Pages

Saturday, August 10, 2013

အကြမ်းဖက်မှု အန္တရာယ်ကြောင့် ရန်ကုန်ရှိ ဗြိတိန်နှင့် အမေရိကန် သံရုံးများ လုံခြုံရေးတိုးမြှင့်ထားရန် အကြောင်းကြား

 
ရန်ကုန် ၊ သြဂုတ် - ၉ ။            ။ မြန်မာနိုင်ငံရှိ ဗြိတိန်သံရုံးနှင့် အမေရိကန်သံရုံး တို့အနေဖြင့် ကိုယ်ပိုင်လုံခြုံရေး ကို ယခုရက်ပိုင်းအတွင်း တိုးမြှင့်ချ ထားရန် အကြောင်းကြားထား ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အဆင့်မြင့် အရာရှိ တစ်ဦးက ပြော သည်။ အမေရိကန် နှင့်ဗြိတိန်နိုင် ငံအပါအဝင် အနောက်နိုင်ငံများ ၏သံရုံးများကို အကြမ်းဖက်သ မားများက တိုက်ခိုက်မည်ဟု လွန် ခဲ့သောရက်အတွင်းက ထွက်ပေါ် ခဲ့သည့် သတင်းအပေါ်မူတည်၍ ယခုကဲ့သို့ သံရုံးများ လုံခြုံရေးတိုး မြှင့်ရန် အသိပေး အကြောင်းကြား ထားခြင်းဖြစ်သည်ဟု သိရသည်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ အ ဆင့်မြင့်အရာရှိက''သူတို့ကိုယ် ပိုင်လုံခြုံရေးတိုးမြှင့်ဖို့လိုသလို ကျွန်တော်တို့နိုင်ငံအနေနဲ့လဲ သံ ရုံးရဲ့လုံခြုံရေးကို တာဝန်ယူထား ရတယ်။ ကျွန်တော်တို့နိုင်ငံမှာ အကြမ်းဖက် တိုက်ခိုက်မှုတွေမဖြစ်ရအောင် အတတ်နိုင်ဆုံး လုံခြုံရေး ကိုဆောင် ရွက်သွားမှာပါ''ဟုပြောသည်။

ယင်းကဲ့သို့ လုံခြုံရေးကို ဆောင်ရွက်ရာတွင် အမေရိကန် နှင့် ဗြိတိန်သံရုံးအပါအဝင် အ ခြားသံရုံးများ၏ လုံခြုံရေးကိုလည်း လိုအပ်သလို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။ အကြမ်းဖက်တိုက်ခိုက်မှု များပြုလုပ်မည်ဟု ခြိမ်းခြောက် မှုများနှင့် ပတ်သက်၍ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိ သူတစ်ဦးက ''သူတို့တွေက အ ဖျက်သမားတွေဆိုတော့ ဒါပဲစဉ်း စားကြမှာပါပဲ။ ကျွန်တော်တို့အ နေနဲ့ကတော့ သံရုံးတင်မဟုတ် ဘူး။ တစ်မြို့လုံးရဲ့လုံခြုံရေးကို ဆောင်ရွက် နေတာပါ။ အစစ အရာရာ ဒီအချိန်မှာ ဂရုစိုက်ရ မှာပါ''ဟု ပြောသည်။

အယ်လ်ခိုင်ဒါခေါင်းဆောင် က အကြမ်းဖက်လုပ်ရပ်များလုပ် ရန် ၄င်း၏အဖွဲ့ဝင်များအား အကြောင်းကြားခဲ့သည့်အပေါ် အမေရိကန်နိုင်ငံက ကြားဖြတ် သတင်းရယူနိုင်ခဲ့သောကြောင့် ကမ္ဘာတဝန်းရှိ အမေရိကန်သံရုံး နှင့် ဗြိတိန်သံရုံးမှ တာဝန်ရှိ သူများ  ကို လုံခြုံရေးအထူးဂရုစိုက်ရန် ပြော ကြားထားကြောင်း သိရသည်။

 ကျော်မြတ်ဇံ

Yangon Media Group

ဗိုလ်ချုပ်အောင်ဆန်း လက်ရေးမူစာအုပ် ရေနံချောင်းပြန်ပို့မည်

 
အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ရေနံချောင်းမြို့နယ် အ.ထ.က (၁) ကျောင်းမှ ယူဆောင်သွားသော ဗိုလ်ချုပ်အောင်ဆန်း၏ ပါဠိဘာသာ လက်ရေးမူစာအုပ်ကို စက်တင်ဘာလအတွင်း အဆိုပါကျောင်းသို့ ပြန်လည်ပေးအပ်မည် ဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ် (၂) မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးအောင်ငြိမ်းက ပြောကြားသည်။

အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးအောင်ငြိမ်းက သြဂုတ်လ ၉ ရက်နေ့တွင် ရေနံချောင်းမြို့နယ် အ.ထ.က (၁) ကျောင်း အကျိုးတော်ဆောင်များ၊ မြို့မိမြို့ဖများနှင့် တွေ့ဆုံစဉ် ယင်းသို့ပြောကြားသွားခြင်း ဖြစ်သည်။

အဆိုပါ ဗိုလ်ချုပ်အောင်ဆန်း လက်ရေးမူစာအုပ်ကို အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ဇူလိုင်လ ၁၉ ရက်နေ့တွင် နိုင်ငံတော်အဆင့် သိမ်းဆည်းရန် ယူဆောင်ခြင်းဖြစ်ပြီး ရေနံချောင်းမြို့ခံများက ကန့်ကွက်လျက် ရှိသောကြောင့် ယင်းသို့ ပြန်လည်ပေးအပ်ခြင်း ဖြစ်ကြောင်း ဦးအောင်ငြိမ်းက ရှင်းပြသည်။

ဗိုလ်ချုပ်အောင်ဆန်း လက်ရေးမူစာအုပ် ပြန်လည် ပေးအပ်ခြင်းကို ကြိုဆိုကြောင်း၊ ၂၀၁၅ တွင် ကျင်းပမည့် ရေနံချောင်း အ.ထ.က (၁) နှစ်တစ်ရာပြည့်ပွဲတွင် ဗိုလ်ချုပ် လက်ရေးမူစာအုပ်သည် ရေနံချောင်းမြို့တွင်သာ ရှိနေသင့်ကြောင်း အသက် ၃၀ အရွယ် အ.ထ.က (၁) ကျောင်းသားဟောင်းတစ်ဦးက ဆိုသည်။

အဆိုပါ ဗိုလ်ချုပ်အောင်ဆန်း လက်ရေးမူစာအုပ်ကို အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ဇူလိုင်လ၁၉ ရက်နေ့တွင် ယူဆောင်သွားခြင်းဖြစ်ပြီး ရေရှည် ထိန်းသိမ်းနိုင်ရန် နိုင်ငံတော်ပိုင်အဖြစ် ထားရှိသင့်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဇူလိုင်လ ၃၀ ရက်နေ့တွင် ပြောကြားခဲ့သည်။

ဗိုလ်ချုပ် လက်ရေးမူစာအုပ်ကို ၁၉၆၂ ခုနှစ်တွင် စာရေးဆရာကြီး ရေနံမြေ ဦးဘဖေက အ.ထ.က (၁) ကျောင်းအုပ်ဆရာကြီး ဦးကြည်စိန်ထံသို့ လှူဒါန်းခဲ့ခြင်း ဖြစ်ပြီး ရေနံချောင်းမြို့ အ.ထ.က (၁) တွင် နှစ်ပေါင်း ၅၀ ကျော်ကြာ ထိန်းသိမ်းထားခြင်း ဖြစ်သည်။

LC၊ ဟိန်းသွင်ထက်
The Voice Weekly

ပင်လယ်ရေကြောင်းမှ တရားမ၀င် ကုန်သွယ်မှုများအား စတင်ဖမ်းဆီး မည်ဖြစ်ပြီး မှောင်ခိုတင်သွင်းသူ လုပ်ငန်းရှင်များကို ထောင်ဒဏ် သုံးနှစ်အထိ အပြစ်ပေးနိုင်မည့် ပို့ကုန်သွင်းကုန် ဥပဒေဖြင့် စတင် အရေးယူမည်


ပင်လယ်ရေကြောင်းမှ တရားမ၀င် မှောင်ခိုကုန်စည် တင်သွင်းနေသူများအား သြဂုတ် ၁၂ ရက်မှ စတင် ဖမ်းဆီးမည်ဖြစ်ကာ စက်တင်ဘာ ၁ ရက်မှ စတင်ကာ ထောင်ဒဏ် သုံးနှစ်အထိ အပြစ်ပေး အရေးယူနိုင်မည့် ပို့ကုန်သွင်းကုန် ဥပဒေနှင့် မှောင်ခိုတင်သွင်းသူ လုပ်ငန်းရှင်များအား စတင်အရေးယူမည် ဖြစ်ကြောင်း တရားမ၀င် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီမှ သြဂုတ် ၉ ရက်တွင် ရန်ကုန်မြို့ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနရုံးတွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲမှ သိရသည်။
တရားမ၀င် ကုန်သွယ်မှု တားဆီး ထိန်းချုပ်ရေး ဗဟိုကော်မတီ ရွေ့လျားဖမ်းဆီးရေး အဖွဲ့အနေဖြင့် ဖွဲ့စည်းပြီးသည့် ခုနစ်လကျော် ကာလအတွင်း ကျပ်သန်း ၆၀၀၀ ကျော်ဖိုးအထိ ဖမ်းဆီးခဲ့သော်လည်း တရားမ၀င် မှောင်ခိုကုန်စည် တင်သွင်းသူများအား အစိုးရအဖွဲ့၏ ငဲ့ညာမှုဖြင့် ငွေဒဏ်ချမှတ်၍ မှောင်ခိုကုန်စည်များ ပြန်လည်ထုတ်ပေးခြင်း ငွေဒဏ်သာ ချမှတ်ခြင်း လုပ်ငန်းစဉ်များကိုသာ လုပ်ကိုင်ခဲ့ကြောင်း အဆိုပါ အဖွဲ့မှ ညွှန်ကြားရေးမှူး ဦးတင်ရဲဝင်းက ဆိုပါသည်။
ထိုသို့ တည်ဆဲဥပဒေအတိုင်း အမြင့်ဆုံး ပြစ်ဒဏ်ဖြင့် အရေးယူနိုင်မှု မရှိသည့် အတွက် လုပ်ငန်းရှင်များ အနေဖြင့် တရားမ၀င် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီ အဖွဲ့ဝင်များအား အကျင့်ပျက် လာဘ်စားသည်ဟု ဆိုကာ လိမ်လည် တိုင်ကြားမှု၊ မှောင်ခိုပျောက်အောင် မင်းတို့မလုပ် နိုင်ပါဘူးဟု ပြောဆိုမှုများ စွပ်စွဲမှုများ ရှိခဲ့သည့်အတွက် တရားမ၀င် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီ အဖွဲ့ဝင်တချို့ အနေဖြင့် စစ်ဆေးမှု ခံခဲ့ရကြောင်း သိရသည်။
ထိုသို့ စစ်ဆေးမှု ခံယူခဲ့သော်လည်း အဖွဲ့ဝင်များ အနေဖြင့် လာဘ်စားမှု မရှိခဲ့သည့်အတွက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကပင် ချီးကျူးခဲ့ကြောင်း ဦးတင်ရဲဝင်း ကဆိုသည်။
''လာဘ်ပေးလာဘ်ယူ လုပ်ငန်းစဉ်တွေကို ကြည့်မယ်ဆိုရင် ၀န်ထမ်းတွေပဲ ပြုတ်တာများတယ်။ တရားမ၀င် မှောင်ခိုတင်တဲ့ လုပ်ငန်းရှင်ကတော့ ဒဏ်ကြေးတောင် မထိဘူး။ ဒီတော့ ယူသူကို အရေးယူရင် ပေးသူကိုလည်း အရေးယူဖို့ လိုလာတယ်။ ကျွန်တော်တို့ တရားမ၀င် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီက ဖမ်းသာဖမ်းနေရတာ သူတို့က ဒဏ်ကြေးလေးဆောင် ပစ္စည်းလေး ထုတ်သွားတော့ ကျွန်တော်တို့လည်း အားယုတ်တယ်'' ဟု တရားမ၀င် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီ အဖွဲ့ဝင် ဦးတင်ရဲဝင်းက ဆိုသည်။
မြန်မာနိုင်ငံ၏ ပို့ကုန်သွင်းကုန် ကဏ္ဍတွင် အဓိကအကျဆုံး ကုန်သွယ်ရေး လမ်းကြောင်းဖြစ်သည့် ပင်လယ်ရေကြောင်း ကုန်သွယ်မှုအား ထိန်းချုပ်နိုင်မည် ဆိုပါက တရားမ၀င် ကုန်စည်တင်သွင်းမှု လျော့ကျ လာနိုင်သည်။ ယင်းအပြင် နိုင်ငံအနေဖြင့် အခွန်ဘဏ္ဍာများ ပိုမိုရရှိခြင်း၊ တရားမ၀င် ကုန်စည်အများစုမှာ အဆင့်မမီ ကုန်စည်များသာ ဖြစ်နေသဖြင့် သန်း ၆၀ ကျော်သော မြန်မာပြည်သူများ၏ စားသုံးသူ ကာကွယ်ရေးဆိုင်ရာ လုပ်ငန်းစဉ်များအား စောင့်ထိန်းနိုင်မည် ဖြစ်သည်။
အလားတူ နိုင်ငံတော်အဆင့် လေ့လာရေး ခရီးစဉ်များတွင် သမ္မတအနေဖြင့် သွားရောက် လည်ပတ်သည့် နိုင်ငံနှင့် မြန်မာနိုင်ငံအကြား ကုန်သွယ်မှု စာရင်းများအား လက်ရှိကဲ့သို့ မှောင်ခိုကုန်ကူးမှု မြင့်နေသည့် အတွက် မျက်နှာပျက်ရခြင်း အဖြစ်မျိုးအား ကာကွယ်နိုင်မည် ဖြစ်ပြီး နိုင်ငံ အချင်းချင်းအကြား စီးပွားရေး ပူးပေါင်းဆောင်ရွက်ခြင်း လုပ်ငန်းစဉ်များ လုပ်ကိုင်ရာတွင် လွယ်ကူစေမည် ဖြစ်ကြောင်း ဦးတင်ရဲဝင်းက ဆက်လက် ပြောကြားသည်။
ပင်လယ်ရေကြောင်း ကုန်သွယ်မှုအား ဖမ်းဆီးရာတွင် ပြည်တွင်း ကမ်းရိုးတန်း ဆိပ်ကမ်းများဖြစ်သည့် သာကေတ ဆိပ်ကမ်းနယ်မြေ၊ ယုဇန၊ နန်းသီတာ၊ ၀ါးတန်း၊ ဗားကရာ၊ ချောင်းဝဆိပ်ကမ်း နယ်မြေနှင့် ဘုရင့်နောင်ဆိပ်ကမ်း နယ်မြေများအား စတင်စစ်ဆေးမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ စစ်ဆေးမှုအား ပင်လယ်ဝ စောင့်ကြည့် စစ်ဆေးရေး၊ ပဲခူးမြစ်ဝ စောင့်ကြည့်စစ်ဆေးရေး၊ ပုစွန်တောင်ချောင်း တစ်လျှောက် စောင့်ကြည့်စစ်ဆေးရေး၊ ရေကြောင်း လှုပ်ရှားစစ်ဆေးရေး၊ အရန်စစ်ဆေးရေး စသည့် အဖွဲ့များနှင့် စစ်ဆေးသွားမည် ဖြစ်သည်။
လက်ရှိကာလတွင် စစ်ဆေး အရေးယူမှုအား ပညာပေး ကာလအဖြစ် သြဂုတ် ၁၂ ရက်မှ ၃၁ ရက်အထိ သတ်မှတ်ထားပြီး စက်တင်ဘာ ၁ ရက်မှ စတင်ကာ ယခင်အရေးယူမှု မရှိခဲ့သည့် ပို့ကုန်သွင်းကုန် ဥပဒေနှင့် အရေးယူမည် ဖြစ်သည်။ အဆိုပါ ဥပဒေအရ မှောင်ခိုတင်သွင်းသူ လုပ်ငန်းရှင်သည် ပြစ်ဒဏ်အလိုက် အမြင့်ဆုံး ပြစ်ဒဏ်ဖြစ်သည့် ထောင်ဒဏ် သုံးနှစ်အထိ ချမှတ်နိုင်မည် ဖြစ်သည်။
''ရွေ့လျားဖမ်းဆီးရေးအဖွဲ့ စလုပ်တော့ ပင်လယ်ရေကြောင်း ဥပဒေနဲ့ အရေးယူတော့ ဥပဒေမှာ ဒဏ်ကြေးပဲပါတယ်။ လုပ်ငန်းရှင်က မှောင်ခိုတင်သွင်းတာ မလျော့ဘူး။ အခုတော့ ၂၀၁၂ ခုနှစ် အတွင်းမှာ ပြဋ္ဌာန်းခဲ့တဲ့ ပို့ကုန်သွင်းကုန် ဥပဒေနဲ့ စပြီး အရေးယူမယ်'' ဟု ဦးတင်ရဲဝင်းက ဆိုသည်။
အဆိုပါ ပို့ကုန်သွင်းကုန် ဥပဒေနှင့် အရေးယူနိုင်ရန် အစိုးရအဖွဲ့၊ လွှတ်တော် အဖွဲ့အစည်းများနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများအပြင် ကုန်သည်စက်မှု အသင်းချုပ်မှ တာဝန်ရှိသူများကိုပါ ဆွေးနွေးပြောကြားမှုများ ပြုလုပ်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
Eleven

လက်ပံတောင်း ကြေးနီ စီမံကိန်း ဒေသမှာ လျော်ကြေးငွေ နောက်ဆုံး ထုတ်ရ မယ့်ရက် ကြေညာ

 
စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဧရိယာအတွင်းပါဝင်တဲ့ မြေယာလျော်ကြေးငွေတွေကို လာမယ့်စက်တင်ဘာလ ၃၀ ရက်နေ့ နောက်ဆုံးထားပြီး ထုတ်ရမယ်လို့ နိုင်ငံပိုင်သတင်းမီဒီယာတွေက မနေ့က ထုတ်ပြန်ကြေညာခဲ့ပါတယ်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဧရိယာမှာ ကျေးရွာပေါင်း၂၆ ရွာက မြေဧကပေါင်း ၆၉၀၀ ကျော်ပါဝင်နေတာဖြစ်ပြီး လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အစီရင်ခံစာ အကောင်အထည်ဖော်ရေးကော်မတီက သီးနှံအလိုက် တစ်ဧကကို ကျပ်ငွေ ၁၂ သိန်းကနေ ၁၅ သိန်းအထိ ပေးလျော်ခဲ့တယ်လို့ နိုင်ငံပိုင်သတင်းစာတွေမှာ ဖော်ပြခဲ့ပါတယ်။

အစိုးရက လျော်ကြေးငွေတွေပေးနေပေမယ့်လည်း လျော်ကြေးလက်မခံတဲ့ ဒေသခံအတော်များများရှိတယ်လို့ သိရပါတယ်။ လက်ရှိအစိုးရကပေးတဲ့လျော်ကြေးဟာ ပြန်လည်လုပ်ကိုင်ဖို့ အဆင်မပြေတာကြောင့် အဲဒီငွေကိုလက်ခံဖို့ မဖြစ်နိုင်ကြောင်း တုံရွာမှနေတဲ့ ကိုအောင်သန်းမျိုးက RFA ကို ပြောပါတယ်။

“ဒေသခံတွေက ထိုက်တန်တဲ့လျော်ကြေး မရမချင်း ဆက်လက်ပြီး တိုက်ပွဲဝင်နေမှာပဲ၊ ထိုက်တန်တဲ့လျော်ကြေးဆိုတာ လယ်ယာမြေ တစ်ဧကဆိုလို့ရှိရင် ပျဉ်းမျှခြင်း တစ်နှစ်မှာကျနော်တို့ စိုက်ပျိုးထွန်ယက်တာတောင် ၇ သိန်းလောက် ဝင်တယ်လေ၊ အဲဒါကျနော်တို့က တစ်သက်လုံးစွန့်ရမယ်ဆိုတော့ ဒါကတော့ သူတို့ပေးတဲ့လျော်ကြေးနဲ့ လုံးဝမဖြစ်နိုင်ပါဘူးခင်ဗျ၊ သူတို့ကတော့ အများဆုံး ၁၅ သိန်း၊ အနည်းဆုံး ၁ဝ သိန်း သတ်မှတ်ထားတယ်ခင်ဗျ၊ ကျနော်တို့ကတော့ မပေးလည်း ထွန်ယက်စိုက်ပျိုးခြင်းကို လုပ်သွားမယ်”

ပြီးခဲ့တဲ့ ဇူလိုင်လဆန်းပိုင်းအထိ မြေယာလျော်ကြေး စုစုပေါင်း ကျပ်ငွေသိန်းပေါင်း ၂၈၀၀ နီးပါးအထိ ပေးလျော်ခဲ့တာကြောင့် သိမ်းဆည်းထားတဲ့မြေရဲ့ ၄၀ ရာခိုင်နှုန်းကျော်ကို ပေးလျော်ပြီးပြီဖြစ်ကြောင်း လက်ပံတောင်းတောင်ကြေးနီစီမံကိန်း အစီအရင်ခံစာ အကောင်အထည်ဖော်ရေးကော်မတီရဲ့ ထုတ်ပြန်ချက်တွေထဲမှာ ပါရှိပါတယ်။

စီမံကိန်းကြောင့် သိမ်းဆည်းလိုက်တဲ့မြေတွေအတွက် လျော်ကြေးငွေတွေကို ပြီးခဲ့တဲ့ မတ်လ၁၆ ရက်နေ့ကတည်းက သိမ်းဆည်းမြေယာ စိစစ်ရေးအဖွဲ့ကစစ်ဆေးပြီး ဆားလင်းကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှာ လျော်ကြေးငွေထုတ်ပေးနေတာလို့လည်း သိရပါတယ်။

RFA Burmese

ကင်တာနား (၇) ကြိမ်မြောက်မြန်မာခရီး ဘာတွေလုပ်မှာလဲ

 
မကြာခင်အချိန်မှာ မြန်မာနိုင်ငံကို သွားရောက်ဖို့စီစဉ်ထားတဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးကိုယ်စားလှယ် မစ္စတာတောမတ်စ် အိုဟေးကင်တားနားဟာ အခုအချိန်မှာတော့ ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ ချင်းပြည်နယ်တွေကို သွားရောက်ပြီး အဲဒီဒေသတွေမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ပတ်သက်ပြီး ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ သူ့ရဲ့ခရီးစဉ်နဲ့ပတ်သက်ပြီး မကြာသေးခင်အချိန်က ဗွီအိုအေမြန်မာပိုင်းက ဆက်သွယ်မေးမြန်းတဲ့အချိန် အခုလို ပြောကြားခဲ့တာပါ။ မစ္စတာ ကင်တားနားရဲ့ အခုမြန်မာပြည်ခရီးစဉ်မှာ ဘယ်အရေးကိစ္စတွေကို ဦးစားပေးပြီး ဆောင်ရွက်သွားမလဲ မေးကြည့်တဲ့အခါမှာတော့ အခုလို စပြီးပြောပါတယ်ရှင်။

“ကျနော်အခုတခေါက်သွားတဲ့အခါမှာ ရခိုင်ပြည်နယ်နဲ့ကချင်ပြည်နယ်တွေမှာ အိုးအိမ်စွန့်ခွာပြီး ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ကိစ္စ၊ တခါ ကရင်ပြည်နယ်မှာ အပစ်အခတ်ရပ်စဲရေးကိစ္စနဲ့ ချင်းပြည်နယ်မှာ ချင်းလူမျိုးကြားထဲမှာ ဘာသာရေးအရ ခွဲခြားဆက်ဆံခံရတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး ဆွေးနွေးသွားမှာဖြစ်ပါတယ်။ ဒါ့အပြင် ကျနော့်ရဲ့ အရင်ခရီးစဉ်တွေတုန်းကလိုပဲ ကျနော့်အစီအစဉ်တွေထဲမှာ နိုင်ငံရေးအကျဉ်းသားပြဿနာ၊ နောက်ပြီးတိုင်းပြည်ထဲက မီဒီယာအခြေအနေတွေကိုလည်း ဆွေးနွေးသွားမှာဖြစ်သလို စီးပွားရေးကုန်သွယ်မှုအတွက် သဘာဝသယံဇာတတွေ ထုတ်ယူတဲ့အခါမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဘယ်လောက်ရှိခဲ့သလဲဆိုတာကိုလည်း လေ့လာကိုင်တွယ် ဖြေရှင်းသွားမှာ ဖြစ်ပါတယ်။”

မစ္စတာကင်တားနားအနေနဲ့ နောက်ဆုံးအကြိမ် မြန်မာပြည်ခရီးစဉ်မှာ မြန်မာအစိုးရကို ဘယ်လိုအကြံပေးခဲ့ပါသလဲ။ ဒီနောက်ပိုင်း မြန်မာနိုင်ငံမှာ တိုးတက်မှုရှိလာတာကိုရော တွေ့ရပါသလား။

“နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွှတ်ပေးတဲ့အပိုင်းမှာ တိုးတက်မှုရှိတာကို တွေ့ရပါတယ်။ မကြာသေးခင်ကပဲ မြန်မာသမ္မတကနေပြီးတော့ နိုင်ငံရေး အကျဉ်းသား အမြောက်အများကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ပါတယ်။ ဒါဟာ သတင်းကောင်းပါ။ ဒါနဲ့ပတ်သက်ပြီး ကျနော် ကြိုဆိုပါတယ်။ ဒါဟာ တိုးတက်မှုပါ။ ဒါပေမဲ့ တချိန်တည်းမှာပဲ နိုင်ငံရေးအကျဉ်းသားတချို့ ကျန်နေသေးတာလည်း ရှိပါတယ်။ နောက်ပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး လူထုဆန္ဒပြမှုတွေ ဖြစ်တဲ့အခါမှာ ရဲတပ်ဖွဲ့ရဲ့ အရေးယူဆောင်ရွက်တဲ့ မူဝါဒတွေကိုလည်း ဆွေးနွေးသွားမှာဖြစ်ပါတယ်။ အရင်တခေါက်တုန်းက နစကကို ဖျက်သိမ်းဖို့ အကြံပေးခဲ့ပါတယ်။ အခုတော့ အစိုးရအနေနဲ့ နစကကို ဖျက်သိမ်းလိုက်ပါပြီ။ အဲသလို ဖျက်သိမ်း လိုက်ပြီးတဲ့နောက်မှာ သူ့နေရာမှာ ဘယ်တပ်ဖွဲ့တွေနဲ့အစားထိုးပြီး ဘယ်လို ဆောင်ရွက်နေသလဲဆိုတာကိုလည်း ကျနော် ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ကျနော့်ရဲ့အရင်ခရီးစဉ်မှာတုန်းက ကချင်ပြည်နယ်ကိုသွားရောက်ခဲ့ပြီး အဲဒီမှာရှိတဲ့ ဒုက္ခသည်တွေနဲ့ စကားပြောကြည့်တဲ့အခါမှာ စစ်တပ်ဘက်က ဒီကနေ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိနေတယ်ဆိုတာကို ကြားခဲ့ရပါတယ်။ အဲဒီအတွက် ကျနော် စိတ်ပူမိပါတယ်။ ဒါတွေနဲ့ပတ်သက်ပြီး အစိုးရနဲ့ အဲဒီမှာ ပါဝင်ပတ်သက်နေသူတွေနဲ့လည်းပဲ ကျနော် တွေ့ဆုံသွားမှာ ဖြစ်ပါတယ်။ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးမှုတွေ တိုးတက်မှုရှိတယ်လို့ ဆိုရပေမဲ့ ကျည်ဆံတွေ၊ သေနတ်သံတွေကတော့ ဆက်လက်ပြီးတော့ ကြားနေရဆဲ၊ ဒီအတွက် ကချင်ပြည်နယ်အတွင်းက ဒေသခံတွေအပေါ် ထိခိုက်မှုတွေ ရှိနေတယ်လို့ သိရပါတယ်။ လူ့အခွင့်အရေးကိုယ်စားလှယ် တယောက်အနေနဲ့ ဒီလူတွေကိုယ်စား ဆောင်ရွက်သွားဖို့ ကျနော့်တာဝန်ဖြစ်ပါတယ်။”

မစ္စတာကင်တားနားအနေနဲ့ ရခိုင်ပြည်နယ်ကို သွားတဲ့အခါမှာ ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ပဲတွေ့ဆုံတယ်ဆိုတဲ့ ဝေဖန်မှုတွေ ရှိပါတယ်။ အဲဒါနဲ့ပတ်သက်လို့ရော ဘယ်လိုများ တုံ့ပြန်ချင်ပါသလဲ။
“ဒါက သတင်းမှားတစ်ခုလို့ပဲ ကျနော် ပြောချင်ပါတယ်။ ကျနော် ရခိုင်ပြည်နယ်ကိုသွားတိုင်း အာဏာပိုင်တွေနဲ့တွေ့တယ်၊ ရခိုင်အာဏာပိုင်တွေနဲ့ တွေ့တယ်။ ဒေသခံမြန်မာတွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ မီဒီယာတွေအနေနဲ့ ကျနော်သွားတဲ့အခါတိုင်း လူတိုင်းနဲ့တွေ့တယ်ဆိုတာကို ရှင်းရှင်းလင်းလင်း ဖော်ပြကြဖို့ လိုပါတယ်။ ရခိုင်ပြည်နယ် အကြမ်းဖက်မှုတွေအတွင်းမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိခဲ့တာနဲ့ပတ်သက်ပြီး လူ့အခွင့်အရေး ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ အကုန်လုံးရဲ့အကြောင်းကို နားထောင်ပြီး အကဲဖြတ်စစ်ဆေးရမှာ ကျနော့်တာဝန်ပါ။ ဒီစစ်ဆေးမှုတွေအရ ရခိုင်ပြည်နယ်အတွင်းမှာ ခွဲခြားဆက်ဆံခံရမှုတွေ ရှိနေတယ်ဆိုတာ တွေ့ခဲ့ရပါတယ်။”

လူ့အခွင့်အရေးကိုယ်စားလှယ် မစ္စတာ ကင်တားနားဟာ မြန်မာနိုင်ငံကို သြဂုတ်လ ၁၁ ရက်ကနေပြီးတော့ ၂၁ ရက်နေ့အထိ ဆယ်ရက်တာခရီး သွားရောက်မှာဖြစ်ပါတယ်။ အခုတကြိမ်ဟာ မစ္စတာကင်တားနားရဲ့ (၇) ကြိမ်မြောက် ခရီးစဉ်လည်း ဖြစ်ပါတယ်။ ဒီခရီးစဉ်အပြီးမှာတော့ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး ကုလသမဂ္ဂ အထွေထွေညီလာခံမှာဆွေးနွေးဖို့ ပြန်လည်အစီရင်ခံသွားမှာဖြစ်တယ်လို့ သူက ပြောသွားခဲ့ပါတယ်ရှင်။ 
မေစန္ဒီ(VOA)

Friday, August 9, 2013

ဒီမိုကရေစီစနစ် ပေါ်ထွန်းရေးအတွက် ကျောင်းသားလူငယ်များသည် အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်ခဲ့ဟု ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း ရှစ်လေးလုံး ငွေရတုအရေးတော်ပုံ အခမ်းအနားသို့ ပေးပို့သည့် သ၀ဏ်လွှာတွင် ပြောကြား


မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ် ဖြစ်ထွန်းပေါ်ပေါက် စေခဲ့သည့် အကြောင်းတရားများတွင် ကျောင်းသားလူငယ်များ၏ ပြင်းပြသော စိတ်ဓာတ်ခံယူချက်နှင့် အင်တိုက်အားတိုက် ကြိုးပမ်းဆောင်ရွက်ခဲ့မှု များမှာ အရေးကြီးသည့် ကဏ္ဍတစ်နေရာတွင် ပါဝင်ခဲ့သည်ဟု ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက သြဂုတ် ၈ ရက်က ရန်ကုန်မြို့၌ ကျင်းပခဲ့သည် ရှစ်လေးလုံး ငွေရတု အရေးတော်ပုံ အခမ်းအနားသို့ ပေးပို့သည့် သ၀ဏ်လွှာတွင် ပြောကြားသည်။
ပြည်ထောင်စု မြန်မာနိုင်ငံအတွင်း ပြည်သူများ၏ ဒီမိုကရေစီအရေး တောင်းဆိုလှုပ်ရှားမှုများတွင် ရှစ်လေးလုံး ဒီမိုကရေစီ တောင်းဆိုကြိုးပမ်းမှုလည်း ပါဝင်ခဲ့ကြောင်း၊ ယင်းတို့၏ အကျိုးဆက်အဖြစ် ၂၀၁၀ ပြည့်နှစ်တွင် တစ်နိုင်ငံလုံး အတိုင်းအတာအဖြစ် အထွေထွေ ရွေးကောက်ပွဲကြီး တစ်ရပ် ဖြစ်ထွန်းပေါ်ပေါက်ခဲ့ပြီး ထိုရွေးကောက်ပွဲကြီးမှ တစ်ဆင့် ယနေ့ ပြည်ထောင်စု မြန်မာနိုင်ငံတော်တွင် လွှတ်တော်အသီးသီး ပေါ်ပေါက်လာခဲ့ကာ ဒီမိုကရေစီစနစ် ဖော်ဆောင်နိုင်ပြီ ဖြစ်ကြောင်း သူရဦးရွှေမန်း၏ သ၀ဏ်လွှာ၌ ဖော်ပြထားသည်။
ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ ငွေရတု ကြေညာစာတမ်းတွင် ပါဝင်သော အမျိုးသား ပြန်လည်သင့်မြတ်ရေး တိုင်းရင်းသား တန်းတူညီမျှရေး ပြည်ထောင်စုစနစ် ပေါ်ထွန်းရေးစသည့် အခြေခံမူများအား ကိုင်ဆွဲ၍ ဒီမိုကရေစီ နိုင်ငံတော်သစ်ကို ၀ိုင်းဝန်း တည်ထောင်မည်ဆိုသည့် အပြုသဘောဆောင်သော ထုတ်ပြန်မှုအပေါ် ၀မ်းမြောက်စွာဖြင့် ကြိုဆိုသည်ဟု သူရဦးရွှေမန်း၏ သ၀ဏ်လွှာတွင် ပါဝင်သည်။
ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီး အဘက်ဘက်မှ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် တိုင်ရင်းသား ပြည်သူတစ်ရပ်လုံး အတူတစ်ကွ လက်တွဲပူးပေါင်းပြီး ကြုံတွေ့လာရမည့် နိုင်ငံရေး စိန်ခေါ်မှုများကို အောင်မြင်စွာ ကျော်လွှားနိုင်ကြ ပါစေကြောင်း ဆန္ဒပြုတိုက်တွန်းရင်း ဒီမိုကရေစီ အရေးတော်ပုံ ငွေရတု အခမ်းအနားအား ဂုဏ်ပြုလိုက်ပါသည်ဟုလည်း သူရဦးရွှေမန်းက ပြောကြားသည်။
ရှစ်လေးလုံးငွေရတု အရေးတော်ပုံ အခမ်းအနားကို ရန်ကုန်မြို့၌ သြဂုတ် ၆ ရက်၊ ၇ ရက်နှင့် ၈ ရက်များတွင် ကျင်းပခဲ့ရာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ၊ နိုင်ငံရေး ပါတီများ၊ နိုင်ငံရေး အကျဉ်းသားဟောင်း အဖွဲ့အစည်းများ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများ စသည့် နယ်ပယ်အသီးသီးမှ အဖွဲ့အစည်းများမှ သ၀ဏ်လွှာပေါင်း ၅၅ ခု ပေးပို့ခဲ့သည်။
Eleven

နာဂါဆာကီမြို့ အဏုမြူဗုံးကြဲသည့် (၆၈) ကြိမ်မြောက် နှစ်ပတ်လည်ပွဲကျင်းပ

၁၉၄၅၊ သြဂုတ်လ ၉ ရက်နေ့က ဗုံးကြဲခံရသည့် နာဂါဆာကီမြို့နေပြည်သူများ (၆၅) နှစ်မြောက် နှစ်ပတ်လည်နေ့မှာ သေဆုံးခဲ့သူများအတွက် ဝတ်ပြုဆုတောင်းစဉ်။ (၀၈-၀၉-၁၃)
ဂျပန်နိုင်ငံ၊ နာဂါဆာကီမြို့မှာ နာကာဆာကီတမြို့လုံးပျက်စီးသွားပြီး ဒုတိယကမ္ဘာစစ်ကိုပါ အဆုံးသတ်သွားစေခဲ့တဲ့ အမေရိကန်ပြည်ထောင်စုကနေ နာကာဆာကီမြို့ကို အဏုမြူဗုံးကြဲခဲ့တဲ့ (၆၈) နှစ်မြောက် နှစ်ပတ်လည်နေ့ကို နာကာဆာကီမြို့မှာ ကျင်းပပါတယ်။

နျူကလီယားအသုံးပြုမှုကို ကန့်ကွက်တဲ့ကြေညာချက်အပေါ်မှာ ဂျပန်အစိုးရအနေနဲ့ သဘောတူလက်မှတ်ရေးထိုးဖို့ ငြင်းဆန်တဲ့အပေါ် နာကာဆာကီ မြို့တော်ဝန်ဖြစ်တဲ့ Tomihisa Taue က သောကြာနေ့မှာပြုလုပ်တဲ့ အဲဒီအခမ်းအနားအတွင်း ပြစ်တင်ဝေဖန်သွားပါတယ်။ ပြီးခဲ့တဲ့ ဧပြီလတုန်းက လက်နက်ဖျက်သိမ်းရေးအတွက် နိုင်ငံတကာညီလာခံတစ်ခုမှာ သဘောတူလက်မှတ်ထိုးဖို့အတွက် သူတို့ တိုက်တွန်းခဲ့ကြတာပါ။

ဟီရိုရှီးမားနဲ့ နာဂါဆာကီမြို့တွေကို အဏုမြူ ဗုံးကြဲချခံရပြီးမြင်ကွင်း။
ဟီရိုရှီးမားနဲ့ နာဂါဆာကီမြို့တွေကို အဏုမြူ ဗုံးကြဲချခံရပြီးမြင်ကွင်း။

ဒုတိယကမ္ဘာစစ်အတွင်းကအမေရိကန်ပြည်ထောင်စုဟာ ဟီရိုရှီးမားမြို့ကို ၁၉၄၅ ခု၊သြဂုတ်လ(၆)ရက်နေ့မှာ အဏုမြူဗုံးကြဲချခဲ့တာပါ/အဲဒီမှာတော့ လူပေါင်း (၁) သိန်း၊ (၄) သောင်း အသက် ဆုံးရှုံးခဲ့ပါတယ်။ နောက် သုံးရက်အကြာ သြဂုတ်လ (၉) ရက်နေ့မှာတော့ ဂျပန်နိုင်ငံ၊ နာကာဆာကီမြို့ကို အမေရိကန်ပြည်ထောင်စုကနေပြီးတော့ ဒုတိယမြောက် နျူကလီယားဗုံးကြဲပြီးတော့ တိုက်ခိုက်ခဲ့ပါတယ်။ နာကာဆာကီမြို့မှာတော့ အဏုမြူဗုံးကြောင့် လူပေါင်း (၇) သောင်းလောက် သေဆုံးခဲ့ရပါတယ်။

ဟီရိုရှီးမားမြို့မှာတော့ ပြီးခဲ့တဲ့ အင်္ဂါနေ့မှာတုန်းက ဟီရိုရှီးမား အဏုမြူဗုံးအကြဲခံခဲ့ရတဲ့နှစ်ပတ်လည်နေ့ ပြုလုပ်ပါတယ်။ အဲဒီမှာ လူပေါင်း (၅)သောင်းလောက် တက်ရောက်ပြီးတော့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက စကားပြောပါတယ်။ နျူကလီယားလက်နက် အဆုံးသတ် ပိတ်ပင်တားဆီးနိုင်ဖို့ ဂျပန်နိုင်ငံမှာ တာဝန်အရှိဆုံးဖြစ်တယ်လို့ ဂျပန်ဝန်ကြီးချုပ်က ဂျပန်လူထုကို ပြောဆိုခဲ့ပါတယ်။
ဗွီအိုအေ(မြန်မာဌာန)

ရဲတပ်သားကို ထိုးကြိတ်သည့် လက်ပံတန်းမြို့နယ် ရဲစခန်းမှူးကို ရဲဌာနချုပ်သို့ တိုင်ကြား

 
ဥက္ကံ၊ သြဂုတ် ၈

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် လက်ပံတန်းမြို့နယ် ကျွန်းကလေး ရဲကင်းတာဝန်ကျ ရဲတပ်သား ချမ်းငြိမ်းသူက လက်ထပ်ခွင့် မတင်ခြင်းနှင့် ပတ်သက်၍ လက်ပံတန်းမြို့နယ် ရဲစခန်းမှူးက လက်သီးဖြင့် ထိုးကြိတ်ခဲ့မှုကို သြဂုတ်လ ၆ ရက်နေ့တွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်နှင့် ပြည်ထဲရေး ဝန်ကြီးဌာနထံသို့ တိုင်ကြားခဲ့ကြောင်း ရဲတပ်သား ချမ်းငြိမ်းသူ၏ဇနီး ဒေါ်နီနီဝင်းက ပြောကြားသည်။

အဆိုပါ ထိုးကြိတ်မှုသည် သြဂုတ်လ ၃ ရက်နံနက်ပိုင်းတွင် စခန်းမှူး ဒုရဲမှူး ဝင်းဗိုလ်က တပ်သားကို ထိုးကြိတ်ပြီးနောက် အချုပ်ခန်းတွင်းသို့ထည့်ရာ အတွင်းရှိ အချုပ်သား ၁၇ ဦးကိုလည်း စခန်းမှူးက ဝင်လာသည့် အချုပ်သား ရဲတပ်သားအား လက်သီးဖြင့် ထိုးခိုင်းပြီး ၎င်းတို့ မထိုးပါက ၎င်းတို့ အားလုံးကို အပြင်ထုတ်၍ တုတ်ဖြင့်ရိုက်မည်ဟု ပြောသဖြင့် အချုပ်သားများက ထိုးကြိတ်ခဲ့ခြင်း ဖြစ်ကြောင်း ရဲတပ်သား၏ ပြောကြားချက် ကိုးကား၍ ၎င်းဇနီး ဒေါ်နီနီဝင်းက ပြောကြားသည်။

“ကျွန်မနဲ့ အိမ်ထောင်ပြုတာ သုံးလပဲ ရှိသေးတယ်။ တပ်ဖွဲ့ဝင်အချင်းချင်း အထက်လူကြီးက အောက်လက်ငယ်သားကို အနိုင်ကျင့်နှိပ်စက်တော့ မကောင်းပါဘူး” ဟု ၎င်းကပြောသည်။

ဝိုင်းဝန်းထိုးကြိတ်သော ဒဏ်ရာများကြောင့် ရဲတပ်သားချမ်းငြိမ်းသူ အချုပ်၏ အိမ်သာထဲတွင် သတိလစ် မေ့မြောခဲ့ကြောင်း၊ ထို့နောက် ခရိုင်အချုပ်သို့ ထပ်မံပို့ဆောင်ခဲ့ကြောင်း၊ အချုပ်တွင် ဒဏ်ရာများ မသက်သာသဖြင့် သာယာဝတီခရိုင် ပြည်သူ့ဆေးရုံသို့ အတွင်းလူနာအဖြစ် တက်ရောက် ကုသခဲ့ပြီး သြဂုတ်လ ၇ ရက်နေ့ နေ့လယ်တွင် ဆေးရုံမှဆင်းပြီး ခရိုင်ရဲအချုပ်တွင် ထပ်မံထိန်းသိမ်းထားကြောင်း ၎င်းကရှင်းပြသည်။

အဆိုပါ ထိုးကြိတ်မှုနှင့် ပတ်သက်၍ ရဲတပ်သားသည် ရဲစည်းကမ်းဖောက်သည်ဟု စခန်းမှူးက တင်ပြထားကြောင်း၊ တပ်ဖွဲ့တွင်း ကိစ္စဖြစ်နေသောကြောင့် ဖြစ်စဉ်များကို ရဲတရားရုံးသို့ စစ်ဆေးကာ တရားဥပဒေ စိုးမိုးရေးနှင့် အမှုမှန် ပေါ်ပေါက်ရေးအတွက် တိတိကျကျ စစ်ဆေးဆောင်ရွက်မည် ဖြစ်ကြောင်း သာယာဝတီခရိုင် ရဲတပ်ဖွဲ့မှူး ရဲမှူး ဦးတင်ဇော်ထွန်းက ပြောကြားသည်။

လက်ရှိ ထိုးကြိတ်သည်ဟု စွပ်စွဲခံရသည့် စခန်းမှူး ဒုရဲမှူးဝင်းဗိုလ်ကို သွားရောက် မေးမြန်းသော်လည်း ကျန်းမာရေးကြောင့် ခွင့်ခြောက်ရက်ယူကာ ခရီးထွက်သွားကြောင်း ယာယီစခန်းမှူး ရဲအုပ် စိုးသန်းဌေးက ပြောကြားသည်။

ရဲတပ်သားကို စခန်းမှူးက ထိုးကြိတ်မှု တိုင်ကြားခြင်းကို ၎င်းတို့အနေနှင့် တတ်နိုင်သည့်ဘက်မှ အကူအညီ ပေးထားပြီး မတရားမှုများ တွေ့ရှိလာပါက မည်သူ့မျက်နှာကိုမှ ကြည့်မည် မဟုတ်ဘဲ အမှုမှန် ပေါ်ပေါက်ရေးကို တင်ပြတောင်းဆိုမည် ဖြစ်ကြောင်း၊ ပြည်သူက တင်မြှောက်သည့် အစိုးရဖြစ်သည့်အတွက် ပြည်သူရဲတပ်ဖွဲ့ဝင်များကလည်း ပြည်သူချစ်သော ရဲတပ်ဖွဲ့ဝင်များဖြစ်ရန် ဆန္ဒရှိကြောင်း သာယာဝတီခရိုင် အကျင့်ပျက် ခြစားမှုနှင့် မတရားမှု တိုက်ဖျက်ရေးကွန်ရက် ခေါင်းဆောင် ဦးကျော်ဇင်ထွန်း (ခ) ကျော်ကြီးက ပြောကြားသည်။

The Voice Weekly

မြဝတီကုန်သွယ်ရေးဇုန် ကုန်သွယ်မှုပြန်စ


မိုးသည်းထန်စွာ ရွာသွန်းရာမှ ရေကြီးနစ်မြုပ်၍ တောင်ပြို လမ်းပိတ်မှုများ ဖြစ်ပေါ်ခဲ့ခြင်းကြောင့် ကုန်သွယ်မှု ရပ်နားထားသော မြဝတီကုန်သွယ်ရေးဇုန်တွင် ကုန်သွယ်မှုများ ပြန်လည် စတင်နေပြီ ဖြစ်ကြောင်း ယင်းစခန်း၏ ဒုတိယတာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဦးကြည်စိန်က ပြောကြားသည်။

အဆိုပါ ကုန်သွယ်ရေးဇုန်ကို ၁၀ ရက်ခန့် ကုန်သွယ်မှု ရပ်နားခဲ့ရာမှ ပြီးခဲ့သည့် သြဂုတ်လ ၆ ရက်နေ့ ညနေပိုင်းမှ စတင်ကာ ကုန်သွယ်မှုများ ပြန်လည်စတင်လာနိုင်ခြင်း ဖြစ်သည်ဟု ၎င်းကရှင်းပြသည်။

သက်ဆိုင်ရာ ဒေသအာဏာပိုင်များက အန္တရာယ် ကင်းရှင်းပြီဖြစ်၍ ကုန်သွယ်မှု ပြန်လည် ခွင့်ပြုသဖြင့် ကုန်သယ်ယာဉ်များက ကုန်သွယ်မှု ပြုလုပ်လာကြခြင်း ဖြစ်ကြောင်း၊ လတ်တလောတွင် ရေနစ်မြုပ်မှုကြောင့် ပျက်စီးခဲ့ရသည့် ကုန်ပစ္စည်းများ၏ ဆုံးရှုံးမှုတန်ဖိုးကိုမူ တွက်ချက်၍ မရသေးကြောင်း ၎င်းကဆိုသည်။

“မြဝတီမြို့ထဲမှာတော့ ကုန်ကားတွေ စသွားနေကြပြီ။ ဒါပေမဲ့ အရင်လို ချောချောမွေ့မွေ့တော့ မဟုတ်ဘူးပေါ့” ဟု မြဝတီမြို့ အမှတ် (၅) ရပ်ကွက်တွင် နေထိုင်သူ ဒေသခံအမျိုးသမီးတစ်ဦးက ပြောကြားသည်။

မြဝတီ ကုန်သွယ်ရေးဇုန်တွင် သြဂုတ်လ ၈ ရက်နေ့မှစတင်၍ ကုန်သွယ်မှု ပြန်စတင်နေသော်လည်း ကုန်တင်ယာဉ်ကြီးများ အဝင်အထွက်မှာ နည်းပါးသေးကြောင်း မြဝတီဒေသခံ ကုန်သည်တစ်ဦးဖြစ်သူ ဦးမျိုးက ဆိုသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၉ ရက်နေ့မှ စတင်ကာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြဝတီတစ်မြို့လုံး ရေကြီးနစ်မြုပ်မှုများ ဖြစ်ပွားခဲ့ပြီး လူသုံးဦးသေဆုံးကာ အိမ်ထောင်စု သုံးထောင်ကျော် ဒုက္ခရောက် ခဲ့ရာ ရေဘေးကယ်ဆယ် ကူညီရေးလုပ်ငန်းများကို ဒေသခံ နာရေးကူညီမှုအသင်းများ၊ လူမှုအဖွဲ့အစည်းများနှင့် အာဏာပိုင်တို့က အကူအညီများ ပေးခဲ့ရသည်။

အဆိုပါ မိုးသည်းထန်မှုကြောင့် ဒေါနတောင်တန်း မြေပြိုကာ ကားလမ်းပိတ်ခဲ့ပြီး မြဝတီမြို့နှင့် ခုနစ်မိုင်ခန့်ဝေးသည့် ကုန်သွယ်ရေးဇုန်မှာလည်း ကုန်စည်စီးဆင်းမှု ပြတ်တောက်ခဲ့ရကြောင်း အဆိုပါ ကုန်သွယ်ရေးဇုန်မှ သိရသည်။

မြဝတီကုန်သွယ်ရေးဇုန်သည် မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်ရေးဇုန်များ အနက် အကြီးဆုံးဖြစ်ပြီး ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၅၇၄ သန်း ရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။

The Voice Weekly

အစိုးရတပ် စစ်ရေးခြိမ်းခြောက်မှုကြောင့် RCSS တပ်ဖွဲ့ ၄၀ ကျော်အား မိုင်းလားတပ်ဖွဲ့ ထိန်းသိမ်း

မိုင်းလားတပ်ဖွဲ့ဝင်မဟုတ်လျှင် တိုက် ခိုက်မည်’  ဟု  မြန်မာအစိုးရတပ် ၏ စစ်ရေးရာဇဒဏ် ကြောင့်
သျှမ်းပြည်အရှေ့ပိုင်း ရွှေတြိဂံဒေသ အထက်ဘက် အခြေချ လှုပ်ရှားသည့် RCSS/SSA တပ်ဖွဲ့အား
မိုင်းလားတပ်ဖွဲ့မှ သွားရောက် ထိန်းသိမ်း ခဲ့သည်ဟု ဒေသအတွင်း သတင်း ရပ်ကွက် က ဆိုသည်။

alt

RCSS/SSA နှင့် NDAA- ESS

“မိုင်းယောင်းအခြေစိုက်စစ်ဗျူဟာမှူးက  မိုင်းဖှန်ဘက်မှာရှိတဲ့ RCSS/SSA တပ်ဖွဲ့ အင်အား ၄၀ ကျော်က
မိုင်းလား တပ်ဖွဲ့နာမည်နဲ့ ဆက်ကြေးကောက်တယ်။ လူသစ်စုဆောင်းတယ်။ သူတို့ တွေက အမှန်တကယ်
 ဘယ်သူလဲ၊ မိုင်းလားတပ်ဖွဲ့ဝင် မဟုတ် ရင် တိုက်ခိုက်ရှင်းထုတ်မယ်လို့ စစ်ကြောင်း သုံးကြောင်းပြင်ဆင်
လာတယ်။  တိုက်ပွဲမလိုလားတဲ့ မိုင်းလားတပ် ဖွဲ့က အဲဒီ အုပ် စုကို အင်အား ၃၀၀ ကျော် နဲ့ သွားရောက်
ထိန်းသိမ်း လိုက်တာ။  ညီအစ်ကိုရင်းလို သဘော မထားရင် ဟိုကလဲ ပြန်ပစ်ပြီပေါ့။ မိုင်းလားတပ်ဖွဲ့တက်
လာတော့ သတိမထားဘူး။ ဗမာစစ် ကြောင်း ကိုဘဲ အာရုံစိုက်နေတာလေ။ ဒီတော့အဖမ်းခံလိုက်ရတာပေါ့”
 ဟု ရွှေတြိဂံဒေသတွင် နေထိုင်သူ မိုင်းလားတပ်ဖွဲ့နှင့် နီးစပ်သည့် အခါအမျိုးသား အားဖန် ကပြောသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်၍ ကျိုင်းတုံ စစ်ဒေသ မှူးကြီး ဗိုလ်မှူးကြီးကွဏ်းဇင့်က - ၎င်းတို့တပ်ဖွဲ့ ဝင် ၄၀
ကျော်အား ဂျူလိုင် ၂၇ ရက်နေ့က မိုင်းလားတပ်ဖွဲ့မှ အမှန်တကယ် ဖမ်းဆီး သွားကြောင်း၊ မည်သည့်
အကြောင်းကြောင့် မသိရဘဲ အဆိုပါ ထိန်းသိမ်းခံ RCSS/ SSA တပ်ဖွဲ့ဝင်အချို့အား   ခရီးစရိတ်ပေးကာ
နေရပ်သို့ ပြန်ခိုင်းကြောင်း၊ မည်သို့ပင်ဆိုစေ အဆိုပါ ကိစ္စမဖြစ်သင့်ကြောင်း ပြောပါသည်။

“၂၀၀၉ တုန်းက အဲဒီဒေသမှာ အစိုးရတပ်ဖွဲ့နဲ့ စစ်ရေးတင်းမာမှု တော်တော်ဖြစ်ခဲ့တယ်။ ကျနော်တို့လဲ
မိုင်းလားတပ်ဖွဲ့နဲ့ အဲဒီကတည်းက အတူတူ ညီရင်းအစ်ကိုလိုနေလာတာဘဲ။ အခု ကျမှဘာလို့ ဒီလိုလာ
လုပ်လဲ ဆိုတာ ကျနော်တောင်နားမလည်တော့ဘူး” - ဟု ဗိုလ်မှူးကြီးကွန်းဇင့်က ပြောပါသည်။

သျှမ်းပြည်တပ်မတော် မှတပ်ဖွဲ့နှင့် အတူ အဖမ်းခံရသော  တရုတ်လူမျိုး ပိုင်ရာ ဘာခြံမှ   ခြံလုပ်သား ၃၀
ကျော် (ဗမာလူမျိုး ၄ ဦးပါဝင်) ကိုမူ ဖမ်းဆီးပြီး ၂ ရက်အကြာ ပြန်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း  အားဖန်
ဆိုသူက ပြောပါသည်။

ရာဘာခြံပိုင်ရှင် တရုတ်လူမျိုးမှာ အခွန်ပေးဆောင်ရန်ရှောင်နေသဖြင့် ခြံလုပ်သားများ ဖမ်းဆီးလိုက်ခြင်းဖြစ်
သည်ဟုဆိုပါသည်။

သီးခြားအတည်ပြုချက်မရသေးသည့် သတင်းအရ RCSS စစ်သည် ၄၀ ကျော်အနက် ခေါင်း ဆောင်ပိုင်းနှင့်
အရာရှိငယ် ၁၀ ဦးခန့်မှလွဲ၍ ကျန်ပုဂ္ဂိုလ်အားလုံးအား လက်နက်ဖြုတ် သိမ်းပြီး ခရီးစရိတ်ပေးကာ ထို့နည်း
တူ ယမန်နေ့က လွှတ်ပေးလိုက် ပြီးဖြစ်ကြောင်း၊ ကျန်ရှိပုဂ္ဂိုလ်များ အား လည်း လက်နက်မပါဘဲ မိခင်တပ်
မတော်ထံ ပြန်လည်အပ်နှံမည်ဖြစ် ကြောင်း  ဆိုပါသည်။

သျှမ်းပြည်တပ်မတော် နှင့် မိုင်းလားတပ်ဖွဲ့တို့သည် ဦးသိန်းစိန်အစိုးရ နှင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်း
ရေးတည်ဆောက်ထားသည့် တပ်ဖွဲ့များဖြစ်သည်။
သျှမ်းသံတော်ဆင့်

ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ရမ်းကားခဲ့သောပရိသတ်များ စတင်ဖမ်းဆီး


ထိုင်ခုံတွေ ကွင်းထဲရောက်ပြီး ပွဲပျက်သွားတဲ့ နေပြည်တော်ဘောလုံးပွဲ

  ၂၀၁၃ မြန်မာလိဂ်ဘောလုံးရာသီ၏ နောက်ဆုံးပွဲစဉ်ဖြစ်သည့် နေပြည်တော်-ရန်ကုန် ပွဲစဉ်တွင် ရမ်းကားခဲ့သော ပရိသတ်အချို့အနက် ၁၂ ဦးကို စတင်ဖမ်းဆီး စစ်ဆေးနေ ပြီဖြစ်ကြောင်း နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ် အမှတ်(၅)ရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

တာဝန်ရှိသူတစ်ဦးက တရားလိုပြုလုပ်ပြီး တိုင်ကြားချက်အရ အားကစားကွင်းထိုင်ခုံများအား ဖျက်ဆီးခဲ့ရာတွင် ပါဝင်ပတ်သက ခဲ့သည်ဟု ယူဆရသည့် ပရိသတ် ၁၂ဦးကို ဖမ်းဆီး စစ်ဆေးနေခြင်းဖြစ်ကြောင်း အဆိုပ ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက သြဂုတ်လ ၈ ရက် တွင်ပြော သည်။

သြဂုတ် ၄ရက် ညနေပိုင်းက ၀ဏ္ဏသိဒ္ဓိဘောလုံးကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့သည့် အဆိုပါ မြန်မာလိဂ်ပွဲစဉ်၌ ပရိသတ်အချို့၏ ဖျက်ဆီးမှုကြောင့် ထိုင်ခုံအရေအတွက် ၁၅၀ ကျော် ပျက်စီးခဲ့ရပြီး ပျက်စီးဆုံးရှုံးမှုတန်ဖိုး ကျပ်သိန်းသုံးရာဝန်းကျင် ခန့်ရှိကြောင်း ဘောလုံး အဖွဲ့ချုပ်တာဝန်ရှိသူက ပြောသည်။

ဖမ်းဆီးစစ်ဆေးသူများကို ပြည်သူပိုင်ပစ္စည်းကာကွယ်စောင့်ရှောက်ရေး အက်ဥပဒေပုဒ်မ ၆(၁)အရ အမှုဖွင့်အရေးယူထားခြင်းဖြစ်ပြီး ဖျက်ဆီးမှုများတွင် ပါဝင်ပတ်သက်သူများကို ဆက်လက်စုံစမ်း အရေးယူသွားရန်ရှိကြောင်း ဇမ္ဗူသီရိမြို့နယ်၊ အမှတ် (၅)ရဲစခန်းတာဝန်ရှိသူက ဆိုသည်။

၎င်းပွဲစဉ်တွင် ပရိသတ်အချို့ စည်းကမ်းမဲ့သောင်းကျန်းကာ ကွင်းအတွင်းဝင်ရောက်မှု၊ ကစားသမားများ၏ ခိုက်ရန်ဖြစ်ပွားမှုတို့ကြောင့် ပွဲစဉ်ပြီးဆုံးအောင် ယှဉ်ပြိုင်နိုင်ခြင်းမရှိဘဲ ပွဲချိန် ၃၇ မိနစ်တွင် ရပ်နားခဲ့ရသည်။

ဆိုးသွမ်းပရိသတ်အချို့၏ ဖျက်ဆီးမှုကြောင့် ၂၀၁၃ ဆီးဂိမ်းပြိုင်ပွဲ ဖွင့်ပွဲ၊ ပိတ်ပွဲလက်ခံကျင်းပမည့် ၀ဏ္ဏသိဒ္ဓိကွင်းအတွင်းရှိ ထိုင်ခုံများ၊ လက်ရန်းတန်းများ၊ ကြော်ငြာဆိုင်းဘုတ်များ အဓိကပျက်စီး ခဲ့ရကြောင်း ကွင်းအတွင်း သွားရောက်ကြည့်ရှုခဲ့သည့် ပရိသတ်အချို့က ဆိုသည်။

အဆိုပါပွဲစဉ်တွင် နှစ်ဖက်အသင်းမှ အုပ်ချုပ်နည်းပြအဖွဲ့ဝင်များနှင့် ကစားသမားများ ခိုက်ရန်ဖြစ်ပွားမှု များလည်း ရှိခဲ့ကြသည်။

ယင်းဖြစ်စဉ်များနှင့် ပတ်သက်၍ လည်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် စည်းကမ်း ထိန်းသိမ်းရေးကော်မတီအနေဖြင့် အဆိုပါပွဲစဉ်တွင် တာဝန်ယူခဲ့သည့် ပြိုင်ပွဲကြီးကြပ်သူ၊ ဒိုင်လူကြီးများ၏ အစီရင်ခံစာမှတ်တမ်းများ၊ ရုပ်သံမှတ်တမ်းများကို ကြည့်ရှုစစ်ဆေးကာ မကြာမီရက်ပိုင်းအတွင်း အရေးယူမှုများပြုလုပ်သွားရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

Source: 7Day News Journal

စာရေးဆရာ ဦးကျော်ဝင်း ဖယ်ဒရယ်စာတမ်းသစ် လွှတ်တော်မှာ တင်ပြ

 kyaw-win-writer-75.jpg
မြန်မာနိုင်ငံမှာ ဖယ်ဒရယ်စနစ် ထူထောင်ဖို့ဆိုရင် ပြည်ထောင်စုအစိုးရနဲ့ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရ တို့ လုပ်ပိုင်ခွင့်တွေကို အချိုးညီအသုံးချဖို့လိုကြောင်း အဓိကရေးသားထားတဲ့ စာတမ်းတစ်စောင် ကို နိုင်ငံရေးစာပေတွေ ရေးသားနေတဲ့ စာရေးဆရာ ဦးကျော်ဝင်းက ဒီနေ့လွှတ်တော်မှာ တင်ပြခဲ့ပါတယ်။
ဒီနေ့မနက်ပိုင်းက နေပြည်တော် လွှတ်တော်ဝင်းထဲမှာရှိတဲ့ သဘင်ဆောင်မှာ ဖယ်ဒရယ်စနစ် အကြောင်းတွေကို ပညာရှင်တွေက စာတမ်းဖတ်ကြားခဲ့ရာမှာ ပြည်သူ့လွှတ်တော် တရားဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၊ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်း၊ အမျိုးသားလွှတ်တော်ဥက္ကဌ ဦးခင်အောင်မြင့်တို့လည်း တက်ရောက်နားထောင်ခဲ့ကြပါတယ်။
ဖယ်ဒရယ်စနစ် ထူထောင်နိုင်ဖို့အတွက် လွတ်လပ်ရေးရပြီးစအချိန်တုန်းက နိုင်ငံရေးအခြေအနေတွေကို သင်ခန်းစာယူဖို့ လိုအပ်တယ်လို့ ဒီနေ့တက်ရောက်နားထောင်ခဲ့တဲ့ ကွန်ဟိန်းမဲဆန္ဒနယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းဝါနုက RFA ကိုပြောပါတယ်။
"ဟိုးအရင် ၁၉၄၇ တုန်းကလည်း ဒီကရှမ်းမူ ဖယ်ဒရယ်မူ တက်လာတယ်၊ ဖယ်ဒရယ်မူတက်လာတဲ့အချိန်မှာ တခါအာဏာသိမ်းခဲ့တယ်၊ နောက်ထပ်တခါလည်း ဒီဖွဲ့စည်းပုံပြင်ဖို့ဆိုပြီး ၈၈ မှာ အာဏာဖျက်သိမ်းခဲ့တယ်ပေါ့၊ အဲလို သမိုင်းတစ်ကျြော့ပန်မဖြစ်ဖို့ အရေးကြီးတယ်"
ပြည်ထောင်စု မြန်မာနိုင်ငံမှာ ဖယ်ဒရယ်စနစ်ကို အစိုးရနဲ့ လွှတ်တော်အကြီးအကဲတွေက ဖော်ဆောင်ပေးဖို့အတွက် လိုလားနေကြတယ်လို့လည်း ဆရာဦးကျော်ဝင်းက မှတ်ချက်ပေးပြောကြားခဲ့ပါတယ်။
RFA

ရှစ်လေးလုံး အခမ်းအနားမှာလို အနာဂတ်မှာပါ ညီညွှတ်ကြ ဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

 dassk-88-silver-jubilee-305.jpg
အတိတ်သမိုင်းကို သင်ခန်းစာယူရာမှာ နိုင်ငံ အတွက် အကျိုးမရှိတဲ့ သမိုင်းသုံးသပ်ချက်မျိုး မယူကြဖို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ ရှစ်လေးလုံး ငွေရတုအခမ်းအနား မိန့်ခွန်းမှာ တိုက်တွန်းပြောကြားခဲ့ပါတယ်။
ရန်ကုန်မြို့ မြန်မာကွန်ဗန်းရှင်းစင်တာမှာ ကျင်းပတဲ့ ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံ ငွေရတု အခမ်းအနားမှာ အခုလို ထည့်သွင်းပြောကြားခဲ့တာပါ။
"အခုလို ရှစ်လေးလုံးကာလမှာ အားလုံးစုစု စည်းစည်းနဲ့ နေရာတစ်နေရာ မှာ တွေ့ဆုံပြီးတော့ ညီညီညွှတ်ညွှတ် နဲ့ ဆောင်ရွက်နိုင်တယ်ဆိုတာဟာ ကျမတို့နိုင်ငံအတွက် ကောင်းတဲ့ လက္ခဏာဖြစ်ပါ တယ်၊ ဒါပေမယ့် တစ်ရက်၊ နှစ်ရက်၊ သုံးရက် ညီညွှတ်ရုံနဲ့ မလုံလောက်ပါဘူး၊ ကျမတို့ ဆက်ပြီးတော့ ညီညွှတ်မှုကို တည်ဆောက်သွား ရမယ်၊ အတိတ်က ဖြစ်ရပ်တွေအပေါ်မှာ သုံးသပ်ပြီးတော့ ယူတဲ့သင်ခန်းစာတွေဟာ ကျမတို့နိုင်ငံအတွက် အကျိုးမရှိတဲ့ သင်ခန်းစာမျိုးဖြစ်တတ်ပါတယ်၊ သမိုင်းစိတ်ဓာတ်ဆိုတာကလည်း အပြုသဘောဆောင်ဖို့ လိုပါတယ်၊ ဘယ်စိတ်ဓာတ်မဆို အပြုသဘော မဆောင်လို့ရှိရင် ကျမတို့ရဲ့အသိုင်းအဝိုင်း၊ ကျမတို့ရဲ့နိုင်ငံကို အကျိုးပေးမှာမဟုတ်ပါဘူး”



ဒါ့အပြင် ရှစ်လေးလုံးငွေရတုအခမ်းအနားမှာ အားလုံးညီညီညွှတ်ညွှတ်ရှိကြသလို နောင်မှာလည်း ညီညွှတ်မှုကို တည်ဆောက်သွားဖို့ လိုအပ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောခဲ့ပါတယ်။
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ကလည်း အခွင့်ထူးခံကင်းရှင်းပြီး အဆင့်အတန်း မခွဲခြားတဲ့စိတ်ဓာတ်နဲ့ ပြည်ထောင်စု တိုင်းရင်းသားတွေအားလုံး လက်တွဲထူထောင်နိုင်တဲ့ တိုင်းပြည်သစ်တစ်ခု တည်ဆောက်နိုင်ဖို့ကို ဆုတောင်းစကားပြောခဲ့ပါတယ်။
ဒီနေ့ကျရောက်တဲ့ ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံ ငွေရတုအခမ်းအနားကို ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်ဥက္ကဌတွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ ၊ ဆရကြီးဒဂုန်တာရာ အပါအဝင် ပြည်တွင်းပြည်ပ အဖွဲ့အစည်းတွေက သဝဏ်လွှာတွေ ပေးပို့ခဲ့ကြပါတယ်။
ဒီနေ့ ငွေရတုအခမ်းအနားကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဇော်၊ ဦးဌေးဦးတို့အပြင် လွှတ်တော် ကိုယ်စားလှယ်တွေ နိုင်ငံရေးပါတီခေါင်းဆောင်တွေ တိုင်းရင်းသားအဖွဲ့အစည်း ခေါင်းဆောင်တွေ အရပ်ဘက်လူမှုအဖွဲ့အစည်း ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပါတယ်။
ရန်ကုန်မြို့မှာကျင်းပခဲ့တဲ့ ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံ ငွေရတုအခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်၊ ဦးခွန်ထွန်းဦးနဲ့ ကိုမင်းကိုနိုင်တို့ရဲ့ ပြောကြားချက်တွေနဲ့ ပတ်သက်လို့ RFA သတင်းထောက် မဇင်မာဝင်း တင်ပြထားတာ နားဆင်နိုင်ပါတယ်။
ရန်ကုန်မြို့က ဒီနေ့ ရှစ်လေးလုံး ငွေရတုအခမ်းနားကို တက်ရောက်နေကြတဲ့ ပရိတ်သတ်ထဲက ရှစ်လေးလုံး အရေးတော်ပုံအတွင်းက ကျဆုံးသွားသူတွေရဲ့ မိသားစုဝင်တွေ အရေးတော်ပုံမှာ ပါဝင်ခဲ့သူတွေအပြင် အဲဒီအချိန်က နာမည်ကြီး ဘီဘီစီသတင်းထောက် ခရစ်စတိုဖါဂါးနက်တို့ကို RFA ၀ိုင်းတော်သား ဦးဝင်းနိုင် မေးမြန်းတင်ပြထားတာ နားဆင်နိုင်ပါတယ်။
 RFA

ရေဘေးဒုက္ခသည်တွေ အတွက် ဒေါ်အောင်ဆန်း စုကြည် ငွေကျပ် ၇၅ သိန်းလှူဒါန်း

 flood-refugees-305.JPG
မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်က ရေဘေး ဒုက္ခသည်တွေအတွက် NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချူပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ကျပ်ငွေ ၇၅ သိန်း ဒီကနေ့ လှူဒါန်းလိုက်တယ်လို့ သိရပါတယ်။
ကရင်ပြည်နယ်အတွက် ငွေလက်ခံရယူခဲ့တဲ့ ကရင်ပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် ဗဟိုကော်မတီင် ဦးစောတင်င်း က RFA ကို အခုလိုပြောပါတယ်။
"ကျနော်တို့ ဒီနေ့လက်ခံရရှိတယ်ခင်ဗျ၊ မွန်ပြည်နယ်ကို ၂၅ သိန်း၊ ကရင်ပြည်နယ်ကို သိန်း ၅ဝ ချပေးပါတယ်ခင်ဗျာ၊ မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်မှာရှိတဲ့ ရေဘေးဒုက္ခသည်တွေ အတွက် ခွဲပြီးချပေးလိုက်တာပါ၊ ကျနော်တို့ပြည်နယ်တွေမှာ ဒုက္ခရောက်နေတယ်၊ အဲဒါကြောင့် အဖွဲ့ချုပ်အနေနဲ့ အကူအညီလေးပေးပါ ဆိုပြီး ပြည်နယ်အမျိုးသားဒီမိုကရေစီအဖွဲ့အနေနဲ့ တောင်းလိုက်တာပေါ့၊ အဲဒါကို ဗဟိုဥက္ကဌအနေနဲ့ ချပေးလိုက်တာဖြစ်ပါတယ်”

ပြီးခဲ့တဲ့ ဇူလိုင်လကုန်ပိုင်းက မိုးသည်းထန်ပြီး ရေလွမ်းမိုးမှုတွေ ဖြစ်ပေါ်ခဲ့တာကြောင့် ကရင်ပြည်နယ်အတွင်းမှာ လူသုံးသောင်းကျော်နဲ့ မွန်ပြည်နယ်အတွင်းမှာ လူလေးထောင့်ငါးရာကျော် ရေဘေးဒုက္ခကြုံခဲ့ရပါတယ်။
လောလောဆယ် ကရင်ပြည်နယ်အတွင်းမှာ ရေပြန်ကျသွားပြီဖြစ်ပေမဲ့ ဘားအံ၊ ကော့ကရိတ်၊ လှိုင်းဘွဲ့၊ ကြာအင်းဆိပ်ကြီး၊ ကမမောင်းစတဲ့မြို့နယ်တွေက ရေဘေးဒုက္ခသည်တွေဟာ စားတ်နေရေးအတွက် အကူအညီတွေ လိုအပ်နေသေးတာကြောင့် ဒီကနေ့ရလာတဲ့ အလှူငွေတွေကို အဲ့ဒီနေရာတွေမှာ အဓိကထား ကူညီသွားမှာဖြစ်တယ်လို့လည်း ဦးစောတင်င်းက  ပြောပါတယ်။
ကရင်ပြည်နယ်က ရေလွမ်းမိုးခံခဲ့ရတဲ့ ဘားအံနဲ့ လှိုင်းဘွဲ့မြို့နယ်တွေကို အမျိုးသားသဘာဘေး ကာကွယ်စောင့်ရှောက်ရေး ဗဟိုကော်မတီဥက္ကဌ ဒုတိယသမ္မတ ဦးဥာဏ်ထွန်းနဲ့အဖွဲ့ သွားရောက်ခဲ့ပြီး အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ခဲ့ပါသေးတယ်။
 RFA

မြန်မာနိုင်ငံတွင် နိုင်ငံခြားဘဏ်နှင့် ငွေရေးကြေးရေး ကုမ္ပဏီ ၃၄ ခု ကိုယ်စားလှယ်ရုံးခွဲများဖွင့်


  မြန်မာနိုင်ငံတွင် ကိုယ်စားလှယ်ရုံးခွဲ ဖွင့်လှစ်ခွင့်ပြုထားသည့် နိုင်ငံခြား ဘဏ်နှင့် ငွေရေးကြေးရေးကုမ္ပဏီ စုစုပေါင်း ၃၄ ခုရှိကြောင်း မြန် မာနိုင်ငံတော် ဗဟိုဘဏ်၏ ဇူလိုင်လကုန်ထိ စာရင်းများအရ သိရသည်။

အဆိုပါ ကုမ္ပဏီအချို့မှာ လုပ်ငန်းများ စတင်လုပ်ကိုင်နေကြပြီး အချို့မှာ ဈေးကွက်အခြေအနေ စောင့်ကြည့် လေ့လာနေဆဲဖြစ်ကာ ပြည်တွင်းကုမ္ပဏီများဖြင့် ပူးပေါင်း လုပ်ကိုင်နေကြခြင်း များလည်း ရှိကြောင်း ဘဏ်လုပ်ငန်း အသိုင်းအဝိုင်းထံမှ သိရသည်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ် ခွင့်ပြုစာရင်းတွင် Standard Chartered Bank၊ Sumitomo Mitsui Banking Corporation, The Bank of Tokyo-Mitsubishi UFJ, Ltd., AEON Credit Service Company, Export-Import Bank of India, Siam Commercial Bank Public Company Ltd. စသော နိုင်ငံတကာ ငွေကြေးလုပ်ငန်းများ ပါဝင်သည်။

ဂျပန်ငွေကြေးလုပ်ငန်း AEON Credit Service Company က အိမ်သုံးပစ္စည်းများကို အရစ်ကျစနစ်ဖြင့် ဝယ်ယူနိုင်စေ ရန် ငွေချေးပေးသောလုပ် ငန်း ဆောင်ရွက်နေပြီး Sumitomo Mitsui Banking Corporation သည် KDDI နှင့် ပူးပေါင်း၍ ဆက်သွယ်ရေးတင်ဒါ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။

“တိုင်းပြည် ပွင့်လင်းလာတာရယ်၊ ၂၀၁၅ မှာ စတော့အိတ်ချိန်းစဖို့ ပြင်လာ တာရယ်ကြောင့် တောက်လျှောက် ဝင်လာတာပါ” ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက မှတ်ချက်ပေးသည်။

ပြည်တွင်းတွင် ပုဂ္ဂလိကဘဏ်လုပ်ငန်း ၂၂ ခုနှင့် ဘဏ်ခွဲ ၅၈၁ ခု၊ မြန်မာ့စီးပွားရေးဘဏ်၊ နိုင်ငံခြားကုန်သွယ်မှုဘဏ်၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်၊ မြန်မာ့လယ်ယာဖွံ့ ဖြိုးရေးဘဏ် စသော အစိုးရပိုင် ဘဏ်လုပ်ငန်းလေးခုမှ ဘဏ်ခွဲပေါင်း ၅၀၅ ခု ဖွင့်လှစ်ထားကြောင်း ဗဟိုဘဏ်က ထုတ်ပြန်ထားသော စာရင်းများအရ သိရသည်။

The Voice Weekly

» ရဲစခန်း မီးရှို့ မှု လူစုခွဲရာ ဘင်္ဂလီ(၄)ဦး သေဆုံး

 
စစ်တွေမြို့နယ် ၊ အုန်းတောကြီး ဒုက္ခသည်စခန်းတွင် ဧရိယာဝင်းမှ အရာရှိရုံးထိုင်အဆောင်၊ ကင်းစောင့်ရုံ၊ အခြားအဆောင်နှစ်ခု စုစုပေါင်း (၄)ဆောင် မီးလောင်းသွားကြောင်း သိရှိရပြီး အစိုးရမှ သေနပ်ဖောက် လူစုခွဲမှုကြောင်း ဘင်္ဂလီကုလား (၄)ဦးသေဆုံးပြီး တစ်ချို့မှာ ဒဏ်ရာရရှိပြီး အရေးပေါ်ကျန်မာရေး စောင့်ရှောက်မှုများ ပြုလုပ်ထားရကြောင်း သိရှိရပါသည်။

အခင်းဖြစ်စဉ်မှာ အုန်းတောကြီးကျေးရွာ အနီးရှိ ချောင်းမှ ဘင်္ဂလီ အမျိုးသမီး အလောင်း တစ်လောင်း တွေ့ရှိခဲ့ရာ သက်ဆိုင်ရာ နယ်မြေခံရဲစခန်းသို့ ယူဆောင်ကာ စစ်ဆေးမှု များ ပြုလုပ်ရန် ယူဆောင်ခဲ့ကြောင်း၊ အဆိုပါ အလောင်းအား ဘင်္ဂလီများ က မိမိတို့ထံ ပေးရန်တောင်းဆိုရာ မရရှိသဖြင့် ချောင်းဝ ရဲစခန်းအား မီးရှို့ဖျက်ဆီး လိုက်ကြောင်း သိရသည်။

ယနေ့ ညနေထိ အခြေအနေမှာ တင်းမာလျှက်ရှိသည်။ အုန်းတောကြီးဒုက္ခသည်စခန်းသို့ သွားသောလမ်းအားလည်း လုံခြုံရေးများမှ ပိတ်ထားပြီး အခြေအနေကို ထိန်းသိမ်းနေသည်ဟု ကျန်မာရေးဝန်ထမ်းတစ်ဦးမှ RSV အား ပြောပြသွားပါသည်။

စစ်တွေ အုန်းတောကြီးသတင်းနောက်ဆုံးအခြေအနေ

ပဋိပက္ခဖြစ်ပွားခဲ့သော နေရာမှာ ဘောဒူဘဒုက္ခသည်စခန်းနှင့် အုန်းတောကြီးဒုက္ခသည်စခန်းအနီးတစ်ဝိုင်တွင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ယခုအချိန်တွင် ပဋိပက္ခများ ထပ်မံမကြီးထွားလာစေဖို့ နယ်စပ်ရေးရာ လုံခြုံရေး ပြည်နယ်ဝန်ကြီး ဗိုလ်မှူးကြီးထိန်လင်းနှင့် စစ်တွေအခြေစိုက် ကုလသမဂ္ဂအဖွဲ့အစည်းများမှ တာဝန်ရှိသူများ ဘင်္ဂါလီခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးနေကြောင်းသိရသည်။

အုန်းတောကြီးဒုက္ခသည်စခန်းဘက်သို့ မည်သည့် လုံခြုံရေးကားများမှ ဝင်ရောက်၍ မရအောင် လမ်းများကို သစ်ပင်ကြီးများနှင့် ကာဆီးထားခြင်းအပြင် ကတုတ်ကျင်းများ အပိုင်းပိုင်း တူးထားကြောင်းလည်းသိရသည်။

သြဂုတ်လ ၁၂ ရက်နေ့တွင် မစ္စတာ ကင်တားနား စစ်တွေကိုလာရောက်မည်ဖြစ်သည့်တွက် နိုင်ငံတကာတွင် အစိုးရကို အပြစ်ပုံချရန်နှင့် ကင်တားနား မျက်ရည်ကျစေရန် ကြိုတင် အကွက်ချလုပ်ဆောင်ခြင်းဖြစ်ကြောင်း သုံးသပ်ပြောဆိုမှုများရှိနေသည်။

(RSV)

စစ်တွေတွင် လုံထိန်း နှင့် မွတ်စလင်များ အကြား ပဋိပက္ခကြောင့် ၃ ဦးဒဏ်ရာရ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့အနီးရှိ အုန်းတောဒုက္ခသည်စခန်းကို တွေ့ရစဉ်။(ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)
ရခိုင်ပြည်နယ်၊ စစ်တွေမြို့အနီးရှိ အုန်းတောဒုက္ခသည်စခန်းကို တွေ့ရစဉ်။(ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)
 ရခိုင်ပြည်နယ် စစ်တွေမြို့ အုန်းတောကြီး ဒုက္ခသည်စခန်း အနီးရှိ ဗောဒူဖချောင်းတွင် မွတ်စလင် အမျိုးသမီးအလောင်း တလောင်း တွေ့ရှိမှု နှင့် စပ်လျဉ်းပြီး လုံထိန်းရဲ တပ်ဖွဲ့များ နှင့် ဒေသခံ မွတ်စလင်များကြား ပဋိပက္ခဖြစ်ပွားခဲ့ပြီး လုံထိန်းတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် မွတ်စလင် ၃ ဦး ဒဏ်ရာရရှိကြောင်း သိရှိရသည်။
ယနေ့ မနက် ၁၁ နာရီခန့်က စစ်တွေမြို့ အုန်းတောကြီး ဒုက္ခသည် စခန်း အနီးရှိ ဗောဒူဖချောင်းတွင် မွတ်စလင် အမျိုးသမီး အလောင်း တလောင်းတွေ့ရှိရသဖြင့် အာဏာပိုင်များက နယ်မြေခံ ချောင်းဝ ရဲစခန်းသို့ အလောင်းကို ယူဆောင် စစ်ဆေး ခဲ့ကြောင်း၊ အုန်းတောကြီး ဒုက္ခသည်စခန်းမှ မွတ်စလင်များက
မွတ်စလင် အမျိုးသမီးအလောင်းကို ပြန်ပေးရန် ချောင်းဝ ရဲစခန်းသို့ သွားရောက် တောင်းဆိုကြရာ အလောင်းပြန်မရသဖြင့် ရဲစခန်းကို မီးရှို့ဖျက်ဆီး ကြကြောင်း သိရှိရသည်။
ယင်းနောက် ချောင်းဝရဲစခန်းသို့ လုံထိန်း ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး လူစုခွဲရန် မိုးပေါ်သို့ သေနတ် ပစ်ဖောက် သတိပေးခဲ့သော်လည်း လူစုမကွဲသဖြင့် လူအုပ်တွင်းသို့ ပစ်ခတ်ခဲ့ရာမှ မွတ်စလင် ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ချောင်းအတွင်းမှ တွေ့ရှိသည့် အမျိုးသမီးအလောင်း နှင့်ပတ်သက်ပြီး သေဆုံးရသည့် အကြောင်းအရင်းကို သက်ဆိုင်ရာက စုံစမ်းစစ်ဆေး နေဆဲဖြစ်ကြောင်း ရခိုင်ပြည်နယ်အစိုးရ၏ ပြောခွင့်ရပုဂ္ဂိုလ် ဦးဝင်းမြိုင်က ပြောဆိုသည်။
ယနေ့ မနက်ဖြစ်ပွားသော လုံထိန်းများနှင့် မွတ်စလင်များအကြား ပဋိပက္ခဖြစ်စဉ်ကြောင့် မွတ်စလင် ၄ ဦးသေဆုံး၍ ၄ ဦးဒဏ်ရာ ရရှိသည်ဟု သတင်း ထွက်ပေါ်ခဲ့သော်လည်း ယင်းသတင်းမှာ မဟုတ်မှန်ဟု ဦးဝင်းမြိုင်က ဧရာဝတီသို့ ရှင်းပြသည်။
“လူသေတာမရှိပါဘူး။ ဒဏ်ရာရတာပဲ ရှိပါတယ်။ ဒဏ်ရာရတာ ၃ ယောက်လောက်ရှိတယ်။ နောက်ပိုင်းမှာ သတင်း ထုတ်ပြန်ပေးပါ့မယ်” ဟု ဦးဝင်းမြိုင်က ဆိုသည်။
အုန်းတောကြီး ဒုက္ခသည်စခန်းမှ မွတ်စလင်များသည် သစ်ပင်များခုတ်လှဲ၍ လမ်းပိတ်ဆို့ခြင်း၊ လုံခြုံရေး ကားများ မသွားလာနိုင်ရန် ဟန့်တားမှုများပြုလုပ်ခဲ့သည်ဟု ရခိုင်ပြည်နယ်အစိုးရထံမှ သိရှိရသည်။
အုန်းတောကြီး ဒုက္ခသည်စခန်းအနီးမှ မွတ်စလင်တဦးဖြစ်သူ ကိုဇော်ဇော်၏ အဆိုအရ ဗောဒူဖချောင်းတွင် တွေ့ရှိသည့် မွတ်စလင် လူသေအလောင်းကို သဂြိုလ်ရန် သွားရောက်တောင်းဆိုခဲ့ရာ လုံထိန်းများက လက်မခံဘဲ လုံထိန်းတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် မွတ်စလင် ၃ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာ ရရှိခဲ့သည်ဟု ဧရာဝတီသို့ ပြောဆိုသည်။
“လူသေအလောင်းကို လုံထိန်းတွေက ထုတ်မပေးတော့ ကျနော်တို့ဘက်က လူအုံလာပြီး ဆူဆူပူပူဖြစ်လာတယ်။ နောက်ပိုင်းမှာ ရဲကပစ်တော့ ကျနော်တို့ဘက်က ၃ ယောက် ပွဲချင်းပြီးသေတယ်။ ၃ ယောက်ဒဏ်ရာရတယ်။
ဒဏ်ရာရရှိတဲ့သူတွေထဲက တယောက်ကို စစ်တွေဆေးရုံ ပို့လိုက်တယ်။ တယောက်ကို MSF ဆေးခန်းမှာ ပို့ထားတယ်။ တယောက်ကိုတော့ ရဲတွေ ဖမ်းထားတယ်” ဟု ကိုဇော်ဇော်က ပြောသည်။
ဦးဝင်းမြိုင်က လူသေအလောင်း တွေ့ရှိမှုတွင် ရဲတပ်ဖွဲ့က ဆက်လက် အရေးယူ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မွတ်စလင်များသည် လူသေအလောင်းကို တစုံတဦးကို ပြလိုသော ရည်ရွယ်ချက်ဖြင့် တောင်းဆိုလိုခြင်း ဖြစ်နိုင်ကြောင်း၊ မွတ်စလင်များသည် ရဲကင်းများကို ၀င်ရောက်ဖျက်ဆီး မီးရှို့ကြကြောင်း ရှင်းလင်းပြောဆိုသည်။
ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဗဟိုကော်မတီဝင် ဦးခင်မောင်ကြီးက မွတ်စလင်များသည် မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာကင်တာနား ယခုလအတွင်းလာရောက်မည့်အချိန်နှင့်တိုက်ဆိုင်အချိန်ကိုက် ပြဿနာရှာ ခြင်းဖြစ်သည်ဟု
 ပြောဆိုသည်။
“ နိုင်ငံတကာက တယောက်ယောက် လာတော့မယ်ဆိုရင် သူတို့က အမြဲ ဒီလိုလုပ်တယ်။ သူတို့ကို ကမ္ဘာရဲ့ အာရုံစိုက်မှုရ အောင် လုပ်တာပဲ” ဟု ဆိုသည်။
ရခိုင်ပြည်နယ်တွင် ယမန်နှစ်က ဖြစ်ပွားခဲ့သော ပဋိပက္ခများကြောင့် လူပေါင်း ၁၉၂ ဦးသေဆုံးခဲ့ပြီး လူဦးရေ ၁ သိန်းကျော် အိုးမဲ့အိမ်မဲ့ ဒုက္ခသည်များ ဖြစ်ခဲ့ရကြောင်း ရခိုင်ပဋိက္ခ စုံစမ်းရေး ကော်မရှင်၏ အစီရင်ခံစာ ထုတ်ပြန်ချက်အရ သိရှိရသည်။
 http://burma.irrawaddy.org

» ပြည်နယ်အစိုးရတွေကို လုပ်ပိုင်ခွင့်ပိုပေးဖို့ သမ္မတညွှန်ကြား (အသံဖိုင်)


    နေပြည်တော်မှာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ဟာ ပြည်ထောင်စု ၀န်ကြီးတွေ၊ ဒုတိယ ၀န်ကြီးတွေ၊ ပြည်နယ် ၀န်ကြီးချုပ်တွေနဲ့ တွေ့ဆုံပြီး ပြည်နယ် အစိုးရတွေကို လုပ်ပိုင်ခွင့် ပိုပေးဖို့ ကိစ္စအပါအ၀င် ဦးစားပေး လုပ်ဆောင်ရမယ့် လုပ်ငန်းတွေကို ဒီနေ့ ညွှန်ကြား ခဲ့တယ်လို့ သမ္မတပြောခွင့်ရသူ ဦးရဲထွဋ်က ဒီဗွီဘီကို ပြောပါတယ်။

ဒီတွေ့ဆုံပွဲနဲ့ ပတ်သက်တာအပြင် ပြည်ထောင်စု အစိုးရရဲ့ ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံအပေါ် ရပ်တည်ချက်နဲ့ ပတ်သက်ပြီး ဦးရဲထွဋ်ကို မေးမြန်းထားပါတယ်။
by ​အေး​နိုင်  (ဒီဗွီဘီ)

ရှစ်လေးလုံးနေ့က ပြီးသွားပြီ

အောင်ဇင်လတ် (Facebook)  - ရေးသည်။
တိတ်ကဆို ဒီနေ့ဟာ ရင်ထဲက နာနာကျည်းကျည်း သိုမှီထားတဲ့ အမုန်းတရားတွေကို ဖွင့်အံချပြီး ပေါက်ကွဲကြတဲ့နေ့ပေါ့။ ဒီနှစ်မှာတော့ ဒီလိုမဟုတ်တော့ဘူး။

 ၈၈ မျိုးဆက်ခေါင်းဆောင်တွေ ဟာ ဒီနေ့မှာ ၂၀၁၀ အလွန် ဦးတည်ချက်မှုန်ဝါးသွားတဲ့ အစုစုအဖွဲ့အဖွဲ့တွေကို ဒီပွဲနဲ့ပြန်လည်စုစည်းခဲ့တယ်။ တဖက်မှာလည်း ဒီမိုကရေစီလိုလားသူတွေဟာ အတိတ်က ပေဖြစ်ခဲ့စဉ် ခံစားခဲ့ရတဲ့ နာကျည်းဖွယ်ရာ ခံစားချက်တွေကြောင့် အနားဖေးပြန်ခွာပြီး သူတို့ကိုလက်စားချေဖို့ အမြဲကြံစည်နေတယ်လို့ စစ်တပ်ကမြင်နေတဲ့ အဆိုးအမြင်ကိုလည်းပြောင်းလဲသွားစေဖို့ ရည်ရွယ်တာကို တွေ့ရတယ်။
 ပြောမယ်ဆို ဒီပွဲဟာ သူတို့အမြဲပြောတဲ့ ခွင့်လွှတ်တယ် ဒါပေမဲ့ မမေ့ဘူး ဆိုတာကို လက်တွေ့ပြလိုက်တဲ့ပွဲလို့လည်း ပြောရင်မမှားဘူး။ အရေးကြီးဆုံးအချက်က မြန်မာပြည်ငြိမ်းချမ်တိုးတက်စေဖို့ ရှေ့ဆက်လုပ်ရမဲ့ အချက်သုံးချက်ကို တိတိကျကျ ဖေါ်ထုတ်ပေးလိုက်နိုင်တာပဲ။
၁။ ဒီမိုကရက်တစ် ဖယ်ဒရယ်ပြည်ထောင်စုထူထောင်ဖို့ 
၂။ ဒီမိုကရက်တစ် ဖယ်ဒရယ်ပြည်ထောင်စု အဖြစ်ထူထောင်ရေးနဲ့ သင့်လျှော်စေရန်     
    လက်ရှိအခြေခံဥပဒေကိုပဲ ပြင်ဆင်မယ်ဆိုလည်းပြင် ဒါမှမဟုတ် လုံးဝအသစ်ရေးမယ်ဆိုလည်းရေးဖို့ 
 ၃။ ဒီလိုအခြေခံဥပဒေကိုပြင်မယ် ဒါမှမဟုတ် အသစ်ရေးမယ်ဆိုရင် အမျိုးသားညီညွတ်ရေးကို ဦးတည်ပြီး အင်အားစုအားလုံးပါတဲ့ ညီလာခံကြီးတစ်ခု လုပ်ဖို့ ဒီအချက်သုံးချက်လုံးဟာ ဖေါ်ဆောင်ဖို့ ခက်ခဲနက်နဲမှာသေချာတယ် ဒါပေမဲ့ မြန်မာအတွက် သေနတ်သံအားလုံး ထာဝရတိတ်သွားစေမဲ့ အဓိက သော့ချက်ပဲဆိုတာကို သေသေချာချာ ချပြသွားနိုင်တယ်။ ကျနော်အတွက် အကြည်နူးမိဆုံးက စိုးရိမ်နေတဲ့ ၈၈ မျိုးဆက် ခေါင်းဆောင်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည် ဝေးကွာသွားမလားဆိုတဲ့ သောကတွေကို ကွယ်ပျောက်သွားစေခဲ့တာပဲ။ နာကျည်းမှုနဲ့ အမုန်းတရားတွေသာ အမြဲထုံသင်းထားတဲ့ သြဂုတ်လ ၈ ရက်နေ့ကို မြန်မာ့အနာဂါတ်အတွက် ညီညွတ်အားကောင်းတဲ့ တွန်းအားနေ့ရက်အဖြစ် ပြောင်းလဲပေးလိုက်နိုင်တဲ့ ၈၈ မျိုးဆက်အဖွဲ့ကို ကျေးဇူးတင်တယ်။
 Aung Zin Latt(Facebook)

Wednesday, August 7, 2013

ကလေးစစ်သား ၆၈ ဦးကို မိဘလက်ထဲ ပြန်အပ်

 
မြန်မာ့တပ်မတော်က ကုလသမဂ္ဂတာဝန်ရှိသူတွေရဲ့ ရှေ့မှောက်မှာ ကလေးစစ်သား ၆၂ ဦးကို မိဘတွေလက်ထဲ ဒီကနေ့ ပြန်လည်အပ်နှင်းခဲ့ပါတယ်။

ကုလသမဂ္ဂနဲ့ မြန်မာအစိုးရအကြား သဘောတူညီတဲ့ စီမံဆောင်ရွက်ချက် (action plan) အရ မြန်မာ့တပ်မတော်မှာရှိတဲ့ အသက် ၁၈ နှစ်အောက် ကလေးတွေကို စစ်သားအဖြစ်ကနေ ပြန်ထွက်ခွင့်ပေးတာ ဖြစ်ပါတယ်။

ရန်ကုန်တိုင်း သီရိမင်္ဂလာဈေးအရှေ့မှာရှိတဲ့ ဘုရင့်နောင် တပ်မတော်စစ်ကြောရေးမှာ ဒီကနေ့ လွှဲအပ်ခဲ့တာပါလို့ ကလေးသူငယ်များရန်ပုံငွေအဖွဲ့ (ယူနီဆက်) မြန်မာရဲ့ ဆက်သွယ်ရေးအရာရှိက ဒီဗွီဘီကို ပြောပါတယ်။

“ကုလသမဂ္ဂနဲ့ မြန်မာအစိုးရ သဘောတူညီချက်အရ မြန်မာ့တပ်မတော်မှာရှိတဲ့ အသက် ၁၈ နှစ်အောက် ကလေးတွေ လွှတ်ပေးတာကို ကျနော်တို့ လုပ်တယ်။ ဒီကနေ့ ၆၈ ယောက် လွှတ်လိုက်တယ်။ အဲဒါက စတုတ္ထအကြိမ်ပေါ့နော်။ ပြီးခဲ့တဲ့ action plan  လက်မှတ်ထိုးပြီးကတည်းကဆို စုစုပေါင်း ၁၇၆ ယောက်ရှိပြီ။”

ဒီနေ့လွှဲပြောင်းအပ်နှံတဲ့ပွဲကို ကာကွယ်ရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနဲ့ လူဝင်မှုကြီးကြပ်ရေး ၀န်ကြီးဌာနက အကြီးတန်းအရာရှိတွေ တက်ရောက်ပါတယ်။ကုလသမဂ္ဂအရာရှိတွေနဲ့ တခြား အိုင်အန်ဂျီအိုအဖွဲ့တွေလည်း တက်ရောက်ခဲ့သလို ဒီကနေ့ ကလေးစစ်သားလွှတ်ပေးမှုနဲ့ မကြာသေးခင်က ကလေးစစ်သား ၄၂ ဦးကို လွတ်ပေးမှုတွေအပေါ် ကြိုဆိုကြောင်း ထုတ်ပြန်ခဲ့ကြပါတယ်။

ပြန်လွတ်လာတဲ့ကလေးတွေကို ကျောင်းပြန်တက်ရေး၊ မိဘထံပြန်နေရေး၊ သက်မွေး-၀မ်းကျောင်းပညာ သင်ကြားရေးတွေ ဆက်လက်လုပ်ဆောင်ပေးပါတယ်လို့ ယူနီဆက်မြန်မာရဲ့ ဆက်သွယ်ရေးအရာရှိက ရှင်းပြပါတယ်။

“သူတို့က ကျောင်းတက်ချင်လို့ရှိရင် ကျောင်းတက်နိုင်အောင် ယူနီဆက်ဖ်က စီစဉ်ပေးတယ်။ မိဘထံကို ပြန်ချင်တယ်ဆိုရင် ပြန်ဖို့အတွက် ကျနော်တို့ စီစဉ်ပေးမယ်။ တကယ်လို့ ကျောင်းလည်း မနေချင်တော့ဘူး၊ မိဘဆီလည်း မပြန်ချင်တော့ဘူး၊ အသက်မွေးဝမ်းကြောင်း လုပ်ချင်တယ်ဆိုရင် ပန်းရန်တို့၊ လက်သမားတို့၊ ကားဝပ်ရှော့ သင်တန်းတွေကို တက်ဖို့ ကျနော်တို့က စီစဉ်ပေးတယ်။ ကျနော်တို့က ငွေကြေးပိုင်းပဲ စီစဉ်ပေးနိုင်တာ။ ဘယ်လောက်ကုန်ကျမလဲ စီစဉ်ပေးနိုင်တယ်။ တကယ်တမ်း အလုပ်လုပ်တာတော့ လူမှုဝန်ထမ်းက အလုပ်လုပ်တာပေါ့နော်။”

ကုလသမဂ္ဂနဲ့ မြန်မာအစိုးရတို့ဟာ ကလေးသူငယ်တွေကို တပ်သားသစ် စုဆောင်းအသုံးပြုမှုကနေ တားမြစ်ရေး သဘောတူခဲ့ပြီးတဲ့နောက် ဒီလွတ်မြောက်မှုတွေပေါ်ကို ကြိုဆိုတယ်လို့ ကုလသမဂ္ဂဌာနေ ပူးပေါင်းဆောင်ရွက်ရေးမှူး အဆော့နစ်ဟန် Ashok Nigam. က ကြေညာချက်ထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေတုန်းက ကမ္ဘာပေါ်မှာ ကလေးစစ်သား အသုံးပြုမှု အများဆုံးနိုင်ငံတွေထဲမှာ တနိုင်ငံအဖြစ်ရပ်တည်ခဲ့ရာက လက်ရှိအစိုးရလက်ထက်မှာ ကလေးစစ်သားစုဆောင်းမှုတွေ မလုပ်ဖို့ ကာကွယ်ရေးဦးစီးချုပ်ကိုယ်တိုင် ကတိက၀တ်ပြုပြီး ကုလသမဂ္ဂနဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်။

by ​အေး​နိုင် (ဒီဗွီဘီ)

၂၅ နှစ်မြောက် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံ အခမ်းအနား အစိုးရဝန်ကြီးများ တက်ရောက်

 
ရန်ကုန်မြို့မှာ မြန်မာကွန်ဗန်းရှင်းစင်တာမှာ ကျင်းပနေတဲ့ ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ ငွေရတုအခမ်းအနား ဒုတိယနေ့ကို ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနဲ့ ဦးအုန်းမြင့်တို့ တက်ရောက်ပြီး ငွေကျပ် ၁၅ သိန်း လှူဒါန်းလိုက်ပါတယ်။

ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဒုတိယဥက္ကဌ ဝန်ကြီးဦးအောင်မင်းဟာ ရှစ်လေးလုံးငွေရတု အခမ်းအနားကို အသိအမှတ်ပြုအားပေးဖို့ တက်ရောက်တာဖြစ်တယ်လို့ မြန်မာငြိမ်းချမ်းရေးစင်တာက ဦးလှမောင်ရွှေက RFA ကို ပြောပါတယ်။

"ဝန်ကြီးဦးအောင်မင်းကတော့ ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး ကိစ္စတာဝန်ယူတဲ့ လူကြီးတစ်ယောက်အနေနဲ့ ဒီပွဲကိုအသိအမှတ်ပြုပြီး လာအားပေးတာပါ၊ နောက်သူတို့လှူတဲ့အလှူငွေကိုလည်း ဒီမှာရှိတဲ့ကောင်မတီမှာ ပေးခဲ့ပါတယ်"

ရှစ်လေးလုံးငွေရတု အခမ်းအနား ရန်ပုံငွေအတွက် ဝန်ကြီးဦးအောင်မင်းက ငွေကျပ်ဆယ်သိန်းနဲ့ ဝန်ကြီး ဦးအုန်းမြင့်က ငါးသိန်းစီ ပေးအပ်လှူဒါန်းခဲ့တာပါ။

ငွေရတုအခမ်းအနား ဒုတိယနေ့မှာ မြန်မာ့နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုအတွက် ခေါင်းစဉ်အသီးသီးနဲ့ ကျင်းပတဲ့ ဆွေးနွေးပွဲမှာလည်း ဝန်ကြီး ဦးအောင်မင်းနဲ့ ဦးအုန်းမြင့်တို့ တက်ရောက်ပြီး ဝန်ကြီး ဦးအောင်မင်းက တိုင်းရင်းသားအရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ အနာဂတ်ပြည်ထောင်စုအရေးကိစ္စတွေမှာ ဝင်ရောက်ဆွေးနွေးခဲ့ပါတယ်။

ဝန်ကြီး ဦးအောင်မင်းဟာ ရှစ်လေးလုံးဒီမိုကရေစီ အရေးတော်ပုံနဲ့ ပတ်သက်တဲ့ သတင်းဓာတ်ပုံ၊ ဗီဒီယိုပြခန်းနဲ့ နိုင်ငံရေးအကျဉ်းသားတွေအကြောင်း ပြခန်းကိုလည်း လိုက်လံကြည့်ရှုခဲ့ပြီး နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ဖို့ ဆုတောင်းစကားတွေ ရေးသားတဲ့နေရာမှာ အောင်မြင်ကြပါစေလို့ ဝန်ကြီးဦးအောင်မင်းက ရေးသားလက်မှတ်ထိုးပေးခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂ဝ၁၂ ခုနှစ်ကလည်း မန္တလေးမြို့မှာ ကျင်းပခဲ့တဲ့ ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံ အခမ်းအနားမှာလည်း ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနဲ့ ဦးစိုးသိမ်းတို့က ငွေကျပ်ဆယ်သိန်း လှူဒါန်းခဲ့ပါတယ်။

RFA Burmese

AIDS ကာကွယ်ဆေးကို မျောက်များတွင် စမ်းသပ် အသုံးပြု သွားမည်

AIDS ရောဂါ ဖြစ်ပွားစေသည့် HIV ဗိုင်းရပ်စ်ပိုးများကို ကာကွယ်တိုက်ဖျက် သွားနိုင်မည့် HIV Br 18 ဟု အမည်ရသည့် ကာကွယ်ဆေး တစ်မျိုးကို ဘရာဇီး နိုင်ငံ ဆော်ပေါ်လို တက္ကသိုလ် ဆေးပညာ ဌာနမှ သုတေသန အဖွဲ့ က သုတေသနပြု ထုတ်လုပ်နိုင်ခဲ့ပြီး---

၇-၈-၂၀၁၃ ရက်(ဗုဒ္ဓဟူးနေ့)ထုတ် ပြည်မြန်မာနေ့စဉ် သတင်းစာမှ


ရွှေတူးသူများအပေါ် သတ္တုတွင်းဝန်ကြီးဌာန၏ ကြိုတင်ရွှေသွင်းခိုင်းမှုမှာ ဆက်ကြေးကောက်သကဲ့သို့ ဖြစ်နေပြီး အစိုးရကို လုပ်ငန်းရှင်မှ လိမ်လည်ခိုင်းသလို ဖြစ်နေဟု လွှတ်တော်ကိုယ်စားလှယ် ဦးနေ၀င်းထွန်း ပြောကြား

 ရွှေတူးဖော်သူ လုပ်ငန်းရှင်များအပေါ် သတ္တုတွင်းဝန်ကြီးဌာနမှ ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားသည့် စနစ်အရ နိုင်ငံတော်သို့ ပေးသွင်းရမည့် ရွှေများကို ရွှေမတူးရသေးမီ အချိန်၌ပင် ကြိုတင်ပေးသွင်းခိုင်းသည့် စနစ်မှာ ဆက်ကြေးကောက်သကဲ့သို့ ဖြစ်နေသည်ဟု သြဂုတ် ၆ ရက်က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်တွင် လွှတ်တော်ကိုယ်စားလှယ် ဦးနေ၀င်းထွန်းက ပြောကြားခဲ့သည်။
ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားသည့် စာချုပ်ပါ စည်းကမ်းချက်များတွင်လည်း ၀န်ကြီးဌာန အနေဖြင့် လုပ်ငန်းရှင်များ လိုက်နာနိုင်မှု ရှိမရှိ ဆန်းစစ်မှုမရှိဘဲ ၀န်ကြီးဌာနမှ အထက်စီးရယူ ချုပ်ဆိုထားခြင်း ဖြစ်သည်ဟုလည်း ပြောကြားခဲ့သည်။
ရွှေမထွက်မီ၊ ရွှေတူးပင်မတူးရသေးမီ ရွှေကြိုတင်ပေးသွင်းရန် သတ်မှတ်ထားသည့် အချက်များ၊ ရွှေမည်မျှ ထွက်မည်မသိဘဲ ပုတ်ပြတ်ဖြင့် တစ်ဧက မည်မျှပေးသွင်းရမည်ဟု သတ်မှတ်ထားချက်များကဲ့သို့ လုပ်ငန်းရှင် လိုက်နာရန်ခက်ခဲသည့် စည်းကမ်းများသည်လည်း ကိုယ့်အစိုးရကို ကိုယ်တိုင်ပြန်၍ မလိမ်လိမ်အောင် တွန်းအားပေးသကဲ့သို့ ဖြစ်နေသည်ဟု ထောက်ပြခဲ့သည်။
ငွေကြေးအရင်းအနှီး မထည့်ဘဲ လုပ်ငန်းရှင်များမှ တစ်ဖက်သတ် ထည့်ဝင်ပေးနေရသည့် စာချုပ်များအရ လုပ်ငန်းရှင်များဘက်မှ လိုက်နာနိုင်ခြင်း မရှိသည့်အတွက် . . . . .
ရှမ်းပြည်နယ်၊ မဲဆန္ဒနယ် အမှတ် (၉) အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးနေ၀င်းထွန်းက အကြီးစားနှင့် အသေးစား ရွှေထုတ်လုပ်မှု နှစ်မျိုးစလုံးတွင် နိုင်ငံတော်က ငွေကြေးအရင်းအနှီး လုံးဝထည့်ဝင်ခြင်း မရှိဘဲ လုပ်ငန်းရှင်ကသာ မြေငှားခ၊ သစ်တောအတွင်း ကျရောက်လျှင် သစ်တောအား ပေးရသည့် နှစ်စဉ်ကြေးများ ပေးရကြောင်း၊ အကြီးစားများ အနေဖြင့် ဓာတ်သတ္တုခွန် ငါးရာခိုင်နှုန်းနှင့် အရင်းငွေကြေးမစိုက်သည့် သတ္တုတွင်း ၀န်ကြီးဌာနသို့ ၄၀ မှ ၅၀ ရာခိုင်နှုန်း၊ အသေးစားများ အနေဖြင့် ဓာတ်သတ္တုခွန် ငါးရာခိုင်နှုန်းနှင့် နိုင်ငံတော်အချိုး ၃၀ ရာခိုင်နှုန်းကို လုပ်ငန်းရှင်က တစ်ဖက်သတ် ကျခံနေရကြောင်း ပြောကြားသည်။
အသေးစား ရွှေထုတ်လုပ်သူများဆိုလျှင် အခွန်အပါအ၀င် နိုင်ငံတော်သို့ ပေးသွင်းရမည့် ၃၅ ရာခိုင်နှုန်းအတွက် ကျသင့်ရွှေပမာဏကို လုပ်ကွက်အတွင်း မ၀င်ရသေးမီ အချိန်၌ပင် ကြိုတင်ပေးသွင်းရကြောင်း၊ ရွှေမတွေ့ ရွှေမထွက်ခင် အချိန်ကပင် ပေးသွင်းရန် သတ်မှတ်ထားမှုမှာ ဆက်ကြေးကောက်သကဲ့သို့ ဖြစ်နေကြောင်း ထောက်ပြသွားသည်။
ယခုရွှေကြွေးပေးသွင်းရန်ကျန်သည့် ပြဿနာများ ဖြစ်ပေါ်ရခြင်းမှာ သတ္တုတွင်း ၀န်ကြီးဌာန၏ တစ်ဖက်သတ်အသာစီးရယူ ချုပ်ဆိုထားသည့် စာချုပ်များကြောင့်လည်းကောင်း၊ ၀န်ကြီးဌာန အနေဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ဆန့်ကျင်၍ ယခင်အစိုးရ လက်ထက်ကတည်းက ဒဏ်ကြေးပေးဆောင် ပြီးပြတ်ခဲ့မှုအား ပြန်လည်၍ နောက်တစ်ကြိမ် တောင်းခံသည့် လုပ်ရပ်များကြောင့် ဖြစ်သည်ဟု ပြောကြားခဲ့သည်။ လက်ရှိတွင် လုပ်ငန်းရှင်များမှ ပေးသွင်းရန် ကျန်သည့်ကြွေးကျန် ရွှေကြမ်းပမာဏမှာ ကျပ်သား ၆၀၀၀ ကျော်အထိ ရှိကြောင်း၊ ငွေကြေးအရင်းအနှီး မထည့်ဘဲ လုပ်ငန်းရှင်များမှ တစ်ဖက်သတ် ထည့်ဝင်ပေးနေရသည့် စာချုပ်များအရ လုပ်ငန်းရှင်များဘက်မှ လိုက်နာနိုင်ခြင်း မရှိသည့်အတွက် အစိုးရသစ်လက်ထက် ပထမဆုံး ဘဏ္ဍာနှစ်အတွင်း ရွှေလုပ်ကွက် အကြီးစားတစ်ကွက်နှင့် အသေးစား ၁၃၆၅ ကွက်ရှိရာမှ ၅၈၇ ကွက်အထိ မလုပ်ဘဲ ပြန်လည်အပ်နှံ ခဲ့သည်အထိ ရှိသည်ဟု သိရသည်။
Eleven

မြန်မာနိုင်ငံ ခရီးသွားသတိပေးချက် ဗြိတိန်ထုတ်ပြန်

မြန်မာနိုင်ငံရဲ့ တချို့ဒေသတွေမှာ မတည်ငြိမ်မှုတွေ ဖြစ်ပွားနိုင်တဲ့ အနေအထားရှိလို့ဆိုပြီး အဲ့ဒီဒေသတွေဆီ ခရီးမသွားကြဖို့ ဗြိတိသျှအစိုးရက အင်္ဂါနေ့ကပဲ သတိပေးချက် ထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံအနောက်ခြမ်း ရခိုင်ပြည်နယ်ကို မဖြစ်မနေကလွဲလို့ မသွားရောက်ကြဖို့ ဗြိတိသျှနိုင်ငံခြားရေးရုံးက သတိပေးထားတာ ဖြစ်ပါတယ်။ ဘယ်လို အနေအထေားမျိုးကြောင့် စိုးရိမ်တာလဲ ဆိုတာကိုတော့ တိတိကျကျ ပြောမထားပါဘူး။

လူအုပ်စု ၂ စုကြား ပဋိပက္ခတွေ ဖြစ်ပွားခဲ့ဖူးတဲ့ ရခိုင်ပြည်နယ်မှာ အခြေအနေ ဆိုးလာနိုင်တယ်လို့ ဗြိတိသျှအစိုးရက အဲဒီ သတိပေးချက်မှာ ပြောထားပါ တယ်။ မြန်မာစစ်တပ်နဲ့ တိုင်းရင်းသား သူပုန်တွေကြား တိုက်ခိုက်မှုတွေ ဖြစ်ပွားတဲ့ မြန်မာနိုင်ငံမြောက်ပိုင်းက ကချင်ပြည်နယ်ကိုလည်း မသွားကြဖို့ တားမြစ်ထားတာပါ။

ကချင်ဒေသမှာ တိုက်ခိုက်မှုတွေ လျော့နည်းသွားပြီ ဆိုပေမဲ့ တိုက်ပွဲတွေ ထပ်ဖြစ်မယ့် အန္တရာယ် ရှိသေးတယ်လို့လည်း ပြောထားပါတယ်။ အဲ့ဒီဒေသတွေအပြင် ပြီးခဲ့တဲ့လပိုင်းတွေက လူမျိုးရေး ဘာသာရေး အဓိကရုဏ်းတွေ ဖြစ်ပွားခဲ့တဲ့ မြန်မာနိုင်ငံ အလယ်ပိုင်းဒေသက မြို့တချို့ဆီလည်း မသွားဖို့ သတိပေးထားတာပါ။

၂၀၁၁ ခုနှစ်မှာတော့ ဗြိတိန်နိုင်ငံကနေ မြန်မာနိုင်ငံကို သွားလည်သူ (၇၀၀၀) ကျော်ရှိခဲ့ပြီး ဘာပြဿနာမှ သိပ်မရှိခဲ့ပါဘူး။ မြန်မာနိုင်ငံမှာ ဆန္ဒပြပွဲတွေ လူအများအပြား စုဝေးမှုတွေ တွေ့ရင် ရှောင်ဖို့ စစ်သားတွေကို ဓာတ်ပုံ ဗွီဒီယို ရိုက်တာမျိုးတွေ သွားမလုပ်ဖို့လည်း ပြောထားပါတယ်။

စစ်တပ်က အင်အားသုံး ထိန်းချုပ်ခဲ့လို့ ကျောင်းသားနဲ့ ပြည်သူ ရာချီ သေဆုံး ခဲ့ရတဲ့ ၈ လေးလုံး အရေးတော်ပုံ ၂၅ နှစ်ပြည့်တော့မယ့်အချိန်မှာပဲ အခုလို ဗြိတိသျှအစိုးရရဲ့ ခရီးသွား သတိပေးချက် ထွက်လာတာလည်း ဖြစ်ပါ တယ်။
VOA

Tuesday, August 6, 2013

မန္တလေးတွင် ကျပ် ၇၅ သိန်းတန် တန်ဖိုးနည်း အိမ်ရာများ ရောင်းချရန် စီစဉ်


သြဂုတ်လ ၆ ရက် ၂၀၁၃

မန္တလေးမြို့တော် ချမ်းမြသာစည်မြို့နယ် မမ (၁၅) အကွက်တွင် တည်ဆောက်မည့် တန်ဖိုးနည်း အိမ်ရာတွင် တိုက်ခန်း တစ်ခန်းကို ကျပ် ၇၅ သိန်း ဝန်းကျင်ဖြင့် ရောင်းချပေးရန် စီစဉ်ထားကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ အကြံပေးအဖွဲ့ ခေါင်းဆောင် ဦးပိုမြင့်က ပြောကြားသည်။

အဆိုပါ တန်ဖိုးနည်းအိမ်ရာ တိုက်ခန်းများကို အိမ်ရာ ဆောက်လုပ် မည့် မြေနေရာတွင် ရှိသော မြေဝယ်ယူမှု မှားယွင်းသူများနှင့် အစိုးရ ဝန်ထမ်း များကို ဦးစားပေး ရောင်းချပေးသွားမည် ဖြစ်ပြီး တိုက်ခန်း အမျိုးအစား အလိုက် ဈေးနှုန်း အပြောင်းအလဲ ရှိကြောင်း ၎င်းက ဆိုသည်။

တန်ဖိုးနည်းအိမ်ရာ တည်ဆောက်မည့် မြေနေရာများကို ၁၉၉၀ ပြည့်နှစ် ကတည်းက စီမံကိန်းအတွက် သိမ်းယူထားပြီး ဖြစ်သော်လည်း စီမံကိန်း အကောင်အထည် မဖော်သေးသည့်အတွက် ယင်းနေရာတွင် မူလ ပိုင်ရှင် များထံမှ ဝယ်ယူကာ နေထိုင်ကြသူ အိမ်ခြေ ၁၀၀ ခန့်ရှိပြီး အဆိုပါ မြေ ဝယ်ယူမှု မှားယွင်းသူများကို ဦးစားပေး ရောင်းချပေးမည် ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ အဆောက်အအုံနှင့် ကုန်ရုံ ဌာနမှ ဌာနမှူး ဦးမျိုးအောင်က ဆိုသည်။

“ပြည်သူတွေကို ဈေး သက်သက်သာသာနဲ့ ရောင်းချပေးချင်လို့ စည်ပင် အနေနဲ့ မြေတန်ဖိုး လမ်း၊ ရေ၊ မီးစတဲ့ ကုန်ကျစရိတ် ထည့်တွက်မှာ မဟုတ်ဘဲနဲ့ အဆောက်အအုံ တည်ဆောက်မှု တန်ဖိုးနဲ့သာ ရောင်းချပေးမှာ ပါ” ဟု ၎င်းက ဆိုသည်။

တန်ဖိုးနည်း အိမ်ရာများကို ပထမအဆင့် အနေနှင့် ချမ်းမြသာစည်မြို့နယ် မမ (၁၅) အကွက်တွင် အခန်း ၅၁ ခန်း ပါဝင်မည့် တိုက် ၂၂ လုံးကို စတင် ဆောင်ရွက်တော့မည် ဖြစ်ပြီး လက်ရှိတွင် တန်ဖိုးနည်း အိမ်ရာ စီမံကိန်းတွင် ပါဝင်သည့် အကွက်များ အားလုံးတွင် လမ်းခင်းပြီး ပြီ ဖြစ်ကြောင်း ဦးမျိုးအောင်ထံမှ သိရသည်။

“ဇူလိုင် ပထမပတ်မှာ လုပ်ငန်းစနိုင်ဖို့ ရည်ရွယ်ထားပေမယ့် အဆောက်အအုံ ဒီဇိုင်း နည်းနည်း အဆင်မပြေ ဖြစ်သွားလို့ မြို့တော်ဝန်ကို တင်ပြပြီး ဒီဇိုင်း ပြန်ဆွဲတာ ပြီးသွားပြီ။ အရင် ဒီဇိုင်းမှာက လမ်းဘက် ကို နောက်ကျောပေးထားတဲ့ အခန်းတွေ ပါနေလို့ မြို့တော်ဝန်ကြီးက သိပ်သဘောမကျ ဘူး” ဟု ၎င်းက ဆိုသည်။

သက်ဆိုင်ရာ၏ ခွင့်ပြုချက် ရပြီးပါက မမ ၁၅ အကွက်တွင် စတင် ဆောက် လုပ်မည် ဖြစ်ပြီး တိုက်ခန်းများ တည်ဆောက်ပြီးမှသာ ရောင်းချမည် ဖြစ် သည်။

ချမ်းမြသာစည်မြို့နယ်နှင့် ပြည်ကြီးတံခွန်မြို့နယ်တို့အတွင်း တန်ဖိုးနည်း တိုက်ခန်းပေါင်း ငါးထောင်ကျော်ကို မြရည်နန္ဒာနှင့် အောင်သာယာ ရပ်ကွက် တို့ အတွင်းရှိ လမ်း ၄၄ နှင့် ၄၈ လမ်းကြား ယုဇနလမ်းနှင့် စပါယ်လမ်းကြား အကွက်အမှတ် မမ - ၁၅၊ ၁၆၊ ၂၆၊ ၂၇၊ ၂၈၊ ၂၉ ပေါ်တွင် တည်ဆောက် မည် ဖြစ်ကြောင်း၊ အကွက် အမှတ် မမ-၁၅ တွင် တည်ဆောက်မည့် တိုက်ခန်းများ အတွက်သာ ဈေးနှုန်း သတ်မှတ်ရသေးပြီး အကွက် အမှတ် မမ - ၁၆၊၂၆၊၂၇၊၂၈၊၂၉ အတွက်မူ ဒီဇိုင်းပေါ် မူတည်ပြီး ဈေးနှုန်း ထပ်မံ သတ်မှတ်မည် ဖြစ်ကြောင်း အဆောက်အအုံနှင့် ကုန်ရုံဌာနထံမှ သိရသည်။

မန္တလေးမြို့ မြရည်နန္ဒာ ရပ်ကွက်၌ ၂၀၁၂ ခုနှစ် စက်တင်ဘာလခန့်က မိမိသဘောဖြင့် ခြံစည်းရိုး ခတ်၍ သွပ်မိုး ထရံကာ ပေ ၃၀x ၄၀ ပတ်လည် အိမ်များ ဆောက်ကာ နေထိုင်သူများကို မန္တလေး မြို့တော် စည်ပင်သာယာရေး ကော်မတီက ရှင်းလင်းရန် ဆောင်ရွက်ခဲ့သော် လည်း နေထိုင်သူများက ဖယ်ရှားပေးခြင်း မရှိခဲ့ပေ။

အဆိုပါ ကျူးကျော် နေထိုင်သူများထံမှ ငွေကျပ် ရှစ်သိန်းဖြင့် တစ်ဆင့် ပြန် လည် ဝယ်ယူသူများပင် ရှိခဲ့သည်။

မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီက အဆိုပါနေရာတွင် ကျူးကျော် နေထိုင်သူများကို နောက်ဆုံး ဖယ်ရှားပေးရန် ရက်သတ်မှတ် ၍ ပြုလုပ်ပေးခဲ့သော်လည်း လိုက်နာခြင်း မရှိသဖြင့် ၂၀၁၃ ခုနှစ် မတ်လ၌ အဆိုပါ ကျူးကျော်များအား မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ က ဘူဒိုဇာဖြင့် ထိုး၍ ဖယ်ရှား ရှင်းလင်းခဲ့သည်။

The Voice Weekly

မန္တလေးမြို့မှာ ကျင်းပတဲ့ ၈၈၈၈ ငွေရတုအခမ်းအနားဖွင့်ပွဲ(ရုပ်-သံ)

Aug 6, 2013 12:07pm
 မန္တလေးမြို့မှာ ကျင်းပတဲ့ ၈၈၈၈ ငွေရတုအခမ်းအနားကို ၃၁ လမ်းနဲ့ ၈၄ လမ်းဒေါင့်မှာရှိတဲ့ ဓမ္မသာလ ခန်းမမှာ နံနက် ၈ နာရီ ၈မိနစ် ၈စက္ကန့် မှာ ဦးဝင်းတင်နဲ့ ဦးသိန်းတန်တို့ က ဖဲကြိုးဖြတ်ဖွင့်လှစ်။
 ရိုက်ကူး - အိမ်ခိုင်မြဲ
ရိုက်ကူး - အိမ်ခိုင်မြဲ DVB

ရန်ကုန်မှာ ၈ လေလုံး ငွေရတု စတင်ဖွင့်လှစ်


၈ လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ ၂၅ နှစ်မြောက် ငွေရတု အခမ်း အနားကို ရန်ကုန်မြို့ မြန်ကွန်ဗန်းရှင်စင်တာ မန်စီစီ မှာ ဒီကနေ့စတင်ဖွင့်လှစ် လိုက်ပြီ ဖြစ်ပါတယ်။

၃ ရက်ကြာ ကျင်းပမယ့် ဒီအခမ်းအနားမှာ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် တဦးဖြစ်တဲ့ ကိုမင်းကိုနိုင်က အဖွင့် မိန့်ခွန်းပြောကြားခဲ့ပါတယ်။

နေ့လည်ပိုင်းမှာတော့ အပစ်အခတ်ရပ်စဲရေး ဒီမိုကရေစီရေးနဲ တိုင်းရင်းသား ရေးရာတွေ အပါအဝင် ခေါင်းစဉ် ၆ ခုနဲ့ ဆွေးနွေးပွဲတွေ ပြလုပ်ခဲ့ပါတယ်။

ကျောင်းသားတပ်မတော် နဲ့ အစိုးရ သမိုင်းဝင် သဘောတူ

နှစ် ကျော် ကြာ အစိုးရနဲ့ ၅ ကြိမ် ထက် မနည်း တွေ့ဆုံညှိနှိုင်း ခဲ့ပြီးနောက် အပစ်ရပ်ဖို့ သဘောတူ
 မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး ABSDF ကျောင်းသား တပ်မတော်နဲ့ အစိုးရ အကြား အပစ် အခတ် ရပ်စဲရေး သဘောတူ လက်မှတ် ရေးထိုး ခဲ့ပြီ ဖြစ်ပါတယ်။

၈ လေးလုံး လူထု အုံကြွမှု ကြီးကနေ ပေါက်ဖွား လာခဲ့ပြီး၊ အစိုးရကို ၂၅ နှစ်ကြာ လက်နက်ကိုင် ဆန့်ကျင် တိုက်ခိုက် ခဲ့တဲ့ ကျောင်းသား တပ်မတော်မှ ဥက္ကဌ ရဲဘော်သံခဲ ဦးဆောင်တဲ့ ကိုယ်စားလှယ် အဖွဲ့ဟာ ရန်ကုန် ငြိမ်းချမ်းရေး စင်တာမှာ အစိုးရ ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး အဖွဲ့နဲ့ အဓိက အချက် လေးချက် ပါ သဘောတူ ညီချက်ကို လက်မှတ် ရေးထိုး ခဲ့တာ ဖြစ်ပါတယ်။

ဒီလက်မှတ်ထိုးပွဲမှာ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း အဖွဲ့ အစည်းက ကိုမင်းကိုနိုင် အပါ အဝင် ခေါင်းဆောင် တခိျု့ ကလည်း အသိ သက်သေတွေ အဖြစ် ပါဝင် လက်မှတ် ရေးထိုးခဲ့ကြပါတယ်။

၂နှစ် ကျော် ကြာ အစိုးရနဲ့ ၅ ကြိမ် ထက် မနည်း တွေ့ဆုံညှိနှိုင်း ခဲ့ပြီးနောက် သြဂုတ်လ ၅ ရက်နေ့မှာ အပစ်ရပ်ရေး သဘာတူ နိုင်ခဲ့ တာဟာ မြန်မာ နိုင်ငံရဲ့ သမိုင်း မှတ်တိုင် တခုလို့ ပြောရမှာ ဖြစ်ပါတယ်။

ABSDF ဥက္ကဌ ကိုသံခဲ ကတော့ နိုင်ငံရေး ဆွေးနွေးပွဲတွေ အတွက် အပစ် အခတ် ရပ်စဲရေးဟာ ပဏာမ ဖြစ်တယ် ဆိုတာကို လက်ခံ ထားတာ ဖြစ်တယ်လို့ ပြောပါ တယ်။ လာမယ့် သြဂုတ်လ ၁၀ ရက်နေ့ မှာတော့ တနိုင်ငံလုံးနဲ့ ပတ်သက် နေတဲ့ နိုင်ငံရေး ကိစ္စ ရပ်တွေကို ဆွေးနွေး သွားမယ်လို့ ကိုသံခဲက ဆက်ပြော ပါတယ်။

ငြိမ်းချမ်းရေး အကျိုးဆောင်တွေ ကလည်း ကျောင်းသား တပ်မတော်နဲ့ အပစ် အခပ် ရပ်စဲဖို့ ဒီလောက် အချိန် ယူရတာဟာ ကျောင်းသား တွေက ပေါက်ဖွား လာတာ ဖြစ်တဲ့ အတွက် နိုင်ငံရေး အရ ဆွေးနွေး တိုင်ပင် ရတာ တွေများ တယ်လို့ ပြောပါတယ်။

ဒီဆွေးနွေးပွဲကို ABSDF ဗဟို ဌာနချုပ် အပြင် မြောက်ပိုင်းနဲ့ အနောက်ပိုင်းက ကိုယ်စားလှယ်တွေ အပါအဝင် စုစုပေါင်း အယောက် ၃ဝ ကျော် တက်ရောက် ခဲ့ သလို အစိုးရရဲ့ ကာကွယ်ရေး ဝန်ကြီး ဌာနက စစ်ဖက် ညှိနှိုင်းရေးမှူး ဗိုလ်ချုပ်ကြီး သက်နိုင်ဝင်းနဲ့ တပ်ဘက်က အဆင့်မြင့် အရာရှိတွေပါ တက်ရောက် ခဲ့ကြ ပါတယ်။

အခု နှစ်ဘက် အပစ် အခတ် ရပ်စဲ ရေးဟာ ပြည်နယ် အဆင့် သဘောတူ တာ ဖြစ်ပြီး ကရင်ပြည်နယ် အနေနဲ့ လက်မှတ် ရေးထိုး ထားတာ ဖြစ်တဲ့ အတွက် မြဝတီ မြို့မှာ မကြာခင် ဆက်ဆံရေးရုံး ဖွင့်ဖို့ရှိ ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

မြိတ်မြို့နယ် အာဏာပိုင်များ နယ်မြေ NLD ရုံးတွင် ၀င်ရောက်ပြီး 8888 ငွေရတု ပိုစတာများကို ဖြုတ်သိမ်း

မြိတ်မြို့နယ် အာဏာပိုင်များ နယ်မြေ NLD ရုံးတွင် ၀င်ရောက်ပြီး 8888 ငွေရတု ပိုစတာများကို ဖြုတ်သိမ်းခိုင်းစဉ်
 ယနေ့(5.8.2013)ရက်၊ ည(8:00)ခန့်က မြိတ်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှုး ဦးသိန်းဝင်းနှင့်နယ်မြေရဲတပ်ဖွဲ့များမှ မြိတ်တောင်နယ်မြေ NLDရပ်/ကျေးရုံးသို့ ၀င်ရောက်လာပြီး အထက်မှ ညွှန်ကြားသည်ဟု ဆိုကာ 8888ငွေရတု အထိမ်းအမှတ်ဗွီနိုင်း ပိုစတာကို လာရောက် ဖြုတ်သိမ်းခိုင်းပါသည်။

NLDနယ်မြေ တာဝန်ခံများမှလဲ NLDပါတီသည် တရားဝင် မှတ်ပုံတင်ဖွဲ့စည်း ထားသည့် အတွက် တရားဝင် စာထုတ်ပေးပါရန်၊ မိမိတို့မြို့နယ် NLDဥက္ကဌနှင့် သွားရောက် တွေ့ဆုံ ဆွေးနွေးသင့်ကြောင်း၊ မိမိတို့မြို့နယ် NLD အလုပ်အမှုဆောင်များမှလဲ ဘာမျှ မသိရှိရသေးကြောင်း၊ မြို့နယ် NLD အလုပ်အမှုဆောင်အဖွဲ့မှ ညွှန်ကြားလာပါလျှင် ဖြုတ်သိမ်းပေးမည် ဖြစ်ကြောင်း ပြန်လည်ပြောကြား ခဲ့ပါသည်။

ထိုသို့ပြောကြား ပြီးနောက် မြို့နယ်ထွေ/အုပ်နှင့် အဖွဲ့သည် မြို့အတွင်း လှည့်လည်၍ ၈၈၈၈ငွေရတု အခမ်းအနား ဗွီနိုင်းပိုစတာ ချိတ်ဆွဲထားသော နေရာများသို့ သွားရောက် ဖြုတ်သိမ်းခဲ့ကြကြောင်း သတင်းရရှိပါသည်။

မြိတ်မြို့နယ် NLD ရုံးတွင်ချိတ်ဆွဲ ထားသော ပိုစတာကိုလဲ ညအချိန်ခန့်မှ (မည်သူ၏ လက်ချက်မှန်းမသိပဲ) ဖြုတ်ချ ခံခဲ့ရပါသည်။

သက်ဆိုင်ရာ အာဏာပိုင်တို့အနေဖြင့် မြို့နယ်NLDအား အကြောင်းကြားခြင်းမရှိ၊ ဆင့်ခေါ်ခြင်းမရှိ၊ ဆွေးနွေးခြင်းမရှိ၊ ညှိုနှိုင်းခြင်းမရှိ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်၏ ခွင့်ပြုချက်လဲမရှိ၊ မြို့နယ် NLD အလုပ်အမှုဆောင်များ အပေါ် ခွင့်တောင်းခြင်းမရှိပဲ NLDရပ်/ကျေးရုံးများသို့ ၀င်ရောက်တားဆီးခြင်းသည် တရားဥပဒေ စိုးမိုးမှုအပေါ် မထီမဲ့မြင်ပြုရာ ရောက်ခြင်း၊ မြို့နယ်NLDရုံးအပေါ် လေးစားသမှုမရှိခြင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေကို မလိုက်နာခြင်း ဖြစ်ကြောင်းတွေ့ရှိရပါသည်။

ထို့ကြောင့် ၎င်းတို့၏ လုပ်ရပ်အပေါ် မြိတ်မြို့နယ်NLD အလုပ်အမှုဆောင်များနှင့် ပါတီဝင်များက
ပင်းပြင်းထန်ထန်ရှုံ့ချလိုက်သည်။

National League For Democracy (Myeik)

» အင်ဒို ဗုဒ္ဓဘုရားကျောင်း ဗုံးကွဲမှု မြန်မာပြည်နဲ့ဆက်နွယ်ဟုဆို

 
အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာရှိတဲ့ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ကျောင်းဝင်း အတွင်း တနင်္ဂနွေနေ့က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တဲ့အတွက် လူ ၃ ဦး ထိခိုက် ဒဏ်ရာ ရသွားခဲ့ပါတယ်။ ဒီဗုံးပေါက်ကွဲမှုဟာ မြန်မာနိုင်ငံအတွင်းက ရိုဟင်ဂျာ မူဆလင်တွေအပေါ် အကြမ်းဖက် ဖိနှိပ်မှုတွေကို လက်စားချေတဲ့အနေနဲ့ အခုလို ဗုံးပေါက်ခဲ့တာ ဖြစ်နိုင်ကြောင်း အင်ဒိုနီးရှား အရာရှိတွေက ပြောပါတယ်။

ဗုံးပေါက်ကွဲတဲ့နေရာမှာ “ရိုဟင်ဂျာတွေရဲ့ အော်ဟစ်သံကို ကျွန်ုပ်တို့ ကြားရပါတယ်” လို့ အဓိပ္ပါယ်ရတဲ့ စာရေးထားခဲ့တာကို တွေ့ရတယ်လို့ အင်ဒိုနီးရှား ဘာသာရေးဆိုင်ရာဝန်ကြီး ဆူရာဒါမာ အလီ (Suryadharma Ali) က ပြောပါတယ်။

အနောက် ဂျကာတာမှာရှိတဲ့ Ekayana ဘုန်းကြီးကျောင်းအတွင်း တနင်္ဂနွေနေ့ညက လူတွေ ဘုရားရှိခိုးနေတဲ့အချိန် သိပ်အင်အားမပြင်းလှတဲ့ ဗုံးတလုံး ပေါက်ကွဲခဲ့တာပါ။ နောက်တလုံးကတော့ မီးခိုးပဲထွက်ပြီး မပေါက်ကွဲခဲ့ဘူးလို့ အင်ဒိုနီးရှား ရဲတပ်ဖွဲ့က ပြောပါတယ်။ မပေါက်ကွဲသေးတဲ့ တတိယ ဗုံးတလုံးကိုလဲ တွေ့ရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်း မနှစ်က ဒေသခံ ရခိုင်လူမျိုးတွေနဲ့ ရိုဟင်ဂျာတွေအကြား အကြမ်းဖက် တိုက်ခိုက်မှုတွေ အပြန်အလှန် ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ထောင်နဲ့ ချီတဲ့ ရိုဟင်ဂျာတွေ အိုးအိမ် စွန့်ခွာ ထွက်ပြေးခဲ့ကြတာမှာ တချို့လည်း အင်ဒိုနီးရှားနိုင်ငံကို လှေနဲ့ ထွက်ပြေးသွားခဲ့ကြသူတွေလည်း ရှိနေတာပါ။

အဲဒီလို မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဖက်က ထွက်ပြေးလာကြတဲ့ ရိုဟင်ဂျာတွေနဲ့ တခြား နိုင်ငံက ဒုက္ခသည်တွေဟာ သြစတေးလျနိုင်ငံမှာ ခိုလှုံခွင့်ရဖို့ အင်ဒိုနီးရှားနိုင်ငံကတဆင့် ခိုလှုံကြလေ့ ရှိပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)

ငြိမ်းချမ်းရေးနှင့်အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ယုံကြည်မှုအပြည့်နဲ့ပြန်လာတယ်ဆိုသောကျောင်းသား တပ်မတော်

မြန်မာပြည်တွင်ပြည်တွင်း ငြိမ်းချမ်းရေးနှင့်အမျိုးသားပြန် လည်သင့်မြတ်ရေးဖော်ဆောင်နိုင် ရန်အတွက်မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ် တပ်ဦး(ABSDF)မှကိုယ်စားလှယ် များသည်သြဂုတ်(၄)ရက်ညနေ (၆း၄၅)တွင်မင်္ဂလာဒုံအပြည်ြ

ည် ဆိုင်ရာလေဆိပ်သို့ရောက်ရှိလာကြ သည်။ရောက်ရှိလာသောကိုယ်စား လှယ်(၃၄)ဦးကငြိမ်းချမ်းရေးအတွက် ရှေ့လုပ်ငန်းစဉ်များကို ဆက်လက် ဆွေးနွေးသွားမည်ဟု သိရသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားဒီမိုကရက်တစ်တပ်ဦး (ABSDF)ဥက္ကဌကိုသံခဲက““မြန်မာ နိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦးအနေဖြင့် ကျောင်းသားတပ်မတော်ကိုယ်စား လှယ်များက ရဟန်းရှင်လူမိဘ ပြည်သူများကိုဦးညွတ်နှုတ်ခွန်း ဆက်သပါသည်။ ဤခရီးစဉ်သည် (မကဒတ)အတွက်(၂၅)နှစ်တာ အတွင်းအရေးကြီးတဲ့အစိတ်ပိုင်း ဖြစ်သလိုမြန်မာနိုင်ငံရေးသမိုင်း အတွက်ရုန်းကန်လှုပ်ရှားမှုတွေထဲ ကတစ်ခုလိုအလေးနက်မှတ်ယူ ပါတယ်””ဟုပြောသည်။
ပြည်တွင်းငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး အတွက်လက်ရှိပြည်တွင်းငြိမ်းချမ်း ရေးကော်မတီနှင့်တရားဝင်ဆွေး နွေးမှုကိုသြဂုတ်လ(၅)ရက်နေ့တွင် ပြုလုပ်မည်ဟုသိရသည်။
““အမျိုးသားပြန်လည်သင့်မြတ် ရေးဆိုတာ တစ်ဦးတည်း၊ တစ်ဖွဲ့ တည်း၊ တစ်ဦးကောင်းတစ်ဖွဲ့ ကောင်းဖြင့်လုပ်လို့မရနိုင်ဘူးဆို တာနားလည်ထားပါတယ်။ ပြည်တွင်းငြိမ်းချမ်းရေးနှင့်အမျိုး သားပြန်လည်သင့်မြတ်ရေးအတွက် တစ်ဖွဲ့ခြင်း၊ တစ်ဦးတစ်ယောက် ခြင်းလက်တွဲဆောင်ရွက်နိုင်မှ တော်ကာကြမည်ဟုယူဆပါတယ်။ ထို့အတွက်ကျွန်တော်တို့မကဒတ သည်ပွင့်ပွင့်လင်းလင်းရိုးရိုးသား သားတိုင်းပြည်နှင့်ပြည်သူလူထု အတွက်ဒီမိုကရေစီအရေးနှင့်မြန်မာ ပြည်တွင်ဆင်းရဲမွဲတေမှုကိုခံစား နေရတာ(၅၀)ကျော်ခဲ့ပါပြီ။ ဒါကြောင့်အာဏာရှင်ပပျောက်ရေး၊ ငြိမ်းချမ်းရေး၊ ဖက်ဒရယ်စနစ် တည်ဆောက်နိုင်ရေးအတွက် ပြည်သူလူထုနဲ့တိုင်းရင်းသားအကြို စီးပွားရေးကိုရှေ့ရှုပြီးအကောင်း ဆုံးကြိုးပမ်းဆောင်ရွက်သွားမည် ဟု””ကတိပြုထပ်ဆင့်ပြောသည်။
ယခုခရီးစဉ်တွင်မကဒတ၊ တောင်ပိုင်း၊ မြောက်ပိုင်းမှ ကိုယ်စားလှယ်များတပ်ရင်းတပ်ဖွဲ့ များအစွမ်းကုန်စုဖွဲ့ထားသော ကိုယ်စားလှယ်အဖွဲ့ဖြစ်ကြောင်း သိရသည်။ ကိုယ်စားလှယ်များ အနေဖြင့်ဖြစ်ပေါ်သမျှကိုရိုးရိုးသား သားပွင့်ပွင့်လင်းလင်းရှင်းပြသွားမည် ဖြစ်ကြောင်းသိရသည်။ အာဏာ ရှင်ပပျောက်ရေးနှင့်တိုင်းပြည် အတွက်လည်းကောင်းအားလုံး နှင့်လက်တွဲရန်အသင့်ရှိကြောင်း သိရသည်။
ကိုသံခဲ၏အမဖြစ်သူပြော ကြားချက်မှာ““မောင်လေးနဲ့ကျွန်မ တို့မိသားစုကွဲကွာခဲ့တာနှစ်ပေါင်း (၂၅)နှစ်ရှိခဲ့ပါပြီ။ အခုမောင်လေး ပြန်လာတော့အတိုင်းမသိဝမ်းသာ ရပါတယ်။ (၂၅)နှစ်အတွင်းမှ ဒုတိယအကြိမ်ပြန်တွေ့ရလို့ဝမ်း သာရပါတယ်””ဟုပြောသည်။
ကျောင်းသားတပ်မတော် ကိုယ်စားလှယ်များသည်သြဂုတ် လ(၅)ရက်နေ့တွင်ပြည်တွင်းငြိမ်း ချမ်းရေးဖော်ဆောင်မှုကော်မတီ နှင့်တွေ့ဆုံပြီးငွေရတုအခမ်းနား ကိုတက်ရောက်မည်ဖြစ်ကြောင်း သိရှိရသည်။
မျိုးကျော်The Hot News

Monday, August 5, 2013

သြဂုတ်လ ဒုတိယအပတ်တွင် ကြယ်မိုးရွာမှု ဖြစ်စဉ် ဖြစ်ပေါ်မည်

ကြယ်မိုးရွာမှု ဖြစ်စဉ် (သို့) ဥက္ကာပျံ အစုအခဲငယ်များ ကမ္ဘာမြေပေါ်သို့ ပြာအဖြစ် ကျရောက်ခြင်း ဖြစ်စဉ်သည် သြဂုတ်လ ဒုတိယအပတ်တွင် ဖြစ်ပေါ်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ နက္ခတ်သိပ္ပံအဖွဲ့ အမှုဆောင် အရာရှိချုပ် ဦးဇေယျာကိုက ပြောကြားသည်။
အဆိုပါ ကြယ်မိုးရွာမှု ဖြစ်စဉ်သည် တစ်နှစ်လျှင် အနည်းဆုံး ခြောက်ကြိမ်မှ ရှစ်ကြိမ်အထိ ဖြစ်ပေါ်လေ့ရှိပြီး ယခု သြဂုတ် ၁၂ ရက်တွင် ဖြစ်ပေါ်မည့် ဖြစ်စဉ်ကို မြန်မာနိုင်ငံမှ မြင်တွေ့နိုင်မည် ဖြစ်ကြောင်း၊ သြ ဂုတ် ၁၂ ရက် ည ၁၀ နာရီကျော် အချိန်တွင် မြန်မာနိုင်ငံ၏ အရှေ့မြောက် အရပ်တွင် အလင်းရောင် ၂၃ ရာခိုင်နှုန်းဖြင့် မြင်တွေ့နိုင်ကြောင်း သိရသည်။
''ဖြစ်စဉ်ဖြစ်တဲ့နေ့က လကွယ်နေ့ မဟုတ်တဲ့အတွက် ကောင်းကင်မှာ အလင်းရောင် ၂၃ ရာခိုင်နှုန်း ရှိနေမယ်။ မိုးမရွာဘဲ ရာသီဥတု ကောင်းရင် မြင်ရမယ်။ ည ၁၀ နာရီကျော်ကနေ နံနက်အာရုံတက်ချိန်အထိ မြင်တွေ့နိုင်တယ်'' ဟု ဦးဇေယျာကိုက ဆိုသည်။
ကြယ်မိုးရွာခြင်းများကို ဇန်န၀ါ ရီ ၂ ရက်မှ ၃ ရက်၊ ဧပြီ ၂၀ ရက်မှ ၂၂ ရက်၊ မေ ၄ ရက်မှ ၆ ရက်၊ သြဂုတ် ၁၀ ရက်မှ ၁၃ ရက်၊ အောက်တိုဘာ ၈ ရက်မှ ၁၀ ရက်နှင့် ၁၈ ရက်မှ ၂၃ ရက်၊ နိုဝင်ဘာ ၈ ရက်မှ ၁၀ ရက်၊ ဒီဇင်ဘာ ၁၀ ရက်မှ ၁၂ရက်များအကြား ဖြစ်ပေါ်တတ်ကြောင်း သိရသည်။
''ဒီဖြစ်စဉ်ကြောင့် ကြီးမားတဲ့ သက်ရောက်မှုတွေ မရှိပေမယ့် တစ်ခါတစ်ရံမှာ ကြီးမားတဲ့ ဥက္ကာပျံခဲ၊ အရှိန်ပြင်းတဲ့ ဥက္ကာပျံခဲတွေ ကမ္ဘာပေါ်ကို ကျရောက်နိုင်တယ်'' ဟု ၎င်းက ပြောကြားသည်။
Eleven

မွန်ပြည်နယ် အစိုးရအဖွဲ့နှင့် ထိုင်းနိုင်ငံတို့ ပူးပေါင်းကာ မော်လမြိုင်-မဲဆောက်-ဘန်ကောက် လေယာဉ် ခရီးစဉ်များ စက်တင်ဘာ ၁ ရက်တွင် ပြေးဆွဲမည်

8.5.2

 မွန်ပြည်နယ် အစိုးရနှင့် ထိုင်းနိုင်ငံတို့ ပူးပေါင်းကာ မော်လမြိုင်-မဲဆောက်-ဘန်ကောက် လေယာဉ်ရီးစဉ်များ စက်တင်ဘာ ၁ ရက်တွင် စတင်ပျံသန်း ပြေးဆွဲရန် ဆောင်ရွက်လျက် ရှိကြောင်း မွန်ပြည်နယ် အစိုးရအဖွဲ့မှ စည်ပင်သာယာရေး ၀န်ကြီး ဦးတိုးတိုးအောင်က ပြောကြားသည်။
ယခုနှစ်တွင် မွန်ပြည်နယ် အစိုးရအဖွဲ့ အနေဖြင့် နိုင်ငံတကာ ကမ္ဘာလှည့် ခရီးသွား လုပ်ငန်းကို တိုးချဲ့ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ ယင်းသို့ ဆောင်ရွက်ရာတွင် ထိုင်းနိုင်ငံအား အဓိကနိုင်ငံ အဖြစ် သတ်မှတ်ထားကြောင်း မွန်ပြည်နယ် အစိုးရအဖွဲ့မှ သိရသည်။
''အဓိကကတော့ ထိုင်းခရီးသွား အဖွဲ့တွေနဲ့ ဆွေးနွေးနေတယ်။ လေကြောင်း ခရီးစဉ်ကို စက်တင်ဘာ ၁ ရက်မှာ စတင်နိုင်အောင် ဆောင်ရွက်နေပါတယ်'' ဟု မွန်ပြည်နယ် အစိုးရအဖွဲ့မှ စည်ပင်သာယာရေးဝန်ကြီး ဦးတိုးတိုးအောင်၏ ပြောကြားချက်အရ သိရသည်။ မည်သည့် လေကြောင်းလိုင်းဖြင့် ပြေးဆွဲမည်ကိုမူ အတည်မပြု နိုင်သေးကြောင်း သိရသည်။

ကမ္ဘာလှည့် ခရီးသွား လုပ်ငန်းအား တိုးချဲ့လုပ်ကိုင်မည် ဖြစ်သော မွန်ပြည်နယ်တွင် ကျိုက်ထီးရိုးဘုရား၊ ဘီလူးကျွန်း၊ ကျိုက္ခမီ ရေလယ်ဘုရား၊ စက်စဲကမ်းခြေစ ခန်းနှင့် သံဖြူဇရပ် စစ်သင်္ချိုင်းတို့ ရှိနေပြီး ယခင်နှစ်များ တွင်လည်း နိုင်ငံခြားသား ခရီးသွား ဧည့်သည် လာရောက်မှုနှုန်းမှာ တိုးတက်ခဲ့...


၂၀၁၃ ခုနှစ် သြဂုတ် ၁ ရက်က ''မြန်မာလုပ်သားထု ဖွံ့ဖြိုတိုးတက်ရေး အလုပ်ရုံ ဆွေးနွေးပွဲ'' ကို ကျင်းပခဲ့ပြီး အဆိုပါ ဆွေးနွေးပွဲသို့ တက်ရောက်လာသော တိုင်းဒေသကြီး အများစုမှ ၀န်ကြီးများ အနေဖြင့် ခရီးသွား လုပ်ငန်းနှင့် သက်ဆိုင်သော လုပ်ငန်းဆိုင်ရာများကို လာမည့်နှစ်များအတွင်း တိုးမြှင့်လုပ်ဆောင်မှုများ ရှိမည် ဖြစ်ကြောင်းလည်း မိန့်ခွန်းများအတွင်း ထည့်သွင်း ပြောကြားချက်များအရ သိရသည်။
ကမ္ဘာလှည့် ခရီးသွား လုပ်ငန်းအား တိုးချဲ့လုပ်ကိုင်မည် ဖြစ်သော မွန်ပြည်နယ်တွင် ကျိုက်ထီးရိုးဘုရား၊ ဘီလူးကျွန်း၊ ကျိုက္ခမီ ရေလယ်ဘုရား၊ စက်စဲကမ်းခြေစ ခန်းနှင့် သံဖြူဇရပ် စစ်သင်္ချိုင်းတို့ ရှိနေပြီး ယခင်နှစ်များ တွင်လည်း နိုင်ငံခြားသား ခရီးသွား ဧည့်သည် လာရောက်မှုနှုန်းမှာ တိုးတက်ခဲ့ကြောင်း သိရသည်။
လူဦးရေ သုံးသန်းကျော် ရှိနေသော မွန်ပြည်နယ်မှာ ရာဘာ၊ ဆန်တို့အား အဓိက စိုက်ပျိုးပြီး သတ္တု၊ ခဲမဖြူနှင့် ဂရက်နိုက်တို့ အများအပြား ထွက်ရှိရာဒေသ ဖြစ်နေသော်လည်း ပြည်နယ်လူဦးရေ၏ ငါးပုံတစ်ပုံ ကျော်မှာ ဆင်းရဲမှု စာရင်းတွင် ပါဝင်နေကြောင်း မွန်ပြည်နယ် အစိုးရအဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
Eleven

ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်း အောင်မြင်ရေးနှင့် ဒေသခံများ၏ လူနေမှုဘ၀များ ထိခိုက်မှု မရှိရေးအတွက် ထားဝယ်အထူးစီးပွားရေး ဇုန်ဆိုင်ရာ ဥပဒေအား နိုင်ငံတကာ စံညွှန်းနှင့်အညီ ရေးဆွဲနေ


ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်း အောင်မြင်ရေးနှင့် အဆိုပါ စီမံကိန်း လုပ်ဆောင်ခြင်းကြောင့် မူရင်းနေထိုင်ရာ ဒေသများမှ ဒေသခံများ၏ လူနေမှုဘ၀များ မထိခိုက်စေရေးအတွက် အဆိုပါ စီမံကိန်းတွင် ၀င်ရောက်မြှုပ်နှံမည့် နိုင်ငံတကာ ကုမ္ပဏီများ လိုက်နာရမည့် ထားဝယ်အထူးစီးပွားရေး ဇုန်ဆိုင်ရာ ဥပဒေအား နိုင်ငံတကာ စံချိန်စံညွှန်းများနှင့်အညီ ရေးဆွဲနေကြောင်း ထားဝယ်အထူးစီးပွားရေးဇုန် ဥပဒေနှင့် လုပ်ထုံးလုပ်နည်းများ ညှိနှိုင်းရေးဆွဲရေး ဆပ်ကော်မတီဥက္ကဋ္ဌ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုဥက္ကဋ္ဌ ဦးဆက်အောင်က ဆိုသည်။
ထားဝယ်အထူးစီးပွားရေး ဇုန်အတွက် လိုအပ်သည့် ဥပဒေအား နိုင်ငံတကာ စံချိန်စံညွှန်းနှင့်အညီ ရေးဆွဲနိုင်ရန် နိုင်ငံတကာ ဥပဒေပြု အဖွဲ့အစည်းများနှင့် တိုင်ပင်ရေးဆွဲခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် မြန်မာဘာသာသို့ ပြန်ဆိုသည့် အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
ကုမ္ပဏီ မှတ်ပုံတင်မှုအား ထိုင်းနိုင်ငံတွင် တည်ထောင်မှတ်ပုံတင်ခဲ့သဖြင့် ထားဝယ်အထူးစီးပွားရေးဇုန်အား ထိုင်းနိုင်ငံမှ အလုံးစုံ ချုပ်ကိုင်မည်ဟု ပြည်သူများ စိုးရိမ်မှုများ ဖြစ်ပေါ်ခဲ့သော်လည်း အဆိုပါ စီမံကိန်းအား မြန်မာနိုင်ငံမှသာ ချုပ်ကိုင်မည် ဖြစ် . . . . .
"ထားဝယ်အထူးစီးပွားရေးဇုန်ဆိုင်ရာ ဥပဒေကို နှစ်လလောက်အတွင်း အတည်ပြု ထုတ်ပြန်နိုင်ဖို့ ရှိပါတယ်။ နိုင်ငံတကာမှာရှိတဲ့ ဥပဒေ ပညာရှင်တွေရဲ့ အကူအညီနဲ့ နိုင်ငံတကာ စံချိန်စံညွှန်းအတိုင်း ရေးဆွဲခဲ့ပါတယ်" ဟု ဦးဆက်အောင်က ဆိုသည်။
၂၀၀၈ ခုနှစ်မှ စတင်ခဲ့သည့် ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းမှာ လက်ရှိစီမံကိန်းများတွင် လိုအပ်သည့် အတိုင်းအတာ တစ်ခုအထိ လုပ်ဆောင်နိုင်ခြင်း မရှိသည့်အပြင် စီမံကိန်းအား ဦးဆောင်ခဲ့သည့် ထိုင်းနိုင်ငံ အခြေစိုက် အီတာလျံ-ထိုင်းကုမ္ပဏီမှ ငွေစိုက်ထုတ်နိုင်မှု အခက်အခဲကြောင့် နုတ်ထွက်သည့် အနေအထားများနှင့် ရင်ဆိုင်ခဲ့ရကာ စီမံကိန်း အောင်မြင်ရေးအတွက် လိုအပ်သည့်လုပ်ငန်းများ လုပ်ဆောင်နိုင်ရန် ပင်မကုမ္ပဏီဖြစ်သည့် Special Purpose Vehicle-1 အား နှစ်နိုင်ငံပူးတွဲ တည်ထောင်၍ ကုမ္ပဏီ မှတ်ပုံတင်မှုအား ထိုင်းနိုင်ငံတွင် တည်ထောင်မှတ်ပုံတင်ခဲ့သဖြင့် ထားဝယ်အထူးစီးပွားရေးဇုန်အား ထိုင်းနိုင်ငံမှ အလုံးစုံ ချုပ်ကိုင်မည်ဟု ပြည်သူများ စိုးရိမ်မှုများ ဖြစ်ပေါ်ခဲ့သော်လည်း အဆိုပါ စီမံကိန်းအား မြန်မာနိုင်ငံမှသာ ချုပ်ကိုင်မည် ဖြစ်သည်။
လက်ရှိတွင် ထားဝယ်အထူးစီးပွားရေးဇုန်မှာ စတင်နိုင်မည့် အနေအထားတွင် ရှိမနေဘဲ လိုအပ်မည့် အခြေခံ အဆောက်အအုံ ကဏ္ဍများတွင် အီတာလျံ-ထိုင်း ကုမ္ပဏီအစား ၀င်ရောက်မြှုပ်နှံမည့် ကုမ္ပဏီနှင့် ထိုင်းနိုင်ငံတွင် မှတ်ပုံတင်ခဲ့သည့် Special Purpose Vehicle-1 မှ ရှယ်ယာရောင်းချမှုများ ပြုလုပ်၍ ရင်းနှီးမြှုပ်နှံငွေများ ရှာဖွေခြင်းနှင့် နိုင်ငံတကာ ချေးငွေများ ရရှိရန် လုပ်ဆောင်ဆဲ အဆင့်သာ ရှိနေသည်။

ထိုင်ခုံတွေ ကွင်းထဲရောက်ပြီး ပွဲပျက်သွားတဲ့ နေပြည်တော်ဘောလုံးပွဲ

ဓာတ်ပုံ-ဧရာဝတီ
 မြန်မာ နေရှင်နယ်လိဂ်(MNL) ရဲ့ ၂၀၁၃ ခုနှစ် နောက်ဆုံးပွဲစဉ်အဖြစ် ရန်ကုန် ယူနိုက်တက် (YUFC)နဲ့ ဒုတိယနေရာက လိုက်နေတဲ့ နေပြည်တော် အသင်း (NPTFC) တို့ နေပြည်တော်မြေမှာ ကစားခဲ့ရာ ခိုက်ရန်ဖြစ်ပွားခဲ့ပြီး MNL ပွဲစဉ် အဆုံးသတ်သွားပါတယ်။ 
MNL ပွဲစဉ် သက်တမ်း တလျှောက်လုံးမှာလည်း အဆိုးဝါးဆုံး ဖြစ်ရပ် ဖြစ်ပါတယ်။

ဒီပွဲ မတိုင်ခင်ကတည်းက ရမှတ်ကွာခြားချက်အရ ရန်ကုန် ယူနိုက်တက် အသင်းက ချန်ပီယံ ဖြစ်နေပြီဖြစ်တဲ့ အတွက် ဒီပွဲဟာ ၂ သင်းလုံး အတွက် ရမှတ်အရ အရေးပါမှု အဓိကမကျပေမယ့် ၂ သင်းလုံးက အိမ်ရှင်နဲ့ ချန်ပီယံ ဂုဏ်သိက္ခာအတွက် ပြိုင်ဆိုင်မှု ပြင်း ထန် ခဲ့တယ်လို့ ကွင်းထဲကို လိုက်ပြီးကြည့်ရှုခဲ့တဲ့ ပရိသတ်တွေက ပြောပါတယ်။

ပထမပိုင်း ပွဲချိန် နာရီဝက်လောက် အကြာမှာ ရန်ကုန် ယူနိုက်တက် အသင်းရဲ့ ကစားသမား တဦးကို နေပြည်တော် အသင်း နောက်ခံ လူတွေက ဂိုးဧရိယာအတွင်း ဖျက်ထုတ်ရာမှာ ကြမ်းတမ်းတယ်ဆိုပြီး ကွင်းလယ်ဒိုင်က ပယ်နယ်တီ အဖြစ် ဆုံးဖြတ် ပေးခဲ့ပြီး ရန်ကုန် အသင်းက ပယ်နယ်တီကနေတဆင့် ဂိုးရရှိသွားပါတယ်။

ဂိုးဝင်ပြီး မကြာခင်မှာပဲ နေပြည်တော် အသင်း ပရိသတ်တဦး ကွင်းထဲကို ဆင်းလာပြီး ဒိုင်လူကြီးကို တွန်းထိုးရန်ရှာခဲ့တဲ့ အတွက် ဖြန်ဖြေ ပေးခဲ့ရသေးတယ်လို့ ပွဲကြည့်ပရိသတ်တွေက ပြောပါတယ်။

မိနစ်ပိုင်းအကြာမှာပဲ နှစ်ဖက် ကစားသမားတွေအကြား မတော်တဆ ထိခိုက်မှုဖြစ်ပွားရာကနေ နေပြည်တော် ကစားသမား တဦး က ရန်ကုန် ယူနိုက်တက် ကစားသမားတဦးရဲ့ မျက်နှာကို ဖိနပ်နဲ့ ကန်ရာကနေ နှစ်ဖက်ကစားသမားတွေ၊ နည်းပြ အဖွဲ့ဝင်တွေအကြား စကားများခဲ့ပြီး ထိုးကြိတ်၊ ကန်ကျောက်မှုတွေ ဆက်တိုက် ဖြစ်ပွားခဲ့တဲ့ အတွက် မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် MFF ဥက္ကဋ္ဌ ဦးဇော်ဇော် ကိုယ်တိုင် ဆင်းပြီးတားမြစ်ခဲ့ရတယ်လို့ ဆိုပါတယ်။

ပွဲမစခင်ကတည်းက ရန်ကုန်အသင်း ပရိသတ်တွေနဲ့ ကစားသမားတွေကို ရေဘူး၊ အရက်ပုလင်းခွံ အပါအဝင် အရာဝတ္ထုမျိုးစုံနဲ့ ပစ်ပေါက်နေတဲ့ နေပြည်တော် ပရိသတ်တွေဟာလည်း ပွဲကြည့်စင် ထိုင်ခုံတွေ အပါအဝင် ဘောလုံးကွင်းအတွင်းမှာရှိတဲ့ ပစ္စည်း တချို့ကို ရိုက်ချိုးဖျက်ဆီးခဲ့ပြီး ကွင်းအတွင်းကို လွှင့်ပစ်ခဲ့ကြပါတယ်။

ဒါ့အပြင် နေပြည်တော် ပရိသတ်တွေ ကွင်းထဲကို ပြေးဝင်လာပြီး ပယ်နယ်တီ အဖြစ် သတ်မှတ်ပေးခဲ့တဲ့ ဒိုင်လူကြီးနဲ့ ရန်ကုန် ယူနိုက် တက် အသင်း ကစားသမား တွေကို ရန်မူခဲ့ကြတဲ့ အတွက် ရန်ကုန်ယူနိုက်တက် ကစားသမားတွေ ကွင်းပြင်ကို ထွက်ပြေး ခဲ့ရတယ်လို့ မျက်မြင် ပရိသတ်တွေက ဧရာဝတီကိုပြောပါတယ်။

“ပွဲမစခင်ကတည်းက နေပြည်တော် ပရိသတ်က ရန်ကုန်အသင်းဘက်ကို အော်ဆဲနေကြတာ၊ ပယ်နယ်တီပေးလိုက်တော့ ပိုဆိုး ကုန်ရော၊ ကွင်းထဲမှာ နေပြည်တော် ကစားသမားတွေ ကိုယ်တိုင် လိုက်ကန်နေပြီဆိုတော့ အပေါ်က ပရိသတ်တွေကလည်း ပွဲကြမ်းကြတာ၊ ပွဲကြည့်စင်က ထိုင်ခုံတွေဆိုရင် ဖြုတ်ပြီး ပစ်ထားတာ ကွင်းထဲမှာပြားနေတာပဲ”လို့ ဒေသခံလူငယ် တဦးက ပြောပါတယ်။

ဒီပွဲမကန်ခင်ကတည်းက ရမှတ်ကွားခြားချက်နဲ့ ချန်ပီယံဖြစ်နေတဲ့ ရန်ကုန်ယူနိုက်တက် အသင်းအတွက် ဆုဖလား ချီးမြှင့်ပွဲ အခမ်း အနားကို ဒီကွင်းမှာပဲ ပြုလုပ်မှာဖြစ်သလို ဒီနှစ်သင်းဟာ ပြိုင်ဆိုင်မှုအားကောင်းတဲ့ အသင်းတွေ ဖြစ်တာမို့ ဒီပွဲကို လုံခြုံရေး တွေထိထိရောက်ရောက် ချမထားတာ MFF ရဲ့အားနည်းချက်တွေဖြစ်တယ်လို့ ပွဲကြည့်ပရိသတ်တချို့က ဝေဖန်ကြပါတယ်။  

ပွဲစဉ် အခြေအနေ ဆိုးရွားသွားတဲ့ အတွက်ကြောင့် လက်ကျန်အချိန်ကို ဆက်လက် ကစားနိုင်ခြင်း မရှိတော့သလို ပွဲအပြီး ချန်ပီယံ ရန်ကုန်ယူနိုက်တက်ကို ပေးမယ့် ဆုပေးပွဲ အခမ်းအနားကိုလည်း ဖျက်သိမ်းခဲ့ရတယ်လို့ သိရပါတယ်။

ဒီနှစ်သင်းကစားပြီး ရန်ပွဲဖြစ်ခဲ့တဲ့ကွင်းဟာ လာမယ့် ဒီဇင်ဘာလမှာ ကျင်းပမယ့် ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲ အမီ ပြုလုပ်ထားတဲ့ ဝဏ္ဏသိဒ္ဓိ အားကစားကွင်း ဖြစ်ပြီး ပြီးခဲ့တဲ့လကမှ တည်ဆောက်မှု ပြီးဆုံးခဲ့တာဖြစ်ပါတယ်။ ဖျက်ဆီးခံ ထားရတဲ့ ထိုင်ခုံတွေနဲ့ အခြားပျက်စီးမှုတွေကို ပြန်ပြင်ရတော့မှာပါ။

ဒီဖြစ်ရပ်ဟာ ၂၀၀၉ ခုနှစ်က ပြည်တွင်း အမှတ်ပေး ပြိုင်ပွဲအဖြစ်စတင်လာခဲ့တဲ့ MNL ပြိုင်ပွဲရဲ့ အဆိုးဝါးဆုံး အခြေအနေဖြစ်ပြီး မြန်မာ ဘောလုံးလောက အတွက်လည်း အရှက်ရစရာဖြစ်သလို MFF အနေနဲ့ ဆီးဂိမ်းပြိုင်ပွဲမှာ ဒီလိုအဖြစ်ပျက်မျိုး မဖြစ်စေဖို့ ကြိုတင်ပြင်ဆင်သင့်ကြောင်း မြန်မာ့အားကစား ကလောင်ရှင်တချို့က ပြောပါတယ်။

ဒီဖြစ်ရပ်တွေနဲ့ပတ်သက်ပြီး နှစ်ဖက်သဘောထားတွေကို သိရှိနိုင်ဖို့နဲ့ MFF အနေနဲ့ ဘယ်လိုအရေးယူ ဆောင်ရွက်သွားဖို့ ရှိလဲ ဆိုတာကို သိရှိနိုင်ဖို့ ဧရာဝတီက အကြိမ်ကြိမ် ဆက်သွယ်ခဲ့ပေမယ့် မရရှိခဲ့ပါဘူး။ ဒီပြိုင်ပွဲ ဖြစ်ရပ်နဲ့ ပတ်သက်ပြီးတော့လည်း MFF နဲ့ သက်ဆိုင်ရာ အသင်းတာဝန်ရှိသူတွေကလည်း ရှင်းလင်းချက် ထုတ်ပြန်တာ မရှိသေးပါဘူး။

ခိုက်ရန်ဖြစ်ပွားခဲ့တဲ့ နေပြည်တော် (NPTFC) အသင်း ရဲ့ ဥက္ကဋ္ဌမှာ ဒေါက်တာ ဖြိုးကိုကိုတင့်ဆန်း ဖြစ်ပြီး ရန်ကုန် ယူနိုက်တက် (YUFC) အသင်းရဲ့ ဥက္ကဋ္ဌ ကတော့ ဦးပြည့်ဖြိုးတေဇ ဖြစ်ပါတယ်။ ဒေါက်တာ ဖြိုးကိုကိုတင့်ဆန်း ဟာ မြန်မာနိုင်ငံ အမျိုးသား အားကစား ကော်မတီ ဥက္ကဌ အားကစားဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးတင့်ဆန်း ရဲ့ သားဖြစ်ပြီး ဦးပြည့်ဖြိုးတေဇ ကတော့ မြန်မာနိုင်ငံရဲ့ ခရိုနီ သူဌေးကြီး ဦးတေဇ ရဲ့ သားဖြစ်ပါတယ်။

ရန်ကုန်ယူနိုက်တက် အသင်းဟာ MNL စတင်ခဲ့တဲ့ ၂၀၀၉ ခုနှစ်ကတည်းက ရပ်တည်ခဲ့တာဖြစ်ပြီး ဒီနှစ်ရရှိတဲ့ ဆုဖလား အပါအဝင် ၃ နှစ်ဆက် ချန်ပီယံဖြစ်ပါတယ်။

နေပြည်တော် အသင်း ကတော့ ၂၀၁၀ ခုနှစ်မှ MNL အမှတ်ပေး ပြိုင်ပွဲကို ဝင်ရောက်လာတာဖြစ်ပေမယ့် ၂၀၁၃ ခုနှစ်ရာသီမှာ ဒုတိယ အဆင့်မှာ ရပ်တည်နေပြီး ချန်ပီယံ ဖြစ်သွားတဲ့ ရန်ကုန်ယူနိုက်တက်နဲ့ ထိပ်တန်း အသင်း တွေ ကို ခြိမ်းခြောက်လာနိုင်ခဲ့ပါတယ်။
ဧရာဝတီ