Pages

Sunday, November 23, 2014

7 Day Daily သတင်းစာတွင် ဖော်ပြထားသကဲ့သို့ တပ်မတော်အရာရှိဆရာဝန်များအား အရပ်ဘက်သို့ ပြောင်းရွှေ့ခန့်ထား၍ တာဝန်ထမ်းဆောင်စေရန် ဆုံးဖြတ်ထားခြင်း မရှိသေးပါကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သဘောထားထုတ်ပြန်

တပ်မတော်အရာရှိဆရာဝန်များအား အရပ်ဘက်သို့ ပြောင်းရွှေ့ခန့်ထား၍ တာဝန်ထမ်းဆောင်ရန် ဆုံးဖြတ်ထားခြင်းမရှိသေးကြောင်း ကျန်းမာရေးဝန်ကြီးဌာနက နိုဝင်ဘာ ၂၂ ရက်ထုတ် အစိုးရသတင်းစာများမှ တစ်ဆင့် သဘောထားထုတ်ပြန်ချက်တစ်ရပ် ထုတ်ပြန်ခဲ့သည်။ 
အဆိုပါသဘောထားထုတ်ပြန်ချက်မှာ နိုဝင်ဘာ ၁၇ ရက်ထုတ် 7 Day Daily သတင်းစာတွင် “တပ်မတော်ဆရာဝန်များ အရပ်ဘက်သို့ ပို့ရောက်လာတော့မည်” ခေါင်းစဉ်ဖြင့် တပ်မတော်တွင် ဆရာဝန်အဖြစ် တာဝန်ထမ်းဆောင်နေသည့် ဆေးပညာမဟာဘွဲ့ တက်ခွင့်မရသော ဆရာဝန်များအား အရပ်ဘက်သို့ ပြောင်းပေးမည်ဖြစ်ကြောင်း ရေးသားဖော်ပြထားခဲ့ခြင်းကြောင့် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
7 Day Daily သတင်းစာတွင် ရေးသားဖော်ပြထားချက်များမှာ တပ်မတော်ဆေးတက္ကသိုလ် နောက်ပိုင်းအပတ်စဉ်များမှ ကျောင်းဆင်းပြီး တပ်မတော်တွင် ဆရာဝန်အဖြစ် တာဝန်ထမ်းဆောင်နေသော ဆေးပညာမဟာဘွဲ့ တက်ရောက်ခွင့်မရသည့် ဆရာဝန်များအား အရပ်ဘက်သို့ ပြောင်းပေးမည်ဖြစ်ကြောင်း ရေးသားဖော်ပြထားခြင်းဖြစ်ပြီး တပ်မတော်စစ်ဆေးတက္ကသိုလ်တွင် တာဝန်ထမ်းဆောင်နေသည့် ဗိုလ်ကြီးတစ်ဦး၏ စကားပြောအနေဖြင့် “စစ်ဆေးရုံတွေမှာ လူနာကမရှိသလောက်နည်းသွားတော့ ဆေးသိပ်မကုရဘူး။ ဒါကြောင့်ထွက်ခွင့်ပေးပြီး တိုက်နယ်ဆေးရုံတွေကို ပို့မယ်လို့ပြောတယ်။ အပတ်စဉ်(၇)လောက်ကနေဆိုတော့ လူကမနည်းဘူး”ဟု ရေးသားဖော်ပြထားသည်။
ထို့ပြင် လက်ရှိတွင် တိုက်နယ်ဒေသရှိ ဆေးရုံများသို့ အရပ်သားဆရာဝန်များ သွားရောက်လုပ်ကိုင်ချင်သူ နည်းပါးသဖြင့် တပ်မတော်သားဆရာဝန်များအား ပို့ဆောင်ရခြင်းဖြစ်ကြောင်းနှင့် တပ်မတော်မှ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ဆေးတက္ကသိုလ်တက်ခွင့်မှာ အရပ်ဘက်ဆေးတက္ကသိုလ်တက်ခွင့်ထက် အမှတ်နည်းခြင်း၊ လစာခွင့်ရရှိခြင်းတို့ကြောင့် ဆရာဝန်ဖြစ်လိုသူများအနေဖြင့် စစ်ဆေးတက္ကသိုလ်သို့ တက်ရောက်သူများပြားခဲ့ပြီး လက်ရှိကျန်းမာရေးဝန်ကြီးမှာလည်း တပ်မတ်ာတွင် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ကြောင်း ရေးသားဖော်ပြထားသည်။ 
ယင်းကဲ့သို့ ရေးသားဖော်ပြမှုနှင့် ပတ်သက်၍ ကျန်းမာရေးဝန်ကြီးဌာနမှ သဘောထားထုတ်ပြန်ရာတွင်  ကျန်းမာရေးဝန်ကြီးဌာနသည် ပြည်သူလူထု၏ ကျန်းမာရေးစောင့်ရှောက်မှုအတွက် ကျန်းမာရေးကဏ္ဍမူဝါဒ ရည်မှန်းချက်နှင့် လုပ်ငန်းစဉ်များချမှတ်၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာတွင် ကျန်းမာရေးစောင့်ရှောက်မှု အမျိုးအစားအလိုက် လိုအပ်မည့် ကျန်းမာရေးလူ့စွမ်းအားစုများကို အရည်အသွေးပြည့်ဝစွာ လေ့ကျင့်မွေးထုတ်ခြင်းနှင့် မွေးထုတ်ထားသည့် စွမ်းအားစုများကို နိုင်ငံ့အကျိုးပြုဝန်ထမ်းအဖြစ် ခန့်အပ်တာဝန်ပေးအပ်နိုင်ရေးတို့ကို စီမံဆောင်ရွက်လျက်ရှိပါကြောင်းနှင့် ပြည်သူလူထု၏ ကျန်းမာရေးအဆင့်မြှင့်တင်ရာတွင် ကျန်းမာရေးနှင့် နှီးနွှယ်ဌာနများ၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ ပြည်တွင်းပြည်ပလူမှုရေးအဖွဲ့အစည်းများ၊ ပုဂ္ဂလိကများနှင့် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ဆောင်ရွက်လျက်ရှိပါကြောင်း ဖော်ပြထားသည်။ 
မြန်မာနိုင်ငံတွင် ဝေးလံသောဒေသမြို့နယ် ၁၁ဝ မြို့နယ်တွင် ကျန်းမာရေးစောင့်ရှောက်မှုပေးရန် ဆရာဝန်လုံလောက်စွာ ခန့်အပ်ပေးနိုင်မှုမရှိခြင်း၊ ခန့်အပ်တာဝန်ပေးအပ်ပါကလည်း ဆရာဝန်များအနေဖြင့် သွားရောက်တာဝန်ထမ်းဆောင်လိုခြင်းမရှိသည်ကို တွေ့ရကြောင်းနှင့် ထို့ကြောင့် ဝေးလံသောဒေသမြို့နယ်များတွင် တာဝန်ထမ်းဆောင်နိုင်ရန်အတွက် လိုအပ်သောဆရာဝန်အရေအတွက်ကို တိုင်းဒေသကြီး/ပြည်နယ် အစိုးရများ၏ အစီအစဉ်ဖြင့်လျှောက်လွှာများ တိုက်ရိုက်ခေါ်ယူရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ရေးသားထားသည်။ 
ထို့ပြင် အကယ်၍ တိုင်းဒေသကြီး/ပြည်နယ်အစိုးရများအနေဖြင့် လိုအပ်သည့် အရေအတွက်မရပါက အဆိုပါအခက်အခဲများကို ဖြေရှင်းနိုင်ရန်အတွက် ဆရာဝန်များမရှိသော မြို့နယ်များသို့ တပ်မတော်အရာရှိဆရာဝန်များအား အလှည့်ကျစနစ်ဖြင့် သွားရောက်တာဝန်ထမ်းဆောင်စေသည့် အစီအစဉ်ဆောင်ရွက်ရန် နည်းလမ်းတစ်ခုအဖြစ် စဉ်းစားသုံးသပ်သည့်အဆင့်တွင်သာ ရှိနေသေးကြောင်း၊ ရေရှည်စီမံချက်အနေဖြင့် ဝေးလံဒေသရှိ တိုင်းရင်းသားများထဲမှ ၁ဝ တန်းအောင်မြင်သူများကို ဆေးတက္ကသိုလ်၊ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းတွင် သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်အစိုးရ၏ ထောက်ခံမှု၊ ကိုယ်တိုင်ဆန္ဒပြုမှုများ အပေါ်မူတည်၍ တက်ရောက်သင်ကြားခွင့်ပေးလျက်ရှိပါကြောင်းနှင့် 7 Day Daily သတင်းစာတွင် ဖော်ပြသကဲ့သို့ တပ်မတော်အရာရှိ ဆရာဝန်များအား အရပ်ဘက်သို့ ပြောင်းရွှေ့ခန့်ထား၍ တာဝန်ထမ်းဆောင်စေရန် ဆုံးဖြတ်ထားခြင်း မရှိသေးပါကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြရေးသားထားသည်။ 
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ၂ဝ၁၂ ခုနှစ်မှစ၍ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများဖြစ်သည့် နာဂ၊ ဓနု၊ ပအိုဝ်း၊ ပလောင်၊ ကိုးကန့်၊ ဝနှင့်သွားလာရေးခက်ခဲသည့် ဒေသများမှ တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီး ဆေးတက္ကသိုလ် တက်ရောက်ချင်သူများအတွက်ကိုလည်း အထူးအခွင့်အရေးအနေဖြင့် ဆေးတက္ကသိုလ် (မကွေး)သို့ တက်ရောက်ခွင့်ပေးခဲ့ပြီး လက်ရှိလူဦးရေ ၃၂ ဦးခန့်ရှိကြောင်းနှင့် အောင်မြင်ပြီးသူများကိုလည်း မိမိဒေသတွင် ပြန်လည်ထမ်းဆောင်ခွင့်ပြုရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုမြှင့်တင်ရေးအတွက် လည်းကောင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေများ နှင့် နိုင်ငံတော်မှ ထုတ်ပြန်ထားသည့် ဒေသစရိတ် ခံစားခွင့်ရှိသည့် သွားလာရေးနှင့်လူမှုရေးခက်ခဲသည့် ဒေသများ၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လည်းကောင်း၊ ဆေးပညာကို အမှန်တကယ်ဝါသနာပါပြီး မိမိဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် တာဝန်ပြန်လည်ထမ်းဆာင်နိုင်မည့် အရည်အသွေးပြည့်ဝသည့် ဆေးပညာရှင်ဆရာဝန်ကောင်းများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ခေါ်ယူခြင်းဖြစ်ကြောင်း  သိရသည်။ 
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၂ဝ၁၄ ခုနှစ်၊ ဇွန်လအထိ ရရှိထားသည့် စာရင်းများအရ ဆရာဝန်ဦးရေ ၃၁၅၄၂ အထိ မွေးထုတ်ထားပြီး ယင်းတို့အနက်မှ လူဦးရေ ၈၇ဝဝ ကျော် (သုံးပုံတစ်ပုံ)ကိုသာ အစိုးရမှနိုင်ငံ့ဝန်ထမ်းအဖြစ် ခန့်အပ်ထားကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။ သို့သော် စာရင်းများအရ ဆေးတက္ကသိုလ်အသီးသီးမှ မွေးထုတ်ထားသည့် ဆရာဝန်များ၏ သုံးပုံတစ်ပုံကိုသာ အလုပ်ခန့်အပ်နိုင်ပြီး ကျန်ရှိနေသည့် နှစ်ပုံမှာ ပြင်ပပုဂ္ဂလိက ဆေးရုံဆေးခန်းများ၊ ဆေးကုမ္ပဏီများ၊ ကိုယ်ပိုင်ပြင်ပဆေးခန်းများတွင် လုပ်ကိုင်နေရပြီး ဆရာဝန်ဘွဲ့ရ အလုပ်လက်မဲ့များလည်းအများအပြားရှိနေခြင်းကြောင့် အဆိုပါဆရာဝန်များကို ဝန်ကြီးဌာနအနေဖြင့် မည်သို့လုပ်ဆောင်ပေးမည်ဆိုသည့်အချက်ကိုလည်း ထည့်သွင်းစဉ်းစားပေးရန် လိုအပ်ကြောင်း ကျန်းမာရေးပညာရှင်များက သုံးသပ်ပြောကြားသည်။
EMG