Pages

Sunday, November 23, 2014

ကေအိုင်အေ ဗိုလ်လောင်းသင်တန်းကျောင်းမှ လက်နက်ကြီး ထိမှန်သေဆုံးခဲ့သော သင်တန်းသားများအတွက် MPC ရှေ့တွင် ပန်းခွေချ လှုပ်ရှားမှု ယနေ့ ပြုလုပ်မည်

 လက်နက်ကြီးထိမှန်၍ သေဆုံးခဲ့သော KIA ဗိုလ်လောင်းသင်တန်းကျောင်းမှ သင်တန်းသားများအတွက် မြန်မာ့ငြိမ်းချမ်းရေးစင်တာ(MPC) ရှေ့တွင် ဝမ်းနည်းခြင်းအထိမ်းအမှတ် ပန်းခွေချလှုပ်ရှားမှု နိုဝင်ဘာ ၂၃ ရက် တွင် ပြုလုပ်မည်ဖြစ်ကြောင်း ယင်းလှုပ်ရှားမှုတွင် ပါဝင်မည့်သူများထံမှ သိရသည်။
လိုင်ဇာမြို့ KIA ဗိုလ်လောင်းသင်တန်းကျောင်းဖြစ်စဉ်တွင် သေဆုံးသူ ၂၃ ဦးရှိခဲ့ပြီး ၂ဝ ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
“ကျွန်မတို့အနေနဲ့ ဒီလှုပ်ရှားမှုကို အဖွဲ့အစည်းတွေကနေ ဦးဆောင်လုပ်တာ မဟုတ်ဘူး။ စိတ်ပါဝင်စားသူ မည်သူမဆို ပူးပေါင်းပါဝင်လို့ရတယ်”ဟု အဆိုပါလှုပ်ရှားမှုတွင် ပါဝင်မည့် ဒေါ်ခွန်ဂျာက ပြောကြားသည်။
ယင်းလှုပ်ရှားမှုအား စမ်းချောင်းမြို့နယ် ပဒုမ္မာကွင်းဘေး ဗားကရာလမ်းပေါ်တွင် စတင်စုဝေးမည်ဖြစ်ကာ ပါဝင်မည့်သူများအနေဖြင့် အနက်ရောင်အဝတ်အစားအား ဦးစားပေးဝတ်ဆင်လာစေလိုကြောင်း၊ မည်သည့်ကြွေးကြော်သံ၊ ပိုစတာများ ပါဝင်မည်မဟုတ်ဘဲ လူတစ်ဦးချင်းတွင် ပန်းပွင့်များကိုင်ဆောင်ကာ ပြုလုပ်မည်ဖြစ်ကြောင်း ဒေါ်ခွန်ဂျာက ၎င်း၏ဖေ့စ်ဘွတ်တွင် ရေးသားထားသည်။ ထို့ပြင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ထိခိုက်စေသော အစိုးရစစ်တပ်၏ လုပ်ရပ်ကို ကန့်ကွက်သည့်အနေဖြင့်လည်း ယင်းလှုပ်ရှားမှုကို ပြုလုပ်ခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ရေးသားထားကြောင်း သိရသည်။
ကချင်လွတ်မြောက်ရေးအဖွဲ့KIO ဌာနချုပ်တည်ရှိရာ ကချင်ပြည်နယ် လိုင်ဇာဒေသရှိ KIA ဗိုလ်လောင်းသင်တန်းကျောင်း ပစ်ခတ်ခံရမှုဖြစ်စဉ်တွင် သေဆုံးခဲ့သူများအနက် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ် (TNLA)မှ သင်တန်းသား အရာရှိလောင်း ၁၁ ဦး ပါဝင်ကြောင်း သတင်းရရှိသည်။ 
ဆက်လက်၍ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) မှ သင်တန်းသား ရဲဘော်နှစ်ဦး၊ ရက္ခိုင့်တပ်မတော်(AA)မှ ရှစ်ဦး၊ ချင်းအမျိုးသားတပ်မတော်(CNA) မှနှစ်ဦး ပါဝင်ကြောင်း သိရသည်။
“ဝမ်းနည်းကြောင်းလှုပ်ရှားမှုမှာ ကချင်၊ ရခိုင်၊ တအောင်းနဲ့ ချင်းစတဲ့တိုင်းရင်းသားလူငယ်တွေလည်း ပါဝင်လှုပ်ရှားကြမယ်လို့ ခန့်မှန်းသိရှိထားတယ်။ အဓိက ကတော့ ငြိမ်းချမ်းရေးကိုလိုလားတဲ့ လူငယ်တွေ ပါဝင်လှုပ်ရှားကြမယ်” ဟု ငြိမ်းချမ်းရေးဆိုင်ရာ လှုပ်ရှားမှုများတွင် ပါဝင်ခဲ့မှုကြောင့် တရားရင်ဆိုင်နေရသော အမျိုးသမီးတစ်ဦးက ဆိုသည်။ ၂ဝ၁၄ ခုနှစ် နိုဝင်ဘာ ၁၉ ရက် မွန်းလွဲ ၁၂ နာရီ ၃၆ မိနစ် မြန်မာ့တပ်မတော် ခြေမြန်တပ်ရင်း (၃၈၉) တပ်ဖွဲ့သည် KIO မှ ကြီးမှူးဖွင့်လှစ်သော အရာရှိလောင်းသင်တန်းကျောင်းအား (၁ဝ၅) မမဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်မှုကြောင့် မဟာမိတ်တပ်ဖွဲ့ဝင်အရာရှိလောင်းများနှင့်အတူ TNLA အရာရှိလောင်း ၁၁ ဦးကျဆုံးခဲ့ကြောင်း၊ ထိုကဲ့သို့ တိုက်ခိုက်မှုကြောင့် ကျဆုံးခဲ့သောတပ်ဖွဲ့ဝင်များအားလုံးအတွက် အထူးဝမ်းနည်းကြေကွဲရသည်ဟု TNLA ၏ နိုဝင်ဘာ ၂ဝ ရက်တွင် ထုတ်ပြန်သော ဝမ်းနည်းကြေကွဲကြောင်း သဝဏ်လွှာတွင် ပါရှိသည်။
KIA ဗိုလ်လောင်းသင်တန်းကျောင်း လက်နက်ကြီးထိမှန်မှုမှာ ရည်ရွယ်ချက်ရှိရှိ  ပစ်လိုက်ခြင်းမဟုတ်ကြောင်း ကချင်ပြည်နယ် နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးသန်းအောင်က နိုဝင်ဘာ ၂ဝ ရက်က မြစ်ကြီးနားမြို့တွင် သတင်းမီဒီယာများအား ရှင်းလင်းပြောကြားခဲ့သည်။
EMG