Pages

Sunday, July 27, 2014

အလယ်တန်းပြ ကျောင်းဆရာက လူငယ်ငါးဦးအား တပ်မတော်အတွင်း အဓမ္မသွတ်သွင်းခဲ့မှုအပေါ် မိသားစုဝင်များက ILO နှင့် အစိုးရထံ တိုင်ကြား

 July 26, 2014
အလယ်တန်းပြ ကျောင်းဆရာက လူငယ်ငါးဦးအား တပ်မတော်အတွင်း အဓမ္မသွတ်သွင်းခဲ့မှုအပေါ် မိသားစုဝင်များကILO နှင့် အစိုးရတာဝန်ရှိသူများထံ တိုင်ကြားခဲ့ကြောင်း သတင်းရရှိသည်။
ကျုံပျော်မြို့နယ် အိက္ကဒွတ်အုပ်စု ချောင်းဖျားကျေးရွာသို့ မိုးကြိုးပစ်ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းမှ အလယ်တန်းပြ ကျောင်းဆရာ ဦးစိုးမင်းအောင်က လာရောက်၍ စိုက်ပျိုးရေးနှင့် ခြံလုပ်ငန်း လုပ်ကိုင်ရမည်ဆိုကာ ဒေသခံများအား အလုပ်စပ်ခဲ့ကြောင်း တစ်ဦးလျှင် တစ်လ တစ်သိန်းတစ်သောင်းနှုန်းဖြင့် ရမည်ဆိုသဖြင့် အဆိုပါကျေးရွာမှ လူငယ်ငါးဦး လိုက်ပါသွားခဲ့ရာမှ တပ်မတော်အတွင်း အဓမ္မသွတ်သွင်း ခံခဲ့ရခြင်းဖြစ်ကြောင်း ကာယကံရှင် မိသားစုများထံမှ သိရသည်။
“လာခေါ်တုန်းက ကြက်ဥကောက်၊ နွားနို့ညှစ်၊ ပန်းစိုက်ရမယ်လို့ပြောတယ်။ မိသားစု စားဝတ်နေရေးကလည်း အဆင်မပြေတော့ တစ်လကို တစ်သိန်းတစ်သောင်း ရမယ်ဆိုတာနဲ့ ကျွန်မသားလေး လိုက်သွားတယ်။ အခုဆိုရင် နှစ်လနဲ့ ခုနစ်ရက်ရှိပြီ။ လိုက်သွားတုန်းက ၁၈ နှစ် မပြည့်သေးဘူး။ ရွာက ကျွန်မသားလေး အပါအဝင် လူငယ်ငါးယောက် လိုက်သွားတယ်။ ခေါ်သွားပြီး လေးရက်လောက်ကြာတော့ ကျောင်းဆရာ ဦးစိုးမင်းအောင် ပြန်လာတယ်။ ကြိုတင်လစာဆိုပြီး တစ်ဦးကို ကိုးသောင်းခွဲစီပေးတယ်။ ဆက်သွယ်ဖို့ဆိုပြီး ဖုန်းနံပါတ်ပေးထားလို့ ဆက်ကြည့်တော့ လူငယ်တွေ တောင်ပေါ်လုပ်ငန်းခွင်မှာ အလုပ်လုပ်နေတယ်လို့ပဲ ဖုန်းပိုင်ရှင် ဦးအောင်ကျော်စိုးက ဖြေတယ်။ တိုက်ရိုက်အဆက်အသွယ် မရတော့ စိုးရိမ်လာလို့ တစ်လနဲ့ တစ်ရက်မြောက်နေ့မှာ ကျေးရွာအုပ်ချုပ်ရေးမှူးကို အကြောင်းကြားပြီး စုံစမ်းကြည့်တော့ တပ်ထဲရောက်နေတယ်လို့ သိခဲ့ရတယ်” ဟု အသက် ၁၈ နှစ် အရွယ်ရှိ မောင်ဇင်မင်းပိုင်၏မိခင် ဒေါ်မိချိုက ပြောကြားသည်။
 “တစ်လခွဲအကြာမှာတော့ မိဘတွေ ဟဲဟိုး (၂ဝ၇) အမြှောက်တပ်ကို လိုက်သွားခဲ့တယ်။ ကလေးတွေကိုတော့ ပင်လောင်းလေ့ကျင့်ရေး (၄) သင်တန်းကျောင်းမှာ ထမင်းစားချိန်မှာ တွေ့ခဲ့ရတယ်။ သူတို့စရောက်တဲ့ နေ့တုန်းက သော့ပိတ်ထားတဲ့ အခန်းထဲမှာ တစ်ညအိပ်ခဲ့ရပြီး နောက်နေ့မှာ သင်တန်းကျောင်းကို ခေါ်လာခဲ့တာလို့ ပြောတယ်။ ခြိမ်းခြောက်လို့ ကြောက်ပြီး ဆန္ဒမပါဘဲ ငြိမ်နေရတာမို့လို့ သူတို့ကို အမြန်ဆုံး ပြန်ထုတ်ပေးဖို့ ကျွန်မတို့ကို ပြောခဲ့တယ်။ အဲဒါနဲ့ (၂ဝ၇) အမြှောက်တပ်က ဗိုလ်မှူးကြီးဆီ ပြန်သွားပြီးပြောတော့ အထက်ကို ဖုန်းဆက်ပေးတယ်။ ပြန်လွှတ်လိုက်ပါလို့ပြောတာ ကြားခဲ့ရပေမယ့် ပြန်လွှတ်မပေးဘူး” ဟု ၎င်းကဆက်လက် ပြောကြားသည်။
အဆိုပါဖြစ်စဉ်အား ကာယကံရှင်မိသားစုများက အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ ILO နှင့် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ပညာရေးဌာန တာဝန်ရှိသူများထံ တင်ပြတိုင်ကြားထားကြောင်း သိရသည်။
Eleven Media Group