Pages

Friday, May 30, 2014

ဗိုလ်မှူးကြီး ဗထူးအားရည်စူး၍ဆွမ်းကျွေးအလှူမင်္ဂလာနှင့် အောက်မေ့ဖွယ် အခမ်းအနား ဇာတိရွာတွင် ကျင်းပမည်

Dawei Watch၊ ထားဝယ်၊ မေ ၂၄

ဗိုလ်မှူးကြီးဗထူး ကျဆုံးခြင်း ၆၉ နှစ်ပြည့် အောက်မေ့ဖွယ်
အခမ်းအနားပွဲကို ၎င်း၏ ဇာတိ ထားဝယ်ဒေသ၊ လောင်းလုံးမြို့နယ်၊
လေးသွန်းခံကျေးရွာ၌ ထားဝယ်တိုင်းရင်းသားများပါတီမှ ဦးဆောင်၍ လာမည့် ဇွန်လ
၂ရက်နေ့တွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း စီစဉ်သူများထံမှ သိရသည်။

ယင်းအခမ်းအနားအတွက် ဗိုလ်မှူးကြီးဗထူး၏ မွေးရပ်မြေဖြစ်သော
လေးသွန်းခံကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် အနီးဝန်းကျင်ရှိ
ကျေးရွာသားများကို ဖိတ်ကြားကာ အခမ်းအနား အစီအစဉ်ကို မကြာမီ
ရက်ပိုင်းအတွင်း အသေးစိတ်ဆွေးနွေးမည် ဖြစ်ကြောင်း အထက်ပါ ပါတီထံမှ
သိရသည်။

“အခု ထားဝယ်နယ်မှာ မသိတဲ့သူက များသွားပြီ၊ ဒါကြောင့် သူ့(ဗိုလ်ဗထူး)ကို
ြ ပြန်လည် အမှတ်ရစေချင်တယ်”ဟု ထားဝယ် တိုင်းရင်းသားများပါတီမှ
အထွေထွေအတွင်းရေးမှူး ဒေါ်နွယ်နီသိန်းက ပြောသည်။

ဇွန်လ ၂ ရက်နေ့ နံနက်ပိုင်းတွင် ဗိုလ်မှူးကြီးဗထူးအား ရည်စူး၍ သံဃာတော်
၁၇ ပါးအား ဆွမ်းကျွေးပွဲပြုလုပ်ပြီး အောက်မေ့ဖွယ် အခမ်းအနားကိုပါ
  ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

ယင်း အောက်မေ့ဖွယ်အခမ်းအနားကို ပထမဦးဆုံးအကြိမ် ပြုလုပ်ခြင်းဖြစ်ပြီး
ဗိုလ်မှူးကြီးဗထူးအား ထားဝယ်ဒေသရှိ လူငယ်များက ပြန်လည်အမှတ်ရ၍
အားကျလာစေရန်နှင့် ဒေသအတွင်းရှိ တိုင်းရင်းသားနှင့် ဒီမိုကရေစီအင်အားစု
လူငယ်များ အချင်းချင်း ချစ်ကြည်ရင်းနှီးလာစေရန် ရည်ရွယ်၍ အခမ်းအနားကို
  ပြုလုပ်ခြင်းဖြစ်ကြောင်း ထားဝယ်တိုင်းရင်းသားများပါတီက ရှင်းပြသည်။

ဗိုလ်မှူးကြီးဗထူးကို ၁၉၁၆ ခုနစ် (မြန်မာ သက္ကရာဇ် ၁၂၇၈ ခုနစ်) တွင်
  လေးသွန်းခံကျေးရွာတွင် အဘဦးဘထွန်း အမိဒေါ်စိန်မြတို့မှ မွေးဖွားခဲ့ပြီး
၁၉၄၅ ခုနစ် ဇွန်လ ၂ ရက်နေ့တွင် ဖက်ဆစ်ဂျပန်များကို တော်လှန်ရင်း
ရှမ်းပြည်နယ်တောင်ပိုင်း အောင်ပန်းမြို့အနီး တယ်လူစခန်း (ယခု
ဗထူးတပ်မြို့နေရာ) တွင် ငှက်ဖျားရောဂါကြောင့် ကွယ်လွန်ခဲ့သည်။