Pages

Friday, May 30, 2014

ဖယ်ခုံမြို့တွင် ၅၀၀၀ တန်ငွေစက္ကူအတုများ ဖမ်းမိ

ဖယ်ခုံမြို့တွင် ၅၀၀၀ တန်ငွေစက္ကူအတုများ ဖမ်းမိ။ ဓါတ်ပုံ- yapaya media 

ရန်ကုန်၊ မဇ္ဈိမ။ ။ ဓါတ်မြေသြဇာနှင့် မျိုးစေ့ငွေပေးချေရာတွင် ကျပ် ၅၀၀၀ တန် ငွေစက္ကူအတု(၅) ရွက် အသုံးပြုခဲ့သည့်အတွက် ဆက်လက်စုံစမ်းရာ ၅၀၀၀ တန် ငွေစက္ကူအတု(၄၆)ရွက် ဖမ်းဆီးရမိခဲ့သည့် ဖြစ်စဉ်တစ်ခု ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့တွင်ဖြစ်ပွားခဲ့သည်ဟု ဖယ်ခံမြို့မရဲစခန်းမှ တာဝန်ကျရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

ဖြစ်ပွားပုံမှာ ဖယ်ခုံမြို့နယ်၊ လွယ်ပေါကျေးရွာရှိ အထွေထွေပစ္စည်း ရောင်းဝယ်ရေးဆိုင် တစ်ဆိုင်တွင် မြေသြဇာနှင့် မျိုးစေ့ စုစုပေါင်းကျပ် နှစ်သိန်းခွဲကျော်ဖိုးဝယ်ယူခဲ့ပြီး ပစ္စည်းတန်ဖိုးပေးချေသည့်ငွေများထဲတွင် ၅၀၀၀ တန်ငွေစက္ကူအတု (၅)ရွက် ပါဝင်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းကဆိုသည်။

ယင်းနောက် အထွေထွေပစ္စည်းရောင်းဝယ်ရေးဆိုင်ရှင် ဦးစိုင်းခမ်းဦးက ၎င်း၏ဆိုင်တွင် ကာလကျေးရွာမှ ဦးမောင်ကျော်က အဆိုပါငွေများနှင့် လာရောက်ဝယ်ယူသွားခြင်းဖြစ်သည်ဟု ထွက်ဆိုခဲ့သဖြင့် ဦးမောင်ကျော်နေအိမ်သို့ဆက်လက်ရှာဖွေရာ နေအိမ်အတွင်းမှ ၅၀၀၀ တန်ငွေစက္ကူအတု (၄၆)ရွက် ထပ်မံသိမ်း ဆည်းရမိခဲ့ခြင်းဖြစ်သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

ကျပ် ၅၀၀၀ တန်အတုများကိုသုံးစွဲနေသူ ဦးမောင်ကျော်က အဆိုပါငွေများသည် လွယ်စေတီကျေးရွာရှိ ဦးမြင့်လှိုင်က ၎င်းကိုပေးချေသည့် ပြောင်းစေ့ဖိုးငွေကျပ် သုံးသိန်း အတွင်းမှ ကျန်ရှိသောငွေများဖြစ်သည် ဟုပြောဆိုခဲ့သဖြင့် ဦးမြင့်လှိုင်နေအိမ်ကို ထပ်မံရှာဖွေခဲ့ရာ ငွေစက္ကူအတုမတွေ့ရှိခဲ့ပါ။

အဆိုပါဖြစ်စဉ်နှင့် ပက်သက်ပြီး ၅၀၀၀ တန်ငွေစက္ကူအတုများကို သိလျှက်နှင့်သုံးစွဲနေသူ ဦးမောင်ကျော်ကို ဖယ်ခုံမြို့မ ရဲစခန်းက (ပ)၁၅/၂၀၁၄၊ ပြစ်မှုပုဒ်မ ၄၈၉-ခ ဖြင့် အမှုဖွင့် အရေးယူထားသည်ဟု အဆိုပါ ရဲစခန်းမှ တာဝန်ကျရဲဝန်ထမ်းကပြောသည်။

ဖြိုးဝေလင်း
Mizzima - News in Burmese