလုံးညီညွှတ်ကြရန် ဆော်သြခဲ့သည်။ အသတ်ခံခဲ့ရသူ Rigby မိသားစုများကလည်း လက်စားချေ တိုက်ခိုက်မူများကို ရပ်တန့်ကြရန် မေတ္တာရပ်ခံခဲ့သည်ဟု ဆိုသည်။

ယခု ဗလီကို တိုက်ခိုက်မူသည် မွတ်ဆလင် အဖွဲ့အစည်းများကို ပစ်မှတ်ထား တိုက်ခိုက်မူ အများအပြား ထဲမှ နောက်ဆုံး ဖြစ်ပွားခဲ့သော တိုက်ခိုက်မူ ဖြစ်ကြောင်း ဗြိတိန် မူဆလင် ကောင်စီ အဖွဲ့ အတွင်းရေးမှူး Farooq Murad က ပြောသည်ဟု သတင်းတွင် ဖေါ်ပြထားသည်။

နိရဉ္စရာသတင်းဌာန

မလေးရှားတွင်ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှု မြန်မာများ အတွက် အကူညီလိုအပ်

မလေးရှားတွင်ဖြစ်ပွားခဲ့သည့် အကြမ်းဖက်တိုက်ခိုက်မှု များကြောင့်ဆေးရုံရောက် ရှိနေသောမြန်မာများ အတွက် အကူညီအထူးလိုအပ်
 မလေးရှားတွင်ဖြစ်ပွား ခဲ့သည့်အကြမ်းဖက် တိုက်ခိုက်မှု များကြောင့်ဆေးရုံရောက် ရှိနေသောမြန်မာ များအတွက် အကူညီ အထူး လိုအပ်လျှက် ရှိကြောင်း မလေးရှားရောက်မြန်မာနိုင်ငံသား များ အရေး ကူညီမှု အဖွဲ.(ကပုန်း) မှသိရသည်။

မေလ(၃၀)ရက်နေ.မှ စတင်၍ မလေးရှားနိုင်ငံ အတွင်းဖြစ်ပွား ခဲ့သောအကြမ်းဖက် တိုက်ခိုက်မှုကြောင့်မြန်မာနိုင်ငံ သားလေးဦးသေဆုံး ခဲ.ပြီး၁၅ဦးကျော် ထိခိုက်ဒဏ်ရာ ရရှိကာဆေးရုံ တက်ဆေးဝါးကုသမူခံ ယူနေရကြောင်းသိရ သည်။

ထိုသို.ဆေးရုံတက်ရောက်ဆေး ၀ါးကုသမူခံယူနေရ သည့်မြန်မာနိုင်ငံသား များအနက် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပြီး ဆလာရန်းဆေးရုံ တွင်ဆေး ကုသ ခံယူနေရသော လူနာများ အတွက် ဆေးဖိုး ၊ ဆေးရုံတွင် ပေးရန် ကုသစရိတ် များအတွက် အကူအညီ လိုအပ်နေကြောင်း ၄င်းအသင်း မှ သိရသည်။

ဆေးရုံရောက်မြန်မာနိုင်ငံသားများ အားအကူအညီပေးနိုင်ရေး အတွက်မလေးရောက်မြန်မာနိုင်ငံသား များအားယနေ့ တွင် တတ်နိုင်သလောက် စုပေါင်းကူညီပေးရန် နှင့် နီးစပ်ရာ တာဝန်ရှိ သူများမှ ယနေ့ အကူညီများ လိုက်လံတောင်းခံမည်ဖြစ်ကြောင်း၊ထို့အပြင် နီးစပ်ရာ မြန်မာဆိုင်များ ၊ မြန်မာ အများစုနေထိုင် သည့် နေရာများသို့ အကူညီတောင်းခံ သွားမည်ဖြစ်ကြောင်း နှင့် ရရှိသော ငွေများအားလုံးကို ကပုန်း ဘုန်းတော်ကြီးကျောင်းရှိ ဆရာတော်ထံ လွဲအပ်ကာ လှူဒါန်း သွားမည်ဖြစ်ကြောင်း ထပ်မံ သိရသည်။

သူရထွန်း
Popular Myanmar News Journal

ဓနုတ်ဘုရား သာယာရေးစီမံကိန်းမှသိမ်းဆည်းထားသော လယ်မြေများကိစ္စ ကော်မရှင်ကွင်းဆင်းစစ်ဆေး လယ်မြေများပြန်ပေးရန် အာဏာပိုင်ကတိပြု

ရန်ကုန်၊ ဇွန် ၎

၁၉၉၁ ခုနှစ်က စတင်၍ ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်၊ ဓနုတ်စံပြကျေးရွာရှိ လယ်မြေများကို ဓနုတ်ဘုရားစည်ပင်သာယာရေးစီမံကိန်းအတွက် သိမ်းဆည်းထားသော လယ်မြေများနှင့် ပတ်သက်၍ လယ်သမားများ၏ တိုင်ကြားချက်အရ ရန်ကုန်တိုင်းဒေသကြီး၊ လယ်ယာမြေသိမ်းဆည်းမှု စုံစမ်းစစ်ဆေးရေး ကော်မရှင်မှ ဇွန်လ ၄ ရက်နေ့က သွားရောက် စစ်ဆေးရာ စီမံကိန်းအကောင်အထည်ဖော်ဆောင်ခြင်းမရှိဘဲ သိမ်းဆည်းထားသည့်လယ်မြေများကို ပြန်ပေးရန် အာဏာပိုင်များ၏ ကတိပြုချက်ရရှိခဲ့ကြောင်း ကော်မရှင် အဖွဲ့ဝင်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မြင့်က ပြောသည်။
““ဗိုလ်ချုပ်ခင်ညွန့်၊ အတွင်းရေးမှူး (၁) လက်ထက်က စီမံကိန်းချလိုက်တော့ အကောင်အထည် ဖော်ရတာက အိုးအိမ်ဦးစီးဌာနက အကောင်အထည်ဖော်တာ။ အဲဒီက မြေ ၂၁၉ ဧကကို ဘာလျော်ကြေးမှ မပေးဘဲ သိမ်းလိုက်တယ်။ အဲဒီမြေတွေဟာ ဘာစီမံကိန်းမှ အကောင်အထည်မပေါ်ဘူး။ မြေလွတ်မြေရိုင်းတွေ အများကြီးဖြစ်ပြီး လုပ်စားနေတဲ့သူတွေက ရှိတယ်။ ဌာနဆိုင်ရာတွေမှာပေါ့။ ဘုရားကြီးကနေ သီးစားတွေ ချပြီးတော့ ဘုရားကြီးရန်ပုံငွေဆိုပြီး လုပ်တယ်။ အခြားရဲတွေကလည်း မြေတွေ ၀င်ယူထားတယ်။ အဲဒီလိုလုပ်တဲ့အခါ တောင်သူလယ်သမား ၁၃ ယောက်က မြေမဲ့ယာမဲ့နဲ့ ဘ၀တွေပျက်သွားတယ်။ အိမ်ကလေးတစ်နေရာပဲရတယ်။ ပြီးတော့ ဒီစီမံကိန်းကြီးကမအောင်မြင်ဘူး။ ပြီးခဲ့တဲ့ အုပ်ချုပ်ရေးမှူး တွေကနေပြီး လုပ်စားချင်သလိုလုပ်စား၊ ရောင်းစားချင်သလို ရောင်းစားလုပ်လာတာ။ ဒီတော့ တောင်သူလယ်သမားတွေက တိုင်တာ။ ဒီတော့ တို့ကွင်းဆင်းစစ်ဆေးတဲ့အခါ စီမံကိန်းအကောင် အထည်မဖော်ဘဲနဲ့ အသုံးမပြုတဲ့ မြေတွေအများကြီးကျန်တယ်။ အဲဒါနဲ့ မြို့နယ်မယကရမ်းမြေ စာရင်းရယ် အာဏာပိုင်တွေကို ပြောပြီး လွတ်နေတဲ့မြေတွေကို ပြန်ပေးဖို့ ဆောင်ရွက်ပေးသင့်တယ်ဆိုတာ အကြံဉာဏ်ပေးခဲ့တယ်။ သူတို့လည်း ကော်မရှင်က အကြံပြုတဲ့အတိုင်း ဆောင်ရွက်ပေး ပါ့မယ်ပြောတယ်””ဟု ဦးကျော်မြင့်က ပြောသည်။
ဓနုတ်ဘုရားအနီး မြို့ကွက်သစ်ဖော်မည်ဆိုကာ သိမ်းဆည်းခဲ့ခြင်းဖြစ်ပြီး မြေသိမ်းဆည်းခံရသော လယ်သမား ၁၃ ဦးကလည်း မြေများ ပြန်ပေးရန် သက်ဆိုင်ရာသို့ တင်ပြထားကြသည်။
သိမ်းဆည်းမြေများနှင့် ပတ်သက်၍ ဓနုတ်ကျေးရွာ ဥက္ကဋ္ဌဟောင်းဖြစ်ပြီး မြေသိမ်းဆည်းခံရသူ ဦးအောင်သန်းက ““အဘတို့ လယ်မြေတွေသိမ်းတာ ၂၁ နှစ်ကျော်ပြီ။ လယ်လည်းမစိုက်ရဘူး။ မြေကွက်တွေလည်း ရှိပါရဲ့နဲ့ မစိုက်ရတာ နစ်နာတာပေါ့။ အဘတို့ရဲ့ လယ်တွေကို စီမံကိန်းရှိရင်သိမ်းပါ။ စီမံကိန်းအတိုင်း အကောင်အထည် မဖော်နိုင်ရင် ပိုနေတဲ့ လယ်မြေတွေကို အဘတို့ ပြန်စိုက်ပါရစေလို့ ပြောချင်တယ်”” ဟု မြန်မာသံတော်ဆင့် သို့ ပြောကြားထားသည်။
ယခုလယ်ယာမြေသိမ်းဆည်းမှုကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များဖြစ်သော ဦးအောင်သိန်းလင်း၊ ဦးကျော်မြင့်၊ ဦးအောင်တင်တို့ သွားရောက်စစ်ဆေးခဲ့ခြင်းဖြစ်ပြီး သွားရောက်စစ်ဆေးစဉ်က အဖွဲ့ခေါင်းဆောင် ဦးအောင်သိန်းလင်းက ယင်းလယ်မြေသိမ်းဆည်းမှုများမှာ တရားဥပဒေနဲ့ညီကြောင်း ပြောကြားခဲ့သည်ဟု သတင်းထွက်ပေါ်ခဲ့သော်လည်း ဦးကျော်မြင့်က ““ပြောတာက အိုးအိမ်က သိမ်းဆည်းတာဖြစ်တဲ့အတွက် အစိုးရ သိမ်းတာမို့ ဥပဒေနဲ့ညီတယ်။ ဒါပေမဲ့ စီမံကိန်းအကောင်အထည်မဖော်ရင် ပြန်ပေးသင့်တယ်လို့ ပြောတာပါ””ဟု ပြောသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း ယင်းလယ်မြေသိမ်းခြင်း အပါအ၀င် တပ်မတော်မှ သိမ်းဆည်းထားသော လယ်မြေများလည်း အများအပြားရှိသေးပြီး လျော်ကြေးပေးခြင်းနှင့် ပိုသောမြေများကို ပြန်ပေးမည်ဟု တပ်ဘက်မှ ကော်မရှင်သို့ ကတိပြုမှုရှိထားသော်လည်း အမှန်တကယ် ဆောင်ရွက်ခြင်း ရှိ/မရှိကို ကော်မရှင်သို့ ပြန်လည်အကြောင်းကြားခြင်းမရှိသေးကြောင်း ဦးကျော်မြင့်က ပြောသည်။
Myanmartandawsint Newspaper(မြန်မာသံတော်ဆင့်)

ဓမ္မစေတီဆရာတော် တရားမဟောတော့ဟုဆို

 
ထေရ၀ါဒဗုဒ္ဓသာသနာပြု ဓမ္မစေတီကျောင်းတိုက် ဆရာတော် ဦးကောသလ္လသည် ထေရ၀ါဒဗုဒ္ဓဆိုင်ရာ တရားပွဲများဖြင့် အထူးကျော်ကြားခဲ့ပြီး ယခုတရားပွဲများ ဆက်လက်ဟောကြားတော့မည်မဟုတ်ဘဲ ပညာရေးဆိုင်ရာများသာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းကို ဇွန်လ ၄ ရက်တွင် ဓမ္မစေတီဆရာတော် ဦးကောသလ္လက မြန်မာသံတော်ဆင့်သို့ ပြောသည်။

ဆရာတော်အား နိုင်ငံတော်မှ ဥပဒေအရတရားပွဲ ပိတ်ထားခြင်းမရှိကြောင်း၊ မကျေနပ်သည့် ဘုန်းတော်ကြီးများက တရားပွဲပိတ်ထားကြောင်း စသည့်အသံများ လွှင့်ခြင်းသာဖြစ်ကြောင်း၊ တရားပွဲ မပိတ်သော်လည်း တရားဟောကြားပေးရန် ဒကာဒကာမများက ဖိတ်ကြားခဲ့ရာ တရားဟောမည့်အချိန်နီးလျှင် တရားပွဲများ အကြောင်းအမျိုးမျိုးဖြင့် ပိတ်ပင်တားဆီးမှုရှိခဲ့ကြောင်း၊ လူမျိုးရေး၊ နိုင်ငံရေး၊ ဘာသာရေး အဓိကရုဏ်းများ မဖြစ်စေရန် ပညာရေးမဏ္ဍိုင်အား ပြင်ဆင်ရမည်ဖြစ်ကြောင်း ဆရာတော်က ရှင်းလင်းပြောကြားခဲ့သည်။

““ဘုန်းကြီးကို မိုးပြာဂိုဏ်း ထောင်တယ်ဆိုပြီး စွပ်စွဲတာလည်း ကြုံရတယ်။ ဘုန်းကြီးတရားဆက်ဟောရင် မှားတယ်၊ မှန်တယ်ဖြစ်နေတော့ တရားမဟောတော့ဘူး။ အခု ကလေးတွေအတွက် ပညာ ရေးဘက်လှည့် လိုက်တယ်။ တချို့ဆို ဓမ္မစေတီဆရာတော်က ပြောတယ် ဘုရားက လက်တော့ပ်လောက် မမှန်ဘူးဆိုပြီး ပြောတာတွေရှိတယ်။ အဲဒါက ဘုန်းဘုန်းက ပိဋကတ်သုံးပုံကို လက်တော့ပ်ထဲ ထည့်ထားတာ အပြည့်အစုံဟော လို့ရတယ်လို့ ပြောတာပါ။ တရားပွဲ ပိတ်ထားတာမရှိဘူး။ တချို့ နေရာတွေမှာ ဘုန်းတော်ကြီးတွေက သူတို့မကျေနပ်လို့ ပိတ်တယ်။ အဲဒါဆို ဘုန်းဘုန်းလည်း မသွားပါဘူး။ ပဲခူးတိုင်းမှာတုန်းကလည်း တရားဟောလို့ ရတယ်။ ဖိတ်စာတွေဘာတွေရိုက်ပြီး ဒီနေ့တရားပွဲကို လာမယ့်အချိန်မှ သံဃာအပါး ၂၀၊ ကျောင်းတိုက် ၂၀ က လက်မှတ်ထိုးပြီး ကန့်ကွက်တယ်ဆိုပြီးဖြစ်လို့ ဘုန်းဘုန်းတရားမဟောတော့ဘူး””ဟု တရားပွဲများ ဆက်လက် ဟောကြားခြင်းမပြုသည့် ကိစ္စများနှင့် စပ်လျဉ်း၍ ဆရာတော်က ရှင်းလင်းပြောကြား သည်။

ဓမ္မစေတီဆရာတော်သည် တရားဟောကြားခြင်းမပြုတော့ဘဲ အရှေ့တောင်အာရှနိုင်ငံတချို့နှင့် ဥရောပနိုင်ငံတချို့ကို သွားရောက်ကာ ထေရ၀ါဒဗုဒ္ဓသာသနာပြုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ဇွန်လကုန်ပိုင်းမှစ၍ ၀ါတွင်းသုံးလပတ်လုံး အမေရိကန်နိုင်ငံတွင် သီတင်းသုံးမည်ဖြစ်သည်။

by Myanmartandawsint Newspaper

» ရုရှားသမ္မတပူတင် ဇနီးနှင့်ကွာရှင်း

ရုရှားသမ္မတနှင့် ဇနီး။
ရုရှားသမ္မတ Vladimir Putin နဲ့ နှစ်ပေါင်း ၃၀ ကြာ အိမ်ထောင်ဖက် အဖြစ်ပေါင်းသင်းလာတဲ့ သူ့ဇနီး Lyudmila တို့ဟာ ကွာရှင်းပြတ်စဲလိုက်ပြီ ဖြစ်တဲ့ အကြောင်း ကြေညာလိုက်ပါတယ်။ ကြာသပတေးနေ့ နှောင်းပိုင်းတုန်းက ဘဲလေးကပွဲ တခုကို တက်ရောက် အပြီး ပြုလုပ်တဲ့ ရုရှားအစိုးရပိုင် ရုပ်မြင်သံကြားနဲ့ မေးမြန်းခန်းအတွင်း ကြေညာခဲ့ကြတာပါ။ ရုရှားသမ္မတနဲ့ ဇနီးတို့ အတူပူးတွဲ ပြုလုပ်တဲ့ မေးမြန်းခန်းအတွင်းမှာတော့ ကွာရှင်းဖို့ ၂ ယောက်စလုံးက ဆုံးဖြတ်ခဲ့တာ ဖြစ်တဲ့အကြောင်း ပြောခဲ့ကြပါတယ်။ အများပြည်သူ အာရုံစိုက်ခံရတဲ့ လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ ဇနီးသည်က သဘောမကျဘူးလို့လည်း သမ္မတ Putin က သတင်းထောက်ရဲ့ အမေးကို ဖြေကြားခဲ့တာပါ။

ဇနီးဖြစ်သူကတော့ သူတို့ ၂ ဦးကြား ဘယ်တုန်းကမှ သဘောထား မတိုက်ဆိုင်ခဲ့ကြသလို၊ ကိုယ်ပိုင်ဘ၀မှာသာ နေခဲ့ကြတာမို့  အိမ်ထောင်ရေး အဆုံးသတ်ရတာလို့ ပြောပါတယ်။ လူအများ အာရုံစိုက်ခံရတာကို သူ့အနေနဲ့ သဘောမကျသလို၊ လေယာဉ်စီးပြီး ခရီးသွားရတာကိုလည်း မကြိုက်ဘူးလို့ ပြောပါတယ်။ ၂ ယောက်စလုံးကတော့ သားသမီးတွေကိုတော့ ချစ်မြတ်နိုးကြတဲ့ အကြောင်းနဲ့ မိတ်ဆွေတွေ အဖြစ်နဲ့ ဆက်လက် ဆက်ဆံသွားမှာ ဖြစ်တယ်လို့လည်း ပြောခဲ့ကြတာပါ။ ၁၉၈၃ ခုနှစ်က လက်ထပ်ခဲ့ကြပြီးတဲ့နောက်မှာတော့ သူတို့မှာ သမီး ၂ ယောက် ထွန်းကားခဲ့ပါတယ်။

ဗွီအိုအေ (မြန်မာဌာန)

» ရွှေတိဂုံစေတီတော် သစ်သားဆင်းတုများတွင် ကျောက်မျက်အတုလဲထည့်ခံရ

 
ရန်ကုန်၊ ဇွန် ၁

ရန်ကုန်မြို့၊ ရွှေတိဂုံစေတီတော် ထီးတော်စေတီတွင် သစ်သားဆင်းတုတော်များရှိ ကျောက်မျက်ရတနာအချို့ ဖန်စီကျောက်မျက်အတုများဖြင့် အလဲခံထားရကြောင်း ဇွန် ၁ ရက် နံနက်ပိုင်းတွင် ယင်းစေတီတွင် တာဝန်ကျသူထံမှ သိရသည်။

ရွှေတိဂုံစေတီတော်ရင်ပြင်၊  အရှေ့မြောက်ထောင့်တွင်တည်ထားသော ယင်းစေတီတော်အတွင်းတွင် သစ်သားဆင်းတုတော်လေးဆူရှိပြီး မျက်နှာတော်နှင့်လည်ပင်းတော်များတွင် ကျောက်မျက်ရတနာများစီ၍ လှူဒါန်းထားသည်ကိုလည်းတွေ့ရသည်။ ယင်းစေတီတော်တွင် တာဝန်ကျသူတစ်ဦးက ““ဒီနေ့ ဇွန် ၁ ရက်နေ့ ဆိုတော့ ဂျူတီချိန်း(တာဝန်တွေပြောင်းလဲထမ်းဆောင်ရ)တယ်။ ကျွန်တော်က ဒီထီးတော်စေတီရယ်၊ အနီးအနားကစေတီတွေကို လုံခြုံရေးတာဝန်ကျတယ်။  လိုက်စစ်ဆေးကြည့်တော့ သစ်သားဆင်းတုတော် တွေရဲ့နဖူးတော်မှာ ရွှေနဲ့လုပ်ထားတဲ့ သင်းကျစ်တော်တွေမရှိဘူး။ တချို့  ကျောက်စိမ်း၊ ပတ္တမြားကျောက် အစစ်တွေကို ဖန်စီကျောက်အတုတွေနဲ့ လဲထားတာကို တွေ့ရတယ်”” ဟု ပြောသည်။

 ရွှေတိဂုံစေတီတော်တွင် ခရစ်နှစ် ၁၉၉၉ခုနှစ် ဧပြီလ ၄ ရက်၊ ၅ ရက်၊ ၆ ရက်နေ့များတွင် ရွှေထီးတော်သစ်တင်လှူခဲ့ပြီး ခရစ်နှစ် ၁၈၇၁ တွင် မင်းတုန်းမင်းတရားကြီး တင်လှူပူဇော်ခဲ့သော ထီးတော်ကြီးကို အများပြည်သူတို့ ဖူးမြော်ကြည်ညိုနိုင်ကြစေရန် ထီးတော်စေတီကြီးအတွင်း၌ ထည့်သွင်း ပြသပူဇော်ထားရှိကြောင်း၊ ယင်းထီးတော်စေတီကို ၁၉၉၉ ခုနှစ် ဧပြီ ၁၉ ရက်နေ့တွင် ဦးစီးကော်မတီ နာယကကြီး အတွင်းရေးမှူး(၁) ဒုတိယဗိုလ်ချုပ်ကြီးခင်ညွန့်ကိုယ်တိုင် အုတ်မြစ်တော်စီ၍ ဘက်စုံပြုပြင်မွမ်းမံ တည်ဆောက်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ရန်ကုန်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး  ဗိုလ်မှူးချုပ် ဆန်းဆင့်(ယခု သာသနာရေးဝန်ကြီး)ဦးဆောင်သော လုပ်ငန်းကော်မတီနှင့် ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့က ကြီးကြပ်လျက် တည်ဆောက်ခဲ့ရာ ၁၉၉၉ ခုနှစ် ဒီဇင်ဘာ ၂၂ ရက်နေ့တွင် အောင်မြင်စွာပြီးစီး၍ ရွှေထီးတော်တင်လှူခြင်းနှင့်အတူ ဗုဒ္ဓါဘိသေက အနေကဇာတင်မင်္ဂလာအခမ်းအနား ကျင်းပခဲ့ကြောင်း ကမ္ပည်းမော်ကွန်းတွင် ဖော်ပြထားသည်။

by Myanmartandawsint Newspaper

Thursday, June 6, 2013

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ သန်း ၃၀၀၀ ခန့် ၀င်ရောက်

 
မြန်မာနိုင်ငံအတွင်း နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုက အခုဘဏ္ဍာနှစ်မှာ အမေရိကန်ဒေါ်လာ ၃ ဘီလီယံ (သန်း ၃၀၀၀) လောက် ၀င်ရောက်တဲ့အတွက် ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်နဲ့ နှိုင်းယှဉ်ရင် ၂ ဆလောက် ပိုမိုဝင်ရောက်လာပါတယ်။

လက်ရှိ မြန်မာနိုင်ငံအတွင်း ၀င်ရောက်လာတဲ့ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုက ပြီးခဲ့တဲ့ ဧပြီနဲ့မေ ၂ လတာကာလအတွင်းမှာ အမေရိကန်ဒေါ်လာသန်း ၃၈၀ နီးပါးလောက် ၀င်ရောက်မှုရှိခဲ့တာလို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှုးချုပ် ဦးအောင်နိုင်ဦးက ပြောပါတယ်။

ဒါကြောင့် ဒီနှုန်းအတိုင်း လစဉ်ကန်ဒေါ်လာ သန်း ၁၈၀ နဲ့ ၁၉၀ ကြား ပုံမှန်ဝင်ရောက်မယ်ဆိုရင် အခုဘဏ္ဍာနှစ်မှာ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုက အနည်းဆုံး ကန်ဒေါ်လာ ၂ဘီလီယံကျော်ကနေ အများဆုံး အမေရိကန်ဒေါ်လာ ၃ ဘီလီယံလောက်အထိ ၀င်ရောက်မယ်လို့ ပြောပါတယ်။

“ကျနော်တို့ရဲ့တွက်ချက်မှုပေါ့။ အရင်နှစ်တွေက ဖြစ်ပျက်ခဲ့တဲ့ ၀င်ရောက်မှုအနေအထားတွေ ပြီးတော့ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်နိုင်ငံတွေမှာ လက်ရှိဝင်ရောက်မှုရှိတဲ့ အနေအထားတွေအပေါ် ချိန်ဆလိုက်ရင် မနှစ်က ကျနော်တို့ဆီမှာ ကန်ဒေါ်လာ ၁ ဒဿမ ၄ ဘီလီယံ ၀င်တယ်။ ဒီနှစ်မှာ ၂ လပဲ ရှိသေးတယ်၊ ကန်ဒေါ်လာ သန်း ၃၈၀ နီးပါး ရှိသွားပြီဖြစ်လို့ ဒီနှုန်းအတိုင်း ပုံမှန်လေးဝင်လို့ရှိရင်  ၂ ဘီလီယံ ကျော်သွားမယ်ပေါ့နော်။ သို့သော်လည်း ကျနော်တို့ရဲ့ အလားအလာအပေါ် မူတည်ပြီး တွက်ချက်လို့ရှိရင် မနှစ်ကထက် ၂ ဆလောက် ရှိမယ်လို့ ခန့်မှန်းထားပါတယ်။ ဒါကြောင့် ခြုံပြောရရင် အနည်းဆုံးက ၂ ဘီလီယံ ကျော်ရှိပြီးတော့ အများဆုံးက ၃ ဘီလီယံခန့် ရှိလာမယ်လို့ ခန့်မှန်းထားပါတယ်”

နေပြည်တော်မှာ ကျင်းပနေတဲ့ အရှေ့အာရှဆိုင်ရာ ကမ္ဘာ့စီးပွားရေးဖိုရမ်ကနေတဆင့် မြန်မာနိုင်ငံအတွင်း နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုတွေ ၀င်ရောက်လာနိုင်ဖို့ရှိတာကြောင့်လည်း တိုင်းပြည်အတွက် အခြေအနေ အများကြီးကောင်းမယ်လို့ မျှော်လင့်ထားကြောင်း ပြောပါတယ်။

“ဒီဖိုရမ်က ကျနော်တို့ တိုင်းပြည်အတွက် အများကြီးကောင်းမယ်လို့ မျှော်လင့်ပါတယ်။ ဘာလို့လဲဆိုတော့ သူတို့အပြောအရ လူ ၉၀၀ ကျော်လောက် လာတက်တာ။ ပြီးတော့ အာရှမှာလုပ်ခဲ့တဲ့ ဖိုရမ်တွေထဲမှာလည်း မြန်မာကို လာတက်တဲ့လူဦးရေက အများဆုံးလို့ ဒီဖိုရမ် ကျင်းပရေးအဖွဲ့အစည်းက ပြောတာပါ။ ပြီးတော့ မြန်မာနိုင်ငံ အပေါ် စိတ်ဝင်စားမှုများတယ်လို့ မြင်တယ်။ လာတဲ့သူတွေကလည်း မြန်မာနိုင်ငံအပေါ် အပြုသဘောမြင်တဲ့သူတွေ လည်း များပါတယ်။ business လုပ်ဖို့စိတ်ဝင်စားတဲ့ မြန်မာပြည်ရဲ့ ပြောင်းလဲလာတဲ့ အခြေအနေအပေါ်မှာ သူတို့ အခွင့်အလန်းတွေ ပေါ်ထွက်လာမယ်လို့ ယုံကြည်တဲ့သူတွေ များတယ်။ ပြီးတော့ ဖိုရမ်ကို လာတက်တဲ့ သူတွေကို မြန်မာနိုင်ငံအကြောင်း ပိုပြီးတော့ သိအောင်ဖန်တီးပေးတာလည်း ဖြစ်လို့ မြန်မာပြည်မှာ ဘယ်လို အခွင့်လမ်းတွေ ရှိ နေတယ်။ ဘယ်လိုစိန်ခေါ်မှုတွေ ရှိနေတယ်ဆိုတာကို သူတို့ထင်ထင်ရှားရှားသိသွားမှာ ဖြစ်လို့ ခြုံပြောရရင် ဒီဖိုရမ်က တိုင်းပြည်အတွက် အများကြီးအကျိုးရှိပါတယ်။”

မြန်မာနိုင်ငံမှာ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (အက်ဖ်ဒီအိုင်) နဲ့ပတ်သက်လို့ ပြီးခဲ့တဲ့ ၂ လအတွင်းမှာ လာရောက်ဆွေးနွေးခဲ့တဲ့ နိုင်ငံတွေအထဲ ဂျပန်နှင့်ကိုရီးယားနိုင်ငံတို့က အများဆုံးဖြစ်ပြီးတော့ သူတို့အနေဖြင့် ကုန်ထုတ်လုပ်မှုကဏ္ဍ အပေါ်မှာ စိတ်ဝင်စားမှုရှိကြတယ်လို့ ဦးအောင်နိုင်ဦးက ဆိုပါတယ်။

“အက်ဖ်ဒီအိုင် နဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့ ၂ လအတွင်းမှာ ကျနော်တို့ဆီ လာဆွေးနွေးတာ အကြိမ်ပေါင်း ၂၀၀ ကျော် ရှိပါတယ်။ နိုင်ငံကမျိုးစုံပါပဲ။ အရှေ့၊ အနောက်နိုင်ငံတွေပါ ပါတယ်။ အများဆုံးကတော့ ဂျပန်နှင့်ကိုရီးယားနိုင်ငံတွေ ပါပဲ။ သူတို့အနေနဲ့ ကုန်ထုတ်လုပ်မှု ကဏ္ဍတွေဖြစ်တဲ့ စားသောက်ကုန်၊ အထည်ချုပ်လို လုပ်ငန်းတွေအပြင် အခြေခံအဆောက်အအုံဖြစ်တဲ့ port လိုဟာမျိုးတွေလည်း စိတ်ဝင်စားမှုရှိပါတယ်။”

လက်ရှိ မြန်မာနိုင်ငံမှာ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုပမာဏက အမေရိကန်ဒေါ်လာ ၄၂,၆၈၉ သန်းကျော်ရှိပြီး ကုန်ထုတ်လုပ်မှုကဏ္ဍအပေါ် ရင်းနှီးမြှုပ်နှံမှုက အမေရိကန်ဒေါ်လာ ၂,၅၇၄သန်း ရှိတဲ့အတွက် စုစုပေါင်းရင်းနှီးမြှုပ်နှံမှုရဲ့ ၅ ရာခိုင်နှုန်းကျော်ရှိတယ်လို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနရဲ့ စာရင်းတွေအရ သိရပါတယ်။

 by သိုက်ဇင် (ဒီဗွီဘီ)

လှေစီး၍ မလေးသွားရန် ကြံသူများ ဘင်္ဂလာဒေခ်ျ့တွင် အဖမ်းခံရ

လှေစီး၍ မလေးရှားနိုင်ငံသို့ သွားရန် ကြံစည်နေသူ အများအပြားကို ဘင်္ဂလာဒေခ်ျ့ အာဏာပိုင်များက ယခုရက်ပိုင်း အတွင်း ဖမ်းဆီးလိုက်သည်။
ယခင်ကလည်း မလေးသွားသူများ ဘင်္ဂလာတွင် အလားတူ ဖမ်းဆီးခံခဲ့ကြရသည်။
ယခင်ကလည်း မလေးသွားသူများ ဘင်္ဂလာတွင် အလားတူ ဖမ်းဆီးခံခဲ့ကြရသည်။
ဇွန်လ ၅ ရက်နေ့က လူအယောက် ၄၀ ကို ဘင်္ဂလာရဲက မောင်တောမြို့နယ်နှင့် ဆက်စပ် တည်ရှိသော  အိုခီးယားမြို့နယ် အတွင်း ဖမ်းဆီးလိုက်သည်ဟု ဒေသထုတ် သတင်းများတွင် ဖေါ်ပြသည်။
သူတို့အားလုံးကို မလေးရှားသို့ လှေစီး၍ သွားရန် စီစဉ်နေစဉ် ကော့စ်ဘဇား ခရိုင် အိုခီးယားမြို့နယ် ဘာလုခါလီရွာတွင်  ဗုဒ္ဓဟူးနေ့ နေ့လည် (၁) နာရီ အချိန်တွင် ရဲတပ်ဖွဲ့က  ဖမ်းဆီးမိသည်ဟု ဆိုသည်။
အလားတူ ဇွန်လ ၄ ရက်နေ့ကလည်း ကား နှစ်စီးနှင့် အတူ မလေးရှားသို့သွားရန် စီစဉ်နေသူ လူအယောက် ၂၃ ဦး ကို ဘင်္ဂလာနယ်ခြားစောင့်တပ်က ဖမ်းဆီးလိုက်သည်။
ဖမ်းဆီးခံရသူများသည်  မိုက်ခရို အမျိုးအစား ကားနှစ်စီးနှင့် အတူ ကော့စ်ဘာဇားမြို့မှ  နယ်စပ်မြို့ တက်ကနက်သို့လာရောက်စဉ် ဒုံဒုံမီယာ စစ်ဆေး ရေး ဂိတ်တွင်ဖမ်းဆီးလိုက်သည်။ ၎င်းတို့နှင့် အတူ လူကုန်ကူးသူ ၃ ဦးကိုလည်း ဖမ်းဆီးလိုက်သည်ဟု ဆိုသည်။
ယခု ဖမ်းဆီးခံရသူများ အထဲတွင် မြန်မာနိုင်ငံမှ မွတ်ဆလင်များ ပါဝင်ခြင်း ရှိ မရှိကို သတင်းများတွင် တစ်စုံ တစ်ရာ ဖေါ်ပြထားခြင်း မရှိပါ။
နိ ရဉ္စရာ

၂၀၁၅ သမ္မတရာထူး ယှဉ်ပြိုင်မယ်လို့ ဒေါ်အောင်ဆန်းစုကြည် ပြော

နေပြည်တော်တွင် ယနေ့စတင်ကျင်းပသော ကမ္ဘာ့စီးပွားရေးဖိုရမ်၏ စကားဝိုင်းတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် သမ္မတရာထူး အတွက် ဝင်ရောက်ယှဉ်ပြိုင်မည်ဟု အတည်ပြုပြောကြားလိုက်သည်။ 



တိုင်းပြည်ပွင့်လင်းလာမှုကို မျက်နှာချင်း ဆိုင်ရမည်ဖြစ်ပြီး ကြောက်ရွံ့နေစရာ မလိုဟုလည်း ပြောသည်။ 

တပ်မတော်ကို စည်းကမ်းစနစ်တကျဖြင့် ဖွံ့ဖြိုးတိုးတက်စေလိုကြောင်း၊ ဒီမိုကရေစီစနစ်နှင့် သဟဇာတဖြစ်မည့် လက်နက်ကိုင်တပ်အဖြစ် မြင်လိုကြောင်း ပြောသည်။ 

သမ္မတရာထူး ရယူရုံ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြောင်းလဲလိုသည်မဟုတ် ဒီမိုကရေစီနည်းမကျသော ဥပဒေများကို ပြောင်းလဲရေး လုပ်ဆောင်မည်ဟုလည်း ဆိုသည်။ 

အတိတ်ကို အသိအမှတ်ပြုရန် ဆိုသော်လည်း "လက်စားချေရန်" "တရားစွဲ ခုံရုံးတင်ရန်" လုံးဝ အစီအစဉ် မရှိဟု ပြောဆိုသွားသည်။ 

ရခိုင်ပြည်ရှိ ပဋိပက္ခများအရေးပြောဆိုရာတွင်လည်း နှစ်ဘက် အသိုင်းအဝိုင်းမှ မျက်နှာချင်းဆိုင် တွေ့ဆုံ
ဆွေးနွေး အဖြေရှာ ရင်ကြားစေ့ရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် နိုင်ငံသားဥပဒေကို နိုင်ငံတကာ စံနှုန်းများနှင့် ကိုက်ညီစေရေးတို့ကို မီးမောင်းထိုး ပြောဆိုသည်။ 



ဧရာဝတီ

မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဥက္ကဌ ဦးဇင်ဝိုင်း နှုတ်ထွက်စာတင်

 
 ရန်ကုန်၊ ဇွန် ၆

မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး ဥက္ကဌ ဦးဇင်ဝိုင်းသည် ကျန်းမာရေး အခြေအနေကြောင့် ဆေးကုသရန် အတွက် ဥက္ကဌအဖြစ်မှ နှုတ်ထွက်စာကို ယနေ့တင်လိုက်ပြီ ဖြစ်ကြောင်း သိရသည်။

ထို့အတွက် အစည်းအရုံး နာယကများနှင့် အမှု ဆောင်အဖွဲ့က အရေးပေါ်အစည်းအဝေး တစ်ရပ်ပြုလုပ်ကာ ၄င်းဧ။် နှုတ်ထွက်စာကို လက်ခံခဲ့ကြောင်းနှင့် လစ်လပ်သွားသော မြန် မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဌ နေရာတွင် ဒုတိယ ဥက္ကဋ္ဌဖြစ်သော သရုပ်ဆောင် လူမင်းမှ ခေတ္တတာဝန် ယူမည် ဖြစ်ကြောင်းသိရသည်။

Popular Myanmar News Journal

ဗုဒ္ဓမြတ်စွယ်တော်ပွား ရွှေစေတီငယ် ၃ ဆူ တရုတ်နိုင်ငံ မှ မြန်မာသို့လှူဒါန်း

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဗုဒ္ဓဘာသာအသင်းမှ မြန်မာနိုင်ငံသို့ ဗုဒ္ဓစွယ်တော် (ပုံပွား) စေတီတော် ၃ ဆူ လှူ ဒါန်းပေးအပ်လိုက်ရာ ယနေ့တွင် နှစ်နိုင်ငံ နယ်စပ် ဒေသခံများ ဖူးမျော်ရန် တရုတ် - မြန်မာနှစ် နိုင်ငံနယ်စပ် ဂျယ်ဂေါင်မြို့ မနောကွင်းအတွင်း ထားရှိ၍ နောက်တစ်နေ့တွင် မြန်မာနိုင်ငံ သာသနာရေး ဒုဝန်ကြီးဦးဆောင် ကာ သံဃာတော်အပါး ၁၅၀ ခန့်ဖြင့် စေတီတော်များအား လာရောက်ပင့်ဆောင်မည် ဖြစ်ကြောင်း သိရသည် ။ အဆိုပါ စေတီတော် ၃ ဆူအား သျှမ်းပြည် (မြောက်ပိုင်း) မူစယ်မြို့၌ တစ်ရက်တာ ထားရှိပြီး မြန်မာနိုင်ငံ  မန္တလေး၊ ရန်ကုန်နှင့် နေပြည်တော်မြို့များသို့ ပင့်ဆောင်မည်ဟု သိရသည်။



သျှမ်းသံတော်ဆင့်
၆ ၊ ၆ ၊ ၂၀၁၃

ရန်ကုန်-နေပြည်တော် အမြန်လမ်း၌ ယာဉ်နှစ်စီးတိုက်၍ နိုင်ငံခြားသားနှစ်ဦးအပါအ၀င် လေးဦး သေဆုံး

၆/၆/၂၀၁၃ မွန်းလွဲ ၂ နာရီခန့် နေပြည်တော် ရန်ကုန် မိုင်တိုင် ၁၈၀/၅ ပါရာဒို နှင့် AD Van ယှဉ်မောင်း တိုက်မှုဖြစ် ပါရာဒို ချောက်ထဲကျ နိုင်ငံခြားသား ၁ ဦးသေဆုံး AD Van လမ်းဘေးထိုးကျ အမျိုးသမီး ၂ ဦးသေဆုံး ။ ဓါတ်ပုံ - FB ကားပွဲစားတန်း

ယနေ့ မွန်းလွဲ ၃ နာရီ ခွဲခန့်က ရန်ကုန် -နေပြည်တော် အမြန်လမ်း မိုင်တိုင် ၁၈၀ ၊၅ဖာလုံတွင် နိုင်ငံခြားသားမောင်းနှင်လာသောမော်တော်ယာဉ်မှာ ၎င်း ရှေ့ရှိ အမျိုးသမီးတစ်ဦးမောင်းနှင်လာသော အိမ်စီးယာဉ်ငယ်အားကျော်တတ်စဉ် တိုက်မိကာ ယာဉ်နှစ်စီးလုံးတိမ်းမှောက်ခဲ့သည်။

ထိုယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်မောင်းဆွစ်ဇာလန်နိုင်ငံသားနှင့် ၎င်းကားတွင်ပါ နိုင်ငံခြားသားတစ်ဦး၊ေ၇ှ့ကားမှ ယာဉ်မောင်းအမျိုးသမီးနှင့် ယင်းကားတွင်းပါ အခြားအမျိုးသမီးတစ်ဦးတို့ နေရာ၌သေဆုံးခဲ့ပြီး ထိုယာဉ်နှစ်စီးပေါ်ပါ အခြားခရီးသည် လေးဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သတင်းရ၇ှိသည်။

သူရထွန်း - Popular Myanmar News Journal

Air Asia လေကြောင်းက ဘန်ကောက်- နေပြည်တော် နေ့စဉ်ပြေးဆွဲမယ်

AirAsia လေကြောင်းလိုင်းဟာ ဘန်ကောက်ကနေ မြန်မာနိုင်ငံ နေပြည်တော်ကို နေ့စဉ်ပြေးဆွဲဖို့ အစီအစဉ်ကို လာမယ့် အောက်တိုဘာလမှာ စတင်မယ်လို့ သိရပါတယ်။ 


 ဓာတ်ပုံ- traveldailynews.asia

နေပြည်တော်မှာ ကျင်းပနေတဲ့ ကမ္ဘာ့စီးပွားရေးဖိုရမ်မှာ အဲအေးရှား အုပ်စု စီအီးအို တိုနီ ဖမန်းဒ်က ဘန်ကောက်- နေပြည် တော် ခရီးစဉ်ကို လာမယ့် အောက်တိုဘာစတင်မယ်ဆိုတဲ့ အစီအစဉ်ကို ကြေညာ လိုက် တာဖြစ်ပါတယ်။ 

“၂၀၁၃ အောက်တိုဘာလမှာ စတင်မယ့် ဘန်ကောက်မှ နေပြည်တော်ကို ဆက်သွယ်မယ့် ပထမ ဆုံး လေကြောင်းလိုင်း ဖြစ်တာကြောင့် ကျနော်တို့ လုံးဝ ဂုဏ်ယူတယ်” လို့ သူက ပြောသွားတာပါ။ 

ဒေသတွင်းမှာ နေပြည်တော်ဟာ တဖြည်းဖြည်း အရေးပါလာပြီး ၂၇ ကြိမ်မြောက် ဆီးဂိမ်းကလည်း ဒီဇင်ဘာမှာ ကျင်းပမှာ ဖြစ်တဲ့အကြောင်း၊ ၂၀၁၄ ခုနှစ်မှာလည်း မြန်မာက အာဆီယံ ဥက္ကဋ္ဌ ဖြစ်လာမှာက တကြောင်း၊ နောက်ပြီး ၂၀၁၅ ခုနှစ်က စပြီးတော့လည်း အာဆီယံ စီးပွားရေး ဇုံကြီးဖြစ်လာတော့မှာက တကြောင်း စတာတွေကြောင့် အခုလို နေပြည်တော်ကို ဘန်ကောက်က တိုက်ရိုက်နေ့စဉ် လေကြောင်း လိုင်းပေးဆွဲတာဖြစ်တယ်လို့လည်း သူက ဆက်ပြောသွားပါတယ်။ 

အဲအေးရှား လေကြောင်းလိုင်းအနေနဲ့ လက်ရှိမှာတော့ ဘန်ကောက်- ရန်ကုန် တနေ့ ၃ ကြိမ်ပြေးဆွဲနေပြီး ဘန်ကောက်-မန္တလေး ကို တနေ့ တကြိမ်ပြေးဆွဲနေတာပါ။ တခါ တန်ဘိုးနည်း လေကြောင်းလိုင်း အဲအေးရှားဟာ ရန်ကုန်ကနေ ကွာလာ လမ်ပူကိုလည်း တနေ့ တကြိမ်ပြေးဆွဲပေးနေပါသေးတယ်။ 


အိမ့်သံစဉ် ~ဧရာဝတီ

မလေးရှားရဲ မြန်မာ ၅၀၀ ခန့်ကို ဖမ်းဆီး

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ အနီးဝန်းကျင် မြန်မာအများစုနေထိုင်တဲ့ ရပ်ကွက်တွေမှာ လွန်ခဲ့တဲ့ ရက်ပိုင်းအတွင်း အကြမ်းဖက် တိုက်ခိုက်မှုတွေ ဖြစ်ပေါ်ခဲ့ပြီးနောက် ဒီကနေ့မှာတော့ မြန်မာနိုင်ငံသား ၅၀၀ လောက်ကို ရဲက ၀င်ရောက် ဖမ်းဆီးသွားပါတယ်။ ထိခိုက် ဒဏ်ရာရသူတွေဟာ အခု ဆေးရုံမှာ ဆေးကုသမှု ခံယူနေကြရဆဲ ဖြစ်သလို အကြမ်းဖက်မှု ဖြစ်ပွားတဲ့ရပ်ကွက်တွေက မြန်မာတွေဟာလည်း ကိုယ့်အိမ်ကိုယ် မပြန်ရဲကြပဲ ဖြစ်နေပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ပြင်က မြန်မာအများစုအလုပ်လုပ်တဲ့ ဈေးတွေမှာ မလေးရှားရဲတွေက ဒီကနေ့ တွေ့သမျှ မြန်မာတွေကို လိုက်လံ ဖမ်းဆီးခဲ့တာလို့ ကပ်ပုံး (၇) ရက်သားသမီး နာရေးကူညီမှုအသင်းက တာဝန်ရှိသူ ကိုဆန်းဝင်းက ပြောပါတယ်။

“ဒီနေ့မနက် ၁၁ နာရီလောက်မှာ မြို့လယ်ခေါင်ကို ရဲကားကြီးတွေ ရောက်ချလာတယ်။ မြန်မာဆိုင်ကို အတင်းတက်ဖမ်းတယ်။ စားသောက်တဲ့သူတွေကိုရော၊ ပါမစ်ရှိရှိ - မရှိရှိ၊ အကုန်အဖမ်းခံရတယ်။ အားလုံးပေါင်း လူ ၅၀၀ လောက်ရှိတယ် အဖမ်းခံထားရတာ။ အဓိကတာဝန်ယူ ချုပ်ထားတာ ဂျင်ဇန်းရဲစခန်းပါ။ တွေ့သမျှလူ အကုန်လျှောက်ဖမ်းနေတာ။ ဘာမှမေးမြန်းမှုလဲ မရှိဘဲနဲ့။”

လွန်ခဲ့တဲ့ ရက်ပိုင်းအတွင်း ဒီဒေသမှာ အလုပ်လုပ်နေကြတဲ့ မြန်မာနိုင်ငံသားအချင်းချင်း ရိုက်နှက် သတ်ဖြတ်မှုတွေ ဖြစ်ပေါ်ခဲ့ပြီးတဲ့နောက် မလေးရှားရဲက အခုလို လိုက်လံ ဖမ်းဆီးမှုတွေ ပြုလုပ်လာတာပါ။

အဲဒီ ဖမ်းထားတဲ့သူတွေထဲက တရားဝင်နေထိုင်ခွင့် အထောက်အထားရှိသူတွေကို ရဲက နောက်ပိုင်းမှာ ပြန်လွတ်ပေးလိုက်တာကြောင့် ဒီလူတွေကို လူဝင်မှုကြီးကြပ်ရေး ဥပဒေနဲ့ ဖမ်းဆီးသဘော သက်ရောက်နေတဲ့အကြောင်း ကွာလာလမ်ပူမြို့က မြန်မာ - မူဆလင် နာရေးကူညီမှုအသင်းက တာဝန်ရှိသူ ကိုအောင်မြင့်က ပြောပါတယ်။

“ဗမာပြည်သားမှန်ရင် အကုန်လုံးကို ဖမ်းတယ်။ ဘယ်လူမျိုး၊ ဘာသာ မခွဲခြားဘူး။ အားလုံးကို ဖမ်းပြီးတော့ ခေါ်သွားတယ်။ စာရွက်စာတမ်း အထောက်အထားရှိတဲ့သူတွေကိုတော့ နိုင်ငံတော် ဥပဒေအရ အကုန်လုံးကို ပြန်လွှတ်ပေးတယ် အကို။ သတင်းတွေနဲ့ပတ်သက်ပြီးတော့တော့ သူတို့က အကုန်လုံးကို ထိရောက်စွာ အရေးယူမယ်။ အကုန်လုံးကို လိုက်ဖမ်းတယ်။ အစိုးရက တရားဝင်ကြေညာတာ။”

အကြမ်းဖက် ရိုက်နှက်ခံခဲ့ရသူတွေထဲက တချို့ကတော့ အခုချိန်ထိ ဆေးရုံမှာ ဆေးကုသမှု ခံယူနေကြရဆဲဖြစ်ပြီး တချို့လည်း သွားစရာ နေစရာ မရှိတဲ့ အခက်အခဲမျိုးနဲ့ ရင်ဆိုင်နေကြရတာပါ။

မေလ ၃၁ ရက်နေ့မှာ လူတစုက ဓါးနဲ့ ၀ိုင်းခုတ်တာ ခံခဲ့ရပြီး ဆေးရုံးမှာ ဆေးကုသမှု ခံယူနေတဲ့ ကိုကိုမောင်ဆိုသူကတော့ သူ့အတွေ့အကြုံကို အခုလို ရှင်းပြပါတယ်။

“၃ - ၄ ယောက်တက်လာတယ်။ နောက်တခါ ၄ - ၅ ယောက် ထပ်တက်လာတယ်။ ကျနော့်ကို သူတို့ လာပြီးတော့ သူတို့ တခါတည်း ခေါ်ချသွားတယ်။ ပြန်လွှတ်တော့ဘူး။ အောက်ကို ဆွဲချသွားတော့ မင်းက ဘာလဲလို့ မေးတယ်။ ဗုဒ္ဓဘာသာလို့။ ဗုဒ္ဓဘာသာဆိုရင် အသေသတ်မယ်တဲ့။ ကျနော် ကရင်ပါ။ ခရစ်ယာန်ပါလို့ ပြောတော့ ခရစ်ယာန်လည်း သတ်မယ်။ ဗုဒ္ဓဘာသာလည်း သတ်မယ် အကုန်လုံးကို သတ်မယ်တဲ့။ ကျနော့် လက်နှစ်ဘက်၊ ပါးတခြမ်းပေါ့ နားရွက်တဘက်ကတော့ သွားလိုက်တယ်ပေါ့။ နားရွက်တဘက် ပါသွားတာပေါ့။ နားရွက်တဘက် လုံးဝကို ပျက်စီးသွားတယ်။ ဒီကောင်တွေက ဘင်္ဂါလီ မူဆလင် ၈ ယောက်လောက်ပါတယ်။ ရခိုင် မူဆလင်က ၂ ကောင်လောက်ပါတယ်။ သံရုံးကလည်း ဘာမှ မလုပ်ပေးဘူး။ အခုကျတော့ နာရေးကူညီမှု အသင်းကလည်း ကျနော့်ကို လာလာပြီး ပြောနေတဲ့အခါကျတော့ ကျနော်ကလည်း ဒီမှာ နေလို့မရတော့ဘူး။ နောက်ဆုံးကျ ဘုန်းကြီးကျောင်းကိုပဲ ပြေးရတော့တာပေါ့။ ဘုန်းကြီးကျောင်းကို အကူအညီတောင်းပြီးလို့ တကယ်လို့ အဆင်ပြေတယ်ဆိုရင် ကျနော် သံရုံးကို သွားကြည့်မယ်။ မနက်ဖြန် သွားရင်လည်း သွားကြည့်မယ်။”

ခိုကိုးရာမဲ့နေတဲ့ မြန်မာနိုင်ငံ အတော်များများဟာ ကပ်ပုံး ဘုန်းတော်ကြီးကျောင်းမှာ ဆက်လက် ခိုလှုံနေကြဆဲပဲလို့ ကပ်ပုံးကျောင်းထိုင်ဆရာတော် ဦးဣိန္ဒကက ဗွီအိုအေကို ရှင်းပြပါတယ်။

“ကျောင်းထဲမှာ အရင်တုန်းက အတိုင်းပဲ ၂၀ နဲ့ ၃၀ ကြားမှာ များတယ်။ ဘုန်းကြီးကျောင်းဆိုတော့ မိန်းကလေးတွေ လက်မခံတော့ မိန်းကလေးတွေကိုတော့ နီးစပ်ရာ အိမ်ကို ပို့ထားတယ်ပေါ့နော်။ စားချိန်ကျရင်တော့ ဒီကျောင်းကို လာလာစားကြတယ်။ ဦးဇင်းကိုတော့ သူတို့ အကြံပေးထားတာက တချို့လည်း ပြန်ကြမယ်။ တချို့လည်းပဲ အရင် အေးဂျင့်ပေါ့လေ အလုပ်အပ်ထားတဲ့ အေးဂျင့်တွေနဲ့ တခြားနေရာကို ပြောင်းပြီး အလုပ်လုပ်မယ်ပြောတယ်။ အရင်နေရာတော့ အလုပ်မလုပ်ရဲတော့ဘူးပေါ့။ မပြန်ရဲတော့ဘူးပေါ့။ အရင်နေရာက ပြဿနာရှိတဲ့ နေရာမို့လို့။ မူဆလင်တွေ များတဲ့အခါကျတော့လေ။ မြန်မာမူဆလင်တွေ။”

အခုဖြစ်ပျက်နေတဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေနဲ့ပတ်သက်လို့ မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးက မြန်မာနိုင်ငံသားတွေအပေါ် တစုံတရာ လုပ်ဆောင်ပေးနေခြင်း ရှိမရှိဆိုတာကို သိနိုင်ဖို့ သံရုံးကို ဗွီအိုအေက ဆက်သွယ်ခဲ့ပေမယ့်လည်း ဆက်သွယ်လို့ မရခဲ့ပါဘူး။

ဒီကနေ့တော့ မလေးရှားရဲက မြန်မာနိုင်ငံသားတွေကို လိုက်လံ ဖမ်းဆီးတာကလွဲလို့ အကြမ်းဖက် တိုက်ခိုက်မှုတွေမရှိဘူးလို့ ဒီကိစ္စတွေကို အနီးကပ် စောင့်ကြည့်နေသူတွေက ပြောပါတယ်။

အကြမ်းဖက်မှုတွေမှာ တာဝန်ရှိသူကို ဖမ်းဆီး ထိန်းသိမ်းထားခြင်း ရှိမရှိဆိုတာကိုတော့ မလေးရှားအာဏာပိုင်တွေက သတင်းထုတ်ပြန်ခြင်း မရှိသေးသလို ဒီအကြမ်းဖက်မှုတွေ ဘယ်လို စတင်ခဲ့တယ်ဆိုတာကိုလည်း အခုချိန်ထိ အတိအကျ ပြောနိုင်သူ မရှိသေးပါဘူး။ 
 
ကိုဇော်ဝင်းလှိုင်VOA

Nawaz Sharif ပါကစ္စတန် ၀န်ကြီးချုပ်အဖြစ် ကျမ်းသစ္စာဆို

အသစ်တက်လာတဲ့ ပါကစ္စတန်ဝန်ကြီးချုပ် Nawaz Sharif
ပါကစ္စတန်နိုင်ငံမှာ ပထမဆုံးအကြိမ် သက်တမ်း ၃ ကြိမ်မြောက် တာဝန်ထမ်းဆောင်မယ့် ၀န်ကြီးချုပ်အဖြစ် Nawaz Sharif ဗုဒ္ဓဟူးနေ့က ကျမ်းသစ္စာကျိန်ဆိုလိုက်ပါတယ်။ အစ္စလာမ်မာဘတ်မြို့တော် သမ္မတနန်းတော်က ကျမ်းကျိန်ပွဲ အခမ်းအနားကိုတော့ သမ္မတ Asif Ali Zardari က ဦးစီးကျင်းပခဲ့တာဖြစ်ပြီး အစိုးရတာဝန်ရှိသူတွေ၊ စစ်တပ်အရာရှိတွေနဲ့ သံတမန်တွေလည်း တက်ရောက်ခဲ့ကြတာပါ။

ပြီးခဲ့တဲ့လထဲမှာ ကျင်းပခဲ့တဲ့ အထွေထွေရွေးကောက်ပွဲမှာ သူ့ရဲ့ ပါကစ္စတန် မူဆလင် အဖွဲ့ချုပ် အနိုင်ရခဲ့ပြီးနောက် အများက မျှော်လင့်နေတဲ့အတိုင်း ပါကစ္စတန် လွှတ်တော်ကလည်း ဗုဒ္ဓဟူးနေ့ကပဲ ၀န်ကြီးချုပ်သစ်အဖြစ် တင်မြှောက်ခဲ့တာ ဖြစ်ပါတယ်။

ပထမဆုံးအကြိမ်အဖြစ် လွှတ်တော်မှာ မိန့်ခွန်းပြောရာမှာတော့ သူ့အစိုးရရဲ့ ဦးစားပေး ဆောင်ရွက်မယ့် အစီအစဉ်တွေထဲမှာတော့ စီးပွားရေးကို ပြုပြင်ပြောင်းလဲဖို့နဲ့ အကျင့်ပျက် ခြစားမှုတွေကို တိုက်ဖျက်ဖို့ ဖြစ်တဲ့အကြောင်း ပြောဆိုခဲ့တာပါ။

အာဖဂန်နဲ့ နယ်စပ်ဖြစ်တဲ့ လူမျိုးစုဒေသတွေက စစ်သွေးကြွတွေကို ပစ်မှတ်ထားပြီး အမေရိကန်က အဝေးထိန်း ဒုံးလေယာဉ်တွေနဲ့ တိုက်ခိုက်မှုတွေ အဆုံးသတ်ဖို့လည်း ထည့်သွင်းပြောဆိုသွားပါတယ်။
  ပါကစ္စတန် အစိုးရတွေကတော့ ဒုံးလေယာဉ်တွေနဲ့ တိုက်ခိုက်မှုတွေကြောင့် အရပ်သားတွေ သေဆုံးရသလို၊ အချုပ်အခြာအာဏာကို ထိပါးရာ ရောက်တယ်ဆိုပြီး အမေရိကန်ကို ကန့်ကွက်နေကြတာပါ။

တကျော့ပြန် ၀န်ကြီးချုပ်ဖြစ်လာသူ Mr Sharif ဟာ ၁၉၉၀ ကနေ ၁၉၉၃ အထိ တာဝန်ယူနေစဉ် အကျင့်ပျက် ခြစားမှု စွပ်စွဲချက်နဲ့ တာဝန်က နှုတ်ထွက်ခဲ့ရသူ ဖြစ်ပါတယ်။ ၁၉၉၇ ခုနှစ်မှာ နောက်တကြိမ် ၀န်ကြီးချုပ် တာဝန်ယူခဲ့ပြီး ၂ နှစ်အကြာမှာလည်း စစ်တပ်က အာဏာသိမ်း ဖယ်ရှားခံခဲ့ရသူ ဖြစ်ပါတယ်။
 ဗွီအိုအေ (မြန်မာပိုင်း)

Wednesday, June 5, 2013

၈၈ မျိုးဆက် ကိုယ်စားလှယ်အဖွဲ့ တရုတ်ပြည်ခရီးစတင်

တရုတ်နိုင်ငံက ပွင့်လင်းစပြုလာတဲ့ မြန်မာနိုင်ငံအပေါ် ယခင်ကကဲ့သို့ အစိုးရချင်း ဆက်ဆံရေးသာ မလုပ်
တော့ပဲ အတိုက်အခံ နိုင်ငံရေးပါတီ အဖွဲ့အစည်းတွေ စတဲ့ ပြည်သူချင်း ဆက်ဆံရေး လုပ်ဆောင်လာခဲ့ သည့် ဖြစ်စဉ်များ လုပ်ဆောင်နေပါတယ်။ 


 ဓာတ်ပုံ- ၈၈ မျိုးဆက် 
 
အခုဆိုရင် တရုတ်နိုင်ငံ၏  China-Myanmar Friendship Association ရဲ့ ဖိတ်ကြားချက်နဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းက ဦးမြအေးနဲ့ ဦးထွန်းမြင့်အောင်၊ မမီမီလွင်၊ မစမ်းစမ်းမော် တို့ ၄ ဦး ဟာ တရုတ်နိုင်ငံ သို့ လေ့လာရေး ခရီးအဖြစ် ယနေ့ မွန်လွဲပိုင်းက တရုတ်လေကြောင်းလိုင်းနဲ့ ရန်ကုန် က ထွက်ခွာ သွားကြပါတယ်။ 

ခရီးစဉ်အတွင်း ဦးမြအေးနဲ့ ၈၈ မျိုးဆက် များဟာ တရုတ်နိုင်ငံ ကူမင်းဒေသ ဆိုင်ရာ အစိုးရအဖွဲ့၊ တရုတ် ကွန်မြူနစ်ပါတီအရာရှိကြီးများနှင့် တွေ့ဆုံကြမည်ဖြစ်ပြီး လာမယ့် ဇွန်လ ၁၁ ရက်နေ့တွင် ရန်ကုန်သို့ ပြန် လည် ရောက်ရှိမှာဖြစ်တယ်လို့ ၈၈ မျိုးဆက်အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။ 

မကြာသေးမီကလည်း  အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီကိုယ်စားလှယ်အဖွဲ့ဟာ တရုတ်ပြည်ကို ချစ်ကြည်ရေး ခရီးစဉ်သွားရောက်ခဲ့ပြီး အခြားသော နိုင်ငံရေး ပါတီများကိုလည်း အလားတူ တရုတ်နိုင်ငံက ဖိတ်ကြားခဲ့ပါသေးတယ်။
ဧရာဝတီ

ဂျပန် ပျက်စီးယာဉ် တင်သွင်းသည့်ကုမ္ပဏီ ငါးခုထပ်တိုး


ရန်ကုန်၊ ဇွန် ၎

ဂျပန်နိုင်ငံတွင် ယာဉ်တိုက်မှုဖြစ်ပွား၍ ပျက်စီးနေသည့် မော်တော်ယာဉ်များ တင်သွင်းမှုကို စိစစ်နေစဉ် မော်တော်ယာဉ် တင်သွင်းသည့် နောက်ထပ် ကုမ္ပဏီငါးခုကို စစ်ဆေးတွေ့ရှိ ရကြောင်း အကောက်ခွန် ဦးစီးဌာနက ဇွန်လ ၄ ရက်နေ့က ကြေညာသည်။

ယင်း ကုမ္ပဏီများမှာ G Five ဝန်ဆောင်မှု ကုမ္ပဏီလီမိတက်၊ ဧရာရိုးမ ကုမ္ပဏီ၊ ဧရာဝတီပါဝါ ကုမ္ပဏီ၊ ကျော်သူရသက် ကုမ္ပဏီနှင့် Lucky Maximum ကုမ္ပဏီ တို့ဖြစ်ပြီး ကုမ္ပဏီ အမည်ဖြင့် ပျက်စီး မော်တော်ယာဉ် ငါးစီးနှင့် လူပုဂ္ဂိုလ် အမည်ဖြင့် ၃၇ စီး တင်သွင်းလာခြင်း ဖြစ်ကာ မည်ကဲ့သို့ အရေးယူမည်ကို မဆုံးဖြတ်ရ သေးကြောင်း အကောက်ခွန် ဦးစီးဌာန အကြီးတန်း အရာရှိတစ်ဦးက The Voice သို့ပြောကြားသည်။

ပျက်စီး မော်တော်ယာဉ်တစ်စီး တင်သွင်းမိခြင်းမှာ ဝယ်သူ၏ ဆန္ဒကြောင့် ဖြစ်ပြီး မတ်လက သင်္ဘောတင်ကာ ဧပြီလတွင် ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိကြောင်း၊ ယခင်က ဝယ်သူ၏ အမည်ဖြင့် ဖြစ်ပြီး နောင်တွင် ကုမ္ပဏီနာမည် ခံ၍ သွင်းခြင်း ဖြစ်ကာ တိုက်ကြေ ပျက်စီးယာဉ် ဖြစ်နေသည်ကို သတိ မထားမိကြောင်း ပျက်စီးမော်တော်ယာဉ် တင်သွင်းစာရင်းတွင် ပါရှိသည့် ကုမ္ပဏီမှ တာဝန်ရှိသူက ပြောဆိုသည်။

အဆိုပါ ပျက်စီးယာဉ်ကို အကောက်ခွန် ဦးစီးဌာနက ပြည်သူပိုင် သိမ်းဆည်းမည်ဟု ကြေညာချက် ထုတ်ပြန်သည့် မေလ မတိုင်မီ က တင်သွင်းလာခြင်း ဖြစ်၍ ယင်းကိစ္စနှင့် ပတ်သက်၍ အကောက်ခွန် ဦးစီးဌာနမှ တစ်ဆင့် အသနားခံ စာတင်မည် ဖြစ် ကြောင်း ၎င်းက ဆိုသည်။

ပြည်သူပိုင် သိမ်းခြင်းကို လက်ခံပြီး မော်တော်ယာဉ် အရောင်း ပြခန်းများမှာ ငွေကြေး များစွာ ရင်းနှီးထားရသောကြောင့် တင်သွင်းခွင့် တစ်နှစ်ပိတ်၍ အရေးမယူသေးဘဲ ယခုအကြိမ်တွင် သတိပေးခြင်း ပြုလုပ်ကာ ကြေညာချက် ထုတ်ပြန်ပြီး နောက်ပိုင်း ထပ်မံ ပြုလုပ်မှသာ အရေးယူသင့်ကြောင်း မော်တော်ယာဉ် အရောင်းပြခန်း ပိုင်ရှင်တစ်ဦးက ပြောကြားသည်။

ယာဉ်တိုက်မှု ဖြစ်ပွား၍ ပျက်စီးသော မော်တော်ယာဉ်များ နောက်ထပ် တင်သွင်း လာ၍ တင်သွင်း ရောင်းချခွင့် တစ်နှစ် ပိတ်ပင်လိုက်သည့် ယခုကုမ္ပဏီ ငါးခုစာရင်းတွင် ယခင်စာရင်းတွင် ပါဝင်သည့် G Five ဝန်ဆောင်မှု ကုမ္ပဏီလီမိတက် ထပ်မံ ပါဝင်နေကြောင်း အကောက်ခွန် ဦးစီးဌာနထံမှ သိရသည်။

ယာဉ်တိုက်မှုကြောင့် ပျက်စီး နေသည့် မော်တော်ယာဉ်များကို မေလ ၁၅ ရက်နေ့တွင် ၂၇ စီးနှင့် မေလ ၃၁ ရက်နေ့ တွင် ၄၂ စီး ထပ်မံသိမ်းဆည်း ခဲ့ကြောင်း အကောက်ခွန် ဦးစီးဌာန၏ ဇွန်လ ၃ ရက်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သတိပေးခံရပြီးနောက် ပျက်စီး မော်တော်ယာဉ် ထပ်မံ တင်သွင်းသော ကုမ္ပဏီများကို အမည်ပျက် စာရင်းတင် သွင်းမည်ဟု အစိုးရက ဆိုထားသည်။
The Voice Weekly

» မလေးရှားတွင် မြန်မာအလုပ်သမားများကို စီမံချက်ဖြင့် ဖမ်းဆီး

 
ဒီနေ့မနက်ပိုင်းကစပြီး  မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ မလေးရှား ရဲတပ်ဖွဲ့နဲ့ လူဝင်မှုကြီးကြပ်ရေးတို့ပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ မြန်မာအလုပ်သမားတွေကို စီမံချက်နဲ့ ဖမ်းဆီးထိန်းသိမ်းနေတယ်လို့ မြန်မာလူမှုရေးအဖွဲ့တွေက ပြောပါတယ်။

ကွာလာလမ်ပူမြို့ပေါ်က မြန်မာဆိုင်တွေကို ၀င်ရောက် ဖမ်းဆီးခဲ့တာဖြစ်ပြီး ညနေပိုင်းထိ မြန်မာ ၁၀၀၀ လောက် ဖမ်းဆီးခံထားရတယ်လို့ မျက်မြင်တွေ့ရှိခဲ့သူ ဦးသီဟက ပြောပါတယ်။

“ကျနော်က ရဲဌာနကို ရောက်နေတယ်။ ကျနော့်အသိတယောက်က သူ့ကို လာထုတ်ပါလို့ ပြောတော့ သူ့ပတ်စပို့နဲ့ သွားထုတ်တော့ အထုတ်မခံဘူး။ လက်ရှိတွေ့ခဲ့ရတာ အထဲမှာ လူ အယောက် ၁၀၀၀ လောက်ရှိမယ်။ အခုပြောနေရင်းနဲ့ ရဲကားတွေ ၀င်လာတယ်။ အော်ပရာစီလို့ ခေါ်တဲ့ စီမံချက်ကားတွေ ၂ စီးပြီး ၂ စီး ၀င်လာတယ်။ ကျနော်ရှိနေချိန် ၀င်လာတာ ၆ စီးလောက်ရှိပြီ၊ ကျနော်ရောက်နေတာက ၁ နာရီခွဲလောက်ရှိပြီ။”

မလေးရှားနိုင်ငံမှာ  မြန်မာနိုင်ငံသားများ အကြမ်းဖက်တိုက်ခိုက်ခံရတာတွေ ဆက်တိုက် ဖြစ်ပွားနေတာကြောင့် မြန်မာနိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဒုဝန်ကြီး ဦးဇင်ယော်က မြန်မာနိုင်ငံဆိုင်ရာ မလေးရှားသံအမတ်ကြီးကို ဇွန် ၄ ရက်နေ့က  သတိပေးထောက်လွှာ ပေးအပ်ခဲ့တယ်လို့ မြန်မာအစိုးရက သတင်းထုတ်ပြန်ခဲ့ပြီး နောက်တနေ့မှာ အခုလို မြန်မာနိုင်ငံသားတွေကို စီမံချက်ချ ဖမ်းဆီးတာ ဖြစ်ပါတယ်။

အကြမ်းဖက်တိုက်ခိုက်တာတွေ စတင် ဖြစ်ပွားခဲ့တဲ့ ဆလာရမ်းဈေးဘက်မှာ မနေ့ညကတည်းက ဖမ်းဆီးမှုတွေ စတင်ခဲ့ပြီး ဒီနေ့မနက်ပိုင်းမှာတော့ ကွာလာလမ်ပူမြို့က မြန်မာဆိုင်တွေရှိတဲ့ မဟာနန်း၊ မဟာနန်းအောက်ဘက်က မြန်မာရွာနဲ့ မောရှမ်းစတဲ့ နေရာတကြော ၀င်ရောက်ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

အထောက်အထားရှိသူတွေရော၊ မရှိသူတွေကိုပါ ဖမ်းဆီးနေတာဖြစ်ပြီး လတ်တလော လွှတ်ပေးမှာ မဟုတ်သေးဘဲ စစ်ဆေးမေးမြန်းပြီးမှ လွှတ်ပေးမယ်လို့ သက်ဆိုင်ရာရဲစခန်းက ပြောကြောင်း သိရပါတယ်။

မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ သတိပေးထောက်လွှာထဲမှာ မလေးရှားရောက် မြန်မာတွေ အကြမ်းဖက် တိုက်ခိုက်ခံနေရတာကို ချက်ချင်းစုံစမ်းဖော်ထုတ်ပေးဖို့၊ ပြစ်မှုကျုးလွန်သူတွေကို ဥပဒေနဲ့အညီ အရေးယူပေးဖို့နဲ့ ထပ်ပြီးမဖြစ်အောင် မလေးရှားအစိုးရက လုပ်ဆောင်ပေးဖို့ သတိပေး ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း မလေးရှားမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေအတွင်း မြန်မာ ၃ ဦး သေဆုံးခဲ့ပြီး ၁၀ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ပါတယ်။
မလေးရှားမှာ အလုပ်လုပ်နေတဲ့ မြန်မာအလုပ်သမား ၃ သိန်းလောက် ရှိတယ်လို့ မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးက တရားဝင်ထုတ်ဖော်ပြောကြားထားပါတယ်။

 by ရွှေအောင် (ဒီဗွီဘီ)

မန်းတွင် ကောလာဟလ လုပ်ဆောင်သူ များကို စုံစမ်းနေ ၄င်းတို့ကို တရားစွဲဆို သွားမည်ဟုဆို

 
မန္တလေး-ဇွန်၅

မန်း၃၅၊၃၆လမ်းရှိ အထက(၃) စာသင်ကျောင်းအား ယနေ့နံနက်၁၀ နာရီ အချိန့်ခန့်က လူတစ်စုမှ အော်ဟစ်သွား သဖြင့် ရုတ်ရုတ်ဖြစ်ပွား ခဲ့ကြောင်း သိရသည်။

ကျောင်းသားတွေ တချို့ကိုသာ မိဘတွေ အိမ်ပြန်ခေါ်သွားတာ တချို့ကျောင်းထဲမှာပဲ ရှိပါသေးတယ်
ဟုအဆိုပါကျောင်း အနီးရပ်ကွက်တွင် နေထိုင်သူ အမျိုးသမီးတစ်ဦးက ပြောသည်။

လက်ရှိတွင်မြို့နယ်ရဲမှူး၊ ခရိုင်ရဲမှူး သက်ဆိုင်ရာ စခန်းမှူးများမှာ ကောလဟာလ ဖြစ်ပွားခဲ့သော နေရာများကို လိုက်လံ ကြည့်ရှူခြင်း ပြုလုပ်နေသည်ဟု မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့ရုံးမှ ရဲမှူးကြီး ဦးစိုးငြိမ်း က ပြောသည်။

မနက်ကဆိုင်ကယ်၃၊ ၄စိးနဲ့ လူ၎၊၅ယောက်က အော်သွားတာ ဘာမှ မဖြစ်ပါဘူး၊ စုံစမ်းနေတယ် မိလို့သေချာရင် တရားစွဲဆိုသွားမှာပါဟု ၄င်းကပြောသည်။

ကောလဟလများ မဖြစ်ရန်အတွက် ရပ်ကွက်အသီးသီးရှိ ကော်မတီ အသီးသီးနှင့် ပူးပေါင်းကာ ထိန်းသိမ်းမှူများ ပြုလုပ်ခြင်း၊ ပြည်သူများ ကောလဟာလ မယုံရန်ပြောခြင်းများ ပြုလုပ်မည်ဟု ရဲမှူးဦးစိုးငြိမ်းက ပြောသည်။

လက်ရှိတွင်အမှတ် (၃)စာသင်ကျောင်းရှိကျောင်းသား၊ ကျောင်းသူများ အေးချမ်းမှူရှိရန် ကျောင်း တံခါးပေါက် နှစ်ခုလုံးအား ပိတ်ထားသည်ဟု အဆိုကျောင်း အနီးတွင် နေထိုင်သူများမှ ပြောသည်။ ကောလဟာ လကြောင့် မန္တလေးနည်း ပညာတက္ကသိုလ်မှ ကျောင်းသား အချို့အားမိဘများမှ ဖုန်းဆက်ခေါ် ယူမှူရှိကြောင်း သိရသည်။

စိုင်းလမင်း - Popular Myanmar News Journal

လွှတ်တော်အမတ်၏တူ လူသတ်တရားခံ သေနတ်လုထွက်ပြေး - ပစ်ခတ်မှုဖြစ် ရဲတဦးသေ

 aik sam and li fan
သျှမ်းမြောက် မူစယ်ခရိုင် တရားရုံး၌ တရားခံများက ရဲတပ်ဖွဲ့ သေနတ်ကိုလုယူ ပစ်ခတ်ပြီး တရားခံ ၃ဦး ထွက်ပြေးလွတ်မြောက်သွားကြောင်း စုံစမ်းသိရသည်။
“မနေ့ကညနေ လေးနာရီ ၁၅ မိနစ်ကဖြစ်တာ။ ရဲစခန်းအချုပ်ခန်းကနေ ခရိုင်တရားရုံးကို ရမန်ယူ လာတဲ့ တရားခံ ၅ ဦးက အချုပ်ကား ဆင်းဆင်းချင်း ရဲရဲ့ သေနတ် လုပြီး ပစ်ခတ်တယ်။ အဲဒီအချိန်မှာ  တာဝန် ကျ   ရဲတယောက် က သေ နတ်လုပြေးတဲ့ တရားခံ ကို သေနတ်ပစ်တာ တရားခံကိုမထိဘဲ ရဲ တယောက်ကိုသွားထိတယ်။ အဲဒီရဲ သေသွားတယ်။  တရားခံကပြန်ပစ်လိုက်လို့ ရဲ ၂ ယောက်  ဒဏ်ရာရ  တယ်၊ တရားခံ ၅ ယောက်ထဲက ၃ ယောက် လွတ်မြောက် သွားတယ်။ သေနတ် ၂ လက်ပါသွားတယ်” ဟု မူစယ်ရဲတပ်ဖွဲ့နှင့်နီးစပ်သူ တစ်ဦးကပြောသည်။

အဆိုပါရုံးထုတ်လာသောတရားခံများမှာ ကျားဖြူပါတီဥက္ကဌ၏တူအား သတ်ဖြတ်သော  ကျော်မြင့် ပန်းဆေး ပြည်သူ့စစ်၏တူ ရဲအောင်ထွေးခေါ်  လိဖန် ၊  အိုက်ဆမ် ၊အားကျိနှင့်တရုတ်ပန်းဆေး လူမျိုးဘိန်းမှောင်ခို  နှစ်ဦး တို့ဖြစ်ကြကြောင်း၊ ၄င်း ၅ ဦးအနက် ပြန်လည်ဖမ်းမိသော ၂ ဦးမှာ  နာမည်အတိအကျမသိရသေးကြောင်း ၄င်းကဆိုသည်။

“ခုလို တရားခံက ထွက်ပြေးလွတ်မြောက်ထားတယ်ဆိုတော့ ကျမတို့ ကလေးတွေအတွက် အင်မတန်မှ အန္တရာယ်ကြီးတယ်၊ ကျမတို့ ကလေးက စိုင်းအိုက်လိန်   ကျားဖြူဥက္ကဌတူ အသတ်ခံရတဲ့နေ့က အတူပါ နေလို့လေ၊ တကယ်လို့ ဒီလူသတ်သမားတွေ ကျမတို့ကလေးကို ပြန်လာသတ်ရင် ဘယ်လိုလုပ်ရမလဲ”  ဟု နမ့်ခမ်းမြို့မှ လူသတ်မှုတရားလိုဘက်ကပါသော မိခင်တစ်ဦးကပြောသည်။

ခုလက်ရှိလူသတ်သမားကို ပြန်မဖမ်းနိုင်သေးသ၍ အခင်းဖြစ်ပွားသည့်နေ့တွင်ပါဝင်သော တရားလိုဘက်မှ လူငယ်များကို သက်ဆိုင်ရာအာဏပိုင်ဘက်မှ လုံခြုံရေးယူပေးသင့်ကြောင်း၊သျှမ်းသံတော်ဆင့်မှတောင်း ဆိုချင်သည်ဟု ၄င်းက ဆိုသည်။

“တရားရုံးထုတ်တာ လက်ထိပ်ခြေထိပ်ခတ်ထားတာပဲ၊ဘယ်လိုလုပ်ပြီးထွက်ပြေးနိုင်တယ်ဆိုတာ လုံးဝတွေးလို့ မရဘူး၊ တရားခံကို မနေ့ ကရုံးချိန်းတာ တရားလိုတွေကို ဘာကြောင့် အာဏာပိုင်ဘက်က အကြောင်း မကြား တာလဲမသိဘူး”

“နောက်ပြီး မူစယ်မှာ တရားခံအတွက် လုံခြုံရေးစိတ်မချလို့ လာရှိုးကိုလွှဲပြောင်းစစ်ဆေးမယ်တဲ့၊ကျနော် တို့ ဘက်ကလဲ  -  ငွေကြေးမတတ်နိုင်လို့ အမှုမလိုက်ကြောင်း စာတင်လိုက်တယ်၊ စာတော့  မေလ ၂၉ ရက် မှပြန်ကျလာတယ်။ မူစယ်ခရိုင်မှာပဲအမှုစစ်ရမယ်၊ မူစယ်မှာရုံးချိန်းတာက ၄ ကြိမ် ရှိပါပြီ၊ သက်သေ ဒီလောက် ခိုင်မာနေတာ ဘာကြောင့်စီရင်ချက်မချသေးတာလဲ  တွေးစရာ တစ်ခုပါ” ဟု အသတ်ခံရသူ စိုင်းအိုက်လိန် နှင့် အမျိုးတော်စပ်သောသူတစ်ဦးကပြောသည်။

ယခုအချိန်တွင် လူသတ်တရားခံများက သေနတ် ၂ လက်နှင့်အတူ ထွက်ပြေးလွတ်မြောက်နေမှုအပေါ် မူစယ်နှင့်နမ့်ခမ်းမြို့နေများက ကြောက်လှန့်နေကြကြောင်းသတင်းရရှိသည်။
သျှမ်းသံတော်ဆင့်

ပဋိပက္ခများ ဂယက်ကြောင့် ဗန်းမော်သားများ အထိတ်တလန့်ဖြစ်နေ

ယခုတလော မြန်မာနိုင်ငံအနှံ့ ဖြစ်ပွားသည့် မွတ်စလင် ပဋိပက္ခများ ကချင်ပြည်နယ်
ဗန်းမော်မြို့အထိ ဂယက်ရိုက်ခတ် လာပြီး မြို့ခံများ အနေဖြင့် စိုးရိမ်ထိတ်လှန့်နေကြောင်း
စုံစမ်းသိရသည် ။

ယမန်နေ့ညပိုင်းက ဗန်းမော်မြို့ပေါ်ရှိ မွတ်စလင်ဈေးဆိုင်များအပါအဝင် ဈေးဆိုင်များ စောစီးစွာ ပိတ်ခဲ့ကြရာယနေ့တွင် လူအသွား အလာများ ခြောက်ကပ်နေ သလို မြို့ခံအများစုမှာ အိမ်တွင်း၌သာ နေထိုင်နေကြောင်းသိရသည် ။

ကောဠာဟာလ သတင်းများကြောင့်  နှစ်ဘက်စလုံးက သူ့ကိုယ်မယုံ ကိုယ့်သူမယုံဖြင့် စိုးရိမ်မှု တိုးပွားနေခြင်း ဖြစ်ကြောင်း ဗန်းမော် မြို့ခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ယခုကဲ့သို့ ပြောသည် ။

“မနေ့ညကဆိုရင် မွတ်စလင်ဆိုင်တွေက အစောကြီးပိတ်သွားတော့ ကျန်တဲ့ဆိုင်တွေလည်း တစ်ခုခု ဖြစ်တော့မလားဆိုပြီး အကုန်လိုက်ပိတ်ကုန်တယ်။
အခုဆိုရင်ခရီးထွက်မဲ့လူတွေတောင် မထွက်ကြတော့ဘူး။ ကိုယ့်အိမ်မှာ ကိုယ်ပဲနေကြတယ် ။
သ တင်းတွေကလည်း အမျိုးမျိုးထွက်နေတာပေါ့ ။ ဗုဒ္ဓဘာသာအမျိုးသမီးတစ်ဦးကိုကုလားက ပါးရိုက်တယ် ဆိုတာတို့။ ကျမတို့ ကိုယ်တိုင်ရဲစခန်းမေးတော့လည်း မဟုတ်ဘူးလို့ ပြောတယ်။
ဒီရက်ပိုင်း ကုလားတွေ စက်လှေတွေနဲ့ ရောက်လာတာရှိတယ် ။ အဲဒါအထဲမှာ လူမိုက်တွေ ပါလာတယ်ဆိုပြီးတော့လည်း ပြောနေကြတာပေါ့နော်။ ကျမတို့ဆိုရင် လူသတ်ဖို့မပြောနဲ့ ခြင် တောင် ရိုက်သတ်ဖို့တောင်ဝန်လေးပါတယ် ” ဟု ပြောသည် ။

လွန်ခဲ့သည့် ၂ ရက်ခန့်က ဗန်းမော်နယ် အောက်ဘက်ရှိ ကသာမြို့၌ အဆိုပါ ပဋိပက္ခများ ဖြစ်ပေါ်ခဲ့သည်ဟုသတင်းထွက် ပေါ်လာပြီး မွတ်စလင်ဆန့်ကျင်ရေး စာရွက်စာတမ်းဖြန့်ဝေမှုများကြောင့် အခြေအနေကိုပိုဆိုးဝါးစေကြောင်း မြို့ခံများက ဆိုသည် ။

 “မွတ်စလင်တွေက လူနည်းစုဆိုတော့ ပိုပြီးစိုးရိမ်ကြမှာပေါ့လေ ။ အခုဆိုရင် နှစ်ဘက်စလုံးက ခပ်တန်းတန်းဖြစ်သွားပြီ ။ သွား တာလာတာလည်း ကျဲသွားတာပေါ့ ။ သူတို့ မွတ်စလင်တွေကလည်း ဓါးတွေဝယ်စုနေကြတယ်။
 ပန်းဘဲဖိုတွေအထိ လိုက်ဝယ် နေတယ်။ အခြေအနေတွေ အားလုံး တည်တည်ငြိမ်ငြိမ် အေးအေးချမ်းချမ်းဖြစ်စေချင်ပါတယ် ” ဟု နောက်ထပ်မြို့ခံ လူငယ်တစ်ဦးက ဆိုသည် ။

အဆိုပါ ပဋိပက္ခများ မြန်မာနိုင်ငံ နေရာအနှံ့ ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး မေလကုန်ပိုင်းက သျှမ်းပြည် (မြောက်ပိုင်း)လားရိုးမြို့ အထိ ကူးစက်ဖြစ်ပေါ်ခဲ့သည် ။ အဆိုပါ ပဋိပက္ခ၏ နောက်ကွယ်တွင် ကြိုးကိုင်လှုပ်ရှားသူများ ရှိပြီးလူထုအကြား နက်ရှိုင်း သည့် အကျိုးဆက်များ ဖြစ်ပေါ်စေမည်ဟု  လေ့လာသူတစ်ဦးက ပြောသည် ။

မေတ္တာရှင်ပရဟိတစံပြဆုရှင်များ(သို့မဟုတ်)လောဘသုံးမျိုးကို စွန့်ရဲသူများ

 
၁၃၇၅ ခုနှစ်၊ ကဆုန်လပြည့်ကျော် (၅) ရက်၊ ၂၉.၅.၂ဝ၁၃ ရက်နေ့တွင် ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ မရမ်းချောင်းကျေးရွာ “မေတ္တာပရဟိတဂေဟာ” ၌ အ.ထ.က ကျောင်းခွဲ၊ မေတ္တာပန်း နှစ်ထပ်ကျောင်းဆောင်သစ် လွှဲပြောင်းရေစက်ချအခမ်းအနားနှင့် အရှင်ဇဝန ဓမ္မကထိက ဗဟုဇနဟိတဓရ (မေတ္တာရှင်ရွှေပြည်သာ) မှချီးမြှင့်ဂုဏ်ပြုသည့် “မေတ္တာရှင်ပရဟိတ စံပြဆု” ပေးအပ်ခြင်းအခမ်းအနားအား ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားအား နံနက် (၉းဝဝ) နာရီအချိန်တွင် စတင်ခဲ့ပြီး မေတ္တာရှင်ပရဟိတ စံပြဆုရှင် (၁ဝ) ဦးတို့အား မေတ္တာရှင်ဆရာတော်မှ ရွေးချယ်ဂုဏ်ပြုခဲ့ရာ -
နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ဥက္ကဌ ဦးကျော်သူ၊
ဒု-ဥက္ကဌ ဒေါ်သန်းမြင့်အောင် (စာရေးဆရာမ)၊
အတွင်းရေးမှူး ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ရွှေဇီးကွက်နှင့်
 ဒေါ်မြရှင် (မဇ္ဈိမ သံဃာမာတာ)၊
ဆရာချစ်စံဝင်း (စာရေးဆရာ)၊
 ဒေါ်ခင်ခင်ရီ (OG Specialist)၊
 ဒေါ်ဖြူဖြူသင်း (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မင်္ဂလာတောင်ညွန့်မြို့နယ်)၊
 ဦးအောင်မြင့်၊ ဦးတင်မောင်အေး(ခ)ဦးငယ်လေး (မေတ္တာပန်း နှစ်ထပ်ကျောင်းဆောင်သစ် အလှူရှင်)၊
 ဒေါ်နန်းကြည်အောင်(ခ)မနန်း (မေတ္တာပန်း နှစ်ထပ်ကျောင်းဆောင်သစ် အလှူရှင်)တို့မှ ရရှိခဲ့သည်။ေ
မတ္တာရှင်ဆရာတော်မှ “မေတ္တာရှင် ပရဟိတစံပြဆု” ချီးမြှင့်ခံရသူများတို့သည် “လောကတွင် သူတော်ကောင်းတွေများလာရင် လူသားတွေ စိတ်ချမ်းသာရတယ်၊ မသူတော်တွေများလာ ရင် လူသားတွေ စိတ်ဆင်းရဲရကြောင်း၊ သူတော်ကောင်းတွေ များများရှိဖို့အတွက် လူသားတိုင်းမှာ တာဝန် ရှိကြောင်း၊ မိမိကိုယ်တိုင် သူတော်ကောင်းဖြစ်အောင် ကြိုးစားရုံဖြင့် မလုံလောက်သေးကြောင်း၊ မိမိဘေး ပတ်ဝန်းကျင်ကို သူတော်ကောင်းဖြစ်အောင် ကြိုးစားသင့်ကြောင်း၊ ဆရာတော်လည်း ကိုယ့်ကိုယ်ကို သူတော်ကောင်းဖြစ်အောင် ကြိုးစားပါကြောင်း၊ ထို့ကြောင့် မိမိပတ်ဝန်းကျင် လူသားတွေပါ သူတော် ကောင်းဖြစ်စေချင်လို့ အခုလို “မေတ္တာရှင်ပရဟိတ စံပြဆု” ကို ယခုနှစ်မှစပြီး ပေးအပ်ခဲ့ကြောင်း” ဆုပေး ရခြင်းဖြစ်ကြောင်း၊ ကိုယ်ကျိုးစွန့်၊ အများအကျိုးအတွက် လုပ်ဆောင်သောကျင့်စဉ်သည် ဘုရားရှင်၏ ကျင့်စဉ်ဖြစ်ကြောင်း၊ ဘုရားရှင်၏ကျင့်စဉ်အတိုင်း လူမှုရေးပရဟိတ အလုပ်များအား လောဘသုံးမျိုး စွန့်ကာ (လှူဖွယ်ဝတ္ထု၌ တပ်မက်သောလောဘ၊ နောက်ဘဝချမ်းသာချင်သောလောဘ၊ နာမည်ကြီး ချင်သောလောဘ) လုပ်ဆောင်ခဲ့သူများဖြစ်ကြသည့်အတွက် ချီးမြှင့်ပေးအပ်ခဲ့ခြင်းဖြစ်သည်။

ထို့နောက် စံပြဆုရရှိသူများအား ဆရာတော်မှ ဆုအသီးသီးချီးမြှင့်ပေးအပ်ခဲ့ရာတွင် နာရေးကူညီမှု အသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူသည် လူမှုရေးဟောပြောပွဲများဖြင့် အထက်မြန်မာပြည်သို့ ခရီးလွန်နေသည့်အတွက် အတွင်းရေးမှူး ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ရွှေဇီးကွက်မှ ကိုယ်စား လက်ခံရယူခဲ့သည်။ ဆုရရှိသူ ဦးကျော်သူကိုယ်စား နာရေး ကူညီမှုအသင်း(ရန်ကုန်) အတွင်းရေးမှူး ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ရွှေဇီးကွက်မှ “မိမိသည် ရွှေဥမင်တရားစခန်းသို့ ရောက်ရှိနေတဲ့အတွက် အခမ်းအနားတက်ဖို့ အစီအစဉ်မရှိပါဘူး။ ကိုကျော်သူ ပရဟိတဟောပြောပွဲခရီးမှ ပြန်မရောက်သေး၍ တရားစခန်းမှာ ဆရာတော်ကိုခွင့်တောင်းပြီး လာခြင်းဖြစ်ကြောင်း၊ ယခင်က ကျေးဇူးတင်စကားကို ဦးကျော်သူပြောပေးပါရန် ခွင့်တောင်းထားသည့်အတွက် ကိုကျော်သူမရှိ၍ မိမိမှ ကျေးဇူးတင်စကား ပြောခြင်းဖြစ်ကြောင်း၊ ကိုကျော်သူက ယခုရရှိသောဆုသည် သူအရင်ကရရှိခဲ့တဲ့ ဆုများထက် အမြင့်မြတ်ဆုံးဆုဟု ပြောခဲ့ပါကြောင်း၊ မြတ်စွာဘုရားရှင်၏ စကားအတိုင်း ဗုဒ္ဓဘုရား၏ သားတော်ဖြစ်တဲ့ သံဃာတော်မှချီးမြှင့်တဲ့ ဆုဟာ အမြင့်မြတ်ဆုံးပါဖြစ်ကြောင်း၊ မြန်မာပြည်ထဲမှာ ဒီလိုဆုပေးတာဟာ အင်မ တန်မှရှားပါကြောင်း၊ ဆက်လက်ပြီးမှာလိုက်တာက သူဟာ ဒီလိုဆုတွေကို မျှော်ကိုးပြီး လူမှုရေးတွေ လုပ်ခဲ့ တာမဟုတ်ပါဘူး။ ဒီလိုအသိအမှတ်ပြုခံရတာလည်း တကယ်ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ အများအမြင် မှာ ပရဟိတအလုပ်ကို တခြားဘာသာဝင်တွေရဲ့ အလုပ်ဟုထင်နေခြင်းကို ဆရာတော်မှ ပရဟိတကို မြတ်စွာဘုရား ကိုယ်တော်တိုင်ရဲ့ အဆုံးအမပါဟု မြန်မာဗုဒ္ဓဘာသာရဲ့အမြင်ကိုမြင်အောင် လက်တွေ့ လုပ်ပြခဲ့တဲ့အတွက် ဆရာတော်ကို တပည့်တော်မ ကျေးဇူးအထူးတင်ပါကြောင်း” ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး “မေတ္တာရှင်ပရဟိတစံပြဆု” ဆုရှင်တစ်ဦးဖြစ်သူ ဦးချစ်စံဝင်းမှ ကျေးဇူးတင်စကားပြော ကြားခဲ့သည်။
နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ ဦးခိုင်မိုရ်မင်း + ဒေါ်ခိုင်ဇာလင်း သားမောင်အောင်ခန့် မြတ်တို့မှ အလှူငွေ (၅) သိန်းကျပ်တိတိအား လှူဒါန်းပေးအပ်ခဲ့ရာ ဒေါ်မြင့်မြင့်ခင်ဖေမှ လက်ခံရယူ ခဲ့သည်။ ထို့နောက် အ.ထ.က ကျောင်းခွဲ၊ မေတ္တာပန်း နှစ်ထပ်ကျောင်းဆောင်သစ် အဆောက်အဦးနှင့် ပရိဘောဂများအား ပညာရေးဝန်ကြီးဌာသို့
အလှူရှင် ဦးတင်မောင်အေး (ခ) ဦးငယ်လေး + ဒေါ်နန်းကြည် အောင် (ခ) မနန်း တို့မှ လွှဲပြောင်းပေးအပ်ခဲ့ခြင်းအား ပညာရေးမှူးမှ ကျေးဇူးတင်စကားပြောကြားခဲ့ပြီး ကြွရောက်လာကြသော သံဃာတော်များတို့အား သင်္ကန်းပရိက္ခရာများ ဆပ်ကပ်လှူဒါန်းခြင်းနှင့် နှစ်ထပ် ကျောင်းဆောင်သစ် လှူဒါန်းမှုအား ရေစက်ချ အမျှပေးဝေခဲ့သည်။ ယင်းနောက်အ.ထ.က ကျောင်းခွဲ၊ မေတ္တာပန်း နှစ်ထပ်ကျောင်းဆောင်သစ်အား မေတ္တာရှင်ဆရာတော်မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး စာသင် ဆောင်များအား တက်ရောက်လာကြသော ဧည့်သည်တော်များတို့မှ လိုက်လံကြည့်ရှု လေ့လာခဲ့ကြပြီး အခမ်းအနားအား စည်ကားသိုက်မြိုက် အောင်မြင်စွာပြီးဆုံးခဲ့သည်။ အပြန်ခရီးတွင် “မေတ္တာပရဟိတ ဂေဟာ”ရှိ အဘိုးအဘွားများထံသို့ သွားရောက်၍ အားပေးစကားများ အသီးသီးပြောကြားခဲ့ပြီး နာရေး ကူညီမှုအသင်း(ရန်ကုန်) ရုံးချုပ်ရှိရာ မြောက်ဒဂုံသို့ ခရီးဆက်ခဲ့တော့သည်။
ဒေါင်းမာန်ဟုန်  မှ

မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေး ဖော်ဆောင်မှု အောဘရိုက် ချီးကျူး

 အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟောင်း Madeleine Albright ရန်ကုန်တက္ကသိုလ်မှာ မိန့်ခွန်းပြောကြားနေစဉ် (ဓာတ်ပုံ - ဗွီအိုအေမြန်မာပိုင်း)
ဦးရော်နီညိမ်းကိုကျော်ကျော်သိန်း
မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟောင်းနဲ့ National Democratic Institute NDI ရဲ့ ဥက္ကဌ မက်ဒလင်း အောဘရိုက် (Madeleine Albright) ဒီကနေ့ ရန်ကုန်တက္ကသိုလ် စိန်ရတု အထိမ်းအမှတ် ခန်းမကြီးထဲမှာ ပြောကြားသွားခဲ့တဲ့ မိန့်ခွန်းထဲကနေပြီးတော့ ထူးခြားချက်လေးတွေကို တင်ဆက်ပေးချင်တာကြောင့် ဒီပွဲမှာ ကိုယ်တိုင်တက်ရောက် သတင်းယူခဲ့တဲ့ ဗွီအိုအေ၀ိုင်းတော်သား ကိုကျော်ကျော်သိန်းကို ဦးရော်နီညိမ်း က ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

မေး။                    ။ ဒီကနေ့ပေါ့နော် ရန်ကုန်တက္ကသိုလ်ရဲ့ စိန်ရတု အထိမ်းအမှတ် ခန်းမကြီးထဲမှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်း မက်ဒလင်း အောဘရိုက်ကနေ တက်ရောက်လာကြတဲ့ တက္ကသိုလ်ကျောင်းသူ ကျောင်းသားတွေ၊ ဆရာ၊ ဆရာမတွေ ကျန်တဲ့ဧည့်ပရိသတ်တွေကို ပြောကြားသွားတဲ့ မိန့်ခွန်းထဲကနေပြီးတော့ ထူးထူးခြားခြားအနေနဲ့ ကိုကျော်ကျော်သိန်း ထောက်ပြချင်တဲ့တစ်ခုကို ပြောပြပေးပါလားခင်ဗျ။

ဖြေ။                     ။ တကယ်တမ်းတော့ မက်ဒလင်း အောဘရိုက်ရဲ့ မိန့်ခွန်းက အင်မတန် စိတ်ဝင်စားစရာကောင်းပြီးတော့ စိတ်ဝင်စားစရာ အချက်အလက်တွေနဲ့ ပြည့်စုံတယ်လို့ ပြောရမှာပါ။ အဲ့ဒီထဲကမှ ကျနော် မှတ်မှတ်သားသား ဖြစ်မိတဲ့ စကားတချို့ကို ပြောရမယ်ဆိုရင် ပထမဆုံးတစ်ခုကတော့ သူက မြန်မာနိုင်ငံကနေပြီးတော့ သူ့ကို နွေးနွေးထွေးထွေး ကြိုဆိုတာ၊ ယဉ်ယဉ်ကျေးကျေး ဆက်ဆံတာတွေအတွက် များစွာ တန်ဖိုးထားပါတယ်လို့ အစချီပြီးတော့ အခုလို သူ ပြောပါတယ်ခင်ဗျ။

“စိန်ရတုတိုင်းပြည်ဟာ လှပတဲ့ တိုင်းပြည် ဖြစ်ရုံသာမက စွမ်းအားအပြည့်နဲ့ ပြုပြင်ပြောင်းလဲရေးတွေကို လုပ်ကိုင်နေပြီး နိုင်ငံတကာ အသိုင်းအ၀ိုင်းမှာ နေရာမှန်ကို ပြန်ရဖို့ ကြိုးပမ်းနေတဲ့ မျှော်လင့်ချက်အပြည့်နဲ့ တိုင်းပြည်ဖြစ်တယ်လို့ တခြားသူတွေကို ကျမ သတင်းစကား ပါးဦးမှာပါ”

ဆိုပြီး မစ္စ မက်ဒလင်း အောဘရိုက် က ပြောသွားပါတယ်။ အဲ့ဒီနောက်မှာတော့ မြန်မာနိုင်ငံရဲ့ အခြေအနေဟာ အရင်တုန်းကဆိုရင် အင်မတန် ဆိုးရွားခဲ့တဲ့အကြောင်း သူ ပြောပါတယ်။ နောက်တခါ လွန်ခဲ့တဲ့ နှစ်နှစ်က အပြောင်းအလဲတွေ လုပ်လာပြီးတဲ့နောက်မှာတော့ အသွင်ကူးပြောင်းရေး အခြေအနေ၊ အဲ့ဒီထဲမှာမှ အရေးကြီးဆုံးနဲ့ မကြာခဏဆိုသလို အခက်အခဲဆုံး အပိုင်းကတော့ စိတ်ရှည်သည်းခံဖို့ လိုတယ်ဆိုတဲ့ အချက် ဖြစ်တယ်ဆိုတာကို သူက ထောက်ပြပြီးတော့ ပြောဆိုခဲ့ပါတယ်။

မေး။                    ။ ဟုတ်ကဲ့ ကိုကျော်ကျော်သိန်းရေ - မြန်မာ့ နိုင်ငံရေးနဲ့ပတ်သက်လို့ရော သူ့ရဲ့ ထင်မြင်ချက်ကို သူ ပြောသွားတာများ ရှိသေးလား။ ဥပမာဆိုရင်ပေါ့နော် နိုင်ငံရေးပါတီတွေအပေါ်မှာတို့၊ တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေး လုပ်နေတဲ့ကိစ္စတွေ၊ အထူးသဖြင့်ပေါ့နော် ယုံကြည်မှု တည်ဆောက်နေတဲ့ အချိန်ကာလမှာ သူ တွေ့မြင်တဲ့အမြင်မျိုး ပြောသွားတာမျိုးရော ရှိပါသလားခင်ဗျ။

ဖြေ။            ။ ရှိပါတယ်ခင်ဗျ။ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးမှာ ထိရောက်တဲ့ မူဝါဒတွေ ရေးဆွဲအတည်ပြုဖို့ အချိန်ယူရမယ်လို့ ပြောတာနဲ့အတူ အရေးအကြီးဆုံးနဲ့ အချိန်အယူရဆုံးကတော့ သံသယတွေနေရာမှာ ယုံကြည်မှု တည်ဆောက်ရတာပဲဖြစ်တယ်လို့ ပြောပါတယ်။

“ယုံကြည်မှုက လွယ်ကူမယ်လို့တော့ သူက မဆိုလိုပါဘူး။ ဘယ်တိုင်းပြည်မှာမဆို အထူးသဖြင့် ဒီမိုကရေစီအတွက် အဓိက စိန်ခေါ်မှုတစ်ခုဟာ မတူညီတဲ့ တိုင်းရင်းသား၊ ပြီးတော့ ကိုးကွယ်ရာ ဘာသာနဲ့ ဘာသာစကားတွေ၊ စည်းလုံးညီညွတ်မှုအတွက် အခြေခံ အုတ်ချပ်တွေဖြစ်ပြီးတော့ အတားအဆီးတွေ မဟုတ်ဘူးဆိုတာကို သေချာစေဖို့ လိုတယ်”

လို့ သူက ထောက်ပြ ပြောဆိုသွားပါတယ်။ နိဂုံးပိုင်းမှာတော့ ခိုင်မာပြီး တာရှည်ခံတဲ့ ဒီမိုကရေစီတစ်ရပ်ကို ဖန်တီးဖို့အတွက် သင်တို့ အခု လုပ်နေတာတွေနဲ့ အနာဂတ်မှာ လုပ်ဆောင်မှာတွေအတွက်ကို သြဘာပေးလိုက်ပါတယ် ဆိုပြီးတော့ မစ္စ အောဘရိုက် က ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမမှာ ပြောသွားပါတယ်ခင်ဗျ။

ဟုတ်ကဲ့ ကိုကျော်ကျော်သိန်းရေ ကျေးဇူးတင်ပါတယ်ခင်ဗျာ။
VOA

ကလေးတို့အတွက် မင်းသားတွေ ဘောလုံးကန်မယ်

 
အထင်ကရသရုပ်ဆောင်တွေနဲ့ ဖွဲ့စည်းထားတဲ့  ဘိုင်စကုပ်မင်းသားများဘောလုံးအသင်းက ပုသိမ်မြို့မှာရှိတဲ့ ဘာသာပေါင်းစုံက မိဘမဲ့ကလေးတွေရဲ့ ရန်ပုံငွေအတွက် တနင်္ဂနွေနေ့မှာ ဘောလုံးကန်ပါတော့မယ်။

ဘာသာပေါင်းစုံ မိဘမဲ့ကလေးတွေရံပုံငွေအတွက် မင်းသားတွေ ဘောလုံးကန်ကြမယ်

မင်းသားတို့ရဲ့ ပြိုင်ဘက်အသင်းကတော့  ဧရာဝတီ Old Stars  (တိုင်းလက်ရွေးစင်ဟောင်းများ ဘောလုံးအသင်း) ဖြစ်ပါတယ်။

“ရလာတဲ့အကျိုးအမြတ် အားလုံးကို ဘာသာလူမျိုး မခွဲခြားဘဲ လှူဒါန်းသွားမှာပါ” လို့ ဧရာဝတီ Old Stars အသင်း အတွင်းရေးမှူး ဦးအောင်သိန်းက ပြောပါတယ်။

“ကျနော်တို့ ဧရာဝတီ Old Stars အသင်းအနေနဲ့ ခုလို မိဘမဲ့ကလေးတွေ ရံပုံငွေရရှိအောင် ကိုယ်တတ်စွမ်းသလောက် ကူညီခွင့်ရတဲ့အတွက် အရမ်းဝမ်းသာမိပါတယ်။
ကျနော်တို့ ဧရာဝတီတိုင်းဒေသကြီးက မိဘမဲ့ကလေးတွေအတွက် ရုပ်ရှင်သရုပ်ဆောင်တွေက စာနာနားလည် ကူညီပေးတဲ့အတွက်လည်း အထူးကျေးဇူးတင်ပါတယ်” လို့ Old Stars အတွင်းရေးမှူး က ဆက်ပြောပါတယ်။
 
Old Stars FC
ရန်ပုံငွေဘောလုံးပွဲကို ပုသိမ်မြို့ ကိုးသိန်းဘောလုံးကွင်းမှာ ကျင်းပပြုလုပ်မှာပါ။

မိဘမဲ့ကလေး စုစုပေါင်း ၅၀၀ ကျော်ကို ပျိုးထောင်ပေးနေတဲ့ ပုသိမ်မှဂေဟာများ 

ဗုဒ္ဓဘာသာ  ဂေဟာ ခု
ခရစ်ယာန် ဂေဟာ ခု
အစ္စလမ် ဂေဟာ ခု

 ဘိုင်စကုပ်မင်းသားများအသင်းမှာ ရာဇာနေ၀င်း၊ မြင့်မြတ်၊ ကျော်ကျော်ဗို၊ ထွန်းထွန်း (Examplez)၊ မိုးယံဇွန်၊ ဇာနည်၊ ဇာတ်မင်းသား ဖိုးချစ်၊ မင်းသွေး  အစရှိတဲ့  နာမည်ကျော် အနုပညာရှင်တွေ ပါဝင်ကစားကြမှာဖြစ်ပါတယ်။ 

 ဘောလုံးပွဲကျင်းပတဲ့နေ့မှာ နာမည်ကျော် တေးသံရှင်တွေနဲ့ ရုပ်ရှင်သရုပ်ဆောင်တွေက နံနက် ၁၀ နာရီခွဲကနေ ၁၁ နာရီခွဲအထိ Café Café ဆိုင်မှာ အမှတ်တရ လက်မှတ်ထိုးပေးမှာပါ။

 နေ့လယ် ၂ နာရီကစတင်ပြီး အနုပညာရှင်တွေက တေးသီချင်းတွေနဲ့ ဖျော်ဖြေကြမှာဖြစ်ပြီး ညနေ ၄ နာရီမှာ ဘောလုံးပွဲစတင်ပါမယ်။ 

ပျော်ကြမယ်၊ ကန်ကြမယ်

ဘောလုံးပွဲလက်မှတ်တစောင်ကို ကျပ်  ၂,၀၀၀ နှုန်း သတ်မှတ်ထားကြောင်း သိရပါတယ်။

သတင်းနှင့်ဓာတ်ပုံ- ဧရာဝတီ

နိုင်ငံခြား NGO ၀န်ထမ်း ၄၀ ကျော် အီဂျစ်ထောင်ဒဏ်စီရင်

နိုင်ငံခြား NGO တွေကို မျက်ကွယ်မှာ တရားစီရင်နေစဉ် (၄ ဇွန် ၂၀၁၃)
နိုင်ငံခြား NGO တွေကို မျက်ကွယ်မှာ တရားစီရင်နေစဉ် (၄ ဇွန် ၂၀၁၃)
ရန်ပုံငွေတွေကို အသုံးပြုပြီး အီဂျစ်နိုင်ငံအတွင်းမှာ ဆူပူမှုတွေဖြစ်အောင် လုပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အီဂျစ်နိုင်ငံထဲမှာ လုပ်ကိုင်နေတဲ့ နိုင်ငံခြား NGO တွေက အမေရိကန်နိုင်ငံသား အနည်းဆုံး ၁၅ ဦး အပါအ၀င်၊ ၀န်ထမ်း ၄၃ ဦးကို အီဂျစ်တရားရုံးက စီရင်ချက်တွေ ချမှတ်ခဲ့ပါတယ်။

အင်္ဂါနေ့တုန်းက NGO ၀န်ထမ်း အတော်များများကို ထောင်ဒဏ် ၅ နှစ်အထိ တရားရုံးက ပြစ်ဒဏ်ချမှတ်ခဲ့တာဖြစ်ပါတယ်။ သူတို့ထဲက အများစုကို ပြီးခဲ့တဲ့နှစ်တုန်းက တိုင်းပြည်ထဲကနေ ထွက်သွားခွင့် ပြုခဲ့ပြီးတဲ့နောက်၊ မျက်ကွယ်ထောင်ဒဏ် ချမှတ်လိုက်တာ ဖြစ်ပါတယ်။

အီဂျစ်နိုင်ငံထဲမှာရှိတဲ့ NGO အဖွဲ့အစည်းတွေရဲ့ ရုံးခန်းတွေကို ပိတ်ပစ်ဖို့လည်း တရားရုံးက အမိန့်ထုတ်ပြန်ထားပါတယ်။ အဲ့ဒီ NGO တွေထဲမှာ အမေရိကန်အခြေစိုက် Freedom House, the National Democratic Institute (NDI) နဲ့ နိုင်ငံတကာ ရီပက်ဘလစ်ကန် အဖွဲ့အစည်း (IRI) တို့လည်းပါဝင်ပါတယ်။

တရားရုံးရဲ့ စီရင်ချက်ဟာ နိုင်ငံရေးကို အခြေခံပြီး ထွက်လာတဲ့ ဆုံးဖြတ်ချက်တရပ်ဖြစ်ကြောင်း နဲ့ အလွန်အမင်းစိုးရိမ်ပူပန်ရတဲ့အကြောင်း အမေရိကန် အိမ်ဖြူတော်က ပြောပါတယ်။ ပြီးတော့ ဒီစီရင်ချက်ဟာ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကို အကာအကွယ်မပေးတဲ့ ဆုံးဖြတ်ချက်ဖြစ်ကြောင်းလည်းပြောပါတယ်။ အီဂျစ်အစိုးရအနေနဲ့ လူထုအကျိုးအတွက် အလုပ်လုပ်နေတာ ဟုတ်၊ မဟုတ် အိမ်ဖြူတော်က မေးခွန်းထုတ်ထားပါတယ်။ 
ဗွီအိုအေ (မြန်မာပိုင်း)

ဆီးရီးယားမှာ ဓာတုလက်နက် အသုံးပြုမှုတချို့ ကုလတွေ့ရှိ

ဆီးရီးယားနိုင်ငံမှာ  ဓာတုလက်နက် ပမာဏ အတိုင်းအတာတစ်ခုအထိ အသုံးပြုထားတယ်လို့ ယုံကြည်ရတဲ့အကြောင်း ကုလသမဂ္ဂရဲ့  အစီရင်ခံစာအသစ်မှာ ဖော်ပြထားပါတယ်။ ဆီးရီးယားနိုင်ငံဟာ ဓာတုလက်နက် ထုတ်လုပ်ရာမှာ အသုံးပြုတဲ့ Sarin ဓာတုပစ္စည်းတစ်မျိုးကို အကြိမ်အတော်များများ အသုံးပြုခဲ့တယ်ဆိုပြီးတော့လည်း ပြင်သစ်က အင်္ဂါနေ့မှာ ပြောဆိုခဲ့ပါတယ်။

ဆီးရီးယားနိုင်ငံအတွင်း ၂ နှစ်ကျော်ကြာ ဖြစ်ပွားလာခဲ့တဲ့ ပဋိပက္ခတွေမှာ သေးဆုံးသူ အရေအတွက် တိုးလာတယ်လို့လည်း ဆီးရီးယားနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေး ဥက္ကဌ ပေါ်လို ဆာဂျီယို ပင်ဟဲရိုး (Paulo Sérgio Pinheiro) ရဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီကို တင်သွင်းတဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

လူသားဆန်တဲ့ စိတ်ဓာတ်တွေဟာ စစ်ပွဲတွေကြားမှာ ပျောက်ကွယ်သွားရပြီဖြစ်ကြောင်းနဲ့ ဆီးရီးယား ပြဿနာဟာ စစ်ရေးအရ ဖြေရှင်းရမှာမဟုတ်ပဲ၊ သံတမန်နည်းလမ်းအရသာ ဖြေရှင်းဖို့ လိုအပ်ကြောင်း ပင်ဟဲရိုး က သူ့ရဲ့ အစီရင်ခံစာထဲမှာ ထည့်သွင်းပြောဆိုထားတာပါ။

ဆီးရီးယားနိုင်ငံဟာ ဓာတုလက်နက်တွေကို အသုံးပြုတယ်လို့ ပြောဆိုနေပေမဲ့ ဘယ်လို ဓာတုလက်နက်မျိုးကို သုံးတယ်၊ ဘယ်သူတွေက သုံးတယ်ဆိုတာကို သိဖို့ လုံလောက်တဲ့ အထောက်အထားတွေ မရှိဘူးလို့လည်း ကုလသမဂ္ဂရဲ့ အစီရင်ခံစာသစ်မှာ ဖော်ပြထားပါတယ်။

ဆီးရီးယားနိုင်ငံက ဓာတုလက်နက်တွေ အသုံးပြုခဲ့တယ်ဆိုရင် ဓာတုလက်နက် ထိခိုက်သူတွေနဲ့ ဓာတုလက်နက် အသုံးပြုထားတဲ့ ပစ္စည်း နမူနာတွေပါ ပြသနိုင်ဖို့ လိုတယ်လို့ ကုသလမဂ္ဂရဲ့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။

ဒါပေမဲ့ ပြင်သစ်နိုင်ငံက ဓာတ်ခွဲခန်းတစ်ခုထဲမှာ ပြုလုပ်ခဲ့တဲ့ စမ်းသပ်မှုတွေကနေ တွေ့ရှိချက်အရ ဆီးရီးယားနိုင်ငံဟာ ဓာတုလက်နက် ထုတ်လုပ်ရာမှာ အသုံးပြုတဲ့ Sarin ဓာတုပစ္စည်းတစ်မျိုးကို အကြိမ်အတော်များများ အသုံးပြုခဲ့တယ်ဆိုပြီး ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး Laurent Fabius က ပဲရစ်မြို့မှာ ပြောဆိုခဲ့ပါတယ်။

ဓာတ်ခွဲခန်းထဲမှာ ရှာဖွေတွေ့ရှိခဲ့တဲ့ ရလဒ်တွေကို ကုလသမဂ္ဂကို လွှဲပြောင်းပေးပြီဖြစ်ကြောင်း သူက ပြောပါတယ်။ ဒါပေမဲ့ ဘယ်နေရာမှာ၊ ဘယ်သူတွေကို ဓာတုလက်နက်နဲ့ တိုက်ခိုက်ခဲ့တယ်ဆိုတဲ့ အချက်ကိုတော့ ထုတ်ဖော်ပြောဆိုတာမျိုး မရှိပါဘူး။ 
ဗွီအိုအေ (မြန်မာပိုင်း)

၈၈ မျိုးဆက်ခေါင်းဆောင်တွေ ဒီမိုကရေစီဆု လက်ခံရယူ

မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို လေ့လာဆန်းစစ်ခြင်းလို့ နာမည်ပေးထားတဲ့ ဆွေးနွေးပွဲတစ်ရပ်ကို ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေ ဖြစ်ကြတဲ့ ကိုမင်းကိုနိုင်နဲ့ ကိုကိုကြီးတို့ အပါအ၀င် မနေ့က အမေရိကန် ကွန်ဂရက် လွှတ်တော် အဆောက်အဦးမှာ ကျင်းပခဲ့ပါတယ်။ ဒီအခမ်းအနားမှာ ၈၈ မျိုးဆက်ခေါင်းဆောင် ကိုမင်းကိုနိုင်ကို ကမ္ဘာတ၀န်း ဒီမိုကရေစီရေး လှုပ်ရှားမှုတွေကို ပံ့ပိုး ကူညီပေးနေတဲ့ NED အဖွဲ့ရဲ့ ၂၀၁၂ ခုနှစ် ဒီမိုကရေစီဆုကိုလည်း ဂုဏ်ပြု ချီးမြှင့်ခဲ့တာဖြစ်ပါတယ်။ အမေရိကန် နိုင်ငံရေးမှာ သြဇာညောင်းတဲ့ အထင်ကရ လွှတ်တော်အမတ်တွေပါ တက်ရောက်ခဲ့တဲ့ ဒီအခမ်းအနားအကြောင်းကို ကိုယ်တိုင်တက်ရောက် သတင်းယူခဲ့တဲ့ မခင်ဖြူထွေးက တင်ပြထားပါတယ်။

မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားမှုတွေကို နှစ်ပေါင်းများစွာ ထောက်ခံအားပေး ကူညီလာခဲ့တဲ့ ၀ါရှင်တန်ဒီစီအခြေစိုက် NED အဖွဲ့က ကမ္ဘာတ၀ှမ်းက ဒီမိုကရေစီရေးအတွက် ကိုယ်ကျိုးစွန့် ကြိုးပမ်းလှုပ်ရှားသူတွေကို နှစ်စဉ် ပေးအပ်တဲ့ ဒီမိုကရေစီဆုကို ၂၀၁၂ ခုနှစ်တုန်း ကိုမင်းကိုနိုင်နဲ့အတူ မြန်မာနိုင်ငံက လှုပ်ရှားသူ ၄ ဦးကို ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။

မနှစ်က ဆုပေးပွဲအခမ်းအနားကို အကြောင်းအမျိုးမျိုးကြောင့် ကိုမင်းကိုနိုင် မတက်ရောက်နိုင်ခဲ့တဲ့အတွက် ဒီနှစ်မှာ သူ့ကို သီးသန့် အခမ်းအနားပြုလုပ်ပြီး ဂုဏ်ပြုချီးမြှင့်တာ ဖြစ်ပါတယ်။ ဒီဆုဟာ မြန်မာ့ဒီမိုကရေစီရေးကို ခွန်အားတွေဖြစ်စေတဲ့ ဆုတစ်ခုပါလို့ ကိုမင်းကိုနိုင်က ပြောသွားပါတယ်။

“ကျနော်ကတော့ ကျနော်ရခဲ့သမျှ ဆုတွေအားလုံးကို ကျနော့်တစ်ယောက်တည်းကို ပေးတယ်လို့ ဘယ်သောအခါမျှ မခံယူဘူး။ ကျနော်နဲ့အတူ တိုက်ပွဲဝင်ကြတဲ့သူတွေ အားလုံးကိုယ်စား ကျနော့်ကိုပေးတယ်လို့ပဲ ဘယ်ဆုကိုမဆို ခံယူထားပါတယ်။ အဲ့ဒီပေးအပ်တဲ့ ဆုတိုင်းဟာ ကျနော့်အနေနဲ့ကတော့ ကျနော်တို့ အထီးကျန်ဖြစ်နေတဲ့အချိန်ပေါ့ ဒီတိုက်ပွဲထဲမှာ ကျနော်တို့ လူးလိမ့်ခံနေရတဲ့အချိန်မျိုးမှာ သြော် ငါတို့ အထီးကျန် မဟုတ်ပါလား။ ကမ္ဘာကြီးက ငါတို့နဲ့အတူ ရှိနေသေးပါလား ဆိုတဲ့ စိတ်ဓာတ်ခွန်အားမျိုး အနည်းဆုံး ရပါတယ်။ အဲ့ဒါဟာ ကျနော်တို့ ရှေ့ဆက်ပြီးတော့ တိုက်ပွဲဝင်ဖို့ စွန့်လွှတ်ရုန်းကန်ဖို့အတွက် ကြီးစွာသော အထောက်အပံ့တွေ ဖြစ်ခဲ့ပါတယ်။ အဲ့ဒီအတွက် ကျနော် ဒီ တိုက်ပွဲဝင်ခဲ့တဲ့ ရဲဘော်တွေအားလုံး ကိုယ်စား သူတို့ရဲ့ မိသားစု အားလုံးကိုယ်စား ဒီမိုကရေစီ မြတ်နိုးတဲ့ ပြည်သူပြည်သားများ အားလုံးရဲ့ကိုယ်စား ကျနော် ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်။”

ကိုမင်းကိုနိုင်ကို ဒီမိုကရေစီဆု ပေးအပ်တဲ့ အခမ်းအနား မတိုင်ခင်မှာတော့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးနဲ့ပတ်သက်ပြီး ကိုမင်းကိုနိုင်အပြင်၊ သူနဲ့အတူ အမေရိကန်ပြည်ထောင်စုကို ရောက်ရှိနေတဲ့ ၈၈ မျိုးဆက် ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုကိုကြီးနဲ့ NED အဖွဲ့ရဲ့ အာရှနဲ့ ကမ္ဘာ့ရေးရာ လုပ်ငန်းများဆိုင်ရာ အကြီးတန်း ညွှန်ကြားရေးမှူး ဘရိုင်ယန် ဂျိုးဇက် (Brian Joseph) တို့က ပါဝင် ဆွေးနွေးခဲ့ကြပါတယ်။

မြန်မာနိုင်ငံဟာ အရင်ထက်စာရင်တိုးတက်မှုတွေ ရှိလာတယ်ဆိုပေမဲ့ တင်းပြည့်ကျပ်ပြည့် ဒီမိုကရေစီ ရတဲ့အဆင့်ကို ရောက်ဖို့တော့ အများကြီး ရှေ့ဆက် ဆောင်ရွက်သွားရဦးမယ်လို့ ၈၈ မျိုးဆက်ခေါင်းဆောင် ကိုကိုကြီးက ပြောပါတယ်။

“ကျနော်တို့ နိုင်ငံမှာ ပြောကြစို့ ဆိုရင် ဒီမိုကရေစီ အခင်းအကျင်းနဲ့ ဝေးခဲ့တာ ကျနော်တို့ တသက်ပေါ့။ အဲ့တော့ အခုမှစပြီး ပြောင်းတဲ့အချိန်မှာ ပုံမှန်မဟုတ်တဲ့ အခြေအနေတွေ၊ နောက် ပြုပြင်ပြောင်းလဲမှုနဲ့ အဆင်သင့် မဖြစ်သေးတဲ့ institution ပေါ့နော် အဲ့ဒီအခက်အခဲတွေတော့ အများကြီး ရှိနေပါတယ်။ ဒါပေမဲ့ ဘာပဲပြောပြော လက်ရှိ နိုင်ငံရဲ့ ထိပ်ပိုင်းတာဝန်ယူထားတဲ့ သူတွေကိုယ်တိုင်က ဒါ ပြုပြင်ပြောင်းလဲမှ ဖြစ်မယ်ဆိုတဲ့ အသိပေါ့နော်။ အဲ့ဒါရှိလာတာဟာ ဒါ တိုးတက်မှုပါ။ နောက်တစ်ခုကတော့ ပုံသဏ္ဍန်အားဖြင့် အာဏာခွဲဝေ ကျင့်သုံးတဲ့ ပုံသဏ္ဍန်တစ်ခုတော့ ပေါ်ပေါက်လာတယ်။ ဒါပေမဲ့ တင်းပြည့်ကျပ်ပြည့် ဒီမိုကရေစီတော့ မဟုတ်သေးဘူး။ ကျနော်တို့က စပ်ကူးမတ်ကူး ကာလတစ်ခုထဲမှာ ကျနော်တို့ ရောက်နေတယ်။ အဲ့ဒီအချိန်မှာ ကျနော်တို့ ဒီမိုကရေစီ ရင့်ကျင့်ပြီးသားဖြစ်တဲ့ အမေရိကန်ကို လာပြီးတော့ လေ့လာခွင့်ရတယ်။ ဒီမှာရှိတဲ့ နိုင်ငံတကာ မိသားစုတွေနဲ့ တွေ့ဆုံခွင့်ရတယ်ဆိုတာ ကျနော်တို့နိုင်ငံရဲ့ အခြေအနေတွေကို ပြောပြခွင့်ရတယ်။ နိုင်ငံတကာရဲ့ အကူအညီတွေ အတွေ့အကြုံတွေဟာ ကျနော်တို့အတွက် အင်မတန်မှ အထောက်အကူ ဖြစ်တယ်ဆိုတာကိုလည်း ကျနော်တို့ ပိုပြီးတော့ လေးလေးနက်နက် ခံစားမိတယ်ပေါ့။

မနေ့ကကျင်းပတဲ့ အခမ်းအနားကို အမေရိကန်နိုင်ငံရေးမှာ သြဇာညောင်းတဲ့ အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်း (John McCain)၊ လွှတ်တော်သဘာပတိဟောင်း နန်စီပလိုးစီ (Nancy Pelosi) နဲ့ နယူးယောက်ပြည်နယ် အထက်လွှတ်တော်အမတ် ဂျိုးဇက်ခရော်လီ (Joseph Crowley) တို့လည်း တက်ရောက် အမှာစကား ပြောခဲ့ကြပါတယ်။

မြန်မာနိုင်ငံတွင်း တိုးတက်ပြောင်းလဲမှုတွေဟာ အားရစရာကောင်းတဲ့ တချိန်တည်းမှာ ဒီတိုးတက်မှုတွေဟာ မှန်ကန်တဲ့လမ်းကြောင်းပေါ်မှာ ဆက်ပြီး ရှိသွားနိုင်ဖို့မှာ ရှေ့ဆက် ဆောင်ရွက်စရာတွေ အများကြီး ရှိနေသေးတဲ့အကြောင်း အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်း (John McCain) ကပြောသွားပါတယ်။

“ထူးခြားတဲ့ တိုးတက်ပြောင်းလဲမှုတွေ ရှိနေပေမဲ့ မြန်မာအစိုးရအနေနဲ့ လက်ရှိ ပြုပြင်ပြောင်းလဲမှုတွေကို သန္ဓိဌာန် ခိုင်ခိုင်မာမာနဲ့ ရှေ့ဆက် ဆောင်ရွက်သွားဖို့ လိုအပ်ပါတယ်။ နိုင်ငံဖွံ့ဖြိုးတိုးတက်မှုတွေ ရှေ့ဆက်နိုင်ဖို့ ဒါဟာ သိပ်ကို အရေးကြီးပါတယ်။ ဥပမာ - မြန်ဆန်ပြီး ရလဒ်ကောင်းတွေရှိတဲ့ ဆောင်ရွက်ချက်တွေ မြင်ရဖို့ အရေးကြီးပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွှတ်ပေးဖို့လိုသလို၊ မြန်မာနိုင်ငံထဲမှာ ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားရေးရုံး ဖွင့်ပေးသင့်တာ ကြာပါပြီ။ ဒီကုလသမဂ္ဂရုံးအနေနဲ့ မြန်မာနိုင်ငံထဲက ပဋိပက္ခဒေသတွေမှာ လူ့အခွင့်အရေး အခြေအနေတွေကို စောင့်ကြည့်စစ်ဆေးနိုင်သလို၊ တရားဥပဒေပိုင်းဆိုင်ရာ ကိစ္စတွေမှာ အစိုးရကို အကြံဉာဏ်တွေ ပေးနိုင်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ လမ်းကြောင်းပေါ်မှာ ဆက်ပြီးသွားနိုင်ဖို့ အများကြီး ဆက်လုပ်ရပါဦးမယ်။”

လွှတ်တော်သဘာပတိဟောင်း နန်စီပလိုစီ (Nancy Pelosi) ကလည်း မြန်မာနိုင်ငံတွင်းက နိုင်ငံရေးအကျဉ်းသားတွေကို ကမ္ဘာကြီးက မေ့မထားခဲ့ပါဘူးလို့ ပြောသွားပါတယ်။

“ဒီအကျဉ်းသားတွေရဲ့ နံမည်ကို လူတွေက မေ့လိုက်ကြပြီလို့ ရှင်တို့ထင်ရင်တော့ ကျမကို ဒီကိစ္စပြောဖို့ မစဉ်းစားပါနဲ့တော့။ မှားပါလိမ့်မယ်။ သူတို့ကို ဘယ်တော့မှ မေ့ပစ်လိုက်မှာမဟုတ်ပါဘူး။ ဘယ်လို အခြေအနေမျိုးမှာပဲဖြစ်ဖြစ် သူတို့ကို အမှတ်ရနေမှာပါ။ ဒါကို ပြသဖို့အတွက်လည်း ခုလို ဂုဏ်ပြုပွဲတွေ ဖြစ်လာရတာပါ။”

အထက်လွှတ်တော်အမတ် ဂျိုးဇက် ခရော်လီ (Joseph Corwley) ကလည်း ဖိနှိပ်မှုတွေ ဘယ်လောက်ပဲလုပ်လုပ် ပြည်သူတွေရဲ့ လွတ်လပ်ချင်တဲ့ဆန္ဒကို ပိတ်ပင်ထားလို့ မရတဲ့အတိုင်း၊ အခု မြန်မာနိုင်ငံထဲမှာ အပြောင်းအလဲတွေ ဖြစ်လာခဲ့ပြီလို့ ပြောသွားပါတယ်။

မနေ့က အခမ်းအနားမှာ NED အဖွဲ့ ဥက္ကဋ္ဌ ကား ဂရက်ရှ်မန်း (Carl Gershman) ကလည်း မြန်မာနိုင်ငံရဲ့ တိုးတက်မှုဟာ ခေတ်သစ် ဒီမိုကရေစီရဲ့အောင်မြင်မှုတွေကို ပြောတဲ့အခါ သိပ်ကိုကောင်းတဲ့နာမူနာတခုဖြစ်တယ်လို့ ဆိုပြီးတော့၊ ဒီတိုးတက်မှုတွေ ရှေ့ဆက်ခိုင်မာဖို့ကတော့ လုပ်ဆောင်စရာတွေ အများကြီး ရှိနေတုန်းပဲလို့ ပြောသွားပါတယ်။

NED အဖွဲ့ဟာ မြန်မာနိုင်ငံ ဒီမိုကရေစီလှုပ်ရှားဆောင်ရွက်နေတဲ့ အဖွဲ့အစည်းပေါင်းများစွာကို နှစ်ပေါင်းများစွာ အကူအညီ အထောက်အပံ့တွေ ပေးလာခဲ့တဲ့အဖွဲ့ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်က မြန်မာနိုင်ငံက လူမှုနယ်ပယ်အသီးအသီးမှာ တက်ကြွလှုပ်ရှားသူ ၅ ဦးကို ပထမဆုံးအကြိမ်အဖြစ် NED အဖွဲ့ရဲ့ နှစ်ပတ်လည် ဒီမိုကရေစီဆုကို ချီးမြင့်ခဲ့တာဖြစ်ပါတယ်။ ဒီအထဲမှာတော့ အခု ကိုမင်းကိုနိုင် နဲ့အတူ၊ မြန်မာနိုင်ငံ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး အတွက် ကြိုးပမ်းလှုပ်ရှားခဲ့တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး၊ ထိုင်းမြန်မာနယ်စပ်မှာ ကျန်းမာရေး ပြုစုစောင့်ရှောက်ရေးလုပ်ငန်းတွေ စွမ်းစွမ်းတမံဆောင်ရွက်နေတဲ့ ဒေါက်တာစင်သီယာမောင်၊ မြန်မာနိုင်ငံတွင်း ပရဟိတလုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ ရန်ကုန်နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးကျော်သူ နဲ့ ၀ါရှင်တန်အခြေစိုက် US Campaign for Burma အဖွဲ့ ညွှန်ကြားရေးမှူးဟောင်း ဦးအောင်ဒင်တို့ ပါဝင်ပါတယ်။

ပြီးခဲ့တဲ့စက်တင်ဘာလ ၂၀ ရက်နေ့မှာပြုလုပ်တဲ့ ဒီဆုပေးပွဲအခမ်းအနားကို အဲဒီအချိန်က အမေရိကန် ပြည်ထောင်စုကို အလည်အပတ် ရောက်ရှိနေတဲ့ ဒေါ်အောင်ဆန်းစုကြည်လည်း တက်ရောက် ဂုဏ်ပြုခဲ့ပါသေးတယ်။ 
မခင်ဖြူထွေးVOA

ရခိုင်နှစ်ပါတီ မပူးပေါင်းနိုင်ပါက RNDP မှ ဒေါက်တာအေးမောင် နုတ်ထွက်မည်ဟုဆို


 
ရခိုင်လူထု၏ လိုလားချက်ဖြစ်သော ရခိုင်နှစ်ပါတီ ပူးပေါင်းရေးကိစ္စ မအောင်မြင်ပါက မိမိတာဝန်ယူထားသော ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) ဥက္ကဋ္ဌ နေရာမှ နုတ်ထွက်တော့မည်ဖြစ်ကြောင်း ယင်းပါတီဥက္ကဋ္ဌ ဒေါက်တာ အေးမောင်က ဧရာဝတီသို့ ပြောသည်။

“ရက်ပေါင်း ၆၀ အတွင်း ပါတီနှစ်ခု ပေါင်းစည်းနိုင်အောင် ကျနော်ကြိုးစားမယ်။ ရခိုင်နှစ်ပါတီ ရင်ကြားမစေ့နိုင်ဘူး ဆိုရင် ကျနော် ပါတီဥက္ကဋ္ဌ အဖြစ်က နုတ်ထွက်မယ်” ဟု ဒေါက်တာအေးမောင်က ဆိုသည်။

ရခိုင်လူထုနှင့် သံဃာများက RNDP နှင့် ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ် (ALD) နှစ်ပါတီ ပေါင်းစည်းနိုင်ရန် လိုလားနေကြ သော်လည်း လက်တွေ့တွင် ယင်းနှစ်ပါတီ ပူးပေါင်းရန် အခက်အခဲများ ရှိနေကြောင်း သိရသည်။

RNDP သည် ၂၀၁၀ ရွေးကောက်ပွဲသို့ ၀င်ခဲ့ပြီး ရခိုင်ပြည်နယ် နေရာအများစုတွင် အနိုင်ရရှိခဲ့သော်လည်း ALD ကမူ ရွေးကောက်ပွဲကို သပိတ်မှောက်ကာ ရွေးကောက်ပွဲတွင် မဲမပေးရေး၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ သပိတ်မှောက်ရေး လှုပ်ရှားခဲ့သည်။ ALD သည် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်ခဲ့ဖူးသော ပါတီ ဖြစ်ပြီး RNDP မှာ ၂၀၁၀ ရွေးကောက် ပွဲမတိုင်မီကမှ ဖွဲ့စည်း တည်ထောင်ခဲ့ခြင်းဖြစ်သည်။

ALD က RNDP ကို နည်းလမ်းမျိုးစုံဖြင့် တိုက်ခိုက်ခဲ့သော်လည်း ရခိုင်လူထု၏ ဆန္ဒသဘောထားကို ငဲ့ကွက်၍ သည်းခံကာ နှစ်ပါတီ ပေါင်းစည်းနိုင်ရေးကို ဆက်လက် ကြိုးပမ်းသွားမည်ဟု RNDP အတွင်းရေးမှူး ဦးဦးလှစောက ပြောသည်။

“ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ အဲဒီ ALD ဟာ တော်တော်လေး ရက်ရက်စက်စက်ကို RNDP ပါတီကို တိုက်ခိုက်ခဲ့တယ် ဆိုတာ အမှန်တရားပဲ။ အဲဒါကို အတွင်းရေးမှူး တယောက်အနေနဲ့ ဒီအချိန်မှာ ပြောပါတယ်” ဟု သူက ဆိုသည်။

ရခိုင် နှစ်ပါတီပေါင်းစည်းရေး တခုတည်း ကိုသာမက ရခိုင်တမျိုးသားလုံး ညီညွတ်ရေးအတွက်ပါ အပြည့်အ၀ ဆန္ဒရှိကြောင်း ALD နာယက ဦးသာဘန်းကပြောသည်။

“ကျနော် တဦးတည်း သဘောထားကတော့ ပေါင်းချင်တယ်ဗျ။ ဒါပေမယ့် ဗဟိုကော်မတီရဲ့ ဆန္ဒကတော့ ကျနော် မသိသေးဘူး။ ကျနော်တို့ မဆွေးနွေးရသေးဘူး။ နှစ်ပါတီ ဆွေးနွေးပြီးရင်တော့ ပြောနိုင်မှာပါ” ဟု သူက ဆိုသည်။

ALD အနေဖြင့် RNDP ကို ပုဂ္ဂိုလ်ရေးအရရော၊ ပါတီအနေဖြင့်ပါ တိုက်ခိုက်ခဲ့ခြင်း မရှိကြောင်း၊ ၎င်းတို့ ပါတီက ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့သည့် အတွက် ရွေးကောက်ပွဲတွင် မဲမပေးကြရေး စည်းရုံးခဲ့ခြင်း မျိုးသာရှိကြောင်း၊ RNDP အထွေထွေ အတွင်းရေးမှူး ဦးဦးလှစောကိုယ်တိုင်လည်း ယခင်က ALD မှ ဖြစ်ကြောင်း ဦးသာဘန်းက ပြောသည်။

ရခိုင်ပြည်နယ်ရှိ လူထုနှင့် သံဃာထုက ရခိုင်နှစ်ပါတီ ညီညွတ်ရေးကို တောင်းဆိုနေကြသော်လည်း နိုင်ငံရေး အမြတ် ထုတ်လိုသူများက နှစ်ဘက်စလုံးတွင် ရှိနေကြောင်း ရခိုင်တိုင်းရင်းသား ခေါင်းဆောင်တဦးက ဧရာဝတီသို့ ပြောသည်။

ရခိုင်နှစ်ပါတီ ပေါင်းစည်းနိုင်ပါက ဗဟိုညီလာခံ ခေါ်ယူကာ ပါတီခေါင်းဆောင်များကို ဒီမိုကရေစီနည်းဖြင့် ရွေးချယ်၍ ပါတီတခုအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်တွင် မှတ်ပုံတင်သွားမည် ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်သည် ပြည်ထောင်စုအတွက် အလွန်အရေးကြီးသော အစိတ်အပိုင်းတွင် တည်ရှိနေသောကြောင့် အချင်းချင်း ညီညွတ်ကြရန် လိုအပ်ကြောင်း ဒေါက်တာအေးမောင်က ရှင်းပြသည်။

“လူတဦးချင်းမှာ ရှိနေတဲ့ အတ္တတွေ မာနတွေကို ခ၀ါချကြတော့။ ပါတီတခု၊ လူတဦးဆိုတာမျိုးက တမျိုးသားလုံးနဲ့ နှိုင်းယှဉ်ရင် မြင့်မိုရ်တောင်နဲ့ ဆီးစေ့ လောက်ရှိတယ်။ အမှန်တကယ် အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် လူထု တောင်းဆိုတဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို လုပ်ပါ။ အခုက ကျနော်တို့ စာရွက်လေးကို ဟိုဘက်ကမ်းနဲ့ ဒီဘက်ကမ်း ပစ်နေကြတာဗျ။ တွေ့ဆုံဆွေးနွေးဖို့ နေရာလေးတောင် မသတ်မှတ်နိုင်ဘူး ဖြစ်နေတယ်။ ကျနော်က နေ့သတ်မှတ်ချင်တယ်။

လာမယ့် ဇွန်လ ၁၅ ရက်မှာ ကျနော်တို့တွေ့မယ်။ ကျနော်တို့ ဘက်ကစပြီး ကမ်းလှမ်းပါတယ်။ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် ဘက်ကနေ ကျနော်တို့ပါတီ ဘက်က ကြိုက်တဲ့သူကို ကမ်းလှမ်းပါ။ ကျနော်တို့ လာတွေ့မယ်။ တတိယ အင်အားစုတခုရဲ့ ရှေ့မှာ တွေ့မယ်။ လုပ်ငန်း ကော်မတီဖွဲ့မယ်။ တွေ့ဆုံနိုင်ဖို့အတွက် လုပ်ငန်းကော်မတီက စီစဉ်ပေးပါ” ဟု သူက ပြောသည်။

သို့သော်လည်း RNDP ၏ ကမ်းလှမ်းမှု နှင့် ပတ်သက်၍ ALD ဘက်မှ တစုံတရာ တရားဝင် တုံ့ပြန်လာခြင်း မရှိသေးဟု သိရသည်။ ရခိုင်နှစ်ပါတီ ပေါင်းစည်းနိုင်ရေးသာ ခက်ခဲနေသည် မဟုတ်ဘဲ ချင်း၊ ရှမ်း၊ မွန် စသည့် တိုင်းရင်းသား ပါတီများမှာလည်း နှစ်ပါတီ ပေါင်းစည်းနိုင်ရန် ကြိုးစားလျှက်ရှိရာ ယနေ့အချိန်အထိ မအောင်မြင်ကြသေးကြောင်း ကြားသိရသည်။
 ထက်နိုင်ဇော်| June 4, 2013 |
(ဧရာဝတီ)