Pages

Tuesday, June 17, 2014

ကုလသမဂ္ဂက အီရတ် စစ်ဘေးဒုက္ခသည်များကို ရိက္ခာ ဖြန့်ဝေ


iraq refugees   
  17 June 2014
  
အီရတ်မြောက်ပိုင်းတိုက်ပွဲတွေကနေ တိမ်းရှောင်ထွက်ပြေးလာခဲ့တဲ့ စစ်ဘေးဒုက္ခသည်တွေကို ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်က ဇွန် ၁၄ ရက်နေ့မှာ ရိက္ခာတွေ ဖြန့်ဝေပေးခဲ့ကြပြီး ရိက္ခာထောက်ပံ့ရေးတွေ ဒီနေ့ ထပ်မံရောက်ရှိဦးမယ်လို့ ပြောပါတယ်။

အယ်ကိုင်ဒါအဖွဲ့ခွဲ တခုဖြစ်တဲ့ အိုင်အက်စ်အိုင်အယ်လ် (ISIL) တပ်တွေဟာ ရှီဟိုက်အစိုးရ ဆန့်ကျင်တဲ့ ဆွန်နီသူပုန်တွေရဲ့ ပူးပေါင်းပါဝင်မှုနဲ့ အီရတ်မြောက်ပိုင်းက အဓိကမြို့တွေကို သိမ်းပိုက်ခဲ့ကြပါတယ်။

ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် တာဝန်ရှိသူတဦးက ဒုက္ခသည်တွေဟာ စစ်ဆေးရေးဂိတ်တွေကြောင့် အများအပြားပိတ်မိနေကြပြီး ကံကောင်းတဲ့သူတွေပဲ ဒုက္ခသည်စခန်းကို ရောက်လာကြတယ်လို့ ပြောဆိုပါတယ်။

သောင်တင်နေကြတဲ့သူတွေကတော့ အပူချိန် ၄၀ ဒီဂရီ နေပူအောက်မှာ စောင့်ဆိုင်းနေကြရတယ်လို့ ပြောဆိုပါတယ်။

“လေးရက်လောက် ပန်းခြံထဲမှာပဲ အိပ်၊ ပေါင်မုန့်နဲ့ ရေပဲ သောက်ခဲ့ရတယ်” ဒုက္ခသည်တဦးက ပြောဆိုခဲ့ပါတယ်။

လက်ရှိဒုက္ခသည်စခန်းမှာ ဒုက္ခသည် ၅ သိန်းလောက်ကို ကူညီထောက်ပံ့ပေးထားပြီး တနိုင်ငံလုံးအတိုင်းအတာနဲ့ဆိုရင် ဒုက္ခသည် ၁ သန်းလောက်ကို ထောက်ပံ့ပေးနေတယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့က ဆိုပါတယ်။

အီရတ်မြောက်ပိုင်းက သူပုန်တွေကို ပူးပေါင်းနှိမ်နင်းဖို့ အီရတ်အစိုးရကို ကူညီထောက်ပံ့ရေး ရန်သူတော်ဖြစ်တဲ့ အီရန်နိုင်ငံနဲ့ ဆွေးနွေးမယ်လို့  အမေရိကန်နိုင်ငံ ကပြောဆိုပြီး လေကြောင်းကလည်း ပစ်ကူပေးနိုင်တယ်လို့ ဆိုပါတယ်။
By ဒီဗွီဘီ