Pages

Tuesday, December 30, 2014

ကြက်ခြေနီ တပ်ဖွဲ့ဝင်များကို ပါတီနိုင်ငံရေး၊ အုပ်ချုပ်ရေးနှင့် လုံခြုံရေးကိစ္စများတွင် တာဝန်မပေးရန် ထုတ်ပြန်

ရန်ကုန်၊ ဒီဇင်ဘာ ၂၉

သဘာဝဘေးအန္တရာယ်ဒဏ် ခံစားရသူများ၊ အရေးပေါ် ဒဏ်ရာရရှိသူများကို ကူညီကယ်ဆယ်ရန် ရည်ရွယ်ဖွဲ့စည်းထားသော မြန်မာနိုင်ငံ ကြက်ခြေနီအသင်းနှင့် တပ်ဖွဲ့ဝင်များကို ပါတီနိုင်ငံရေး၊ အုပ်ချုပ်ရေးနှင့် လုံခြုံရေးကိစ္စများတွင် တာဝန်ပေးအပ်ခြင်း မပြုရန် ထုတ်ပြန်ထားကြောင်း အဆိုပါအသင်း အမှုဆောင် ညွှန်ကြားရေးမှူး ဦးခင်မောင်လှက The Voice သို့ ပြောကြားသည်။

ယင်းထုတ်ပြန်ချက်ကို ဒီဇင်ဘာလ ၂၉ ရက်နေ့က မြန်မာနိုင်ငံ ကြက်ခြေနီအသင်းက ထုတ်ပြန်လိုက်ခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

ကြက်ခြေနီ တပ်ဖွဲ့ဝင်များကို တာဝန်ပေးအပ်ခြင်း မပြုရန် သက်ဆိုင်ရာ အစိုးရအဖွဲ့များ၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် သတင်းမီဒီယာများကို အသိပေးထားပြီး ဖြစ်ကြောင်း မြန်မာနိုင်ငံ ကြက်ခြေနီအသင်းက ထုတ်ပြန်ထားသည်။

ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ် (ထ/၁၆) ရပ်ကွက်တွင် ပြုလုပ်ခဲ့သည့် ရန်ကုန်မြို့တော် စည်ပင်သာယာ ရွေးကောက်ပွဲတွင် ကြက်ခြေနီတပ်ဖွဲ့ဝင် တစ်ဦးက ထိုးကြိတ်ခဲ့သည်ဟု သတင်းများ ထွက်ပေါ်လာသည့်အတွက် ယင်းသို့ ထုတ်ပြန်ရခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

“အခြေအနေမှန်ကို စုံစမ်းနေတယ်။ တကယ်လို့ အပြစ်ရှိတယ် ဆိုရင်တော့ တပ်ဖွဲ့စည်းမျဉ်းအရ အရေးယူမယ်” ဟု ဦးခင်မောင်လှက ဆိုသည်။

ရန်ကုန်စည်ပင်ရွေးကောက်ပွဲ ကျင်းပသည့် ဒီဇင်ဘာလ ၂၇ ရက် ည ၇ နာရီခန့်က ရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံးကို မဲပေးခွင့် မရခဲ့သူတစ်ဦးက အကျိုးအကြောင်း လာရောက်မေးမြန်းစဉ် အုပ်ချုပ်ရေးမှူးရုံးတွင် ရှိနေသည့် အရပ်ဝတ် ဝတ်ထားသော အမျိုးသားတစ်ဦးက ပြန်လည်ရှင်းပြစဉ် ခိုက်ရန်ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း၊ အုပ်ချုပ်ရေးမှူး ရုံးတွင်းရှိ အရပ်ဝတ် ဝတ်ထားသည့် အမျိုးသားမှာ ကြက်ခြေနီတပ်ဖွဲ့ဝင် အရာရှိတစ်ဦး ဖြစ်သည်ဟု သိရှိရကြောင်း မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ အဆိုပါ ကိစ္စအပေါ် စုံစမ်းနေသူ တစ်ဦးထံမှ သိရှိရသည်။
The Voice