Pages

Thursday, August 14, 2014

စားသုံးရန်မသင့်သော မုန့်စာရင်း ကျန်းမာရေးဝန်ကြီးဌာန ထပ်မံကြေညာ


ရန်ကုန်၊ သြဂုတ် ၁၂

 ပြည်တွင်း စားသောက်ကုန် ဈေးကွက်တွင် ရောင်းချနေသော စားသောက်ကုန်များထဲမှ အန္တရာယ်ရှိဆိုးဆေး ပါဝင်သော YIMAO-Food အမည်ရှိ ဖလိတ်ပ်ပြား မုန့်နှင့် ရွှေစံအိမ် ရှူးရှဲလက်ဖက်ကို စားသုံးရန် မသင့်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက သြဂုတ်လ ၁၂ ရက်နေ့တွင် ကြေညာချက် ထပ်မံထုတ်ပြန်လိုက်သည်။
ယင်းစားသောက်ကုန်များကို အခြေခံပညာ ကျောင်းများမှတစ်ဆင့် ကောက်ယူ စစ်ဆေးထားခြင်းဖြစ်ပြီး အထက်ပါ အစားအစာ နှစ်မျိုးလုံးတွင် တားမြစ်ထားသော ဆိုးဆေးများ ထည့်သွင်းထားသည်ကို ဓာတ်ခွဲစမ်းသပ်မိကြောင်း အဆိုပါ ထုတ်ပြန်ချက်အရ သိရသည်။
ယခုလဆန်းပိုင်းက ကျောင်းမုန့်ဈေး တန်းများတွင် ရောင်းချနေသော ပန်းပွင့်ပုံ ဝေဖာတစ်မျိုးကို စားသုံးရန် မသင့်ကြောင်း ကြေညာခဲ့ရာ ယခုအကြိမ်သည် ကျန်းမာရေး ဝန်ကြီးဌာန၏ ယခုလအတွက် ဒုတိယမြောက် အသိပေး ကြေညာချက် ဖြစ်သည်။
အစားအသောက် ထုတ်လုပ်၊ ဖြန့်ဖြူးသူများနှင့် ရောင်းချသူများသည် တားမြစ်ထားသော ဓာတုဆိုးဆေးပါ စားသောက်ကုန်များကို ရောင်းချကြောင်း စစ်ဆေးတွေ့ရှိလျှင် အမျိုးသား အစားအသောက် ဥပဒေအတိုင်း တရားစွဲဆိုသွားရန် စီစဉ်ထားကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက ဆိုသည်။
အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (FDA) က ၂၀၁၄-၂၀၁၅ ပညာသင်နှစ်အစပိုင်းမှ သြဂုတ်လ ၁၂ ရက်နေ့အထိ မြို့နယ်ပေါင်း ၄၅ မြို့နယ်မှ အခြေခံပညာကျောင်း ၁၄၆ ခုကို အခြေခံပြီး မုန့်အမျိုးပေါင်း ၉၂၁ မျိုးကို ကောက်ယူ စစ်ဆေးထားပြီး ဖြစ်ကြောင်း FDA မှစုံစမ်းသိရှိရသည်။
“စစ်ဆေးထုတ်ပြန်တဲ့အခါမှာ မုန့်အမည်၊ ထုတ်လုပ်တဲ့နေရာ၊ ဓာတ်ပုံနဲ့ စနစ်တကျ ကြေညာပေးသင့်တယ်။ ဒါမှ စားသုံးတဲ့သူတွေက သိမှာလေ” ဟု တောင်တွင်းကြီးမြို့နယ် ကျောင်းကျန်းမာရေး တာဝန်ခံ ဦးကျော်ဆွေက The Voice သို့ပြောကြားသည်။
သက်ဆိုင်ရာ တာဝန်ရှိသူများကလည်း ဓာတ်ခွဲစမ်းသပ်မှုများအပြင် တားဆီးပိတ်ပင်မှုများ၊ ဈေးကွက်အတွင်း ကွင်းဆင်း စစ်ဆေးမှုများ ပိုမိုပြုလုပ်သင့်ကြောင်း ၎င်းက အကြံပြုပြောဆိုသည်။
ကျန်းမာရေးဝန်ကြီးဌာနနှင့် ပညာရေး ဝန်ကြီးဌာနတို့ ပူးပေါင်းပြီး ၂၀၁၄-၂၀၁၅ ပညာသင်နှစ်မှ စတင်၍ အခြေခံပညာ ကျောင်းမုန့်ဈေးတန်းများမှ စားသောက်ကုန်များကို ကျန်းမာရေးနှင့် ညီညွှတ်မှုရှိ ၊ မရှိ စစ်ဆေးမှုများပြုလုပ်လျက် ရှိသည်။
မေဇော်