Pages

Sunday, July 27, 2014

သုဝဏ္ဏဘူမိမြို့ဟောင်း ဆက်လက်တူးဖော်ရန် ဘက်ဂျက်တောင်းခံ

 Displaying P2210132.jpg
|မော်လမြိုင်၊ ဇူလိုင် ၂၆

သုဝဏ္ဏဘူမိမြို့ဟောင်းတူးဖော်မှုကို လာမည့်နှစ်အတွင်း
ဆက်လက်တူးဖော်နိုင်ရန်အတွက် ပြည်ထောင်စုအစိုးရထံ
ဘက်ဂျက်တောင်းခံထားကြောင်း ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန်းဆွေက
ပြောသည်။

“တူးစရာတွေက အများကြီးကျန်သေးတယ်။ဘက်ဂျက်
ထပ်တောင်းထားတယ်။ထပ်တောင်းထားလို့ ဘက်ဂျက်ထပ်ကျရင် ဆက်တူးမှာပါ၊
သုဝဏ္ဏဘူမိဆွေးနွေးပွဲလည်းလုပ်ပြီးပြီ မနှစ်က သုံးနေရာက တူးထားတယ်၊
ပိုက်ဆံကုန်သွားပြီး ” ဟု ၎င်းက ပြောသည်။

သုဝဏ္ဏဘူမိမြို့ဟောင်းသည် မွန်တို့ဒေသတွင် အမှန်တကယ်ရှိခဲ့ကြောင်းကို
သက်သေပြနိုင်ရန် မြို့ဟောင်းကို  ပြည်ထောင်စုဘက်ဂျက် ကျပ်သိန်း ၂၀၀ ဖြင့်
၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် တူးဖော်ခဲ့ပြီဖြစ်သည်။

လာမည့်နှစ်တွင် ဆက်လက်တူးဖော်နိုင်ရန်အတွက် ငွေကြေးနှင့်
ပညာရှင်များလိုအပ်နေကြောင်း မွန်ပြည်နယ် ယဉ်ကျေးမှုတာဝန်ခံဝန်ကြီး
ဒေါက်တာမင်းနွယ်စိုးက ပြောသည်။

 “ကျွန်တော်တို့က ဆက်ပြီးတော့ တူးမှာပဲလေ။ တစ်ခုတော့ရှိတာပေါ့
ပညာရှင်မရှိဘဲနဲ့ တူးလို့မရဘူး။ ဘက်ဂျက်လည်း လိုတယ်၊ ပြည်ထောင်စုကို
တောင်းခံသွားမယ် နောက်တခုက ကိုယ့်ဟာနဲ့ကိုယ် တူးနိုင်အောင်လည်း
ကြိုးစားနေတယ်၊ ဖောင်ဒေးရှင်းတစ်ခုထောင်ဖို့ စဉ်းစားနေတယ်၊” ဟု
၎င်းကပြောသည်။

၂၀၁၃ ခုနှစ် ဇွန်လ ၂၅ နှင့် ၂၆ ရက်နေ့က ရှေးဟောင်းသုတေသန၊
အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာနနှင့်
မွန်ပြည်နယ်အစိုးရအဖွဲ့တို့၏ ဦးဆောင်မှုဖြင့် မော်လမြိုင်တွင်
ကျင်းပခဲ့သည့် သုဝဏ္ဏဘူမိစာတမ်းဖတ်ပွဲနှင့် အလုပ်ရုံဆွေးနွေးပွဲရဲ့ ရလဒ်အရ
သုဝဏ္ဏဘူမိမြို့ဟောင်းသည် ဝင်က၊ အရပ်သည်မနှင့် သထုံတဝိုက်ဆိုပြီး
သတ်မှတ်ထားသည့်အတိုင်း ရှာဖွေတူးဖော်ခဲ့ကြခြင်းဖြစ်သည်။
တူးဖော်ရေးလုပ်ငန်းကို ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက်နှင့်
စာကြည့်တိုက်ဦးစီးဌာနတို့မှ ဦးဆောင်တူးဖော်ခဲ့ပြီး
ပြည်ထောင်စုအစိုးရ၏ညွှန်ကြားချက်ဖြင့် ပြည်နယ်အစိုးရအဖွဲ့က
ကြီးကြပ်ဆောင်ရွက်ခဲ့သည်။

တူးဖော်မှုတွင် ဘာသာရေးအဆောက်အဦဟုယူဆရသည့် အဆောက်အဦ၊
မြို့ရိုးဟုယူဆရသည့် အဆောက်အဦအပြင် အဆောက်အဦအတွင်း
လက်ရေးစင်အုပ်ချပ်များ၊ ဂဝံရုပ်ကြွများ၊ အုတ်ခွက်ဘုရားအကျိုးအပဲ့များ၊
ဆီမီးခွက်များ၊ ဆားထည့်အိုး၊ သိုလှောင်အိုးခြမ်းကွဲများနှင့်
ဒဂါင်္ပြားများ စသည့်ပစ္စည်း အမျိုးပေါင်း ၁၀၀ ကျော်ကိုတွေ့ရှိခဲ့သည်ဟု
တူးဖော်ရေးအဖွဲ့မှ ပြောဆိုထားသည်။
|Dawei Watch၊