Pages

Monday, December 29, 2014

ကျောက်မီးသွေး ဓါတ်အားပေး စက်ရုံ မုဒုံမှာ ကန့်ကွက်

မွန်ပြည်နယ် မုဒုံမြို့နယ် နှီးပတော့ကျေးရွာမှာ တတိယအကြိမ်မြောက် မွန်လူငယ်နေ့ အခမ်းအနားကို ဒီနေ့ ကျင်းပခဲ့ရာမှာ ရေးမြို့နယ်မှာတည်ဆောက်မယ့် အံဒင်ကျောက်မီးသွေးလောင်စာသုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံကို ကန့်ကွက်ကြဖို့ လက်မှတ်တွေ ကောက်ခံခဲ့ပါတယ်။
ရေးမြို့နယ်မှာ အကောင်အထည်ဖော်မယ့် အံဒင်ကျောက်မီးသွေးစက်ရုံကို မွန်လူငယ်အဖွဲ့က နှစ်ကြိမ်တိုင်တိုင် ကန့်ကွက်စာတင်ပြီးဖြစ်ပြီး အခုဒေသခံတွေရဲ့ လက်မှတ်တွေကို ကောက်ခံတာဖြစ်တယ်လို့ အခမ်းအနား ကျင်းပရေးအဖွဲ့ အတွင်းရေးမှူး ကိုမင်းဇာနည်ဦးက ပြောပါတယ်။
"ဒီကျောက်မီးသွေးကိစ္စပေါ့ အဲ့ဒါကို ကျနော်တို့က မွန်လူငယ်အနေနဲ့ အပြင်းအထန် ကန့်ကွက်တယ်၊ ဒေသခံနဲ့ သွားတွေ့တာလည်းရှိတယ်၊ ဒီနောက်ပိုင်းကျတော့ ကျနော်တို့လွှတ်တော်ကို ကန့်ကွက်စာတင်ပို့တာတွေလည်းရှိတယ်၊ အခုက ဒုတိယအကြိမ်ပေါ့ ကန့်ကွက်စာတင်တာက အရင်ပထမအကြိမ်က ဒါပေမယ့် ထူးခြားတာက ကျနော်တို့ ပြည်သူတွေရဲ့လက်မှတ်မပါသေးဘူး၊ အခုက ကျနော်တို့ လက်မှတ်ပါယူလိုက်တယ်ပေါ့၊ အခုက လူများတယ်ဆိုတော့ ပိုပြီးအားရတယ်ပေါ့၊ အဲ့လိုမျိုးဖြစ်တာပေါ့"
မွန်ပြည်နယ်မှာ လက်မှတ်တွေကို နောက်ထပ်တစ်လကြာ ကောက်ခံမှာဖြစ်ပြီး လွှတ်တော်နဲ့ နိုင်ငံတော်သမ္မတ ထံ ပေးပို့မှာဖြစ်တယ်လို့ သိရပါတယ်။
အံဒင် လျှပ်စစ်ဓာတ်အားပေးစက်ရုံကို Toyo Thai ကုမ္ပဏီက တည်ဆောက်မှာဖြစ်ပြီး တစ်နှစ်ကို လျှပ်စစ်ဓာတ် အား ၁၂၈ဝ မဂ္ဂါဝပ်ထုတ်လုပ်မယ်လို့ သိရပါတယ်။
ဒီနေ့ မွန်လူငယ်နေ့အခမ်းအနားကို တစ်နိုင်ငံလုံးက မွန်လူငယ်တွေ တက်ရောက်ကြပြီး မွန်ဒေသလုံး ဆိုင်ရာဒီမိုကရေစီပါတီ၊ မွန်အမျိုးသမီးပါတီနဲ့ မွန်ရဟန်းသံဃာတွေ ၅ဝဝ ကျော် တက်ရောက်ခဲ့ပါတယ်။
RFA