Pages

Thursday, August 14, 2014

ဝန်ကြီးချုပ်ဟောင်း အဘီဆစ် ထီးခီးနယ်စပ်သို့ လာရောက်လေ့လာ


Dawei Watch | ထားဝယ်၊ သြဂုတ် ၁၄

ထိုင်းနိုင်ငံ ၀န်ကြီးချုပ်ဟောင်း အဘီဆစ် အပါအ၀င် ၃ ဦးအဖွဲ့သည် ထားဝယ်ဒေသ အတွင်းရှိ ထီးခီးနယ်စပ်ကုန်သွယ်ရေးစခန်းနှင့် ထီးခီးဒေသဖွံ့ဖြိုးရေး စီမံကိန်းလုပ်ငန်းတို့ကို သြဂုတ်လ ၁၀ ရက်နေ့၌ လာရောက် လေ့လာခဲ့ကြောင်း ယင်းနယ်စပ်ကုန်သွယ်ရေးစခန်း တည်ဆောက်နေသူများထံမှ သိရသည်။

ဝန်ကြီးချုပ်ဟောင်း အဘီဆစ် သည် ထိုင်းနိုင်ငံတောင်ပိုင်း၊ ကန်ချနဘူရီခရိုင်နှင့်
နယ်နမိတ်ထိစပ် လျှက်ရှိသည့် ထီးခီးနယ်စပ် ကုန်သွယ်ရေး စခန်းသို့ ကုန်းလမ်းခရီးဖြင့် လာရောက်ခဲ့ခြင်းဖြစ်ပြီး ထိုင်းနိုင်ငံတွင် နောက်လာမည့်အစိုးရ မတင်မြှောက်မီ နိုင်ငံတကာဆက်ဆံရေးနှင့် စီးပွားရေးအခြေအများကိုကြိုတင်လေ့လာရန် ထီးခီးနယ်စပ်စခန်းသို့ ရောက်ရှိလာခြင်းဖြစ်သည်ဟု သိရကြောင်း ၎င်းတို့က ပြောဆိုသည်။

“နယ်စပ်ကုန်သွယ်ရေးစခန်းကို လာရောက်လေ့လာပြီး သိရှိလိုတာမေးမြန်းတာပဲ လုပ်တယ်။ သူတို့ ဘာလုပ်မယ်ဆိုတာကိုအသေးစိတ်တော့ ဘာမှမပြောဘူး” ဟု ထီးခီးနယ်စပ် ကုန်သွယ်ရေးစခန်း တည်ဆောက်ခွင့်ရထားသော Co Co Light House ကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦး ကဆိုသည်။

ဝန်ကြီးချုပ်ဟောင်း အဘီဆစ် ၏ ထီခီးဒေသဖွံ့ဖြိုးရေးစီမံကိန်း လေ့လာရေးခရီးစဉ်တွင်
ထီးခီး နယ်စပ်ကုန်သွယ်ရေးစခန်း တာဝန်ခံ၊ Co Co Light House ကုမ္ပဏီမှတာဝန်ရှိသူတို့နှင့် တွေ့ဆုံခဲ့သည်။

ထီးခီးဒေသဖွံ့ဖြိုးရေးစီမံကိန်းကို KNU (Noble prince ကုမ္ပဏီ)၊ Co Co
Light House ကုမ္ပဏီနှင့် ထိုင်းနိုင်ငံအခြေစိုက် Siamvattanakit ကုမ္ပဏီတို့ ပူးပေါင်း  ဆောင်ရွက်သွားမည်ဖြစ်ပြီး ထိုင်းဘတ်သန်း ၅၀၀ ရင်နှီးမြှုပ်နှံတည်ဆောက်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။

ယင်း စီမံကိန်းတည်ဆောက်ရန် အချိန်တစ်နှစ်ကြာမည်ဟု Siamvattanakit ကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ် မစ္စတာချိုင်ယုကပြောကြားထားသည်။

ထီးခီးဒေသဖွံ့ဖြိုးရေးစီမံကိန်းတည်ဆောက်မည့် မြေဧရိယာအတွင်းမြေပြုပြင်ခြင်းလုပ်ငန်းမှာ ၅၀
ရာခိုင်နှုန်းပြီးစီးလျှက်ရှိပြီး ပွင့်လင်းရာသီတွင် အဝေးပြေးကားကွင်း၊ ဓါတ်ဆီဆိုင်၊ ဈေးဆိုင်၊ စားသောက်ဆိုင်နှင့် တည်းခိုမည့် အဆောက်အအုံ တို့ကိုစတင် တည်ဆောက်သွားမည်ဖြစ်ကြောင်း Co Co Light
House ကုမ္ပဏီမှ တာဝန်ရှိသူကပြောဆိုသည်။

ယင်းစီမံကိန်း၌ဗဟိုဈေးကြီး၊ ကားအရောင်းပြခန်း၊ အားကစားခန်းမ၊ ဒေသဈေး (local market)၊ စားသောက်ဆိုင်၊ ဆောက်လုပ်ရေးပစ္စည်း အရောင်းပြခန်း၊ ဈေးဝယ်စင်တာ၊ ဆီ(သို့)ဂက်စ် အရောင်းဆိုင်၊VIP နားနေအဆောက်အအုံ၊ ရဲဌာန၊ ဟိုတယ်၊ ကားကွင်း၊ အစိုးရရုံးနှင့် အခွန်အခပေးဆောင် စရာမလိုသော ပစ္စည်းရောင်းသည့် အဆောက်အအုံတို့ကို ထည့်သွင်း တည်ဆောက်မည်ဟု စီမံကိန်းအချက်အလက်အရ သိရသည်။

တနင်္သာရီတိုင်းဒေသကြီးအတွင်း ထီးခီး၊ မောတောင်၊ ကော့သောင်း နယ်စပ်ကုန်သွယ်ရေးစခန်းများသည် ထိုင်းနိုင်ငံနှင့် နယ်နမိတ်ထိစပ်လျှက်ရှိပြီး ထီးခီးနှင့် မောတောင်နယ်စပ်ကုန်သွယ်ရေးစခန်းကို ၂၀၁၃ ခုနှစ်တွင် ဖွင့်လှစ်ခဲ့သည်။

အဘီဆစ်သည် ယင်းလပ်၏ အတိုက်အခံ ထိုင်းဒီမိုကရက်တစ်ပါတီ၏ ခေါင်းဆောင်ဖြစ်ပြီး ၂၀၀၈ ခုနှစ်မှ ၂၀၁၁ ခုနှစ်အတွင်း ထိုင်းဝန်ကြီးချုပ်အဖြစ်တာဝန်ထမ်းဆောင်ဖူးသည်။

Dawei Watch