Pages

Saturday, November 8, 2014

လေးပွင့်ဆိုင် ဆွေးနွေးပွဲကို တိုင်းရင်းသားပါတီ ၂၂ ပါတီဖြင့် ဖွဲ့စည်းထားသော ညီနောင် တိုင်းရင်းသားများ ဖက်ဒရေးရှင်း NBF ကကန့်ကွက်


ရန်ကုန်၊ နိုဝင်ဘာ ၎
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တောင်းဆိုလျက်ရှိသော လေးပွင့်ဆိုင် ဆွေးနွေးပွဲကို တိုင်းရင်းသားပါတီ ၂၂ ပါတီဖြင့် ဖွဲ့စည်းထားသော ညီနောင် တိုင်းရင်းသားများ ဖက်ဒရေးရှင်း NBF ကကန့်ကွက်ကြောင်း အဆိုပါ အဖွဲ့ဝင် ဦးစောသန်းမြင့်က ပြောကြားသည်။
အောက်တိုဘာလ နောက်ဆုံးပတ်အတွင်း ပြုလုပ်သော ညီနောင် တိုင်းရင်းသားများ ဖက်ဒရေးရှင်း NBF ၏ အစည်းအဝေးတွင် ယင်းသို့ ကန့်ကွက်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။
မြန်မာနိုင်ငံရေး အကျပ်အတည်းမှ လွတ်မြောက်ရန်အတွက် အတိုက်အခံ ပါတီခေါင်းဆောင်သာမက ကျန်တိုင်းရင်းသား အစုအဖွဲ့များနှင့် နိုင်ငံတော်သမ္မတ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် ပြည်ထောင်စုလွှတ်တော် နာယကတို့ အလျော့အတင်းလုပ် ညှိနှိုင်းရန် လိုအပ်ကြောင်း ၎င်းကဆိုသည်။
“အခုထိ ရပ်စဲနိုင်ခြင်း မရှိသေးတဲ့ ပြည်တွင်းစစ် အကြောင်းရင်းခံ ဖြစ်နေတဲ့ တိုင်းရင်းသား အရေးကလည်း အရေးကြီးပါတယ်။ အခြေခံဥပဒေအကြောင်း ပြောလည်း တိုင်းရင်းသား ပါရပါမယ်။ ဒါကြောင့် တိုင်းရင်းသားတွေကို ကိုယ်စားပြု အစုအဖွဲ့ကိုလည်း နိုင်ငံရေး ဆွေးနွေးတဲ့ နေရာမှာ ချန်ထားလို့ မရပါဘူး။ လေးပွင့်ဆိုင်ပဲ တွေ့ကြမယ်ဆိုရင် ဗမာကိုယ်စားပြုပဲ ဖြစ်နေမှာပါ။ အခုလည်း ကန့်ကွက်သလို၊ နောက်လည်း NBF က ဆက်လက် ကန့်ကွက်သွားမယ်” ဟု ၎င်းကဆိုသည်။
လေးပွင့်ဆိုင် တွေ့ဆုံရေးကို တောင်းဆိုခြင်းသည် နိုင်ငံအတွက် လိုအပ်နေသော အကျပ်အတည်းများကို အချိန်တိုတိုအတွင်း ညှိနှိုင်း ဆုံးဖြတ်ချက် ချနိုင်ရန်အတွက် ဖြစ်ပြီး တိုင်းရင်းသား ပါတီများ အနေနှင့်လည်း သဘောထားချင်း မတိုက်ဆိုင်ပါက ကန့်ကွက်ပိုင်ခွင့် ရှိကြောင်း NLD ပါတီဗဟို အလုပ်အမှုဆောင် ဦးဝင်းထိန်က ပြောကြားသည်။
“NLD က လေးပွင့်ဆိုင်ကို တောင်းဆိုနေပေမယ့် တကယ်တမ်း ခေါ်တာက အစိုးရက ခေါ်မှတွေ့လို့ ရတာပါ၊ ဘယ်သူမဆို ကန့်ကွက်ပိုင်ခွင့် ရှိပါတယ်၊ ဒါပေမဲ့ ဆွေးနွေးပွဲတွေမှာ လူအများကြီးသွားပြီး ဘာမှဆုံးဖြတ်လို့ မရတာမျိုးတွေက ကြုံခဲ့ရပေါင်း များလှပါပြီ” ဟု ၎င်းကဆိုသည်။
အခြေခံဥပဒေ ပြင်ဆင်ရေး အပါအဝင် နိုင်ငံရေး အကျပ်အတည်းများကို ဖြေရှင်းရန်အတွက် နိုင်ငံတော်သမ္မတ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် ပြည်ထောင်စု လွှတ်တော်နာယကတို့ သီးသန့် တွေ့ဆုံရန် NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၃ ခုနှစ် နှစ်ကုန်ပိုင်းတွင် စတင်တောင်းဆိုခဲ့ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့ကြီးများတွင် လေးပွင့်ဆိုင် တွေ့ဆုံရေးအတွက် လူထုဟောပြောပွဲများ၊ ဆန္ဒထုတ်ဖော်ပွဲများ ပြုလုပ်ခဲ့သည်။
ယင်းသို့ လေးပွင့်ဆိုင် တွေ့ဆုံရေးကို အစိုးရက လက်ခံခြင်း မရှိသော်လည်း၂၀၁၄ ခုနှစ် အောက်တိုဘာ ၃၁ ရက်နေ့တွင် နိုင်ငံတော်သမ္မတ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ ပြည်ထောင်စုလွှတ်တော် နာယက၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌတို့နှင့် NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ ညီနောင် တိုင်းရင်းသားများ ဖက်ဒရေးရှင်း NDF နှင့် ဖက်ဒရယ် ဒီမိုကရေစီ မဟာမိတ် FDA၊ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့ UNA တို့ အပါအဝင် နိုင်ငံရေး ခေါင်းဆောင် ၁၄ ဦးတို့ ပထမဆုံးအကြိမ် တွေ့ဆုံခဲ့သည်။
ယင်းတွေ့ဆုံအပြီးတွင် နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားဝန်ကြီးဌာန ဝန်ကြီး ဦးရဲထွဋ်က ယခုကဲ့သို့ အဖွဲ့အစည်း စုံစုံလင်လင် ပါဝင်မည့် ဆွေးနွေးမှုများကို ဆက်လက်ပြုလုပ်သွားရန် ရှိကြောင်း သတင်းမီဒီယာများကို ပြောကြားခဲ့သည်။
အဆိုပါ တွေ့ဆုံပွဲသည် NLD ပါတီက တောင်းဆိုထားသော လေးပွင့်ဆိုင် တွေ့ဆုံပွဲ ပုံစံမဟုတ်ကြောင်း၊ လေးပွင့်ဆိုင် မှုဝါဒကို ဆက်လက်စွဲကိုင်ထားကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုထားသည်။ သို့သော်လည်း ဆွေးနွေးချက်များမှာ တိကျသည့် အဖြေမရရှိခဲ့ကြောင်း အဆိုပါ တွေ့ဆုံပွဲသို့ တက်ရောက်သော အင်အားစုအဖွဲ့ဝင် အသီးသီးက ထုတ်ပြန် ပြောကြားခဲ့ကြသည်။