Pages

Monday, September 8, 2014

မော်လမြိုင်စက်မှုဇုန် ခနောက်စိမ်းစက်ရုံ ဆက်လက်မလည်ပတ်ရန် တားမြစ်


Dawei Watch| စက်တင်ဘာ ၈၊ ၂၀၁၄

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ညောင်ပင်ဆိပ်ကျေးရွာအုပ်စုရှိ မော်လမြိုင်စက်မှုဇုန်တွင် တည်ဆောက်ထားသည့် ခနောက်စိမ်းသတ္တုသန့်စင်စက်ရုံ ဆက်လက်လည်ပတ်မှုမပြုရန် မွန်ပြည်နယ်အစိုးရမှ တားမြစ်ထားကြောင်း ယင်းအစိုးရအဖွဲ့ထံမှ သိရသည်။

ကောင်းကင်ကြယ်ခြောက်ပွင့်ကုမ္ပဏီလီမိတက်မှ တည်ဆောက်ထားသည့် ခနောက်စိမ်းသတ္တုသန့်စင်စက်ရုံသည် ပတ်ဝန်းကျင်ထိခိုက်မှု၊ ညစ်ညမ်းမှုနှင့် ကျန်းမာရေးအန္တရာယ်ဆိုင်ရာ ဆိုးကျိုးများရှိသည်ဟု စက်မှုဇုန်ကော်မတီ၊ မြို့နယ်ကော်မတီ ၃ ရပ်တို့၏ တင်ပြလာမှုကြောင်း စက်ရုံကို ရပ်တန့်ခိုင်းထားသည်ဟု မွန်ပြည်နယ်လျှပ်စစ်ဝန်ကြီး နိုင်လဝီအောင်က ပြောသည်။

ခနောက်စိမ်းစက်ရုံကြောင့် ရေကို အန္တရာယ်ဖြစ်စေနိုင်ကြောင်း စည်ပင်၏သုံးသပ်ချက်၊ စက်ရုံ၏ သဘာဝပတ်ဝန်းကျင်ဆန်းစစ်မှု အစီရင်ခံအပေါ် ပြည့်စုံမှုမရှိခြင်းကြောင်း ယင်းစက်ရုံကို ဆက်လက်လည်ပတ်မှု မပြုရန် ရပ်ခိုင်းထားသည်ဟု ပြောသည်။
 
“ပြည်သူက လက်မခံကြောင်း တင်ပြတော့ အခု ရပ်ခိုင်းထားတယ်။ စမ်းသပ်ကာလလည်းပြီးပြီ။ စမ်းသပ်တာကလည်း ကော်မတီတွေ သိရမယ်။ ဆိုးကျိုးဘယ်လိုရှိလဲဆိုတာ စမ်းသပ် ပြီးရင် Report (အစီရင်ခံစာ) တင်။ Report လည်းမတက်ဘူး”ဟု ၄င်းကဆိုသည်။
စမ်းသပ်လည်ပတ်လိုပါက မွန်ပြည်နယ် အစိုးရအဖွဲ့ထံ ခွင့်ပြုချက်တောင်းခံရန်လည်း ညွန်ကြားထားကြောင်း နိုင်လ၀ီအောင်ကဆိုသည်။

စက်ရုံကြောင့် ဖြစ်လာနိုင်သည့် အန္တရာယ်နှင့် ပတ်သက်ပြီး ပဏာမပတ်ဝန်းကျင်လေ့လာဆန်းစစ်မှု (IEE) အပြင် သဘာဝ၊ လူမှုရေး၊ ကျန်းမာရေး တို့နှင့် ပတ်သက်သည့် ထိခိုက်နစ်နာနိုင်ချေ စစ်တမ်း (EIA၊ SIA၊ HIA)  စသည့်အဓိကဆန်းစစ်မှုအဆင့်တို့ကို LUCKY BIRD Environmental Studies & Ceo-Informatics Solutions မှ လေ့လာဆန်းစစ်ချက်များပြုလုပ်ခဲ့သည်။

“နောက်ဆုံးတတိယအကြိမ်စမ်းတယ်၊ သူတို့ပြထားတာကလည်း ဘေးပတ်ဝန်းကျင် အန္တရာယ်ကင်းပါတယ်ဆိုတဲ့ သက်သေလောက်ပဲရှိတယ်။ ဒါကလည်း ဘယ်လောက်ရာခိုင်နှုန်း အန္တရာယ်ကင်းမလဲ။ ပြီးတော့ စစ်ဆေးတဲ့အဖွဲ့ရှိစဉ်မှာပဲ အန္တရာယ်ကင်းတာလား၊ နောက်ပိုင်းရော အန္တရာယ်ကင်းမှာလား” ဟု စက်မှုဇုန်ကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်ညွန့်က ပြောသည်။

ကုမ္ပဏီအနေဖြင့် စက်ရုံလည်ပတ်ခွင့် ရှိ မရှိကို သဘာဝပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ပြီးနောက် ပြည်နယ်အစိုးရက ဆုံးဖြတ်ပေးမည်ဟု လူထုနှင့် တွေ့ဆုံရှင်လင်းခဲ့စဉ်က ပြောခဲ့သည်။

ကောင်းကင်ကြယ်ခြောက်ပွင့်ကုမ္ပဏီလီမိတက်မှ တည်ဆောက်ထားသည့် ခနောက်စိမ်းသတ္တုသန့်စင်စက်ရုံသည် သတ္တုရိုင်းများအား ကျောက်မီးသွေးများအသုံးပြု၍ မီးဖုတ်ပြီး ပြာနှင့်သတ္တုများခွဲခြားကာ အမှုန့်စနစ်ဖြင့် ၇၀ ရာခိုင်နှုန်း သန့်စင်ထုတ်လုပ်မည့်စက်ရုံဖြစ်သည်။

ခနောက်စိမ်းသတ္တုဖုတ်သန့်စင်စက်ရုံကို ၂၀၁၃ ခုနှစ် ဒီဇင်ဘာလက စဆောက်ခဲ့ပြီး ၂၀၁၄ ခုနှစ်အတွင်း အပြီးတည်ဆောက် လည်ပတ်ရန်လျာထားကာ စီမံကိန်းကို အနှစ် ၃၀ သက်တမ်းဖြင့် လည်ပတ်ရန် စီမံချက်ချထားကြောင်း စက်ရုံစီမံကိန်းအစီရင်ခံစာတွင် ဖော်ပြထားသည်။
Dawei Watch