Pages

Sunday, March 16, 2014

အမျိုးသမီးများအတွက် ပထမဆုံး ကျင်းပသောလမ်းလျှောက်ပွဲ အမျိုးသမီး ၄ဝဝဝ ကျော်ပါဝင်

 
ရန်ကုန်၊မဇ္ဈိမ။               ။ အားကစားဝန်ကြီးဌာနနှင့် Mega Life Sciences Ltd မှ မြန်မာနိုင်ငံတွင် အမျိုးသမီးများအတွက် ပထမဆုံးကျင်းပသော Ferrovit လမ်းလျောက်ပွဲတွင် အမျိုးသမီး ၄ဝဝဝကျော်က မတ်လ ၁၆ ရက်တွင် ပါဝင်ဆင်နွဲခဲ့သည်။

အမျိုးသမီး ၄ဝဝဝ ကျော်သည် အရှည် ၅ ကီလိုမီတာရှိ ပြည်လမ်း၊ အင်းယားကန်ဘောင်မှ စတင်လမ်းလျှောက်ခဲ့ပြီး ပြည်သူ့ ဥယျာဉ်တွင် ပန်းဝင်ခဲ့ကြသည်။ ပန်းဝင်နေရာကို “သွေးအားနည်းခြင်း ကင်းစင်ရာနယ်မြေ” ဟုသတ်မှတ်ပြီး လမ်းလျှောက်ပွဲ ဝင်သူများသည် ယင်းနေရာတွင် ဆုတံဆပ်များ၊ လက်ဆောင်ပစ္စည်းများ၊ ဂိမ်းကစားခြင်းနှင့် အမှတ်တရဓာတ်ပုံ ရိုက်ကူးခြင်းဖြင့် ပျော်ရွင်စွာ ဆင်နွဲခဲ့ကြသည်။

မြန်မာနိုင်ငံ အားကစားဝန်ကြီးဌာနနှင့် ဖယ်ရိုဗစ် (MAGA ကုမ္ပဏီ)တို့ ပူးပေါင်းကျင်းပသည့် မြန်မာနိုင်ငံ၏ ပထမဆုံးအကြိမ် အမျိုးသမီး လမ်းလျှောက်ပွဲကြီးကို ၂ဝ၁၄ခုနှစ် မတ်လ ၁၆ရက် နံနက်အစောပိုင်းက ဆင်နွဲနေစဉ်။ ဓာတ်ပုံ-ဟောင်ဆာ(ရာမည)

Mega Life sciences Ltd ၏ ဥက္ကဋ္ဌ Mr.Girish က “မြန်မာနိုင်ငံမှာ သံဓာတ်ချို့တဲ့မှုကြောင့် သွေးအားနည်းခြင်းကို အများအပြား တွေ့ကြုံခံစားနေရတယ်။ ဒီသွေးအားနည်းခြင်း ရောဂါဟာ အများနဲ့ ဆိုင်တဲ့ ကျန်းမာရေးပြဿနာဖြစ်ပြီး အားလုံးက သတိရှိရှိ တိုက်ဖျက်ရမှာ ဖြစ်တယ်။ ကျွန်တော်တို့ အခုလမ်းလျောက်တဲ့ ကျင်းပပွဲကြောင့် ပြည်သူတွေအနေနဲ့ ဒီသွေးအားနည်းခြင်း အကြောင်းကို သိရှိပြီး ကာကွယ်မယ့်နည်းလမ်းတွေ ရနိုင်ဖို့အတွက် အရေးပါတဲ့ခြေလှမ်း တစ်ခုဖြစ်တယ်”ဟု ပြောသည်။

မြန်မာနိုင်ငံတွင် အရွယ်ရောက်သူ အမျိုးသမီး ၄၅ ရာခိုင်နှုန်း၊ ကိုယ်ဝန်ဆောင်အမျိုးသမီး ၇၁ ရာခိုင်နှုန်းနှင့် ငါးနှစ်အောက် ကလေးငယ် ၇၅ ရာခိုင်နှုန်းတွင် သွေးအားနည်းရောဂါ ဖြစ်ပွားလျက်ရှိပြီး မြန်မာအမျိုးသမီးများ အဓိကအားထားရသော သံဓာတ် အားဖြည့်ဆေး Ferrovit အနေဖြင့် လမ်းလျှောက်ပွဲတွင် ပါဝင်ဆင်နွဲသူများအတွက် သွေးစစ်ဆေးမှုကိုလည်း အခမဲ့ပြုလုပ်ပေးခဲ့ပြီး အမျိုးသမီး ၉ဝဝ ကျော် သွေးအားနည်းခြင်း စစ်ဆေးမှု ပြုလုပ်ခဲ့သည်။

အာဟာရဗေဒပညာရှင် ဒေါက်တာဦးလှကြည်က "သွေးအားနည်းရောဂါ ကာကွယ်ဖို့ သံဓာတ်ကြွယ်ဝတဲ့ အစားအသောက်တွေကို ဦးစားပေး စားသောက်သင့်တယ်။ ဒီ့အပြင် သံဓာတ်ပါတဲ့ ဆေးသောက်ပြီး သံဓာတ်ဖြည့်တင်းထားသော အစာများ စားသောက်ခြင်းဖြင့် သွေးအားနည်းခြင်းကို တိုက်ဖျက်နိုင်ပါတယ်။ ပိုမိုကျန်းမာလာအောင် ဒီနေ့လမ်းလျှောက်တဲ့ စံချိန်ကို ဆက်လက်ထိန်းသိမ်းပြီး နေ့တိုင်းဆက်လျှောက်သွားနိုင်အောင်ကြိုးစားပါ”ဟု ဟောပြောပွဲတွင် ထည့်သွင်း ပြောဆိုသည်။

ယင်းလမ်းလျှောက်ပွဲတွင် အာဟာရဗေဒ ပညာရှင် ဆရာဝန်ကြီး ဒေါက်တာ လှကြည် နှင့် အနုပညာရှင် (ဒေါက်တာ) ချစ်သုဝေ တို့က အဖြစ်များသော သွေးအားနည်းခြင်းနှင့် ပတ်သက်သည့် ကျန်းမာရေး အသိပညာပေး ဟောပြောမှုများ ပြုလုပ်ခဲ့သည်။

Written by  နန်းမြင့်
Mizzima - News in Burmese